အခန်း (၁၁၄၈)
Vol. 82 Ch. 1148
ရှင်သန်ခြင်းစည်းမျဉ်းကို ရှင်သန်ခြင်းပုလဲလုံးအဖြစ် စုစည်းခဲ့သည်။
ဖီးနစ်ဆယ့်လေးက အင်မော်တယ်ပုလဲလုံးကို ယူလိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။
အဆုံးမရှိသော နတ်ဘုရားအလင်းနှင့် မီးတောက်များသည် သူ့ခန္ဓာကိုယ်တွင် သွယ်ယှက်နေသည်။
“စတေးခြင်း၊ ပြန်လည်မွေးဖွားခြင်းနဲ့ သေခြင်းရှင်ခြင်းကို ပေါင်းစပ်ပြီး ရှင်သန်ခြင်းကို ဖြစ်ပေါ်စေခဲ့တာလား”
“ကောင်းတယ်”
ဖီးနစ်ဆယ့်လေးက ပုလဲလုံးကို ကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မဟာတောရိုင်းကမ္ဘာမှာ အဲဒီစည်းမျဉ်းသုံးခုကို တစ်ပြိုင်နက် နားလည်နိုင်တဲ့လူတွေက နတ်ဘုရားသားရဲမဟုတ်ရင် အစစ်အမှန်ဝိညာဉ် တတိယအဆင့်မှာ ရှိနေကြတယ်”
“မင်းက ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာပဲ”
ဟန်မူယဲ့က စကားမပြောပေ။
အမှန်ပင်ဖြစ်သည်။
သူက အလွန်သန်မာနေသည်။
သူ၏ ရွှေကျီးကန်းသွေးမျိုးဆက်က ထာဝရတောက်ပခြင်းအဆင့်သို့ ရောက်နေသည်။
ထိုအဆင့်ကို ရွှေကျီးကန်းငှက်များကသာ ရောက်နိုင်ကြသည်။
ရွှေကျီးကန်းမီးတောက်နှင့် ပေါင်းစပ်လိုက်လျှင် သူက အစစ်အမှန်ဝိညာဉ် ဒုတိယအဆင့်သို့ တိုက်ရိုက် ရောက်သွားလိမ့်မည်။
သို့သော် သူက အဆင့်မတက်ချင်ပေ။
ကျင့်ကြံဆင့် မြင့်မားလာလျှင် သူနှင့် မဟာတောရိုင်းကမ္ဘာ၏ ဆက်သွယ်မှုက ပိုမိုရှုပ်ထွေးလာလိမ့်မည်။
အနာဂတ်တွင် ဤကမ္ဘာ၏ ကံကြမ္မာသည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် အတားအဆီးတစ်ခု ဖြစ်လာနိုင်သည်။
ဟန်မူယဲ့က နှစ်ပေါင်းတစ်သောင်းအကြာတွင် အစစ်အမှန်ဝိညာဉ် တတိယအဆင့်သို့ ဝင်ရောက်ပြီး ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်မည်။ ထို့နောက် ကမ္ဘာဦးချပ်ဝတ်ကို ပြုပြင်ပြီး ဤကမ္ဘာမှ ထွက်သွားမည်။
အနာဂတ်တွင် ပြန်လာရန် အခွင့်အရေးတစ်ခု ရှိလိမ့်မည်။
သို့သော် အပျက်အစီးနယ်မြေနှင့် ပြင်ပလောက၏ အချိန်ကုန်ဆုံးမှုသည် မတူညီပေ။ သူပြန်ရောက်လာသောအချိန်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်နေလိမ့်မည်။
မဟာတောရိုင်းကမ္ဘာ၏ သက်ရှိများသည် သက်တမ်းရှည်လျားသော်လည်း သူပြန်လာသောအချိန်တွင် အများစုက ပျောက်ကွယ်သွားလိမ့်မည်။
“ဒါက မူလကမ္ဘာရဲ့ ဖီးနစ်မျိုးနွယ်က ပြန်လည်မွေးဖွားခြင်းပုတီးစေ့ပဲ”
ဖီးနစ်ဆယ့်လေးက အနီရောင်အလင်းတစ်ခုကို ထုတ်ပေးသည်။
ထိုအလင်းက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
“ဝီ”
ဟန်မူယဲ့၏ အငွေ့အသက်က စတင်ပြောင်းလဲလာသည်။
အဖြူ၊ အနက်၊ အစိမ်း၊ အနီ အလင်းတန်းများသည် သူ့ခန္ဓာကိုယ်တွင် သွယ်ယှက်နေပြီး နောက်ဆုံးတွင် နို့နှစ်ရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။
ရွှေကျီးကန်းပုံရိပ်သည် သူ့နောက်တွင် ပေါ်လာပြီး အလင်းစက်ကွင်းများကို ထုတ်လွှတ်နေသည်။
မီးစည်းမျဉ်း ....
စတေးခြင်းစည်းမျဉ်း ....
သတ္တိစည်းမျဉ်း ....
ရှင်သန်ခြင်းစည်းမျဉ်း ....
နို့နှစ်ရောင်အလင်းသည် နှစ်ပေါင်းငါးရာကြာအောင် ကျင့်ကြံပြီး ရရှိလာသော ဟန်မူယဲ့၏ ရှင်သန်ခြင်းစည်းမျဉ်း ဖြစ်သည်။
ရှင်သန်ခြင်းစည်းမျဉ်း ပေါ်လာသောအခါ သူ့နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်က ပျောက်ကွယ်သွားသည်။
ယခုအချိန်မှစ၍ သူက ထာဝရရှင်သန်နိုင်လိမ့်မည်။
သူ၏ စည်းမျဉ်းစွမ်းအား မပျက်စီးသ၍ သေဆုံးသွားမည်မဟုတ်ပေ။
ဖီးနစ်ဆယ့်လေးက နို့နှစ်ရောင်အလင်းကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။ သူ၏ အတွေးကို မည်သူမှ မသိနိုင်ပေ။
ပြန်လည်မွေးဖွားခြင်းစွမ်းအား မရှိလျှင် သူ၏ ရှင်သန်ခြင်းစွမ်းအားက အကောင်အထည်ပေါ်လာမည်မဟုတ်ပေ။
ထိုအရာသည် သူ၏ ကိုယ်ပိုင်ဉာဏ်အလင်းဖြစ်ပြီး သူထိန်းချုပ်ထားသော တခြားစည်းမျဉ်းများနှင့် မတူပေ။
“မင်းပြောတဲ့အတိုင်း မဟာတောရိုင်းကမ္ဘာရဲ့ အတွင်းပိုင်းကို ခရီးထွက်တာပေါ့”
ဖီးနစ်ဆယ့်လေးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါက အတော်လေး စိတ်ဝင်စားမိတယ်”
သူက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ပုံရိပ်ယောင်ဆန်သော လေသံဖြင့် ပြောသည်။
“မိတ်ဆွေဟောင်းတွေနဲ့ မတွေ့ရတာ ကြာနေပြီ”
နေ့တစ်ဝက်အတွင်း၌ ယွင်လျန်မြို့၏ သခင်လေး ဖုန်းချီက လူစုပြီး ဟန်တောင်တန်းသို့ ထွက်သွားသည်။
လှည်းတစ်စင်းထဲတွင် ဖီးနစ်ဆယ့်လေးနှင့် ဟန်မူယဲ့က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျက် ထိုင်နေသည်။
သူတို့က ဟန်တောင်တန်းသို့ ရောက်လာသောအခါတွင် ဟန်တင်းရီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ခေါင်းဆောင်ကို တစ်ခုခုဖြစ်သွားပြီလို့ ထင်နေတာ”
“ဘိုးဘေးခန်းဆောင်မှာရှိနေတဲ့ ခေါင်းဆောင်ရဲ့ သွေးမျိုးဆက်တံဆိပ်ပြားက အက်ကွဲသွားတယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“နောက်ကျရင် ငါသေသွားပြီလို့ တခြားလူတွေကို အသိပေးလိုက်ပါ”
ဟန်တင်းရီက ကြောင်အသွားသည်။
“ခေါင်းဆောင်၊ ဟန်တောင်တန်းမှာ ခေါင်းဆောင်မရှိရင် မဖြစ်ပါဘူး”
သူ့စကားမဆုံးခင် ဟန်မူယဲ့က ပြုံးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာမှာ ငါ့အကူအညီမရှိပေမဲ့ ဟန်တောင်တန်းကလန်က အဆင်ပြေနေတာပဲမဟုတ်လား”
ဟန်တောင်တန်းမြို့သည် အလွန်တိုးတက်နေပြီး ရွှေကျီးကန်းမျိုးနွယ်ဝင် ဆယ်သန်းခန့် နေထိုင်သည်။
မြို့ထဲတွင် တခြားမျိုးနွယ်စုများကလည်း ညီညွတ်စွာ ရှိနေသည်။
နေ့စဉ် ကူးသန်းရောင်းဝယ်မှုကလည်း အဆင်ပြေသည်။
ထိုဖြစ်ရပ်များသည် ဟန်မူယဲ့နှင့် ဆက်သွယ်နေသော်လည်း အများအပြား မဟုတ်ပေ။
သူက လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် မလှုပ်ရှားခဲ့ပေ။
“ငါက ဟန်တောင်တန်းကလန်နဲ့ ဆက်ဆံရေးဖြတ်တောက်နေတာ မဟုတ်ပါဘူး”
ဟန်တင်းရီ၏ စိုးရိမ်နေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး သူ့ပခုံးကို ညင်သာစွာ ပုတ်ပေးသည်။
“ငါက ဟန်တောင်တန်းကနေ ထွက်သွားပြီး မဟာတောရိုင်းကမ္ဘာမှာ လျှောက်သွားနေမယ်။ အဲဒါဆိုရင် ငါက ပိုပြီး လုံခြုံလိမ့်မယ်”
“ကျွန်တော်သိပါပြီ”
ဟန်တင်းရီက စိတ်သက်သာစွာ သက်ပြင်းချသည်။
သို့သော် အဆုံးတွင် ဟန်တောင်တန်းကလန်က ဟန်မူယဲ့သည် ဒဏ်ရာရထားသောကြောင့် တံခါးပိတ်ကျင့်ကြံနေကြောင်း ကြေညာခဲ့သည်။
ဟန်မူယဲ့က လူသားများ၏ တုံ့ပြန်မှုနှင့် ရွှေကျီးကန်းများ၏ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးချင်ခဲ့သည်။
နှမြောစရာကောင်းသည်။
လဝက်အကြာတွင် ကျောက်ချန်တို့အဖွဲ့က စုဆောင်းထားသော ကုန်ပစ္စည်းများကို ယွင်လျန်မြို့မှ ရောက်လာသော ဖုန်းချီဦးဆောင်သည့် ဖီးနစ်မျိုးနွယ်ဝင်များဆီသို့ ပေးလိုက်သည်။
လူသားမျိုးနွယ်၏ နည်းစနစ်ဖြင့် ဖန်တီးထားသော ပျံသန်းနိုင်သည့် ကုန်လှည်းငါးရာ ရှိနေသည်။
မြင်းပျံများက ကုန်လှည်းကို ဆွဲပေးလိမ့်မည်။ ဒါဇင်ချီသော ဖီးနစ်ကလန်၏ ကျွမ်းကျင်သူများက ကုန်လှည်းများကို စောင့်ကြပ်နေကြသည်။
ယွင်လျန်မြို့၏ သခင်လေးဖုန်းချီက ကုန်သည်အဖွဲ့ကို ဦးဆောင်ထားသည်။
ရှေ့ဆုံးတွင် ကြီးမားသော လှည်းတချို့ ရှိနေသည်။
ထိုသို့ ကြီးမားသော ကုန်သည်အဖွဲ့ကို မြို့ထဲတွင်ရှိသော လူများက အာရုံစိုက်ထားကြသည်။
“ဖီးနစ်ကလန်လား။ ရှားပါးလိုက်တာ”
“နတ်ဘုရားသားရဲမျိုးဆက်တွေက စီးပွားရေးလမ်းစဉ်ကို လျှောက်လှမ်းတော့မှာလား”
“သူတို့က မဟာတောရိုင်းကမ္ဘာရဲ့ အတွင်းပိုင်းကို ကုန်ပစ္စည်းတွေ ပို့ပေးမှာလား။ သူတို့က မကြောက်ဘူးလား”
မြို့ဂိတ်တံခါးတွင် လူတချို့၏ မျက်လုံးများက တောက်ပသွားသည်။
လူသားမျိုးနွယ်၏ တိုင်းပြည်နှစ်ခုနှင့် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များက အချင်းချင်း နားလည်မှုယူထားကြသည်။ သူတို့က နတ်ဘုရားသားရဲမျိုးနွယ်စုများနှင့် အဆက်အသွယ် သိပ်မရှိပေ။
သို့သော် ဤကုန်လှည်းများသည် မဟာတောရိုင်းကမ္ဘာ၏ အတွင်းပိုင်းသို့ သွားလိမ့်မည်။
ထို့ကြောင့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက်လာမည့် လူသားများနှင့် ကြုံတွေ့ရလိမ့်မည်။
“အကြီးအကဲဖီးနစ်၊ မဟာတောရိုင်းကမ္ဘာမှာ ရှင်သန်နေတဲ့ နတ်ဘုရားသားရဲတွေ ဘယ်လောက်ရှိသေးလဲ”
လှည်းတစ်ခုထဲတွင် ဟန်မူယဲ့က ရှေ့တွင်ရှိသော ဖီးနစ်ဆယ့်လေးကို ကြည့်လိုက်ပြီး ညင်သာစွာမေးသည်။
နတ်ဘုရားသားရဲတစ်ကောင်သည် စိတ်မကူးနိုင်အောင် သန်မာသည်။
ထိုနတ်ဘုရားသားရဲများသည် မဟာတောရိုင်းကမ္ဘာ၏ သက်ရှိများ ဖြစ်နိုင်သလို ရှေးခေတ်၏ လက်ကျန်များလည်း ဖြစ်နိုင်သည်။
ပုံမှန်အတိုင်းဆိုလျှင် မဟာတောရိုင်းကမ္ဘာ၏ သက်ရှိများက အပြင်လောကသို့ ထွက်မသွားနိုင်ပေ။
သို့သော် ယနေ့အချိန်အထိ ရှင်သန်လာသော နတ်ဘုရားသားရဲများသည် သာမန်မဟုတ်ပေ။
“သိပ်မများဘူး”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဖီးနစ်ဆယ့်လေးက ခေါင်းခါသည်။
“နှစ်ပေါင်းများစွာကြာသွားပြီ။ နတ်ဘုရားသားရဲအများစုက ထွက်သွားကြပြီ”
သူထင်ထားသောအတိုင်းပင် ဖြစ်သည်။
နတ်ဘုရားသားရဲများသည် မဟာတောရိုင်းကမ္ဘာမှ ထွက်သွားနိုင်သည်။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဖီးနစ်ဆယ့်လေး၏ မျက်လုံးများက တောက်ပသွားသည်။
“ဉာဏ်အလင်းသားရဲက သူတို့အတွက် လမ်းဖွင့်ပေးပြီး ခွန်းဝူကို ရောက်သွားတဲ့အတွက် သူတို့က ထွက်သွားနိုင်ခဲ့တယ်”
“အခုအချိန်ကစပြီး ဒီနေရာကနေ ထွက်သွားနိုင်ဖို့ မင်းအပေါ်မှာပဲ မူတည်နေတယ်”
ဖီးနစ်ဆယ့်လေး၏ စကားကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားသည်။
ဖီးနစ်ဆယ့်လေးက ဆက်ပြောသည်။
“ဉာဏ်အလင်းသားရဲက ခွန်းဝူကို အသက်သွင်းဖို့ စွမ်းအားမလုံလောက်တော့ဘူး”
မူလကမ္ဘာ၏ လက်ကျန်အစိတ်အပိုင်းကို ဖွင့်ချင်လျှင် လုံလောက်သော အချိန်နှင့် တည်နေရာစွမ်းအားကို လိုအပ်သည်။
ဉာဏ်အလင်းသားရဲက ခွန်းဝူ၏ဂိတ်တံခါးကို စောင့်ကြပ်ထားသော အသန်မာဆုံး အစောင့်အရှောက်သားရဲ ဖြစ်ခဲ့သည်။
ယခုအချိန်တွင် ထိုတာဝန်က ဟန်မူယဲ့ဆီသို့ ရောက်လာသည်။
“ဘာဖြစ်လို့ ကျွန်တော်လဲ”
ဟန်မူယဲ့က ဖီးနစ်ဆယ့်လေးကို ကြည့်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းက မဆိုးသော်လည်း ခွန်းဝူကို ဖွင့်နိုင်ရန် လိုအပ်နေသေးသည်။
မဟာတောရိုင်းကမ္ဘာတွင် သူ့ထက် ပိုမိုသန်မာသော ကျွမ်းကျင်သူများ ရှိကြသည်။
ရှေးခေတ်အချိန်မှ ရှင်သန်လာသော နတ်ဘုရားသားရဲများလည်း ရှိနေသည်။
ဉာဏ်အလင်းသားရဲက အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့သနည်း။
“ဘာလို့လဲဆိုတော့ မဟာနေမင်းရွှေကျီးကန်းက မင်းကို ရွေးချယ်ခဲ့လို့ပဲ”
ဖီးနစ်ဆယ့်လေးက ခေါင်းမော့ပြီး ကောင်းကင်တွင်ရှိသော နေမင်းကို ကြည့်သည်။
‘မဟာနေမင်းရွှေကျီးကန်းလား’
ဟန်မူယဲ့ကလည်း ခေါင်းမော့ကြည့်လိုက်သည်။
နေမင်းသည် ကောင်းကင်တွင် တောက်ပနေသည်။
“ငါတို့ နတ်ဘုရားသားရဲတွေက စည်းမျဉ်းတွေရဲ့ ချုပ်နှောင်မှုကြောင့် ခွန်းဝူကို မထိန်းချုပ်နိုင်ဘူး”
ဖီးနစ်ဆယ့်လေးက ဟန်မူယဲ့ကို ကြည့်သည်။
“အမှန်အတိုင်းပြောရရင် ကောင်းကင်တစ်သောင်းတိုင်းပြည်နဲ့ အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ရဲ့ ဧကရာဇ်တွေကို ငါတို့က ရွေးချယ်ခံအဖြစ် လျာထားခဲ့တယ်”
“မဟာတောရိုင်းကမ္ဘာရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ လူတွေကိုလည်း စစ်ဆေးပြီးပြီ”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြန်သည်။
ဟန်မူယဲ့က သိချင်နေသည်။
မဟာနေမင်းရွှေကျီးကန်းက အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့သနည်း။
ဉာဏ်အလင်းသားရဲနှင့် နတ်ဘုရားသားရဲများက အဘယ်ကြောင့် သူ့ကို အသိအမှတ်ပြုနေသနည်း။
“အဲဒီလူတွေက အဆင့်တက်ဖို့ မျှော်လင့်ပြီး ရောက်လာကြတယ်”
“သူတို့က ရှေးခေတ်ဒဏ္ဍာရီတွေနဲ့ မဟာတောရိုင်းကမ္ဘာကို အထင်မကြီးဘူး”
ဖီးနစ်ဆယ့်လေးက အကူအညီမဲ့နေသည်။
သူက နတ်ဘုရားသားရဲဖြစ်သောကြောင့် သာမန်လူများထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့သော် အပျက်အစီးနယ်မြေတွင် ပိတ်မိနေသောကြောင့် အပြင်လောက၏ ပြောင်းလဲမှုများကို မကြည့်နိုင်ခဲ့ပေ။
ထိုဖြစ်ရပ်မျိုးသည် အလွန်ဝမ်းနည်းစရာကောင်းသည်။
“ကောင်းကင်တစ်သောင်းတိုင်းပြည်ရဲ့ ဧကရာဇ်က ရွှေကျီးကန်းရဲ့ နတ်ဘုရားဝိညာဉ်အတွက် ရောက်လာခဲ့တယ်”
“မဟာနေမင်းက ကောင်းကင်တစ်သောင်းတိုင်းပြည်ရဲ့ အကူအညီကို ရဖို့အတွက် သူ့ကိုယ်သူ စတေးဖို့ လိုအပ်နေတယ်”
“အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ရဲ့ ဧကရာဇ်ကတော့ ငါတို့နဲ့ ဆင်တူတယ်”
ဖီးနစ်ဆယ့်လေးက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ဒါပေမဲ့ သူက ရည်မှန်းချက် ကြီးလွန်းတယ်”