"ချမ်းဘော့ဒ်ပြည် စွမ်းအားမြင့်တက်လာခြင်း၂"
Vol. 49 Ch. 757
ရုတ်တရက်ဖြစ်လာသည့်အပြောင်းလဲကြောင့် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အနာဂတ်အပေါ်တွင်ပို၍ ယုံကြည်မှုရှိသွား၏။
စွမ်းအားမြင့်သည့်အတွင်းအားစွမ်းအင်အရှိန်၀ါများသည် နတ်ဘုရားဘုရင့်နန်းတော်တစ်၀ိုက်တွင်ရှိသည့် ကျောက်တုံးစံအိမ်များထံမှ ထွက်ပေါ်လာနေသည့်အတွက်ပင်။
အရေးကြီးသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်တော်များဖြစ်ကြသည့် ပီတာ၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် ကောင်းကင်မြို့တော်အတွင်းတွင် ကြိုးစားလေ့ကျင့်နေကြရာမှ တစ်ချိန်တည်းမှာပင် အဆင့်တက်သွားကြပြီဖြစ်သည်။ ကောင်းကင်မြို့တော်၏ ထူးခြားသောပတ်၀န်းကျင်အနေထားနှင့် နတ်ဘုရားဆေးပင်များ၏ သက်ရောက်မှုတို့ကြောင့် သူတို့သည် ကြိုးစားလေ့ကျင့်ကာ ကြယ်ကိုးလုံးအမြင့်ဆုံးအဆင့်ကို ကျော်လွန်၍ လအဆင့်သို့ ခြေချနိုင်သွားကြပြီဖြစ်သည်။
ဖှေးအနည်းငယ် စိတ်ခံစားချက်ပြင်းထန်လာ၏။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုလူများအားလုံးသည် သာမန်လူများသာဖြစ်၏။ သူတို့ထဲမှ တစ်ချို့သည် စစ်သည်တော်များဖြစ်ပြီး တစ်ချို့ဆိုလျှင် အတွင်းအားစွမ်းအင်ပင် ပိုင်ဆိုင်ခြင်းမရှိကြပေ။ သို့သော် ယခုအချိန်တွင် သူတို့အားလုံးသည် အေဇာရုတိုက်ပေါ်မှ စစ်သည်တိုင်း၏ အိမ်မက်ဖြစ်သည့် လအဆင့်သို့ပင် ရောက်ရှိသွားကြပြီဖြစ်သည်။ ဤသတင်းသာ ပြန်နှံ့သွားပါက ထိတ်လန့်ဖွယ်သတင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။ ချမ်းဘော့ဒ်မှ စစ်သည်များ အဆင့်တက်သည့်အမြန်နှုန်းသည် စိတ်ကူးမယဥ်နိုင်လောက်အောင်ပင် မြန်ဆန်လှသည့်အတွက်ဖြစ်၏။
အလွန့်လွန်ရှားပါးသည့် ပါရမီရှင်များသာလျှင် ဤကဲ့သို့ မြန်မြန်ဆန်ဆန်အဆင့်တက်နိုင်သည့်အတွက်ပင်။
သူ၏ ပတ်လည်တွင်ရှိနေသည့် အတွင်းအားစွမ်းအင်အရှိန်၀ါများကို အာရုံခံကြည့်ရင်းဖြင့် ဖှေးသည် သူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းမှ ကြိုတင်စီစဥ်ထားခဲ့သည့် လက်စွဲတော်လက်နက်ခြောက်လက်ကို ထုတ်ယူလိုက်သည်။ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ထိုလက်နက်များသည် နန်းတော်တစ်၀ိုက်တွင်ရှိနေသည့် တောင်ခြောက်လုံးပေါ်သို့ ပျံသန်းသွားကြတော့၏။
ထိုလက်ဆွဲတော်လက်နက်များသည် ဖှေး လူပုမျိုးနွယ်များ၏ နောက်ဆုံးနေရာမှရရှိခဲ့သည့် ရာနှင့်ချီသောလက်နက်များထဲမှဖြစ်ပြီး သူသည် ထိုလက်နက်များအား မည်သူကိုပေးရမည်ကို ကြိုတင်ကာစီစဥ်ထားပြီးဖြစ်သည်။
နောက်အခိုက်တန့်တွင် လက်နက်များသည် ကျောက်တုံးစံအိမ်များထံသို့ ရောက်ရှိသွား၏။
အတွင်းအားစွမ်းအင်မီးတောက်များလွှမ်းခြုံနေသည့် ပီးရာ့စ်၊ ဒရော့ဘာ၊ တိုးရိစ်၊ အိုလက်နှင့် ရော်ဘင်တို့သည် အံ့သြပျော်ရွှင်သွား၏။ သူတို့၏ခန္ဓာကိုယ်များ စွမ်းအားမြင့်တက်လာပြီး ပြောင်းလဲနေသည့်အချိန်တွင် စွမ်းအားမြင့်သောလက်နက်များသည်လည်း သူတို့ရှေ့သို့ ရောက်ရှိလာသည့်အတွက်ပင်။
[အားပြင်းလက်သီး] ဒရော့ဂ်ဘာသည် နှစ်မီတာခန့်မြင့်ကာ တစ်မီတာခန့်ကျယ်သည့် ဒိုင်းကာတစ်ခုကို ရရှိလိုက်သည်။ ထိုဒိုင်းကာသည် လယ်ဗယ်၆လက်ဆွဲတော်လက်နက်တစ်ခုဖြစ်ပြီး [မြင့်မြတ်သောရိုက်ခတ်ခြင်း]ဟုအမည်ရှိ၏။ ဒိုင်းကာ၏ အနားသပ်များသည် ဓားသွားကဲ့သို့ဖြစ်နေပြီး ထောင့်လေးထောင်တွင် ချွန်ထက်သောဆူးချွန်များပါရှိပြီး ရှားပါးသည့် မှော်အစီရင်တစ်ခုကို ဖန်တီးထားလျှက်ရှိသည်။ ရလဒ်အနေဖြင့် မှော်စွမ်းအင်များသည် ဒိုင်းကာပေါ်တွင်စီးဆင်းနေပြီး ရှေးကျသည့် မှော်သင်္ကေတများဖြင့် တောက်ပနေလျှက်ရှိသည်။
[လျှင်မြန်ဓားသွား] ပီးရာ့စ်သည် လက်နှစ်ဖက်ဖြင့် အသုံးပြုတိုက်ခိုက်ရသည့် ဓားတစ်လက်အားရရှိလိုက်၏။ ထိုဓားသည်လည်း လယ်ဗယ်၆ လက်ဆွဲတော်လက်နက်တစ်ခုဖြစ်ကာ ဓားကိုယ်ပေါ်တွင် သွေးစီးကြောင်း သုံးခုပါ၏။ အသွားနှစ်ဖက်လုံးသည် ချွန်မြနေကာ ဓားကိုယ်ထည်သည် ရေမျက်နှာပြင်ကဲ့သို့ပင် ချောမွေ့ကာ အလင်းပြန်နေတော့သည်။ ဤဓား၏ ထူးခြားချက်မှာ ဓားထိပ်သည် မြွေတစ်ကောင်၏ လျှာကဲ့သို့ နှစ်ခွဖြစ်နေခြင်းပင်။ ဓားရိုးပေါ်တွင်လည်း ဒဏ်နာရီလာခေတ်မှ စာလုံးများဖြင့် ဓားနာမည်ဖြစ်သော [ကောင်းကင်ခွဲဓား]ဆိုသည်ကို ရေးထိုးထားသည်။
[လေညှင်း၏သားတော်] တိုးရိစ်သည် လယ်ဗယ်၆ လေးတစ်လက်ကို ရရှိလိုက်ပြီး ထိုလေး၏ နာမည်သည် [နတ်ဘုရားများအလိုဆန္ဒ]ဖြစ်သည်။ လေးကိုယ်ထည်သည် လှပပြီး နတ်ဘုရားအရုပ်များထွင်းထုထား၏။ ထို့အပြင် လေးအစွန်းနှစ်ဖက်တွင် မတူညီသည့်သားရဲကောင်နှဏ်ကောင်ဟန်ထွင်းထုထားကာ သားရဲကောင်များ၏ ပါးစပ်များသည်ဟနေကာ အစိမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။ ထိုအစိမ်းရောင်အလင်းတန်းသည် လေးကြိုးဖြစ်၏။ လေးသည် နှစ်မီတာခန့်ရှည်လျှားပြီး အသုံးပြုရန်ခက်ခဲသည့်ပုံရှိ၏။ ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ထိုလေးအား အလည်မှပိုင်းဖြတ်နိုင်ပြီး အနီးကပ်တိုက်ခိုက်ရန်အတွက် ဓားနှစ်လက်အဖြစ်လဲအသုံးပြုနိုင်ခြင်းပင်။
[ဖျက်ဆီးခြင်းလက်ချောင်း] ပီတာသည် သူ၏အသားရောင်နှင့်တူသောအရောင်ရှိသည့် လက်အိပ်တစ်စုံကိုရရှိလိုက်ပြီး ထိုလက်အိပ်၏ အမည်သည် [ချစ်ခြင်းတရား၏အထိတွေ့]ဖြစ်ကာ တစ်ခြားသူများရရှိသည့် လက်ဆွဲတော်လက်နက်များနှင့်နှိုင်းယှဥ်ပါက ပို၍သိမ်မွေ့နူးညံ့နေ၏။ မည်သည့် ပစ္စည်းဖြင့် ဖန်တီးထားသည်ကိုမသိနိုင်ပဲ ထိုလက်အိတ်ပေါ်တွင် မှော်အစီရင်များလည်း မပါရှိသလိုပင်။ သာမန်လက်အိတ်တစ်စုံကဲ့သို့ဖြစ်နေ၏။
ပီတာ၀တ်ကြည့်လိုက်သည့်အချိန်တွင် သူ၏ အရေပြားတစ်ခုလိုပင်ခံစားရပြီး လက်အိတ်၀တ်ဆင်ထားသည်ဟုပင် မထင်ရပေ။ တစ်ခုရှိသည်မှာ လက်ချောင်းထိပ်များသည် အလွန်မာကြောနေခြင်းပင်။
ထောင်မှူးအိုလက်ဂ်ရရှိလိုက်သည်မှာ တူတစ်လက်ပင်။ ထိုတူသည် လက်ကိုင်မပါပဲ အမဲရောင်ချိန်းကြိုးကြီးတစ်ခုဖြင့်သာ တွဲထား၏။ ထိုတူ၏ အမည်သည် [အမှောင်လောက၏နှုတ်ဆက်ခြင်း]ဖြစ်သည်။ ထုလုံးရှည်ပုံတူသည် တစ်မီတာခန့်အချင်းရှိကာ အမဲရောင်ချိန်းကြိုးသည်လည်း အနီးကပ်တိုက်ပွဲပင်ဖြစ်စေ အ၀ေးမှ တိုက်ခိုက်ခြင်းဖြစ်စေလိုသလိုအသုံးပြုနိုင်၏။ တကယ်တန်းတွင် အိုလက်ဂ်အလိုရှိပါက ထိုတူအား ဒိုင်းတစ်ခုအနေဖြင့်ပါအသုံးပြုနိုင်၏။ ထိုအရာသည်လည်း ရှားပါးသည့် လက်ဆွဲတော်လက်နက်တစ်ခုပင်။
ရော်ဘင်၏အရှေ့သို့ ရောက်လာသည့်လက်နက်သည် [လေညှင်း၏အနမ်း]ဟုအမည်ရသည့်လက်နက်တစ်ခုဖြစ်ပြီး ဓားကောက်သုံးလက်ဖြစ်သည်။ ဓားကိုဘ်ထည်သည် စက္ကူတစ်ခုလိုပင် ပါးလွှာပြီး ရော်ဘင်လိုလူမျိုးနှင့်ကိုက်ညီသည့် ပေါ့ပါးသောလက်နက်တစ်ခုပင်။ အနီးကပ်တိုက်ပွဲတွင်လည်းအသုံးပြုနိုင်ပြီး အ၀ေးမှလည်း ဓားဖြင့်ပစ်ပေါက်ရာတွင်အသုံးပြုနိုင်၏။ ထိုဓားသုံးလက်သည် ပစ်ပေါက်လိုက်ပါက လေညှင်းကဲ့သို့ပင်ဖြစ်နေပြီး အာရုံခံနိုင်ရန်ခဲယှဥ်းလှသည်။ ရန်သူအား သတိမထားမိစေပဲ သတ်ဖြတ်ပစ်နိုင်၏။
ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်တော်ခြောက်ယောက်သည် သူတို့၏ လက်ဆွဲတော်လက်နက်များကို ပြိုင်တူစွဲကိုင်လိုက်ကြသည်။
ဖှေးသည် ထိုလက်ဆွဲတော်လက်နက်များအား သူတို့၏ အတွင်းအားစွမ်းအင်အမျိုးစားနှင့် အသုံးပြုသောသိုင်းကွက်အမျိုးစားတို့အပေါ်မူတည်ကာ ရွေးချယ်ပေးထားခြင်းဖြစ်သည်။ ဖှေး၏ ရွေးချယ်မှုသည်အလွန်မှန်ကန်သည်ဟုဆိုရမည်ဖြစ်သည်။ လက်နက်များသည် သူတို့၏ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလိုပင် စစ်သည်တော်ခြောက်ယောက်ခံစားလိုက်မိပြီး ချောမွေ့စွာအသုံးပြုနိုင်ကြ၏။
"အမြန်လုပ်ကြ။ ဒီလက်နက်တွေနဲ့ ရင်းနှီးအောင်လေ့ကျင့်ထားလိုက်။ လက်နက်တွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့နဲ့တစ်သားထဲဖြစ်နေပါစေ။ သဘာ၀တရားကြီးရဲ့စမ်းသပ်မှုကို ကျော်ဖြတ်ဖို့မင်းတို့တွေအသင့်ဖြစ်နေရမယ်..." ဘုရင်၏ အသံကို သူတို့၏နားထဲတွင်ကြားလိုက်ရသည်။
ပိုင်ရှင်မရှိသည့် လက်စွဲတော်လက်နက်များကို ရရှိသည့်အချိန်တွင်စစ်သည်များသည် သူတို့၏ စိတ်၀ိဉာဥ်ကိုအသုံးပြု၍ လက်နက်များနှင့် ဆက်သွယ်နိုင်ရမည်ဖြစ်သည်။
လက်စွဲတော်လက်နက်များသည်လည်း ကိုယ်ပိုင်အသက်၀ိဉာဥ်ရှိသည့်အတွက်ကြောင့် စစ်သည်များသည် ထိုထူးခြားသောလက်နက်များ၏ အစွမ်းကို၁၀၀ရာခိုင်နှုန်းအသုံးပြုလိုပါက ခွင့်ပြုချက်ယူရမည်ဖြစ်သည်။ ခွင့်ပြုချက်ရပြီးပါက ထိုလက်နက်များကို စစ်သည်တော်များ၏ ခန္ဓာကိုယ်ထဲတွင်သိမ်းထားနိုင်၏။
စစ်သည်ခြောက်ယောက်သည် စောင့်ဆိုင်းနေခြင်းမရှိပဲ သူတို့၏ စိတ်၀ိဉာဥ်နှ့င်အတွင်းအားစွမ်းအင်ကိုအသုံးပြုကာ ပိုင်ရှင်အဖြစ်အသိမှတ်ပြုခြင်းခံရနိုင်ရန်အတွက် လက်စွဲတော်လက်နက်များဖြင့် ဆက်သွယ်ကြတော့သည်။
မကြာမှီတွင် အတွင်းအားစွမ်းအင်တိမ်တိုက်များပါ၀င်နေသည့် မုန်တိုင်းခြောက်ခုသည် ကောင်းကင်မြို့တော်စီသို့ ဦးတည်ကာ ပျံသန်းလာတော့သည်။ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည့်မုန်တိုင်းများလိုပင် ကောင်းကင်မြို့တော်ထံသို့ ပျံသန်းလာရင်းဖြင့် ဘေးပတ်၀န်းကျင်မှ ဂုဏ်သတ္တိတူညီသည့် စွမ်းအင်များကိုလည်း စုပ်ယူကာ ပို၍အားပြင်းလာနေလျှက်ရှိသည်။
ထိုစွမ်းအင်မုန်တိုင်းများ ကြီးသထက်ပို၍ကြီးလာသည်နှင့်အမျှ ကောင်းကင်မြို့တော်၏ အလည်တွင်ရှိသောတောင်ပေါ်တွင်ထိုင်နေကြသည့် စစ်သည်တော်ခြောက်ယောက်နှင့်လည်း နီးကပ်လာ၏။
လိမ္မော်ရောင် မြေဂုဏ်သတ္တိစွမ်းအင်မုန်တိုင်းများသည် ဒရော့ဂ်ဘာနှင့် အိုလက်ဂ်တို့၏ စံအိမ်ထံသို့ ဦးတည်သွား၏။
ငွေရောင် သတ္တုဂုဏ်သတ္တိစွမ်းအင်မုန်တိုင်းများသည် ပီးရာ့စ်နှင့် ပီတာတို့ထံသို့ ဦး
တည်သွား၏။
အစိမ်းရောင်လေဂုဏ်သတ္တိစွမ်းအင်မုန်တိုင်းတို့မှာ တိုးရိစ်နှင့် ရော်ဘက်တို့ထံသို့ ဦးတည်သွားလိုက်သည်။
လအဆင့်သို့ ရောက်ရှိသွားပြီးသည့်နောက်တွင် စစ်သည်တော်ခြောက်ယောက်မှာ လောကကြီး၏ အာရုံစိုက်မှုကိုရသွားသည့်အတွက် သဘာ၀တရားသည် သူတို့အား ငြင်းဆန်၍ တိုက်ခိုက်လာခြင်းပင်။ သဘာ၀တရား၏ စမ်းသပ်မှုကို ခံနိုင်သည့် လူများသာလျှင် သူတို့၏ ခန္ဓာကိုယ်အား ပြောင်းလဲကာ အတွင်းအားစွမ်းအင်တို့ကို သိပ်သည်း၍ လအဆင့်သို့ အစစ်မှန်တက်ရောက်နိုင်ကြ၏။ သူတို့၏ အတွင်းအားစွမ်းအင်နှင့် အသက်၀ိဉာဥ်စွမ်းအင်တို့ ပြောင်းလဲသွားပြီးသည့်အချိန်မှသာလျှင် သူတို့သည် လအဆင့်စစ်သည်တော်အစစ်မှန်များ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။
ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖြင့် နတ်ဘုရားတောင်ထိပ်သို့ ရောက်ရှိလာ၏။
သူသည် စစ်သည်တော်ခြောက်ယောက်၏ အဆင့်တက်ခြင်းဖြစ်စဥ်အား ဂရုစိုက်ကြည့်ရှုနေလျှက်ရှိသည်။ သဘာ၀တရားကြီး၏ စိန်ခေါ်မှုသည် စစ်သည်တိုင်းအတွက်အန္တရာယ်များလှသော်လည်း ချမ်းဘော့ဒ်၏စစ်သည်တော်ခြောက်ယောက်ရင်ဆိုင်ရသည့် စိန်ခေါ်မှုမှာ ပို၍ စွမ်းအားမြင့်မားလှ၏။ ကောင်းကင်မြို့တော်တစ်၀ိုက်တွင်ရှိသော လေထုထဲတွင် သဘာ၀စွမ်းအင်များပို၍ပေါများသည့်အတွက်ကြောင့် စွမ်းအင်မုန်တိုင်းများသည် ရူးလောက်ဖွယ်အားကောင်းနေ၏။ အကယ်၍ စစ်သည်တော်ခြောက်ယောက်သာ ပေါ့ဆလိုက်ပါက ချက်ချင်းပင် သေဆုံးသွားနိုင်သော စိန်ခေါ်မှုတစ်ခုပင်။
ကံကောင်းစွာပင် ကောင်းကင်မြို့တော်တစ်၀ိုက်တွင်ရှိနေသည့် ရှေးကျသော ကိုယ်ဖျောက်စွမ်းအင်အကာရံစက်လုံးသည် စွမ်းအင်အရှိန်၀ါအားလုံးကို ကာရံပေးထားသည်။ ထို့ကြောင့် ချမ်းဘော့ဒ်မြို့တော်ဘက်မှ လှမ်းကြည့်ပါက ဓားငါးလက်တောင်ပေါ်တွင် ဘာမဖြစ်မနေသလိုပင်။ ထို့ကြောင့် မြို့တော်ထဲတွင်ရှိနေသည့် တိုင်းတစ်ပါးမှသိုင်းဆရာများသည်လည်း ဤစွမ်းအင်မုန်တိုင်းများကို အာရုံခံမိမည်မဟုတ်ပေ။
"ကျွီ ကျွီ ကျွီ..."
ရက်ကွန်းကောင်လေးသည် တစ်နေရာမှ ပြေးထွက်လာပြီး အော်ဟစ်ကာ ဖှေး၏ ကစဥ့်ကလျားပုလ္လင်ပေါ်သို့ ပြေးတက်လိုက်သည်။ တစ်စုံတစ်ခုကို ၀ါးစားနေသလို ထိုအကောင်လေး၏ ပါးများသည်လည်း ဖောင်းနေ၏။
ရက်ကွန်းကောင်လေးသည် နတ္တိလောကကိုပင် နှောင့်ယှက်နိုင်သည်ထိစွမ်းအားမြင့်မားသော စွမ်းအင်မုန်တိုင်းခြောက်ခုကို စိုက်ကြည့်နေပြီး ရုတ်တရက်ဖြစ်လာသည့်အပြောင်းလဲကြောင့် ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။ ယခုအချိန်တွင် အကောင်လေးသည် ဖှေးအား မျက်ရည်၀ဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
ဖှေးသည် ပြုံးလိုက်ပြီး သူ၏လက်ကို ၀ှေ့ရမ်းကာ ရက်ကွန်းကောင်လေးအား သူ၏ပုလ္လင်ပေါ်သို့ ခေါ်လိုက်သည်။
သဘာ၀တရားကြီး၏ စိန်ခေါ်မှုသည် တစ်နာရီခန့်ကြာမြင့်၏။
ထို့နောက်တွင် သဘာ၀စွမ်းအင်များပျောက်ကွယ်သွားပြီး မုန်တိုင်းများလည်းမရှိတော့ပေ။ အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များကို ပြန်လည်မြင်လိုက်ရသည်။
စစ်သည်တော်ခြောက်ယောက်သည်လည်း ဖှေးကို စိတ်မပျက်စေခဲ့ပေ။ သူတို့သည် ခက်ခဲသည့် သဘာ၀တရားကြီး၏ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ကာ စွမ်းအားမြင့်မားသည့် လအဆင့်စစ်သည်များအဖြစ်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။