← Chapters

“ကနေဦးအစ”

Vol. 49 Ch. 760

“ကနေဦးအစ”

Vol. 49 Ch. 760

ထိုလူသည် သူတို့အားလုံးသိသည့် လူတစ်ယောက်ပင်။

ထိုလူသည် သူတို့အားလုံးမေ့လို့မရသည့် လူတစ်ယောက်ပင်။

သူသည် ချမ်းဘော့ဒ်ဘုရင်လက်အောက် [ဓားလေးလက်]ထဲမှ တစ်ယောက်ဖြစ်သူ မိုက်ကယ်-အိုဝင်ပင်။ သူသည် အသက်၁၄နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်သော်လည်း အတော်ရင့်ကျက်သည့်ဟန်ရှိသည်။ မနက်က မာနထောင်လွှားနေခဲ့သည့် အမဲရောင်စစ်သည်သည် ယခုအချိန်တွင် အမျိုးအမည်မသိသော နတ်ဆိုးသားရဲတစ်ကောင်၏ အရေခွံဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ကြေးစားစစ်သည်များကို သားကောင်များကဲ့သို့ စိတ်မရှည်စွာကြည့်နေ၏။

“ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ မစ်စတာ အိုဝင်” မျက်နှာတွင် အမာရွတ်နှင့်လူသည် ခံစားချက်ကင်းမဲ့စွာမေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဓားကိုဆုပ်ကိုင်ကာ အနောက်မှလူများကို လက်ဟန်ပြလိုက်သည်။

အယောက်၂၀ခန့်ရှိသော ကြေးစားစစ်သည်များသည် တိတ်ဆိတ်စွာဖြင့် ဖြန့်ကျက်လိုက်ကြပြီး အိုဝင်အား မသိမသာဝိုင်းထားလိုက်ကြသည်။

“နဂါးသတ် စစ်ဆင်ရေးဆိုလား ခင်ဗျားခုနကပြောလိုက်တာက ဘာစစ်ဆင်ရေးလဲဗျ” အိုဝင်သည် အဝိုင်းခံလိုက်ရသည်ကို သတိမထားလိုက်မိဟန်ဖြင့် မေးလိုက်သည်။

သူသည် ဤခြံဝန်းထဲတွင် ဆယ်နာရီကျော်ပုန်းအောင်းနေခဲ့ပြီး ချောင်းနားထောင်ခဲ့ရာတွင် နဂါးသတ်စစ်ဆင်ရေးဟူသည့် စိတ်ဝင်စားစရာစကားလုံးတစ်ခုကိုကြားလိုက်ရသည်။ အကယ်၍ မျက်နှာတွင် အမာရွတ်နှင့်လူသာ ထွက်ခွါရန်မပြင်ခဲ့ပါက အိုဝင်သည်လည်း ထွက်လာဦးမည်မဟုတ်ပေ။

ကြေးစားစစ်သည်အဖွဲ့ခေါင်းဆောင်သည် သူ၏ဓားကိုလျှာဖြင့်ယက်လိုက်ပြီး ရုတ်တရက် ရက်စက်စွာပြုံးကာပြောလိုက်သည်။ “မစ်စတာအိုဝင်က သိချင်နေတယ်ဆိုတော့ ကျွန်တော်တို့ကလည်းပြောပြရမှာပေါ့…နဂါးသတ်စစ်ဆင်ရေးဆိုတာက ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့ နဂါးတစ်ကောင်ကို သတ်ပစ်မယ့် အစီစဉ်ပဲ” ထိုကဲ့သို့ပြောနေရင်းဖြင့် အနီရောင်စွမ်းအင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်လောင်လာပြီး အိုဝင်ကိုဝိုင်းထားသည့် ကြေးစားစစ်သည်များသည်လည်း အနားသို့ကပ်လာတော့၏။

“အော် ခင်ဗျားကပြောမယ်ဆိုလည်း အကုန်ပြောလိုက်တော့လေ” အိုဝင်သည်လည်း စိတ်လှုပ်ရှားသည့်ဟန်ဖြင့် သူ၏အနက်ရောင်ဓားမြှောင်ကိုထုတ်ယူလိုက်သည်။

“ဟားဟား မင်းဒီလောက်တောင်သိချင်နေရင် တမလွန်ရောက်မ သေမင်းကိုမေးလိုက်ပါလား ဟားဟား [မီးတောက်မြွေအနမ်း]….”

မျက်နှာတွင် အမာရွတ်နှင့်လူသည် ရုတ်တရက်တိုက်ခိုက်လိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် ဓားကြီးသည်လည်း ရုတ်တရက်မီးများတောက်လောင်နေသည့် မြွေကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။ ကြယ်ငါးလုံးအဆင့်သိုင်းကွက်ဖြင့် ဖန်တီးလိုက်သည့် ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး ဆူညံသံများစွာလည်းထွက်ပေါ်လာ၏။ ရည်ရွယ်ချက်မှာ ရန်သူ၏ စိတ်ကိုအာရုံလွှဲရန်ပင်။

ထိုမီးတောက်မြွေကြီးသည် မြေပေါ်တွင် စွပ်ကြောင်းများချန်ထားခဲ့ပြီး အိုဝင်ထံသို့ ကွေ့ကောက်လာနေ၏။

အိုဝင်နှင် နီးကပ်လာသည့်အချိန်တွင် လျှာတန်းလန်းဖြင့် ပါးစပ်ကိုဖွင့်ကာမီးဂုဏ်သတ္တိစွမ်းအင်မီးတောက်များဖြင့် အိုဝင်အား အညှာတာကင်းမဲ့စွာကိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ခြံဝန်းထဲတွင်ရှိနေသည့် ကြေးစားစစ်သည်များသည်လည်း အိုဝင်ထံသို့ ပြိုင်တူခုန်ဝင်ကာတိုက်ခိုက်တော့သည်။

ဤသည်မှာ မြင်းလေညှင်းတပ်ဖွဲ့ ပုံမှန်အသုံးပြုနေကျဖြစ်သည့် တိုက်ခိုက်ခြင်းပုံစံတစ်ခုဖြစ်သည်။ ရှုပ်ထွေးခြင်းမရှိပဲ ထိရောက်သည့် ဗျူဟာတစ်ခုပင်။ လူများစွာသည် တစ်ပြိုင်နက်တိုက်ခိုက်မည်ဖြစ်ပြီး သူတို့၏စွမ်းအားသည် ခနတာအားဖြင့် အစပေါင်းများစွာ မြင့်မားသွာမည်ဖြစ်သည်။ နေရာကိုက်အချိန်ကိုက်အသုံးပြုပါက လအဆင့်သိုင်းဆရာများကိုပင် အငိုက်ဖမ်းကာသတ်ဖြတ်ပစ်နိုင်၏။ ထိုတိုက်ခိုက်မှုသည် ပစ်မှတ်ကိုလွဲချော်လေ့မရှိပေ။

ခက်ထန်နေသည့် အတွင်းအားစွမ်းအင်များစွာသည် ချက်ချင်းပင် အိုဝင်အားလွှမ်းခြုံသွားသည်။

မျက်နှာတွင်အမာရွတ်နှင့်လူသည် ပျော်ရွှင်သွားသော်လည်း အေးစက်သည့်လေညှင်းတစ်ခုကို သူ၏ကြောပြင်တွင်ခံစားလိုက်ရသည်။ အဆိပ်ပြင်းမြွေတစ်ကောင်သည် သူ့အားပစ်မှတ်ထားသလိုခံစားလိုက်ရပြီး အေးစက်ကာ အန္တရာယ်ရှိသည့်ခံစားချက်သည် သူ၏အာရုံကြောများအားလုံးကိုလွှမ်းခြုံသွားတော့သည်။

“သေစမ်း ဒီကောင်တစ်ကောင်ထဲမဟုတ်ဘူး”

ဤအခိုက်တန့်တွင် ကြေးစားစစ်သည်ခေါင်းဆောင်သည် အိုဝင်တစ်ယောက်ထဲအလုပ်လုပ်နေခြင်းမဟုတ်ကြောင်း နားလည်သွား၏။ အမှောင်ထဲတွင်ပုန်းအောင်းနေသည့် အပေါင်းဖော်များရှိနေပြီး ထိုလူများသည် သူ့အား ပစ်မှတ်ထားကာတိုက်ခိုက်လိုက်ကြသည်။

ဤအချိန်တွင် မျက်နှာတွင်အမာရွတ်နှင့်လူသည် အိုဝင်အား အာရုံစိုက်နိုင်ခြင်းမရှိတော့ပေ။ အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဓားသွားကို ၁၈၀ဒီဂရီလှည့်လိုက်ပြီး ခုတ်ချလိုက်သည်။

သူသည် သေခြင်းတရား၍ ဓားသွားပေါ်တွင် ကခုန်နေရသည့် ကြေးစားစစ်သည်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် လျှင်မြန်စွာတုန့်ပြန်နိုင်ခြင်းသည် ရူးလောက်ဖွယ်ပင်။

သူသည် ခုခံကာကွယ်ကာ ပြန်လည်တိုက်ခိုက်ခြင်းကို တစ်ချိန်တည်းမှာပင် ကျွမ်းကျင်စွာပြုလုပ်လိုက်ခြင်းပင်။

သို့သော် ထိုအရာများအားလုံးသည် အသုံးမဝင်ပေ။

သူသည် ကျေနပ်လောက်ဖွယ် အမြန်နှုန်းဖြင့် တုန့်ပြန်လိုက်သော်လည်း သူခံစားနေရသည့် အေးစက်မှုသည် ပျောက်ကွယ်သွားခြင်းမရှိပေ။

ခနတာရပ်တန့်သွားပြီးနောက်တွင် သူ၏လည်ပင်းပေါ်တွင် အေးစက်သည့် အထိတွေ့တစ်ခုကိုခံစားလိုက်ရသည်။ အေးစက်သည့် ဓားသွားတစ်ခုသည် သူ၏လည်ပင်းပေါ်မှ ပင်မသွေးလွှတ်ကြောကို ထောက်ထားပြီး အသံတစ်ခုကို သူ၏နားထဲတွင်ကြားလိုက်ရသည်။ “မင်းသေချင်ရင် လှူပ်လိုက်လေ”

အသံသည် ရှင်သန်ခြင်းအား ထိုးဖောက်မြင်နိုင်သည့် သူတော်စင်တစ်ယောက်ကဲ့သို့ပင်။

အစမှအဆုံးထိ သေစေနိုင်သောလုပ်ကြံသတ်ဖြတ်သူသည် မည်သူဖြစ်သည်ကို မျက်နှာတွင်အမာရွတ်နှင့်လူ မသိလိုက်ချေ။

ဤအဖွဲ့လိုက်တိုက်ခိုက်ခြင်းဗျူဟာတွင် အဓိကလူဖြစ်သော သူတို့၏ခေါင်းဆောင်မရှိတော့သည့်အတွက်ကြောင့် ကြေးစားစစ်သည်များသည် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။

ထိန်းချုပ်မှုမရှိတော့သည့်အတွက်ကြောင့် အိုဝင်ပတ်ပတ်လည်တွင်ရှိနေသည့်အတွင်းအားစွမ်းအင်တိုက်ခိုက်မှုများသည် အားပျော့သွားပြီး သူသည် ပုံရိပ်ယောင်တစ်ခုလိုပင် ရှောင်ရှားနိုင်လိုက်သည်။ သူလျှပ်စီးအလင်းတန်းတစ်ခုလို ရွေ့လျားလိုက်သည့်အချိန်တိုင်းတွင် အတွေ့ကြုံမြင့်မားကာ ရက်စက်ကြမ်းကြုတ်သည့် ကြေးစားစစ်သည်တစ်ယောက်သည် ပြန်လည်တိုက်ခိုက်နိုင်ခြင်းပင်မရှိလိုက်ပဲ လဲကျသွားမည်ဖြစ်သည်။

မြင်းလေညှင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုဗျူဟာအား ရန်သူများက ကြိုသိနေပြီးဖြစ်သလိုပင်။

တကယ်တန်းတွင် အိုဝင်သည် ကြေးစားစစ်သည်များထက်ပင် ဤတိုက်ခိုက်မှုဗျူဟာကို ပို၍ကောင်းစွာနားလည်၏။ ဗျူဟာ၏ အားနည်းချက်ကို တစ်စက္ကန့်အတွင်းမှာပင် ရှာတွေ့လိုက်ပြီး ကြေးစားစစ်သည်အယောက်၂၀လုံးသည့် တစ်မိနစ်မပြည့်ခင်မှာပင် လဲကျကုန်ပြီဖြစ်၏။

လည်ပင်းပေါ်တွင် ထောက်ထားသော အေးစက်သည့်ဓားသွားကြောင့် မျက်နှာတွင်အမာရွတ်နှင့်လူသည် ဒေါသဖြစ်ကာခံရခက်နေသော်လည်း ဘာမမလုပ်နိုင်ပေ။

အိုဝင်သည် ကြေးစားစစ်သည်များအားလုံးကို ရှင်းလင်းပြီးသည့်အချိန်တွင် မူလနေရာတွင်ရပ်ကာ အဖွဲ့ခေါင်းဆောင်အား လှောင်သည့်ဟန်ဖြင့် သူ၏ဓားကို ယက်လိုက်သည်။

“မင်းက ဘယ်သူလဲ” မျက်နှာတွင် အမာရွတ်နှင့်လူသည် နှလုံးခုန်မြန်နေရင်းဖြင့် သူ၏အနောက်တွင် ဓားဖြင့်ထောက်ထားသူအားမေးလိုက်သည်။

“ချမ်းဘော့ဒ်ဘုရင်အမိန့်အောက်မှာရှိတဲ့ ဓားလေးလက်အဖွဲ့ထဲကတစ်ယောက် ဝတ်ရုံဖြူဓား ဂွန်ဇာ-ပေါလ်ပဲ…” အေးစက်သည့်အလံအား သူ၏နားထဲတွင်ကြားလိုက်ရသည်။

……

-ချမ်းဘော့ဒ်ရှိ ထူးခြားသော ဟိုတယ်တစ်ခု၏ နေုက်ဖေး ဥယျာဉ်ထဲတွင်ဖြစ်သည်-

“ဟေး ကျွန်မပြောပြီးပြီလေ ဒီနေရာကို သွေးမီးတောက်အဖွဲ့က ကြိုယူထားပါတယ်ဆို။ တစ်ခြားဧည့်သည်တွေကို လက်မခံတော့ဘူး။ ဟာ ရှင် နားကန်းနေတာလား။ ဘာလို့ဆက်သွားနေတာလဲ ရပ်လိုက်။ ဘာတွေဖြစ်ကုန်တာလဲ ရပ်ဦးလေ…”

မည်သည့်စကားမှမပြောပဲ တံခါးဖွင့်ကာဝင်လာသည့် လူစိမ်းသုံးယောက်နောက်ကို ကိုယ်ကြပ်ဝတ်စုံများဝတ်ဆင်ထားသော ချစ်စရာကောင်းသည့်အမျိုးသမီးကြေးစားစစ်သည်နှစ်ယောက်မှ ပြေးလိုက်နေသည်။ လိုက်မှီသွားသည့်အချိန်တွင် သူမတို့၏လက်နက်များဖြင့် ရှေ့မှ တားဆီးလိုက်သည်။ သူမတို့သည် လူစိမ်းသုံးယောက်အား ရန်လိုသည့်မျက်လုံးများဖြင့် ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

“ဘေးဖယ်နေပါ အမျိုးသမီး ငါက မင်းတို့ ခေါင်းဆောင်စီလာတာ” သူတို့ထဲတွင် အသက်၁၅နှစ်ခန့်ရှိသည်ဟုထင်ရသည့် အရပ်ရှည်ရှည်နှင့်ပိန်ပိန်လူငယ်သည် အဖြူရောင်သွားများပေါ်အောင်ပြုံးကာပြောလိုက်သည်။

“ဟွန်း ကျွန်မတို့ခေါင်းဆောင်ကို တွေ့ချင်တိုင်းတွေ့လို့ရတယ်ထင်လို့လား” အနီရောင်ဆံပင်တိုနှင့်ကောင်မလေးသည် စိတ်တိုစွာပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ရှင်ဘယ်သူလဲဆိုတာ ပြောခဲ့ ခေါင်းဆောင် သခင်မအားတဲ့အချိန်ကျရင် ရှင့်ကိုအသိပေးမယ်။ ရှင်တို့လို တဏှာရူးအယောက်၁၀၀လောက်ကို ကျွန်မတို့ ကန်ထုတ်ပြီးပြီဆိုတာရောသိလား။ ကျွန်မတို့ သခင်မကိုလိုချင်တယ်ဆိုရင် ရှင်တို့ရုပ်ကို ရှင်တို့မှန်ထဲပြန်ကြည့်လိုက်ဦး။” အနက်ရောင် ဆံနွယ်ရှည်များကို စည်းထားသည့် အမျိုးသမီးငယ်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

“ပြောလို့မရဘူး ငါတို့နာမည်တွေသိရင် မင်းတို့ထွက်ပြေးကုန်မှာပေါ့” အရပ်ရှည်ရှည်နှင့်ပိန်ပိန်လူငယ်သည် ကောင်မလေးနှစ်ယောက်ကို မျက်စပစ်ပြလိုက်သည်။

“ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ ကျွန်မတို့သခင်မက ဘယ်သူ့စီကမ ထွက်ပြေးမှာမဟုတ်ဘူး…” အနီရောင်ဆံပင်တိုနှင့်ကောင်မလေးသည် မကျေနပ်စွာပြောလိုက်သည်။ သို့သော်သူမသည် ဉာဏ်နည်းသည့်လူမဟုတ်သည့်အတွက်ကြောင့် တစ်စုံတစ်ခုကိုစဉ်းစားမိသွား၏။ သူမသူငယ်ချင်း၏ အင်္ကျီစကိုဆွဲလိုက်ပြီး သတိပေးသည့်အကြည့်တစ်ချက်ပေးကာ ဓားဆွဲထုတ်လိုက်သည်။

“ရှင်တို့ဘယ်သူတွေလဲ” သူမ ရန်လိုစွာမေးလိုက်သည်။

“ရပြီ လီဆာ ဒီလူကြီးမင်းသုံးယောက်ကို ဝင်ခွင့်ပေးလိုက်ပါ။” ညင်သာသည့်အသံတစ်ခုကို အနောက်ဘက် ဥယျာဉ်မှကြားလိုက်ရသည်။ ထို့နောက်တွင် အနက်ရောင်မှော်ဆရာဝတ်ရုံဝတ်ထားကာ ပခုံးပေါ်တွင် ကြက်တူရွေးကဲ့သို့သော နတ်ဆိုးသားရဲတစ်ကောင်တင်ထားသည့် မိန်းမချောလေးတစ်ယောက်သည် လမ်းလျှောက်ထွက်လာ၏။

All Chapters