"သူတို့ကို အကုန်ဆွဲလိုက်"
Vol. 49 Ch. 762
သွေးမီးတောက်တပ်ဖွဲ့မှဖြစ်ကြသည့် ဤအဖွဲ့တွင်ရွေးချယ်စရာမရှိတော့ပေ။
ခုခံရန်ကြိုးစားခဲ့သည့်လူတစ်ချို့အား အတင်းကြပ်ဖမ်းဆီးရရှိခဲ့ပြီး လူတိုင်း၏ အတွင်းအားစွမ်းအင်များနှင့် မှော်စွမ်းအင်များကိုချုပ်နှောင်ခဲ့သည်။
လှပသည့် လော်ရာအား ပို၍အာရုံစိုက်ကာချုပ်နှောင်ခဲ့သည်။ မှော်စွမ်းအင်များကို တားဆီးနိုင်သည့် လက်ထိပ်များကို သူမ၏ လက်ကောက်၀တ်၊ ခြေထောက်နှင့် လည်ပင်းတို့တွင် တပ်ဆင်ကာ သူမ၏ အဖွဲ့၀င်များနှင့်အတူ လှည်းတစ်ခုပေါ်သို့ တက်ခိုင်းကာ ပိတ်လှောင်လိုက်သည်။
ထို့နောက်တွင် လှည်းသည် မိနစ်လေးဆယ်ခန့် ထွက်ခွာသွားတော့၏။
လှည်းတံခါးဖွင့်သည့်အချိန်တွင် သွေးမီးတောက်တပ်ဖွဲ့ကို လှည်းပေါ်မှဆင်းစေပြီး သူတို့သည် မှောက်မိုက်သည့်နေရာတစ်ခုသို့ ရောက်ရှိနေသည့်အတွက် အံ့သြသွားမိသည်။
နံရံမှထင်ဟပ်နေသည့် ငွေရောင်အလင်းဖျော့ဖျော့၊ အေးစက်သည့်လေနှင့် တစက်စက်ကျနေသည့် ရေသံတို့ကြောင့် သူမတို့သည် မှော်ဆန်သည့် မြေအောက်လိုဏ်ဂူတစ်ခုထဲတွင် ရောက်ရှိနေကြောင်း ရိပ်မိလိုက်သည်။
"သွားကြမယ်ဟေ့..."
အစ်ဇာနီ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်တစ်စုံတစ်ရာမရှိပဲ သူတို့အား လိုဏ်ဂူထဲသို့ ဦးဆောင်ကာခေါ်သွားလိုက်သည်။
မှောင်မဲနေသည့် ပတ်၀န်းကျင်၊ စိတ်ဓာတ်ကျစေသည့် ခံစားချက်၊ ကြောက်မက်ဖွယ်ကောင်းသည့် တိတ်ဆိတ်မှု၊ စွမ်းအားကင်းမဲ့သည့် ခံစားချက်နှင့် ဖြစ်လာနိုင်သည့် ခြောက်ခြားဖွယ်ရာများ....ထိုအရာများအားလုံးသည် ကြေးစားစစ်သည်များကို မသက်မသာဖြစ်နေစေ၏။
အနီရောင်ဆံပင်တိုနှင့် ကောင်မလေးနှင့် အနက်ရောင်ဆံပင်စည်းထားသော ကောင်မလေးတို့သည် တုန်ယဥ်စွာဖြင့် လော်ရာအနီးသို့ ပူးကပ်နေလျှက်ရှိသည်။
မကြာမှီတွင် သူတို့သည် လိုဏ်ဂူ၏ အဆုံးကို မြင်လိုက်ရ၏။
ထို့နောက်တွင် ကြောက်မက်ဖွယ်အော်ဟစ်သံများကိုကြားလိုက်ရပြီး ဒဏ်ရာရနေသည့် သားရဲတစ်ကောင်အော်ဟစ်နေသလိုပင်။ သနားစရာကောင်းသည့် လူတစ်ယောက်သည် နှိပ်စက်မေးမြန်းခံနေရသည့်ဟန်ရှိပြီး သွေးနံ့များသည် လေထဲတွင် ပြန့်နှံ့နေ၏။
သူတို့သည် လိုဏ်ဂူအတွင်းမှ ထွက်လာပြီး မြေအောက်အခန်းကျယ်တစ်ခုအတွင်းသို့ ရောက်ရှိသွား၏။
မျက်နှာကျက်ပေါ်တွင် အနီရင့်ရောင်မှော်မီးအိမ်တစ်ခုရှိနေပြီး ဤအခန်းအား အနီရောင်လွှမ်းခြုံစေလျှက်ရှိသည်။ နေရာတိုင်းတွင် သွေးများပေနေသည့်ပုံရှိပြီး ယခုမှရောက်ရှိလာသည့် ကြေးစားစစ်သည်များကို ထိတ်လန့်အေးစက်စေသည်။
ထူးဆန်းပြီး သွေးများဖြင့်ပေနေသည့် နှိပ်စက်သည့်လက်နက်များကို အခန်းထဲတွင် စနစ်တကျစီထားပြီး သွေးနံ့များသည် ဤအခန်းထဲတွင် ပို၍ပြင်းထန်နေ၏။
အခန်းအလည်တွင် စစ်မေးခံရသည့်လူအပေါ်သို့ လော်ရာ၏ မျက်လုံးများကျရောက်သွားသည့်အချိန်တွင် သူမ၏ မျက်လုံးများသည် အနည်းငယ်ပြူးကျယ်သွားပြီး အနည်းငယ်ထိတ်လန့်သွားသည်။
ထို့နောက်တွင် အရာအားလုံးအား တွေးလိုက်မိသည့်ဟန်ဖြင့် သူမစိတ်တည်ငြိမ်သွားသည်။
စစ်ဆေးခံနေရသည့်လူမှာ မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့၏ အထူးတပ်ဖွဲ့ ဆယ်ဖွဲ့မှ တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ခေါင်းဆောင်ဘာလီရိုဖြစ်ပြီး ထိုလူသည် လောရာနှင့် ယနေ့မနက်က စားသောက်ဆိုင်တစ်ခုတွင်ဆုံခဲ့သူဖြစ်သည်။
"သူ့ကို ချမ်းဘော့ဒ်စစ်သည်တွေ ဖမ်းလိုက်ပြီပဲ..." လော်ရာတွေးလိုက်မိသည်။ မူလကအံ့သြသွားပြီးသည့်နောက်တွင် သူမနှင့် သူမ၏လူများဖမ်းခံလိုက်ရသည့်အတွက်ကြောင့် မြင်းလေညှင်းတပ်ဖွဲ့မှ အထူးတပ်ဖွဲ့သည်လည်း အဖမ်းခံထားရလိမ့်မည်ဟု လော်ရာတွေးခဲ့လိုက်မိသည်။
"ဒါက ဒီလိုကိုး။ ငါတို့ရဲ့တည်နေရာနဲ့ နဂါးသတ်စစ်ဆင်ရေးအကြောင်းကို မြင်းလေညှင်းတပ်ဖွဲ့ကကောင်တွေဖော်လိုက်တာပဲ။ သူတို့တွေ နှိပ်စက်တာကို မခံနိုင်လို့ အဓိကအချက်လက်တွေကို အကုန်ဖော်လိုက်ပြီ..." သူမတွေးလိုက်မိသည်။
အခန်း၏ အစွန်ဆုံးတွင် အကျင်းခန်းများရှိနေပြီး ထိုအကျင်းခန်းထဲတွင် မြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်များစွာကို ဖမ်းဆီးချုပ်နှောင်ထား၏။ သူတို့၏ အ၀တ်စားများတွင်လည်း သွေးများစိုနေကြသည်။ သူတို့သည် လော်ရာနှင့် ယခုမနက်တွေ့ဆုံဆွေးနွေးခဲ့ကြသည့်လူများဖြစ်ပြီး သူတို့အားလုံးတစ်ယောက်မှ လွတ်မြောက်ခဲ့ခြင်းမရှိပဲ ဖမ်းဆီးခံခဲ့လိုက်ရသည်။
မှော်ဆရာမတစ်ယောက်အနေဖြင့် သူမ၏ ကြယ်ငါးလုံးအဆင့်မှော်စွမ်းအင်များကိုပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့်မှော်အချုပ်နှောင်များက ထိန်းချုပ်ထားသည်။ အခန်းထဲတွင်ရှိနေသည့် အနီရောင်မီးလုံးများကြောင့် သူမသည် ကျောက်တုံးနံရံများပေါ်တွင်ရှိနေသည့်မှော်အစီရင်များကို မြင်နေရ၏။
ထိုမှော်အစီရင်များကြောင့် သာမန်ရွံ့နံရံများသည် ပို၍ခိုင်မာလာပြီး ဖျက်ဆီးရန်ခက်ခဲလှ၏။
လှပသည့်မှော်ဆရာကောင်မလေးကို အံ့သြစေသည့်အရာမှာ သူမသည် မှော်အစီရင်မျိုးစုံကိုလေ့လာဖူးသော်လည်း နံရံပေါ်တွင်ရှိနေသည့်အစီရင်များကိုမူ နားလည်နိုင်ခြင်းမရှိပေ။ နောက်ကွယ်တွင်တည်ဆောက်ထားသည့် သီအိုရီကိုလည်း သူမမြင်နိုင်ခြင်းမရှိပေ။ ဤအစီရင်များသည် ဒဏာရီလာနတ်ဘုရားများခေတ်မှ အစီရင်များနှင့်တူသည်ဟု သူမခံစားနေရသည်။ မှော်အစီရင်တစ်ခုခြင်းစီတိုင်းတွင် ကိုယ်ပိုင်အသက်၀ိဉာဥ်ရှိနေသလိုပင်။ မှော်အစီရင်များသည် အသက်ရူနေသကဲ့သို့ ပြန့်ကားလိုက်စုစည်းလိုက်ဖြစ်နေ၏။ အစီရင်များလှုပ်ရှားသွားသည့်အချိန်တိုင်းတွင် ရှေးကျသည့်မှော်အရှိန်၀ါများ ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေ၏။
"ချမ်းဘော့ဒ်သားတွေက စွမ်းအားမြင့်မားပြီးတော့ နည်းပညာအချက်လက်တွေလည်းကြွယ်၀နေတယ်။ ဘယ်လိုဖြစ်ပြီးတော့လဲ။ ဒီအကျင်းထောင်ကလည်း လအဆင့်စစ်သည်တွေတောင် မဖောက်နိုင်လောက်ဘူး..." လော်ရာသည် သူမ၏ ရှာဖွေတွေ့ရှိမှုကြောင့် ထိတ်လန့်သွားရသည်။
သူမ၏အနောက်တွင်လည်း သွေးမီးတောက်တပ်ဖွဲ့မှ ကြေးစားစစ်သည်များသည် ဖြူဖက်ဖြူယော်မျက်နှာများနှင့်အတူ ထိတ်လန့်နေကြသည်။
ပတ်ပတ်လည်တွင် ထူးဆန်းပြီးကြောက်စရာကောင်းသည့် နှိပ်စက်ရာတွင်အသုံးပြုသော တန်ဆာပလာများရှိနေပြီး အသစ်ရောက်လာသည့်လူများကို အလွန်ထိတ်လန့်ခြောက်ခြားစေ၏။
တန်ဆာပလာများပေါ်တွင် သွေးများစွန်းထင်းနေလေရာ ကြေးစားစစ်သည်များ မြင်ရုံဖြင့်ပင် နာကျင်မှုကို ခံစားနေရသလိုပင်။ သေခြင်းထက်ပင် ပို၍ဆိုး၀ါးလိမ့်မည်ဟု သူတို့အားလုံးသိလိုက်ကြ၏။
ထို့အပြင် ဤနေရာအား အနီရောင်မီးအလင်းရောင်က လွှမ်းခြုံထားသည့်အတွက် အရှင်လက်လက်ငရဲပြည်သို့ ရောက်နေသလိုပင်။
နှိပ်စက်စစ်ဆေးခြင်းမစမှီကပင် သွေးမီးတောက်တပ်ဖွဲ့မှ ကြေးစားစစ်သည်၃၂ယောက်တို့မှာ ကြောက်လန့်လွန်းသဖြင့် တုန်ယဥ်နေကြ၏။
သူတို့အား ငကြောက်များဟုလည်းမပြောနိုင်ချေ။ တိုက်ပွဲများကျော်ဖြတ်ဖူးခဲ့သည့် သူရဲကောင်းစစ်သည်များပင် ချမ်းဘော့ဒ်တိုင်းပြည်၏ နှိပ်စက်စစ်ဆေးခြင်းနည်းလမ်းများကို ခံနိုင်လိမ့်မည်မဟုတ်သောကြောင့်ပင်။
အခန်းအလည်တွင် မျက်နှာအမာရွတ်နှင့် ဘာလီရိုအပြင် တစ်ခြား မြငး်လေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်တစ်ချို့လည်း စစ်ဆေးခံနေရ၏။ သူတို့သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး နာကျင်စွာအော်ဟစ်နေကြရသည်။
စစ်ဆေးခြင်းမစတင်မှီက ကြောက်လန့်ခြင်းမရှိသည့် လူတစ်ယောက်သည် သိပ်ကြောက်စရာကောင်းပုံမရသည့် ပစ္စည်းတစ်ခုပေါ်သို့တင်ကာ တစ်မိနစ်ခန့်နှိပ်စက်လိုက်ပြီးသည့်နောက်တွင် ငိုယိုတောင်းပန်ကာ သူသိသမျှကို အော်ဟစ်ပြောပြနေသည်အားသွေးမီးတောက်တပ်ဖွဲ့၀င်များမြင်လိုက်ကြရသည်။
အလွန်ကြောက်စရာကောင်းလှ၏။
အနီရောင်ဆံပင်တိုကောင်မလေးနှင့် အနက်ရောင်ဆံပင်စည်းထားသည့် ကောင်မလေးတို့သည် အလွန်ကြောက်လန့်သွားကာ သူမတို့၏ ချစ်စရာကောင်းသည့်မျက်နှာများအရောင်ပြောင်းသွားပြီး ငိုတော့မလိုပင်။ သူမတို့ဘ၀တွင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းကို မမြင်ခဲ့ဖူးသည့်အတွက်ကြောင့် လော်ရာ၏ လက်မောင်းကို ဆုပ်ကိုင်ထားကြ၏။
အနီရောင်အလင်းတန်းများတောက်ပသွားသည်နှ့င်အတူ သွေးများသည် ပတ်၀န်းကျင်သို့ စိမ့်၀င်သွား၏။
ဤချမ်းဘော့ဒ်တိုင်းပြည်၏ အကျဥ်းထောင်အောက်တွင်ရှိသော အေးစက်မှောင်မိုက်သည့်နေရာအား အမဲရောင်အိမ်ငယ်လေးဟု ချမ်းဘော့ဒ်သားများသိကြပြီး အလွန်ရက်စက်သည့် ချမ်းဘော့ဒ်တိုင်းပြည်၏ အကျဥ်းထောင်တစ်ခုပင်။
"တကယ်လို့ ခေါင်းဆောင်လော်ရာသာ ကျွန်တော်တို့ သိချင်တာကို ထိန်ချန်ထားတာမရှိပဲ ပြောပြမယ်ဆိုရင်ခင်ဗျားတို့တွေ ဒီကြောက်စရာ တန်ဆာပလာတွေနဲ့ စမ်းသပ်တာမခံရတော့ဘူးပေါ့..." အစ်ဇာနီသည် ငွေရောင်ဆံပင်ရှည်နှင့် မှော်ဆရာမကို ကြည့်ရင်းဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ "အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော်လဲ ခင်ဗျားလိုလှပတဲ့ မိန်းကလေးတစ်ယောက်ကို ဒီလိုဆိုး၀ါးတဲ့အတွေ့ကြုံမျိုးမရစေချင်ပါဘူး။ ဒီတန်ဆာပလာတွေကို ကျွန်တော်တို့ ချမ်းဘော့ဒ်တရားစီရင်ရေးဌာနရဲ့ ဥက္ကဌ မစ်စတာ အိုလတ်ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ။ လပြည့်အမြင့်ဆုံးအဆင့်သိုင်းဆရာတွေတောင် မခံနိုင်ဘူး။ ခင်ဗျားတို့ ရှုပ်ရှုပ်ယှက်ယှက်လုပ်ရင်တော့ ၀ူးရူး၀ါးတွေဖြစ်ကုန်မယ်.."
သူပြောလိုက်သည့်အရာကြောင့် သွေးမီးတောက်တပ်ဖွဲ့မှ ကြေးစားစစ်သည်များ ပို၍ပင် ဒူးမခိုင်တော့ပဲဖြစ်ကုန်၏။
"အား ရပ်..ရပ်လိုက်ပါတော့ ပြောပါမယ် ကျွန်တော် အကုန်ပြောပါ့မယ်။ ကျွန်တော့ကို သေခွင့်သာပေးပါတော့...နှိပ်စက်တာမခံနိုင်တော့လို့ပါ..." နှိပ်စက်ခံနေရသည့်လူများထံမှ အော်ဟစ်သံများစွာထွက်ပေါ်လာသည့်အတွက်ကြောင့် တိတ်ဆိတ်နေကြသည့် သွေးမီးတောက်တပ်ဖွဲ့မှ ကြေးစားစစ်သည်များအားလုံး လဲကျလုနီးနီးပင်။
ယခုအော်ဟစ်လိုက်သည့်လူမှာ မြင်းလေညှင်းတပ်ဖွဲ့မှ မာကြောသည့်လူတစ်ယောက်ဟုနာမည်ကြီးသည့် ဘာလီရိုပင်။ သူသည် လျို့၀ှက်မစ်ရှင်တစ်ခုတွင် မာ့စ်အင်ပါယာ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လူမဆန်စွာနှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ သို့သော် သူသည် မည်သည့်အချက်ကိုမှ ဖော်ထုတ်ခဲ့ခြင်းမရှိပေ။
နောက်ဆုံးတွင် မြင်းလေညှင်းတပ်ဖွဲ့မှ ဂိုဏ်းချုပ်ဖြစ်သူ [စစ်ပင်လယ်ဓားပြ] မယ်လ်ဘသည် မာ့စ်အင်ပါယာသို့ ကိုယ်တိုင်သွားရောက်ပြီး ဘာလီရီုအား လွှတ်ပေးရန်အတွက် ကိုယ်တိုင်ဖိအားပေးခဲ့သည်။
ဘာလီရိုလွှတ်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ခေါင်းမှလွဲ၍ အရေခွံပင်မကျန်တော့ပေ။ မျက်နှာပေါ်တွင်ရှိသည့်အမာရွတ်မှာလည်း မာ့စ်အင်ပါယာ၏ နှိပ်စက်ညှင်းပန်းခြင်းကြောင့် ရရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဘာလီရိုကဲ့သို့ မာကြောသည့်လူတစ်ယောက်ပင် ချမ်းဘော့ဒ်တိုင်းပြည်၏ နှိပ်စက်စစ်မေးခြင်းကိုမခံနိုင်ပဲ သူ့ကို သတ်ပေးပါက အကုန်ပြောပြမည်ဟုပင် ငိုကြွေးတောင်းပန်နေရ၏။ ဤအရာသည် ချမ်းဘော့ဒ်၏ နှိပ်စက်ရေး ကိရိယာတန်ဆာပလာများ မည်မျှကြောက်စရာကောင်းသည်ကို ဖော်ပြနေ၏။
သူ၏ ဘေးတွင် လက်မောင်းကို ဖက်ထားသည့် ကောင်မလေးနှစ်ယောက်၏ တုန်ယဥ်နေမှု၊ တစ်ခြားအဖွဲ့သားများ၏ သွားခြင်းရိုက်ကာ ကြောက်လန့်နေသံတို့ကိုကြားသည့်အတွက်ကြောင့် လော်ရာသည် သက်ပြင်းချကာ ပြောလိုက်သည်။ "ကျွန်မပြောပါ့မယ်"
......
နဂါးသတ်စစ်ဆင်ရေးဟုတ်လား ဖှေးသည် နတ်ဘုရားဘုရင်နန်းတော်ထဲတွင်ရှိနေရင်းဖြင့် အိုလတ်ဂ်၏ တင်ပြချက်ကို ဖတ်ကာပြောလိုက်သည်။ "ကြေးစားစစ်သည်အဖွဲ့လေးနှစ်ဖွဲ့က ဘာလို့ ဒီလိုစကားမျိုးပြောရဲရတာလဲ။ ငါတို့ချမ်းဘော့ဒ်ကို လုပ်ချင်တိုင်းလုပ်လို့ရတယ်ထင်နေကြတာလား..."
ယခုအချိန်တွင် ဖက်တီးအိုလတ်ဂ်၏ အရပ်သည် နှစ်မီတာခန့်မြင့်မားနေ၏။ လအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ အဆီများသည် ကျဆင်းသွားခြင်းမရှိပဲ ပို၍ပင်၀ဖိုင့်လာ၏။
ဖှေး၏ စကားကိုကြားသည့်အချိန်တွင် ပြုံးကာ ပြောလိုက်သည်။ "ဟုတ်ပါတယ် ကျွန်တော်မျိုးတို့ရဲ့ ဂုဏ်သရေရှိသော အရှင်မင်းကြီး။ ကျေးဇူးပြုပြီး ကျွန်တောမျိုးကို တပ်ဖွဲ့တစ်ခုနဲ့အတူ ဒီကြေးစားစစ်သည်အဖွဲ့နှစ်ဖွဲ့နေထိုင်ရာကို သွားခွင့်ပြုလိုက်ပါ။ ကျွန်တော်မျိုး ဒီကောင်တွေကိုရှင်းနိုင်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ လာမရှုပ်ဖို့သိသွားအောင်လုပ်လိုက်ပါမယ်..."
"ထွက်သွားစမ်း..." ဖှေးသည် အိုလက်ဂ်၏ ဖင်ကို ကန်ကာပြောလိုက်သည်။ "လအဆင့်ရောက်သွားတော့ မင်းက လက်စွမ်းပြချင်နေတဲ့ပုံပဲ။ ဟိုလူတွေကို နှိပ်စက်စစ်ရေးလိုက်ရတာတောင် မကျေနပ်သေးဘူးလားကွ။ အချိန်ကောင်းမဟုတ်သေးရင် တိုက်ပွဲကိုမစသေးနဲ့ဦး။ တကယ်လို့ မင်းသွားတိုက်ခိုက်လိုက်ပြီး မြို့တော်ထဲက အဆောက်ဦးတွေပန်းတွေပျက်ဆီးကုန်ရင် မင်းအလျှော်ပေးနိုင်လို့လား။ လောလောဆယ်တော့ မင်းဘာမှမလှုပ်ရှားသေးနဲ့ဦး သတိရှိရှိနဲ့သာ စောင့်ဆိုင်းဦး..."
"ဟုတ် ဟုတ် ဟုတ် ကျွန်တော်မျိုးမှတ်ထားပါ့မယ်..." အိုလတ်ဂ်သည် အကန်ခံလိုက်ရသည့်အတွက် ၀မ်နည်းသည့်ပုံပေါက်နေသော်လည်း တကယ်တန်းတွင်ပျော်ရွှင်နေခြင်းဖြစ်သည်။
သူသည် ဘုရင်၏ အကန်ကြောက်ခံလိုက်ရသည့်အချိန်တိုင်းတွင် လန်းဆန်းသွားသလိုခံစားရတတ်၏။
"ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ အရာရှိတွေအများကြီးကို ဘုရင်က ငါတစ်ယောက်ထဲနဲ့ပဲ ရင်းရင်းနှီးနှီးရှိတာပဲ။ အရှင်မင်းကြီးက င့ါရဲ့သစ္စာရှိမှုကို သိတယ်ဆိုတဲ့သဘောပဲ..." သူတွေးလိုက်မိသည်။
"အစ်ဇာနီကို သူ့အစီစဥ်အတိုင်းဆက်လုပ်ဖို့ ပြောလိုက်။ ဒီကောင်တွေကို လက်ဆောင်ပြန်ပေးရမှာပေါ့။ ဘာလီရိုပေးတဲ့အချက်လက်တွေအတိုင်း မြို့တော်ထဲမှာရှိတဲ့ နဂါးသတ်စစ်ဆင်ရေးအဖွဲ့တွေကို တစ်ဖွဲ့ခြင်းလိုက်ဖမ်းထားလိုက်။ ဒါပေမယ့် ဂိုဏ်းချုပ်နှစ်ယောက်ကိုတော့ သွားမထိနဲ့ဦး။ သူတို့နှစ်ယောက်က အစ်ဇာနီထက်ပိုပြီးစွမ်းအားကြီးတယ်။ အဲ့တာကလွဲပြီးတော့ အစ်ဇာနီနဲ့ သူအဖွဲ့စိတ်တိုင်းကျ ကိုင်တွယ်ဖို့ပြောလိုက်"
ထိုကဲ့သို့ပြောရင်းဖြင့် ဖှေးသည် စာလိပ်တစ်ခုကို အိုလတ်ဂ်အား ပြစ်ပေးလိုက်ပြီး ထပ်ပြောလိုက်သည်။ "အသေးစိတ်အစီစဥ်တွေကို ဒီစာလိပ်ထဲမှာရေးထားလို့ အစ်ဇာနီကိုပေးလိုက်။ မင်းတို့တွေလဲ အဆင်ပြေသလိုလှုပ်ရှားထားလိုက်ကြ မင်းတို့လုပ်မယ့်ကိစ္စတွေအတွက် ငါ့စီက ခွင့်ပြုချက်လာတောင်းစရာမလိုဘူး။ လက်ထပ်ပွဲမတိုင်ခင် ငါအပြင်းထန်ကျင့်ကြံဖို့ လိုနေတယ်..."
"အရှင့်ဆန္ဒအတိုင်းပါ.." အိုလတ်ဂ်သည် စာလိပ်ကိုယူ၍ နန်းတော်အတွင်းမှပြေးထွက်သွားလိုက်သည်။
ဖှေးသည် သူ၏ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထိုဖက်တီးသည် အလွန်မြှောက်ပင့်တတ်ပြီး ကျင့်ကြံခြင်းအားစိတ်၀င်စားခြင်းမရှိသောကြောင့်ပင်။
"သူက ဒီပုံအတိုင်းဆို နေအဆင့်ကိုမရောက်နိုင်လောက်ဘူး၊ ဒါပေမယ့် သူကလည်း သစ္စာရှိတဲ့လူယုံတစ်ယောက်ပဲ။ အဲ့တာကြောင့် ငါလည်း ငါလုပ်နိုင်တာလုပ်ပြီးတော့ သူ့ကို နေအဆင့်ရောက်နိုင်အောင် ကူညီပေးရမှာပေါ့..."
နဂါးသတ်စစ်ဆင်ရေးအကြောင်း ပြန်တွေးလိုက်မိသည့်အချိန်တွင် သူ၏အမူယာများ အေးစက်သွားသည်။
"ဒီစောက်ရူးတွေက တစ်ချိန်တည်းမှာပဲ ခုန်ထွက်လာကြတာလား။ ကောင်းတယ် ဒီတစ်ခါတော့ မင်းတို့အားလုံးကို ဖမ်းလိုက်ပြီးတော့ ဘယ်ကောင်မှ လွတ်နိုင်မှာမဟုတ်ဘူး..."