"တုန့်ပြန်မှုအမျိုးမျိုး"
Vol. 49 Ch. 763
ဖှေး၏ အမိန့်သည် သေမင်းမှစတင်၍ အသက်များခြွေယူတော့မည်ဟူသော အဓိပ္ပါယ်ပင်။
ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တပ်ဖွဲ့များလှုပ်ရှာခြင်းမရှိပေ။ အစမှအဆုံးထိ အစ်ဇာနီနှင့် ဓားသွားလေးလက်တို့သာ လှုပ်ရှားနေ၏။
ထိုရက်နေ၀င်ချိန်မှစ၍ တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်သူငါးယောက်သည် အမှောင်ထုထဲတွင် ရန်သူများ၏အသတ်ကို တစ်ယောက်ခြင်းခြွေယူနေလျှက်ရှိကြသည်။
မျက်နှာတွင် အမာရွတ်နှင့် ဘာလီရိုရော ငွေရောင်ဆံနွယ်များနှင့် လှပသည့် မှော်ဆရာမ လော်ရာတို့မှ အစ်ဇာနီအား သူတို့အဖွဲ့များပုန်းအောင်းနေသည့် နေရာတို့ကို သတင်းပေးထားသည့်အတွက်ကြောင့် ချမ်းဘော့ဒ်အတွက် အချိန်ကုန်သက်သာစေသည်။ သူတို့ပြောခဲ့သည့် သတင်းအချက်လက်များသည်လည်း ၁၀၀ရာခိုင်နှုန်းမှန်ကန်၏။
အစ်ဇာနီနှင့် ဓားသွားလေးလက်တို့သည် နေ့ခင်းအချိန်ခါတွင်လှုပ်ရှားခြင်းမရှိကြသောကြောင့် ကျန်ရှိနေသည့် နဂါးသတ်အဖွဲ့များသည်လည်း ရိပ်မိခြင်းမရှိကြပေ။ ထို့ကြောင့် သူတို့သည် အချိန်မှီခုခံနိုင်ခဲ့ခြင်းမရှိကြ။
ညဘက်သို့ ရောက်သည့်အချိန်တွင်မူ အစ်ဇာနီနှင့် ဓားသွားလေးလက်တို့သည် အမှောင်ထု၏ သံတမန်များဖြစ်လာကြပြီး ရန်သူများပုန်းအောင်းနေသညည့် နေရာတိုင်းသို့ အလည်ပတ်သွားခဲ့ကြသည်။
အချိန်ရောက်ပါက အာရုံလွှဲရန်အတွက် ချမ်းဘော့ဒ်သားများကို လုယက်တိုက်ခိုက်သတ်ဖြတ်ရန် စီစဥ်ထားခဲ့ကြသည့် ကြေးစားစစ်သည်များမှာ ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများကို ယှဥ်နိုင်ခြင်းမရှိပေ။
ပြန်လည်တိုက်ခိုက်နိုင်ခြင်းပင်မရှိတော့ပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပျောက်ဆုံးကုန်ကြ၏။
ချမ်းဘော့ဒ်မြို့တော်ထဲရှိ ရိုးရှင်းသော ခြံ၀န်းတစ်ခုထဲတွင်ဖြစ်သည်။
မြင်းလေညှင်းတပ်ဖွဲ့မှ ကင်းလှည့်နေသည့် ကြေးစားစစ်သည်တစ်ယောက်သည် ရုတ်တရက်ရပ်တန့်သွားသည်။ သူအော်နိုင်ခြင်းမရှိလိုက်ခင်မှာပင် လည်ပင်းအေးစက်သွားသည်ကို ခံစားလိုက်ရပြီး အသံထွက်နိုင်ခြင်းမရှိလိုက်ပေ။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရသလို သူသည်လည်း ချိနဲ့စွာဖြင့် မြေပေါ်သို့ လဲကျသွားတော့သည်။
နောက်အခိုက်တန့်တွင် လေတိုးသံများစွာထွက်ပေါ်လာ၏။ တိတ်ဆိတ်နေသော ခြံ၀န်းထဲတွင် အညှာတာကင်းမဲ့သည့် တိတ်တဆိတ်သတ်ဖြတ်မှုများစွာဖြစ်ပွားနေ၏။
အော်ဟစ်သံတစ်ချို့အနည်းငယ်သာထွက်ပေါ်လာပြီး ထို့နောက်တွင် လေညှင်းတိုက်ခတ်သံများက မြေပြင်ပေါ်သို့ ပြုတ်ကျသော အလောင်းများ၏ အသံကို ဖုံးလွှမ်းထားလိုက်သည်။
အမှောင်ထဲတွင် လူငါးယောက်သည် အရိပ်များကဲ့သို့ ပြေးလွှားနေပြီး လျှပ်စီးကဲ့သို့ပင် လျှင်မြန်နေသည်။ သူတို့ လှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် မြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်တစ်ယောက်လဲကျသေဆုံးသွားမည်ဖြစ်သည်။
သတ်ဖြတ်မှုကိစ္စတစ်ခုလုံးတွင် မည်သူမှ သူတို့၏ဘေးတွင်ရှိသော အပေါင်းဖော်များသတ်ခံလိုက်ရသည်ကို မသိလိုက်ကြပဲ မိမိအလှည့်ရောက်မှသာ သတိထားမိကြ၏။
ငါးမိနစ်အတွင်းမှာပင် ဤနေရာတွင်ပုန်းအောင်းနေကြသည့် မြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်အယောက်၂၀ခန့် သေဆုံးသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးကျန်နေသည့် ကြေးစားစစ်သည်လဲကျသွားသည့်အချိန်တွင် ကြီးမားသည့် လှည်းကြီးတစ်ခုသည် ဤခြံ၀န်းထဲဂိတ်တံခါး၀သို့ တိတ်ဆိတ်စွာရောက်လာ၏။ သန်သန်မာမာလူတစ်ချို့လှည်းပေါ်မှ ခုန်ဆင်းလာကြပြီး သတ်ဖြတ်ပြီးသည့် အလောင်းများကို တိတ်ဆိတ်စွာဖြင့် လှည်းပေါ်သို့ တင်လိုက်ကြသည်။ ထို့နောက်တွင် ခြေရာလက်ရာဖျောက်ကာ အလောင်းများတင်ထားသည့် လှည်းကြီးသည်လည်း အမှောင်ထုထဲသို့ ၀င်ကာ ပျောက်ကွယ်သွားတော့သည်။
ထိုကဲ့သို့ မြင်ကွင်းသည် ချမ်းဘော့ဒ်မြို့တော်ထဲတွင်ရှိသော မတူညီသည့်နေရာများတွင်လည်း ထိုညကပင်ဖြစ်ပွားခဲ့သည်။
အမှောင်ထုသည် အညှာတာကင်းမဲ့သည့် သတ်ဖြတ်မှုများကို ဖုံးကွယ်ထားပေးပြီး အိပ်နေကြသည့် လူများသည် မည်သည့်အရာကိုမှ သတိထားလိုက်မိခြင်းမရှိပေ။
......
ဒုတိယမြောက်နေ့ ချမ်းဘော့ဒ်ဘုရင်၏ လက်ထပ်ပွဲမတိုင်ခင်တစ်ရက်အလို။
ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းများထံမှ နေမင်းကြီးထွက်ပေါ်လာသည့်အချိန်တွင် နေရောင်ခြည်သည် ဤရှေးကျသည့် မြို့တော်ပေါ်သို့ တောက်ပလာ၏။ မြို့ထဲတွင် ရှိသည့်လူများအတွက် နေ့သစ်တစ်ခုပင်။
နောက်ဆုံးတွင် တစ်ချို့သောလူများသည် သတ်ဖြတ်မှုများကို သတိထားလိုက်မိကြသည်။
သေချာလျို့၀ှက်ထားခဲ့သည့် ခြံ၀န်းတစ်ခုသည် လက်ရှိအခိုက်တန့်တွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေ၏။ တကယ်တန်းတွင် ခြံ၀န်းထဲတွင် ကြေးစားစစ်သည်အယောက်၂၀ရှိနေရမည်ဖြစ်သည်။ ခြံ၀န်း၏ အလည်တွင် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရပ်နေကာ စိုးရိမ်နေသည့်ဟန်ရှိသည်။
"အိုင်းစက် ငါ့ရဲ့ သစ္စာအရှိဆုံးလူ မင်းဘာတွေရှာတွေ့ခဲ့လဲ။" စကားပြောလိုက်သည့်လူမှာ တောင့်တင်းသည့် ခန္ဓာကိုယ်ရှိပြီး စူးရှသည့် မျက်နှာအသွင်ပြင်များရှိသည်။ ရှုပ်ပွနေသည့် အညိုရောင်ဆံပင်များသည် အဖျားပိုင်းတွင်အ၀ါရောင်သို့ ပြောင်းလဲသွား၏။ သူသည် ငွေရောင်သံမဏိချိန်းကြိုးချပ်၀တ်တစ်စုံ၊ လယ်သာဖိနပ်တို့ကို၀တ်ဆင်ထား၏။ သူသည်အသက်၄၅နှစ်ခန့်ရှိသည့်ပုံရပြီး ခြင်္သေ့တစ်ကောင်လိုပင် သန်မာထွားကျိုင်းနေ၏။
သူသည် စစ်ပင်လယ်ဓားပြဟူသည့် နာမည်ပြောင်ကို ရရှိထားသည့် မယ်လ်ဘာ့ပင်။ သူသည် မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။
အိုင်းစက်ဟုအမည်ရသည့်လူသည် အသက်၄၀ခန့်ရှိသော ပိန်ပိန်ပါးပါးနှင့်အရပ်ရှည်ရှည်လူတစ်ယောက်ပင်။ သူသည် ဉာဏ်အမျှော်မြင်ကြီးသည့်ဟန်ရှိပြီး ကြမ်းတမ်းသည့် မှော်ဆရာ၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ထား၏။
ကြောက်မက်ဖွယ်ငွေရောင်အလင်းတန်းနှစ်ခုသည် သူ၏မျက်လုံးများထဲမှ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်ကာ လေထုကိုလည်း နှာခေါင်းဖြင့် အနံ့ခံလိုက်သည်။
သူ၏ အသက်၀ိဉာဥ်သည် တစ်နေရာရာသို့ ရောက်ရှိသွားနေသလိုပင် ခိုင်မှာစွာပြန်ဖြေလိုက်သည်။ "သွေး...လူသတ်မှုတွေ ကျွန်တော်ကြောက်စရာလူသတ်မှုတွေကို မြင်နေရတယ်။ အမှောင်ထဲမှာ ပုန်းနေတဲ့ ရန်သူတွေ၀င်လာပြီးတော့ ကျွန်တော်တို့လူတွေကို သတ်ပစ်ခဲ့တယ်..."
"ဘယ်သူတွေလုပ်တာလဲ..." အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူ၏ လူများကို အကာကွယ်ပေးတတ်သည်ဟုနာမည်ကြီးသည့် စစ်ပင်လယ်ဓားပြသည့် ဒေါသဖြစ်သွားခြင်းမရှိပေ။ တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် ညင်သာစွာမေးလိုက်သည်။ "ရန်သူတွေက ဘယ်လောက်စွမ်းအားကြီးလဲ..."
၀ိဉာဥ်လွှင့်ထားဆဲဖြစ်သည့် အိုင်းစက်မှ ပြန်ဖြေလိုက်သည် "လုပ်ကြံသတ်ဖြတ်သူတွေ ကြောက်စရာကောင်းတဲ့ လုပ်ကြံသတ်ဖြတ်သူတွေပဲ။ သူတို့ရဲ့အရှိန်၀ါတွေက မြို့ထဲမှာရှိနေတုန်းပဲ။ သူတို့က ချမ်းဘော့ဒ်ဘုရင်လက်အောက်က လူတွေ။ သူတို့က တစ်ခုခုကို သတိထားမိသွားခဲ့တဲ့ပုံပဲ...ကျွန်တော်ထပ်ပြီး မမြင်နိုင်တော့ဘူး။ ကျွန်တော်တို့လူတွေကို သတ်သွားတဲ့လူတွေထဲမှာ စွမ်းအားအမြင့်ဆုံးတစ်ယောက်က ကြယ်ကိုးလုံးအဆင့် လုပ်ကြံသတ်ဖြတ်သူပဲ။ သူ့မှာ ရူးလောက်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားတယ်...ဟမ် ငါသူ့ကို ခြေရာခံလို့မရတော့ဘူး..."
"ချမ်းဘော့ဒ်ဘုရင်..." မယ်လ်ဘာ့သည် ရွှေရောင်သူတော်စဥ်တောင်၁၂လုံး ကာရံထားသညည့် ဓားငါးလက်တောင်ပေါ်သို့ ကြည့်ကာ ပြုံးလိုက်သည်။
"အဲ့ကောင်က အတော်ပါးနပ်တဲ့ ကလေးတစ်ယောက်ပဲ။ ထူးဆန်းတာကို သတိထားမိသွားပြီပေါ့။ သူက စွမ်းအားကြီးတယ်ဆိုတာ ငါသိပါတယ်။ ငါကိုယ်တိုင်ရွေးထားတဲ့ ကျွမ်းကျင်တပ်ဖွဲ့တွေကိုတောင် တစ်ညထဲမှာ ရှင်းလိုက်နိုင်တာပဲ။ လူတွေက သူ့ကို စိုးရိမ်ကြောက်လန့်နေကြတယ်ဆိုတာမဆန်းပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ သူက အားနည်းလွန်းနေသေးတယ်။ နဂါးပေါက်လေးက အရွယ်မရောက်သေးဘူးလေ။ မရွယ်မရောက်သေးခင်မှာပဲ အသတ်ခံရတော့မယ်။ ဒီစစ်ဆင်ရေးထဲမှာ စွမ်းအားကြီးသိုင်းဆရာတွေအများကြီးပါပြီးတော့ အဲ့အဖွဲ့တောင် ပါနေသေးတယ်။ ဟားဟားဟား ဒီလူသတ်မှုကိုတော့ ငါတို့ သွေးကြွေးစာအုပ်ထဲမှာ မှတ်ထားပြီး မင်္ဂလာပွဲညမှပဲ အကြွေးပြန်တောင်းကြတာပေါ့...သွားကြစို့ တစ်ခြားနေရာတွေမှာရှိနေတဲ့ သိုင်းဆရာတွေကိုလဲ မလှုပ်ရှားသေးဖို့ပြောထားလိုက်..."
......
တစ်ချိန်တည်းမှာပင် သွေးမီးတောက်တပ်ဖွဲ့ ယာယီဌာနချုပ်အနေဖြင့် ငှားရမ်းထားသည့် ဟိုတယ်ကြီးတစ်ခုထဲတွင်ဖြစ်သည်။
အပေါ်ဆုံးထပ်ဖြစ်သည့် စတုတ္တထပ် ပြတင်းပေါက်ဘေးတွင်လူတစ်ယောက်ရပ်နေကာ အနုစိတ်သည့် ရွှေမျက်နှာဖုံးတစ်ခုနှင့် ကြီးမားလှပသည့် ၀တ်စုံတစ်ခုကို ၀တ်ဆင်ထားလေရာ ထိုလူသည် ယောက်ျားလား မိန်းမလား ၀ေခွဲရန်ခက်ခဲလှသည်။
ဤအခိုက်တန့်တွင် လက်များကို နောက်ပစ်၍ ထိုလူသည် ဟိုတယ်ပြတင်းပေါက်မှ ချမ်းဘော့ဒ်တိုင်းပြည်၏ လူများရှုပ်နေသည့် လမ်းမပေါ်သို့ ကြည့်နေ၏။ လမ်းမပေါ်တွင် ပွဲတော်ကျင်းပရန်စီစဥ်ထားသည့် အဆင်ယဥ်တို့ဖြင့် ပြည့်နှက်နေပြီး ချမ်းဘော့ဒ်သားများပျော်ရွှင်နေကြသည်မှာ ထင်ရှားလှသည်။
"မင်းတို့ကောင်တွေ လော်ရာနဲ့ ကျန်တဲ့လူတွေ ဘယ်ရောက်နေတယ်ဆိုတာကို သတင်းရခဲ့ပြီလား..." ထိုလူသည် ခနကြာသည့်အချိန်တွင် ညင်သာစွာမေးလိုက်သည်။
"စုံစမ်းဖို့ ခက်နေတယ်။ ကျွန်တော်တို့စီမှာ ရှိနေတဲ့အချက်လက်တွေအရဆိုရင်တော့ ချမ်းဘော့ဒ်ဘုရင်လက်ချက်ဆိုတာကို ကျွန်တော်တို့သိပြီးသားပဲ။ လော်ရာနဲ့ ကျန်တဲ့လူတွေ အစီစဥ်ပေါက်ကြားပြီးတော့ အဖမ်းခံလိုက်ရတာနေမယ်။ သူတို့ အသက်ရှင်သေးလားသေပြီလားဆိုတာကိုတောင် ကျွန်တော်တို့ သေချာမသိဘူး..."
ရွှေမျက်နှာဖုံးနှင့်လူ၏ နောက်တွင် ရုပ်ခြင်းဆင်သည့် ခန္ဓာကိုယ်ထွားထွားကျိုင်းကျိုင်းယောက်ျားသုံးဦးရှိနေသည်။ သူတို့သည် ခါးထိရှည်သည့် ဆံပင်နက်များကို ကျစ်ဆံမီးကျစ်ထားကြပြီး အပေါ်ပိုင်းဗလာဖြင့် ကြီးမားသည့်တစ်လက်စီကို အနောက်တွင် လွယ်ထားကြသည်။ လယ်သာဘောင်းဘီတိုများ၊ လယ်သာဖိနပ်ရှည်များကို ၀တ်ဆင်ထားပြီး သူတို့၏ ထွားကျိုင်းသောခြသလုံးများကိုလည်း ပြသနေလျှက်ရှိသည်။
"အင်း လော်ရာက ကြယ်ငါးလုံးနောက်ဆုံးအဆင့် မှော်ဆရာတစ်ယောက်ပဲ။ စွမ်းအားအမြင့်ဆုံးမဟုတ်ပေမယ့် ဉာဏ်ကောင်းပြီးတော့ ဂရုစိုက်တတ်တယ်၊ မှော်ပစ္စည်းတော်တော်များများကိုလည်း ပိုင်ဆိုင်ထားတယ်။ သူအန္တရာယ်ရှိနေတုန်းက မှော်ပစ္စည်းတစ်ခုခုကိုတောင် သုံးပြီးတော့ ငါတို့ကို သတင်းမပို့လိုက်နိုင်ပဲအဖမ်းခံလိုက်ရတာပဲ။ ငါတို့ရဲ့ ပုန်းအောင်းတဲ့နေရာဆယ်ခု ဆွဲထုတ်ခံလိုက်ရမှ မင်းတို့လည်း တစ်ခုခုမှားနေမှန်းသတိထားလိုက်မိကြတာ။ လော်ရာကိုဖမ်းခဲ့တဲ့လူက စွမ်းအားကြီးတယ်ဆိုတာအသေချာပဲ။ ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်မဟုတ်ဘူးဆိုရင်တောင် လအဆင့်နဲ့နီးနေတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်လိမ့်မယ်"
ရွှေရောင်မျက်နှာဖုံးနှင့်လူသည် ဖြေးညှင်းစွာသုံးသပ်လိုက်သည်။ ရရှိထားသည့်အချက်လက်များအရ သူ၏ သုံးသပ်မှုသည် မမှားယွန်းလှပေ။
"ကျွန်တော်တို့ဘာလုပ်သင့်လဲ..." ဗလတောင့်တောင့်နှင့်လူမှ မေးလိုက်သည်။