"မိန်းကလေးတစ်ယောက်အတွက်"
Vol. 49 Ch. 764
"စောင့်ကြတာပေါ့။ ကျန်တဲ့အဖွဲ့တွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို စောင့်ကြည့်ကြမယ်။ လက်ရှိဆုံးရှုံးမှုက ငါတို့သွေးမီးတောက် ကြေးစားစစ်သည်အဖွဲ့အတွက်ဘာမှမဟုတ်ပါဘူး" မနေ့က သေဆုံးသွားခဲ့ကြသည့်လူများသည် အဖိုးမတန်သလို ရွှေရောင်မျက်နှာဖုံးနှင့်လူမှ ပြန်ပြောလိုက်သည်။
"ဒါဆို လော်ရာကရော..." ဗလတောင့်တောင့်နှင့်လူသည် အနည်းငယ်တုန်လှုပ်သွားသည်။ ငွေရောင်ဆံနွယ်များနှင့် မှော်ဆရာမသည် သွေးမီးတောက်ကြေးစားစစ်သည်တပ်ဖွဲ့ ဂိုဏ်းချုပ်၏ သမီးဖြစ်သောကြောင့်ပင်။
"မစိုးရိမ်ပါနဲ့ သူမအဆင်ပြေမှာပါ..." ထိုကဲ့သို့ ပြောပြီးသည့်အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် အခန်းထဲတွင်တောက်ပသွားပြီး ရွှေမျက်နှာဖုံးနှင့်လူလည်း ပျောက်ကွယ်သွားသည်။ ထိုလူသည် မည်သည့်အချိန်ကမှ အခန်းထဲတွင်ရှိမနေသလိုပင်။ ဤအချက်တစ်ခုတည်းဖြင့်ပင် ထိုလူသည် အတွေ့ကြုံရှိသည့်လအဆင့်စစ်သည်တစ်ယောက်ဖြစ်ကြောင်းကို ပြောနိုင်၏။
......
ချမ်းဘော့ဒ်တိုင်းပြည် ဘုရားကျောင်းထဲတွင်ဖြစ်သည်။
မြေအောက်ထပ်တွင်ရှိသော လျို့၀ှက်ခန်းထဲတွင် ငွေရောင်အလင်းတန်းများစွာတောက်ပနေပြီး ဤနေရာအား ဖော်ပြ၍မရနိုင်သည့် မြင့်မြတ်သည့် ခံစားချက်များပေးနေလျှက်ရှိသည်။
မှော်အစီရင်များအထပ်ထပ်ဖြင့် ဤအခန်းကို ကာကွယ်ထားသောကြောင့် စွမ်းအင်အရှိန်၀ါခံစားချက်အနည်းငယ်မှ အခန်းအပြင်သို့ မရောက်နိုင်ပေ။ နတ်ဘုရားအဆင့်ပစ္စည်းများဖြင့်ပင် စွမ်းအားမြင့်မှော်အစီရင်များ၏ ကာကွယ်မှုကို ကျော်လွန်၍ ဤအခန်းအတွင်းသို့ ထိုးဖောက်မြင်နိုင်ကာ အချက်လက်များကို ယူနိုင်မည်မဟုတ်ပေ။
အခန်း၏ အလည်တွင်နတ်စင်ငယ်ကဲ့သို့သော ကျောက်တုံးတစ်ခုရှိနေပြီး အမဲရောင်သစ်သားချောင်းတစ်ခုကို ကျောက်တုံးပေါ်တွင် စိုက်ထူထားသည်။ မီးမွှေးရန်အသုံးပြုသည့် သာမန်သစ်သားချောင်းတစ်ခုလိုပင်။
အရောင်စုံအလင်းတန်းများထွက်ပေါ်လာပြီး သိုင်းဆရာမျိုးစုံ လျို့၀ှက်ခန်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြသည်။
ရောက်ရှိလာကြသည့် သိုင်းဆရာများအားလုံးသည် သူတို့၏ မျက်နှာကိုဖုံးကွယ်ထားကြ၏။ တစ်ချို့သည် မှော်မျက်နှာဖုံးများအသုံးပြုကာ တစ်ချို့သည်၀တ်ရုံများကိုအသုံးပြု၍ တစ်ချို့သည် သဘာ၀နိယာမကို ကျော်လွှန်၍ အလင်းများကို ကွေးညွှတ်စေကာ သူတို့၏မျက်နှာကိုမမြင်နိုင်အောင်လုပ်ထားကြ၏။ သူတို့အားလုံးသည် လအဆင့်သိုင်းဆရာများဖြစ်ကြ၏။
"ငါတို့အခုစလို့ရပြီလား..." အမဲရောင်၀တ်ရုံတစ်ခုခြုံထားသည့် သိုင်းဆရာတစ်ယောက်မှ စိတ်မရှည်စွာမေးလိုက်သည်။
"ငါတို့စောင့်ရဦးမယ် တစ်ချို့လူတွေမရောက်သေးဘူး..." ဘုရားကျောင်း၀တ်ရုံကို၀တ်ဆင်ထားသည့် မဟာဘုရားကျောင်းမှ သူတော်စင်တစ်ယောက် သူ၏ ခေါင်းကိုခါရမ်းလိုက်သည်။
"ဟမ်..." မကျေနပ်သည့်အသံအနည်းငယ်ထွက်ပေါ်လာသည်။
အခန်းထဲတွင် လူ၁၂ယောက်ခန့်ရှိနေရာ သူတို့အားလုံးသည် အရှိန်၀ါကြီးကာစွမ်းအားမြင့်မားသည့်လူများပင်။ တစ်ချို့သည် မြင့်မားသော အစွမ်းအတို့ကို ပိုင်ဆိုင်ထားသည်၊ တစ်ချို့သည် သန်းနှင့်ချီသောစစ်သည်များပါ၀င်သည့် တပ်ဖွဲ့ကြီးများပိုင်ဆိုင်ထားပြီး တစ်ချို့သည် ကျယ်ပြန့်သောကုန်းမြေအစိတ်ပိုင်းတစ်ခုကို အုပ်ချုပ်ကြ၏။ သူတို့အားလုံးသည် အရှိန်၀ါကြီးမားသူများဖြစ်သည့်အတွက်ကြောင့် စောင့်ဆိုင်းရသည်ကို မနှစ်သက်ပေ။
ထို့ကြောင့် သူတို့သည် ရောက်ရှိသည်မှာ ဆယ်မိနစ်ခန့်သာရှိသေးသော်လည်း များစွာစိတ်မရှည်ဖြစ်နေကြ၏။
အကယ်၍ ဤပူးပေါင်းမှုကို ဇီးနစ်အင်ပါယာ၏ ကီလိုမီတာ၅၀၀၀၀၀တစ်၀ိုက်မှ စွမ်းအားအကြီးမားဆုံး အဖွဲ့စည်းနှစ်ခုမှသာ လျို့၀ှက်စီစဥ်ထားခြင်းမဟုတ်ပါက သူတို့အားလုံးထွက်သွားကြတော့မည်ဖြစ်သည်။ တကယ်တန်းတွင် သူတို့အတွက် ထိုင်စရာခုံးများပင် စီစဥ်ပေးထားခြင်းမရှိပဲ မက်တပ်ရပ်နေရ၏။
မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် စွမ်းအင်မီးတောက်များထက်မံ၍ထွက်ပေါ်လာပြီး လူလေးငါးယောက်ခန့်သည် လျို့၀ှက်ခန်းအတွင်းသို့ ထက်မံရောက်ရှိလာကြ၏။
သူတို့ထဲမှ တစ်ယောက်သည် မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့ဂိုဏ်းချုပ် မယ်ဘာ့ပင်။ မျက်နှာများဖုံးထားသည့် တစ်ခြားလူများနှင့်မတူပဲ ဤရက်စက်ကြမ်းကြုတ်ကာ ဒေါသကြီးသည့် ခြင်္သေ့ရူးသည် သူ၏ မျက်နှာအစစ်မှန်ကိုပြသနေလျှက်ရှိသည်။ ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် လေးစားမှုမရှိသည့်အမူယာတစ်ခုရှိနေ၏။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ရွှေရောင်မျက်နှာဖုံးတစ်ခု၀တ်ဆင်ကာ သားသားနားနား၀တ်ရုံအင်္ကျီဖြင့် လူတစ်ယောက်ရောက်လာ၏။
"ဟီးဟီးဟီး ခင်ဗျားကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ခင်ဗျားလို တစ်ခြားသိုင်းဆရာတွေနဲ့ မရင်ဆိုင်ရဲတဲ့ စောက်ကြောက်တစ်ယောက်က ဒီနေရာကို လာရဲတယ်ပေါ့။ ခင်ဗျားကို ကျုပ်နှစ်ခြမ်းပိုင်းပစ်လိုက်မှာမကြောက်ဘူးလား..."
ရွှေရောင်မျက်နှာဖုံးနှင့်လူကို မြင်သည့်အချိန်တွင် မယ်ဘာ့သည် ရန်လိုစွာဖြင့် ပြောလိုက်ပြီး အခန်းထဲမှ လေထုကိုချက်ချင်းပင် တင်းမာသွားစေသည်။
ဤမြင်ကွင်းကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အတွက် မည်သူမှ အံ့သြခြင်းမရှိပေ။
မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့နှင့် သွေးမီးတောက်ကြေးစားစစ်သည်အဖွဲ့တို့သည် ဒေသတွင်းစွမ်းအားအမြင့်ဆုံး ကြေးစားစစ်သည်အဖွဲ့များဖြစ်သောကြောင့် အခြင်းခြင်းအပြိုင်ဆိုင်ကြီးမားသည်။ လွန်ခဲ့သည့်နှစ်များထဲတွင် သူတို့နှစ်ဖွဲ့၏ တိုက်ပွဲများစွာဖြစ်ခဲ့ပြီး သူတို့၏ တိုက်ရိုက်သော်လည်းကောင်း သွယ်၀ိုက်၍သော်လည်းကောင်း တိုက်ခိုက်ခြင်းတို့ကြောင့် ကျဆင်းခဲ့သည့် သွေးများသည် မြစ်များ၊ ရေကန်များလောက်ပင်ရှိ၏။ သူတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်သူအကြီးစားများလိုမြင်နေကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြန်ဆုံးရှင်းပစ်လိုနေကြသည်။
ထို့ကြောင့် စစ်ပင်လယ်ဓားပြ မယ်ဘာ့နှင့် ရွှေရောင်မျက်နှာဖုံးနှင့်လူတို့ တစ်ယောက်နှင့်တစ်ယောက်တွေ့သည့်အချိန်တွင် ရန်လိုလာကြတော့သည်။
သို့သော် မယ်ဘာ့၏ ရန်စခြင်းကို ခံလိုက်ရသော်လည်း ရွှေမျက်နှာဖုံးနှင့်လူသည် မည်သို့မှ ပြန်လည်တုန့်ပြန်ဖြေကြားခြင်းမရှိချေ။
ဤနေရာတွင် ရွှေမျက်နှာဖုံးနှင့်လူအား တိုက်ခိုက်၍မရကြောင်းကိုလည်း မယ်ဘာ့သိသည့်အတွက် ရန်စကားသာပြောနိုင်၏။
"ကောင်းပြီ ကျုပ်တို့အားလုံးရောက်နေပြီဆိုတော့ စလိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ တော့ ခင်ဗျားတို့အားလုံး ဒီကိုရောက်လာတဲ့အတွက်ကြောင့် ကျုပ်ဂုဏ်ယူမိပါတယ်.."
လေထုတင်းမာလာသည့်အချိန်တွင် ယခင်ကကြားခဲ့ရခြင်းမရှိသည့် ထူးဆန်းသည့်အသံတစ်ခု အခန်းထဲတွင် ထွက်ပေါ်လာ၏။
လူတိုင်း ထိတ်လန့်သွားကြသည်။ ယခုအချိန်မတိုင်ခင်ထိ သူတို့သည် ကျောက်တုံးနတ်စင်ငယ်ပေါ်ရှိ အမဲရောင်သစ်သားချောင်းဘေးတွင် လူတစ်ယောက်ရှိနေသည်ကို သတိထားခဲ့မိခြင်းမရှိသည့်အတွက်ပင်။
ငွေရောင်စွမ်းအင်များသည် ထိုလူအား လွှမ်းခြုံထား၏။
အခန်းထဲတွင်ရှိနေသည့်လူများသည် ဒေသတစ်၀ိုက်တွင် စွမ်းအားအမြင့်မားဆုံးလူများပင်။ သူတို့၏ အင်အားများစုပေါင်းလိုက်ပါက အင်ပါယာများစွာကိုသိမ်းပိုက်နိုင်ပြီး တိုက်ကြီးတစ်ခုလုံး၏ စွမ်းအားမျှခြေကို ပြောင်းလဲပေးနိုင်၏။ သူတို့သည် ကုန်းမြေကို ဖျက်ဆီးနိုင်ပြီး၊ ကောင်းကင်ကို ကွဲအက်စေနိုင်ကာ ရာသီဥတုကိုလည်း ပြောင်းလဲပစ်နိုင်သည်။ မည်သူမှ ဤလူများထံမှ ပုန်းအောင်းနေနိုင်ခြင်းမရှိပေ။
သို့သော် သူတို့ထဲမှ မည်သူမှ ထိုလူမည်သည့်အချိန်ကတည်းက အခန်းထဲတွင်ရှိနေပြီး မည်သည့်အချိန်က ရောက်လာသည်ကို သတိထားလိုက်မိခြင်းမရှိပေ။
"အတော်ကြောက်စရာကောင်းတဲ့စွမ်းအားပဲ..." သူတို့အားလုံးတွေးလိုက်မိကြသည်။
သူတို့သည် ရုတ်တရက်နာမည်တစ်ခုကို တွေ့လိုက်မိကြပြီး အနည်းငယ်ကြောက်လန့်သွားကြ၏။ ခြင်္သေ့ကဲ့သို့သော မယ်ဘာ့ပင် သူ၏ မာနကို ဘေးချလိုက်ကာ တိတ်ဆိတ်သွား၏။
"ကျုပ်ရိုးရိုးရှင်းရှင်းပဲပြောမယ်။ ကျုပ်တို့အားလုံး ဒီရောက်နေတယ်ဆိုတာ အကြောင်းပြချက်တစ်ခုကြောင့်ပဲ ချမ်းဘော့ဒ်ဘုရင်ကို သွေးအေးတဲ့သားသတ်သမားတစ်ယောက်အဖြစ် ကြီးထွားမလာခင် ရှင်းလင်းပစ်ဖို့ပဲ။ သူ မရင့်ကျက်သေးခင်မှာ ကျုပ်တို့ရှင်းပစ်ရမယ်။ ကျုပ်တို့ဒေသမှာရှိနေတဲ့ စွမ်းအားမျှခြေကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲ။ ယရှင်းလိုလူနောက်တစ်ယောက်ထွက်ပေါ်လာပြီးတော့ သွေးချောင်းစီးမယ့် စစ်ပွဲတွေထပ်ဖြစ်လာမှာကို ကျုပ်တို့မလိုလားဘူး။ အဲ့တာကြောင့် ကျုပ်တို့ ဒီကိစ္စကို အောင်မြင်အောင်လုပ်ရမယ်။ ကျုပ်တို့နေထိုင်တဲ့ အေဇာရုတိုက်ကြီး ငြိမ်းချမ်းဖို့အတွက်ပဲ..." ငွေရောင်စွမ်းအင်များလွှမ်းခြုံထားသည့်လူမှ ဖြေးညှင်းစွာပြောလိုက်သည်။
သူသည် စကားပြောသည့်အချိန်တွင် စွမ်းအင်သုံးခဲ့ခြင်းမရှိသော်လည်း သူ၏ အသံတစ်ခုတည်းကပင် လူများကို ဒူးထောက်၍ လေးစားကြောက်ရွံ့မှုဖြင့် ကိုးကွယ်လိုစိတ်များဖြစ်ပေါ်စေ၏။
"ကောင်းပြီလေ ကျုပ်တို့ရထားတဲ့ သတင်းတွေအရဆို ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ ရတနာပစ္စည်းတွေအများကြီးရှိနေတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ချမ်းဘော့ဒ်ဘုရင်က ဒဏာရီလာနန်းတော်ရဲ့ ဗဟိုချက်ကိုရောက်ခဲ့ပြီးတော့ ရတနာတွေနဲ့ ဆေးပင်တွေအများကြီးရရှိခဲ့တယ်။ အဲ့တာအပြင် ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ကြွယ်၀မှုကလည်း အထင်ကြီးလောက်စရာပဲ။ ကျုပ်တို့ချမ်းဘော့ဒ်ဘုရင်ကို သတ်ပြီးသွားရင် ဒီရတနာပစ္စည်းတွေကို ခင်ဗျားတို့ကိုပဲ အညီမျှခွဲပေးမှာဖြစ်တယ်။ ကျုပ်တို့အဖွဲ့ကဒီရတနာတွေကို ထိတောင်ထိမှာမဟုတ်ဘူးလို့ ကျုပ်ကတိပေးတယ်..."
လျို့၀ှက်သောလူ၏ အသံကို လူတိုင်း၏ နားထဲတွင် ထပ်ကြားလိုက်ရသည်။
"မစ်စတာ ခင်ဗျားက ချမ်းဘော့ဒ်တိုင်းပြည်ကို သိမ်းပိုက်ချင်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်ကို သတ်ချင်နေတယ်။ ဒါပေမယ့် ရတနာပစ္စည်းတွေကိုလည်း စိတ်မ၀င်စားဘူးဆိုတော့ ခင်ဗျားလိုချင်တာက ဘာလဲ..." မယ်ဘာ့သည် ပွင့်ပွင့်လင်းလင်းသမားတစ်ယောက်ဖြစ်သည့်အတွက် ကြောက်ရွံ့ခြင်းမရှိပဲ မေးလိုက်သည်။
ကျန်ရှိနေသည့် သိုင်းဆရာများသည်လည်း လျို့၀ှက်သည့်လူကို ၀ိုင်းကြည့်လိုက်ကြသည်။
ထိုလူသည် ဤနေရာသို့ အပျော်လာရောက်ခြင်းမဟုတ်ကြောင်း သူတို့အားလုံးသိသည့်အတွက်ပင်။
"ခင်ဗျားတို့က သိချင်နေတယ်ဆိုတော့ ကျုပ်ကလည်း လျို့၀ှက်ထားစရာမရှိပါဘူး။ ကျုပ်ချမ်းဘော့ဒ်တိုင်းပြည်က လိုချင်တာတစ်ခုပဲရှိတယ်။ လူတစ်ယောက်ပဲ။ တိတိကျကျပြောရမယ်ဆို အမျိုးသမီးတစ်ယောက်ပေါ့..." လျို့၀ှက်သည့်လူမှ ပြောလိုက်သည်။
"အမျိုးသမီးတစ်ယောက်ဟုတ်လား..." လူတိုင်းအံ့သြသွားကြသည်။
သူတို့ကဲ့သို့သော သိုင်းဆရာများအတွက် သူတို့သည် အလှပမျိုးစုံရှိသည့်မိန်းကလေးများကို ရနိုင်၏။ စွမ်းအားမြင့်သောယောက်ျားသား သိုင်းဆရာများအတွက် အမျိုးသမီးများသည် ရှည်လျားသော ကျင့်ကြံခြင်းဘ၀တွင် အပန်းဖြေစရာတစ်ခုပင်။ သို့သော် အလွန်ရှုပ်ထွေးသည့် အစီစဥ်တစ်ခုကို စီစဥ်ခြင်းသည် အမျိုးသမီးတစ်ယောက်ထဲအတွက်ဖြစ်သည်ဆိုသည်မှာ သူတို့နားမလည်နိုင်လောက်အောင်ပင်။