← Chapters

Chapter (35) ကျွန်တော် အကုန်သောက်လိုက်ပါ့မယ်...ခင်ဗျားတို့ ရှင်းပေါ့

Vol. 3 Ch. 35

Chapter (35) ကျွန်တော် အကုန်သောက်လိုက်ပါ့မယ်...ခင်ဗျားတို့ ရှင်းပေါ့

Vol. 3 Ch. 35

ယဲ့ဖန်နှင့် ရှုဖေးတို့ လက်ဆွဲနှုတ်ဆက်ပြီး ချက်ချင်း လက်ပြန်ရုတ်လိုက်ကြသည်။ ဤသည်ကိုကြည့်ပြီး ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ မယုံနိုင်သလို ဖြစ်သွားကြသည်။

"အာ ... ဘာဖြစ်သွားတာလဲ? သူတို့ ဘာလို့ ဒီလောက် မြန်မြန် လက်ပြန်ရုတ်လိုက်ကြတာလဲ?"

"တစ်စက္ကန့်လောက်ပဲ ရှိဦးမယ် ... ဖေးက တစ်စက္ကန့်ထဲနဲ့ အဲ့ကောင်လက်ကို ချိုးလိုက်တာလား?"

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိရင်း ရှောင်မိန်နှင့် ကျန့်ချိန်ပင်းတို့ တူညီစွာ တွေးလိုက်မိပြီး လှောင်ရိပ်သန်းလာသည်။

သို့သော်လည်း ကျန်းလူက သူတို့နှင့် မတူသည့် သူ့အတွေးကို ထုတ်ပြောလိုက်သည်။

"တစ်ခုခုတော့ မှားနေသလိုပဲ"

ဟမ်?

ရှောင်မိန်နှင့် ကျန့်ချိန်ပင်းတို့ ကျန်းလူကို ဇဝေဇဝါ အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။ ကျန်းလူက သူတို့ကို ပြန်ကြည့်ကာ ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့ကို ပြန်ပြောလိုက်သည်။

"ရှုဖေးအကျင့်အတိုင်းဆို အဲ့ကောင်လက်ကို သူ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို သေချာကြည့်ကြည့်။ လက်ဆွဲနှုတ်ဆက်ပြီး အဲ့ကောင် အမူအရာ တစ်ချက်တောင် ပျက်မသွားဘူး။ ဒါပေမယ့် ဖေးကတော့...."

သူ့စကားကြောင့် ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့ ရှုဖေးကို ခပ်သွက်သွက် ကြည့်လိုက်မိကြသည်။

ထိုအခါမှသာ ရှုဖေး၏ ခန့်ညားချောမောလှသော မျက်နှာက လူသေပမာ ဖြူရော်နေကာ နဖူးတွင်လည်း ချွေးစို့နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့လက်ကလည်း မသိမသာ တုန်ယင်နေသည်။ သူက ယဲ့ဖန်အား သရဲသဘက်တစ်ကောင်ကို တွေ့လိုက်ရသည့်အလား ကြောက်လန့်တကြား ကြည့်နေသည်။

ထိုအဖြစ်အပျက်ကြောင့် ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့်ကျန်းလူတို့ ထိတ်လန့်သွားကြသည်။

"သူ မအောင်မြင်ဘူး။ ဖေးအကြံအစည်က မအောင်မြင်ဘူး ထင်တယ်"

"မဖြစ်နိုင်ဘူး...ဖေးက တိုက်ကွမ်ဒို မိသားစုကလေ။ အဲ့ကောင်ဆီမှာ သူ ရှုံးစရာ အကြောင်းအရင်း မရှိဘူး"

ထိုစဉ် ရှုဖေးတစ်ယောက် တံခါးနား လျှောက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

သူ တစ်ချက်လှမ်းလိုက်သည်နှင့် သူ့နဖူးမှ ချွေးသီးချွေးပေါက်များက ရေပုံးလို ကျလာတော့သည်။ တစ်ချိန်တည်းမှာပဲ လက်ဖဝါးမှ နာကျင်မှုကြောင့် သူ တုန်ယင်နေသည်။

"ကျန်းလူ...ငါနဲ့ အပြင်ကို မြန်မြန်လိုက်ခဲ့။ ငါ့လက် ကျိုးတော့မယ်"

ရှုဖေး ဖြူစုတ်နေသော မျက်နှာနှင့် သူတို့နား ကပ်လာကာ ခပ်တိုးတိုး ပြောလိုက်သည်။ သူ့စကားကြောင့် ရှောင်မိန်၊ကျန့်ချိန်ပင်းနှင့်ကျန်းလူတို့ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။

အစောပိုင်းတုန်းက ရှုဖေးက ဟိုလူလက်ကို စက္ကန့်အနည်းငယ်အတွင်း ချိုးနိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း ရှုဖေးလက် တစ်စက္ကန့်အတွင်း ပြန်အချိုးခံရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ဒါ .... လုံးဝ မဖြစ်နိုင်ဘူးလေ!"

သုံးယောက်သား တစ်ခုခုမှားနေပြီမှန်း သဘောပေါက်လိုက်သည်။ ကျန်းလူက ရှုဖေးနှင့် အတူ အခန်းထဲမှ ထွက်သွားသည်။ ထိုအဖြစ်အပျက်ကြောင့် အန်းရှီ ကြောင်သွားကာ ဇဝေဇဝါနှင့် မေးလိုက်သည်။

"ရှောင်မိန်.... ရှုဖေး ဘာဖြစ်သွားတာလဲ? သူ့ကြည့်ရတာ နေမကောင်းသလိုပဲ"

သူမ စကားကြောင့် ရှောင်မိန် အသာပြုံးလိုက်မိပြီး ယဲ့ဖန်ကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်လိုက်မိသည်။

သို့သော်လည်း "သူ ဘာမှမဖြစ်ပါဘူး...သူ လုပ်စရာကိစ္စလေး တစ်ခု ပေါ်လာလို့ပါ...ခဏနေ သူ ပြန်လာမှာပါ" ဟုသာ ပြန်ပြောလိုက်နိုင်သည်။

သူမစကားကို အန်းရှီ ယုံကြည်သွားပြီး ယဲ့ဖန်လက်ကို ဆွဲကာ စားပွဲဝိုင်း၌ ထိုင်ခိုင်းလိုက်သည်။

အခန်းတွင်း အခြေအနေက ကသိကအောင့် ဖြစ်နေသည်။ ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့က စားပွဲတစ်ဘက်ခြမ်း၌ ထိုင်ကာ ယဲ့ဖန်ကို မုန်းတီးစွာ ကြည့်နေသည်။

တစ်ဘက်မှာတော့ အန်းရှီက ယဲ့ဖန်ဘေး၌ ထိုင်ကာ ပျော်ရွှင်နေသည်။ ဤသည်ကိုကြည့်ပြီး ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့ ဒေါသမီးက ပို၍ တောက်လောင်လာတော့သည်။

၁၅ မိနစ်ခန့် ကြာသောအခါ ရှုဖေးနှင့် ကျန်းလူတို့ အခန်းထဲ ပြန်ဝင်လာသည်။ရှုဖေးတစ်ယောက် ယခုထိ ဖြူဖတ်ဖြူရော် ဖြစ်နေသေးသော်လည်း သူ့လက်ကိုတော့ ပတ်တီးစည်းထားလိုက်ပြီ ဖြစ်သည်။ သူက ယဲ့ဖန်အား မလိုမုန်းတီးစိတ်ဖြင့် ကြည့်နေသည်။

သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက အမုန်းတရားများကို မေ့ပျောက်သွားဟန်ဖြင့် ပြုံးလိုက်ပြီး အော်ပြောလိုက်သည်။

"ဟားဟားဟား… မင်းတို့တွေ ဘာလို့ ဒီအတိုင်း ထိုင်နေတာလဲ။ သောက်စရာတွေ မှာကြလေ"

ထိုသို့ ပြောလိုက်ပြီး ရှုဖေးက တံခါးဝနားက စားပွဲထိုးမလေးကို အော်ပြောလိုက်သည်။

"မင်းတို့မှာ ရှိတဲ့ ဈေးအကြီးဆုံး အနောက်တိုင်းအရက် ဆယ်ပုလင်း လာချပေး"

*ဆယ်ပုလင်း*

စားပွဲထိုးမလေး တောင့်ခနဲ ဖြစ်သွားပြီးမှ သေချာအောင် ပြန်မေးလိုက်သည်။ "မစ္စတာ… ကျွန်မတို့ဆီက အရက်က အရမ်း ဈေးကြီးပါတယ်။ ဆယ်ပုလင်း မှာချင်တာ သေချာရဲ့လားရှင့်"

*ဟမ်*

စားပွဲထိုးမလေးက သူ့အား သံသယဝင်နေတာကို သတိထားမိပြီး ရှုဖေး မျက်နှာ နီရဲသွားသည်။

"မင်း ဘာစကား ပြောတာလဲ? ငါ့မှာ ပိုက်ဆံ အများကြီး ရှိတယ်။ အပိုတွေ ပြောမနေနဲ့။ အရက်သာချပေး။ မြန်မြန်"

ရှုဖေး စကားကြောင့် စားပွဲထိုးမလေးက ခေါင်းကိုသာ ညိတ်၍ အခန်းပြင်ထွက်သွားသည်။

…..

ဗော်ကာ ဆယ်ပုလင်း လာချပေးပြီးနောက် …. ဗော်ကာပုလင်းတွင် အယ်လ်ကိုဟော ပမဏ ၄၅ % ပါဝင်တာကို သတိထားလိုက်မိပြီးနောက် ရှုဖေး အားရပါးရ ပြုံးလိုက်မိသည်။

ထို့နောက် သူ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့ ယဲ့ဖန်ဆီသို့ အတူတူ ကပ်သွားကြသည်။

"ဖန် … ဒါ ငါတို့ ပထမဆုံးအကြိမ် ဆုံတာဆိုတော့ ငါ မင်းအတွက် အရက်ငှဲ့ပေးပါရစေ။"

အရက်ပုလင်းအဖုံးကို ဖယ်လိုက်ပြီးနောက် ရှုဖေးက ဖန်ခွက်တစ်ခွက်ထဲသို့ အရက်ကို ငှဲ့ထည့်လိုက်သည်။ထို့နောက် ထိုဖန်ခွက်ကို ကိုင်ပြီး ယဲ့ဖန်နှင့် သူ စကားပြောလိုက်သည်။

ယဲ့ဖန်က အလျင်အမြန် လက်ကိုခါ၍ အေးဆေးစွာ ပြောလိုက်သည်။

"မဖြစ်ဘူး…မဖြစ်ဘူး… ကျုပ် အရက် မသောက်တတ်ဘူး။ ဒီတစ်ခွက် သောက်လိုက်တာနဲ့ ကျုပ် မူးသွားလိမ့်မယ်"

ယဲ့ဖန် ပြန်ပြောလိုက်သည့်စကားကြောင့် ရှုဖေး မျက်နှာ တည်သွားသည်။ သူက ယဲ့ဖန်ကို ပြန်ပြောလိုက်တာက

"ခင်ဗျား ယောက်ျားဆို သောက်သင့်တယ်ဗျ။ ကျုပ်က ဒီအရက်ကို လေးစားလို့ တိုက်တာပါ"

ရှုဖေးက ယဲ့ဖန် ပြန်ပြောဖို့ အခွင့်အရေး မပေးဘဲ အတင်း ခွက်ကို ထိုးပေးလိုက်သည်။

ယဲ့ဖန် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။ ထို့နောက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အရက်ကို ကောက်မော့လိုက်သည်။

ယဲ့ဖန် အရက်သောက်နေသည်ကို ကြည့်ပြီး သူတို့တစ်ဖွဲ့လုံး ယဲ့ဖန် အရက်မသောက်နိုင်ဟု မှတ်ချက်ချလိုက်ကြသည်။

ကျန့်ချိန်ပင်း ကလည်း ယဲ့ဖန်နဲ့ အတူ တစ်ခွက် လိုက်သောက်သည်။ ထို့နောက် ကျန်းလူ…

သုံးယောက်သား ယဲ့ဖန်နှင့် တစ်ခွက်ပြီးတစ်ခွက် လိုက်သောက်ကြသည်။ တစ်ခွက်သောက်ပြီးတိုင်း ယဲ့ဖန် မျက်နှာက ရှက်နေပုံရသည်။ သူ၏ ဖြူစင်သော မျက်နှာလေးက အရက်ကြောင့် နီရဲတက်လာသည်။ မျက်လုံးကို မှေးကာ အချိန်မရွေး မှောက်သွားတော့မည်ပုံ ပေါက်နေသည်။

ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး သူတို့သုံးယောက် အားရနေကြပြီး ယဲ့ဖန်ကို တစ်ခွက်ပြီးတစ်ခွက် အတင်းတိုက်လေတော့သည်။

ဗော်ကာ ၆ပုလင်းခန့် ကုန်သွားပြီးနောက် ရှုဖေး၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ မျက်စိလည်လာကြသည်။

သူတို့မျက်နှာတွေသည်လည်း အရက်ကြောင့် နီရဲလာသည်။ သို့သော် ယဲ့ဖန် မျက်နှာက နီတယ်ဆိုရုံလေးသာ နီနေသည်။ မျက်လုံးကို မှေးထားကာ မူးနေပုံရသော်လည်း သူ့ကိုယ်သူ ထိန်းနိုင်သေးသည်။

*ချီးပဲကွာ*

*ဒီကောင် လူလိမ်ပဲ*

ရှုဖေး၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ယဲ့ဖန် မူးချင်ယောင်ဆောင်နေမှန်း သတိထားလိုက်မိကြသည်။သူတို့ ဒေါသကြောင့် အံကို တင်းတင်းကြိတ်ထားမိလိုက်သည်။ ထိုစဉ် ယဲ့ဖန်က အရက်ပုလင်း ၄ပုလင်းကို သူတို့ရှေ့ ချလိုက်ကာ

"လာလေ… ယောကျာ်းဆိုတာ မငြင်းကောင်းဘူးဗျ။ မိန်းကလေးဆိုလည်း တစ်ခွက်လောက်တော့ သောက်သင့်တယ်"

ယဲ့ဖန်က တစ်ပုလင်းကို ဖွင့်၍

"ကျုပ် ဒီပုလင်းကို သောက်လိုက်မယ်။ ခင်ဗျားတို့ကတော့ ကိုယ့်ဘာသာ ယူသောက်ကြပေါ့"

ထိုသို့ပြောပြီး ယဲ့ဖန်က ခေါင်းကိုမော့ကာ အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

*ချီးပဲကွာ*

သုံးယောက်သား သွေးအန်မတတ် ဖြစ်သွားကြသည်။

*ယောကျာ်းဆိုတာ မငြင်းကောင်းဘူးဗျ*

*မိန်းကလေးဆိုလည်း တစ်ခွက်လောက်တော့ သောက်သင့်တယ်*

*ဒီကောင် ငါတို့ကို လှောင်နေတာပဲ*

သုံးယောက်လုံး ရူးချင်သလို ဖြစ်လာကြသည်။ တစ်ဘက်၌ အန်းရှီက သူတို့ကို ကြည့်နေမှန်း သတိထားမိသောကြောင့် သူတို့ စိတ်အိုက်သွားကြသည်။ မတတ်သာတော့သောကြောင့် တစ်ယောက် တစ်ပုလင်းစီ ကိုင်ကာ မော့ချလိုက်ရသည်။

ပုလင်းတစ်ဝက် ကျိုးရုံမျှသာ ရှိသေးသော်လည်း သူတို့ အန်ချင်လာကြသည်။ ထို့ကြောင့် သူတို့ ဆိုင်ပြင် ပြေးကာ ထိုးအန်ကြသည်။

အန်းရှီနှင့် ရှောင်မိန်တို့ ဒီအဖြစ်အပျက်ကို ငြိမ်ငြိမ်လေး ထိုင်၍ ကြည့်နေကြသည်။

တစ်ပုလင်းလုံးကုန်သွားသော်လည်း ယဲ့ဖန် မသက်မသာ ဖြစ်နေသည်ကို မမြင်ရဘဲ သူ၏ နီနေသော မျက်နှာက ပုံမှန် ပြန်ဖြစ်လာသည်ကိုသာ တွေ့လိုက်ရသည်။ သူ၏ အရက်မူးနေသောပုံ ပျောက်ကွယ်သွားပြီးနောက် သူ့မျက်လုံးတွေက စူးရှလာသည်။

*ဒီလူ…*

ရှောင်မိန် ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ရှုဖေးနှင့် ကျန်နှစ်ယောက်က ယဲ့ဖန်ကို စိန်ခေါ်၍ သောက်ကြသော်လည်း တစ်ပုလင်းချင်း သောက်ကြသည့်တိုင် ယဲ့ဖန်က ဘာမှမဖြစ်ဘဲ ရှုဖေး၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့သာ မူးပြီး အန်နေကြသည်။ ဘယ်လောက်တောင် သောက်နိုင်တဲ့ အရက်အိုးပါလိမ့်?

ထိုစဉ် စားပွဲထိုးမလေးက အခန်းထဲ ဝင်လာသည်။

"မစ္စတာ… ရှင့်ကို အနှောင့်အယှက် ပေးရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ရှင်တို့ရဲ့ ဒီညအသုံးစရိတ်က ဒီအခန်းရဲ့ သတ်မှတ်စရိတ်ထက် ကျော်သွားပါပြီ။ ဆက်နေမယ်ဆိုရှင် ပိုက်ဆံ အရင်ရှင်းရပါမယ်။ ရှင်းပြီးသွားရင်တော့ ရှင့်ကို အထူး Super VIP ကဒ် ကျွန်မတို့ ပေးမှာပါ။ ပြီးတော့ ရှင်လည်း သရဖူဟိုတယ်ရဲ့ Super VIP တစ်ယောက် ဖြစ်လာမှာပါ"

*ဘာရယ်*

စားပွဲထိုးမလေး၏ အသိပေးစကားကြောင့် ယခုလေးတင် အခန်းထဲ ပြန်ဝင်လာသည့် ရှုဖေး ဆွံ့အသွားရသည်။

သရဖူဟိုတယ်က membership စနစ်ကို အသုံးပြုမှန်း သူ သိထားသည်။ VIP, Super VIP, Golden VIP နှင့် အထူးခြားဆုံးနှင့် ဂုဏ်သတင်း အကြီးဆုံး Emperor VIP ဟူ၍ ရှိသည်။

စားသုံးသူများ သတ်မှတ်အသုံးစရိတ်သို့ ရောက်လာသောအခါ VIP အဆင့် တစ်ဆင့် မြှင့်ပေးပြီး ပို၍ ကောင်းသော ဝန်ဆောင်မှုများကို ပေးလေ့ရှိသည်။

အလယ်အလတ် မိသားစုများ၏ ထိပ်သီးလူ တစ်ဝက်လောက်သာ Super VIP နေရာသို့ ရောက်ကြသည်။

ဒါက သူတို့၏ လူမှုဆက်ဆံရေး အနေအထားကို ပြသနေသည်။ ရှုဖေး ကျေနပ်အားရသွားသည်။

ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ရှုဖေးကို အားကျနေကြသည်။

ရှုဖေးသည် သရဖူဟိုတယ်၏ Super VIP အဆင့်သို့ ရောက်ရန် အရည်အချင်း မှီလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

သူတို့၏ အားကျနေသော အကြည့်များကို သတိထားမိပြီး ရှုဖေး ပီတိဖြစ်လာသည်။ ထို့နောက် သူက စားပွဲထိုးမလေးကို မေးလိုက်သည်။

"ငါတို့ ဘယ်လောက် သုံးလိုက်သလဲ။ ငါ အခုပဲ ပိုက်ဆံ ရှင်းလိုက်မယ်"

သူ့စကားကြောင့် စားပွဲထိုးမလေးက ဝမ်းသာအားရ ပြုံးလိုက်ပြီး

"မစ္စတာ.. ရှင်က သရဖူဗော်ကာ ၁၀ ပုလင်းမှာတာမို့ သေတ္တာဖိုး ပေးစရာမလိုပါဘူး။ ယွမ် ၅.၂၁ မီလီယံ ပဲ ပေးရင် ရပါပြီ"

စားပွဲထိုးမလေးရဲ့ စကားက ရှုဖေးကို မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားစေသည်။

*ဘာ*

*ယွမ်၅.၂၁ မီလီယံ*

All Chapters