"နေအဆင့်သခင်များ"
Vol. 50 Ch. 782
ဘုန်းတော်ကြီး ဆီးနစ်သည် ပွင့်ပွင့်လင်းလင်းဖြင့် ရိုင်းပြသော်လည်း ချမ်းဘော့ဒ်ဘုရင်သည် လူများထင်ထားသလိုဒေါသဖြစ်ခြင်းမရှိပေ။ တကယ်တန်းတွင် သူ၏မျက်နှာသည် မည်ကဲ့သို့မှပင် ပြောင်းလဲသွားခြင်းမရှိပေ။ ဆီးနစ်ပြောသည်ကိုကြားသည့်အချိန်တွင် သူသည် ကြောဆန့်လိုက်ပြီး ဆီးနစ်ကိုလည်း ထူးဆန်းသည့်အပြုံးတစ်ခုဖြင့် ပြန်ကြည့်လိုက်သည်။
"သူတော်စင်ဘေးလ်ဟုတ်လား။ အော် အဲ့နာမည်ကို ကျွန်တော်မှတ်မိပြီ။ ကျွန်တော့ရှေ့မှာလည်း အခုလိုတွေပြောသွားခဲ့သေးတယ်။ စိတ်မကောင်းစရာပဲ ကျွန်တော်နဲ့ တွေ့ပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားပြီလို့ကြားလိုက်ရသေးတယ်။ ကျွန်တော်ကြားရတဲ့ သတင်းတွေအရဆိုရင် အောက်လမ်းမှော်ဆရာတစ်ယောက်ရဲ့လက်ထဲမှာ အတော်အဖြစ်ဆိုးဆိုးသေသွားရရတယ်ဆိုလားပဲ။ ဒါနဲ့စကားမဆက် အဲ့အောက်လမ်းဆရာကိုရော မဟာဘုရားကျောင်းက ဖမ်းမိပြီလား..." ဖှေးမှ မေးလိုက်သည်။
ချမ်းဘော့ဒ်ဘုရင်ပြောလိုက်သည့်အရာကြောင့် လူတိုင်းအံ့သြသွား၏။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ပြောလိုက်သည်ကို မသိကြပေ။
သို့သော် ဘုန်းတော်ကြီးဆီးနစ်၏ မျက်နှာအရောင်ပြောင်းလဲသွားသည်။
သူ၏ အိုမင်းနေသော်လည်း စူးရှသည့်မျက်လုံးများထဲမှ အလင်းတန်းများထွက်လာပြီး ဖှေးအား အရှင်လိုက်၀ါးစားချင်သလို ရက်စက်ကြမ်းကြုတ်စွာကြည့်လိုက်သည်။ ဤနေရာတွင်ရှိနေသည့် လူများအားလုံးတွင် သူတော်စင်ဘေးလ်မည်ကဲ့သို့သေဆုံးသွားသည်ကို သိသည်မှာ သူတစ်ယောက်ထဲရှိသည့်အတွက်ပင်။ သူတော်စင်ဘေးလ်သည် တာ၀န်တစ်ခုထမ်းဆောင်နေသည့်အချိန်တွင် အသက်ခံခဲ့ရကြောင်းကို သူကြားခဲ့သည်။ ထိုတာ၀န်ထမ်းဆောင်နေခဲ့သည့်အချိန်တွင် အသက်ခံခဲ့ရသည့်လူမှာ ဘေးလ်တစ်ယောက်ထဲသာမဟုတ်ပေ။ ထို့ကြောင့် သူသည် ဖှေး၏ စကားလုံးများထဲတွင်ပါ၀င်နေသည့် ခြိမ်းခြောက်မှုတို့ကို သတိထားလိုက်မိသည်။
"မင်းက င့ါကို ခြိမ်းခြောက်နေတာလား..." ဘုန်းတော်ကြီးဆီးနစ်၏ မျက်လုံးများကျဥ်းမြောင်းသွားသည်။ ဖှေးသည် သူ့အား ရာထူးအရှိန်၀ါကိုလေးစားခြင်းမရှိပဲ ခြိမ်းခြောက်လိုက်သည့်အတွက်ကြောင့် သူသည် တိုက်ခိုက်တော့မည့်အဆိတ်ပြင်းမြွေတစ်ကောင်လိုပင်။
"ဟမ် မစ်စတာဆီးနစ် ခင်ဗျားတုန့်ပြန်မှုကလည်း...ခင်ဗျားဆိုလိုချင်တာကို ကျွန်တော်နားမလည်ဘူး..."
အမှန်ပင် ဖှေးသည်လည်း မည်သည့်အရာကိုမှ လူသိယှဥ်ကြား၀န်ခံလိမ့်မည်မဟုတ်ပေ။ သူသည် ပခုံးတွန့်ပြ၍ ထူးဆန်းသည့်အပြုံးတစ်ခုကို ပြသလိုက်သည်။
"အေး အဲ့လိုမဟုတ်ဘူးဆိုရင် မင်းအတွက်ပိုကောင်းလိမ့်မယ်..."
ဘုန်းတော်ကြီး ဆီးနစ်သည် ခေါင်းခါရမ်းလိုက်ပြီး သူတော်စင်ဘေးလ်ကိစ္စနှင့်ပတ်သက်၍ အချိန်ဖြုန်းတီးလိုခြင်းမရှိတော့ပေ။ မဟာဘုရားကျောင်း၏ ကွပ်မျက်ခြင်းဌာနသည်လည်း သူတော်စင်အသတ်ခံရသည့်အမှုကိုလိုက်နေပြီဖြစ်သောကြောင့် လူသတ်သမားအစစ်မှန်သည် လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူယုံကြည်သည်။
ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် သူလေးနက်စွာပြောလိုက်သည်။ "ကောင်းပြီလေ အလတ်ဇန္ဒား ငါမင်းကို ရက်ရောပေးနေခဲ့တာ။ မင်းနဲ့ အန်ဂျယ်လာတို့ လက်ထပ်ပွဲလုပ်နေတုန်းက ငါဘာမှ၀င်မနှောင့်ယှက်ခဲ့ဘူး။ အခုဆိုရင်မင်းတို့ကောင်တွေက တရား၀င်အကြင်လင်မယားတွေဖြစ်သွားပြီလေ။ ဒါကကို မင်းတို့မင်္ဂလာပွဲအတွက် င့ါရဲ့လက်ဆောင်လို့သဘောထားလိုက်ပါ။ ဒီလောက်ဆို မင်းအတွက်လုံလောက်ပါပြီ။ ငါဘာမှ ထပ်ရှင်းမပြချင်တော့ဘူး။ မှော်လှည်းတစ်ခုပြင်ပြီးတော့ သူတော်စင်မအန်ဂျယ်လာကို မဟာဘုရားကျောင်း၀တ်ရုံတစ်ခု၀တ်ပေးပြီး ငါတို့နဲ့ထည့်ပေးလိုက်တော့.."
"ဟားဟားဟား သေစမ်း..ခင်ဗျားက အတော်လေးသဘောကောင်းတဲ့လူပဲဗျ။ ခင်ဗျားရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ရဦးမလား..." မျက်နှာပေါ်တွင် ထိုထူးဆန်းသည့်အပြုံးမှာရှိနေဆဲဖြစ်ပြီး အေးစက်သည့်အကြည့်များနှင့်အတူ ပြောလိုက်သည်။ "ဒါပေမယ့် မစ်စတာဆီးနစ်ရဲ့ တောင်းဆိုမှုကို ကျွန်တော်လက်မခံနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ အဲ့တာအပြင် ဘုန်းတော်ကြီးပလတ်တီနီကိုယ်တိုင် ဒီကိုလာခဲ့မယ်ဆိုရင်တောင် အန်ဂျယ်လာကို ချမ်းဘော့ဒ်တိုင်းပြည်ကနေ ခေါ်သွားလို့မရပါဘူး..."
"ဘာ..." ဆီးနစ်သည် တုန်လှုပ်သွားသည့်အတွက်ကြောင့် အချိန်မှီတုန့်ပြန်နိုင်လိုက်ခြင်းမရှိပေ။
နောက်အခိုက်တန့်တွင် ဖှေးဆိုလိုသည်ကို နားလည်သွားပြီး သူ၏တည်ငြိမ်သည့်အမူယာသည်လည်း ပြောင်းလဲသွားတော့သည်။ ရင်ပြင်ပေါ်တွင်ရှိနေသည့် တစ်ခြားလူများလိုပင် သူ၏မျက်နှာပေါ်မှ တုန်လှုပ်သည့်အမူယာကို ဖုန်းကွယ်ထားနိုင်ခြင်းမရှိပေ။ နားကြားမှားသလို နားကိုပင် ပွတ်ကြည့်လိုက်သေးသည်။ စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက်တွင် သူမေးလိုက်၏။ "မင်းဘာပြောလိုက်တာလဲ ချမ်းဘော့ဒ်ဘုရင် ငါကြားရသလိုဆိုရင် မင်းက ဘုန်းတော်ကြီး ပလတ်တီနီရဲ့ အမိန့်ကို ဆန့်ကျင်နေတာလား။ မင်းဘာလုပ်နေတယ်ဆိုတာကိုရော မင်းနားလည်ရဲ့လား..."
"ဟုတ်တာပေါ့ ကျွန်တော်လုပ်နေတာ ကျွန်တော်သိတယ်လေ။ ဒါပေမယ့် မစ်စတာဆီးနစ် ခင်ဗျားလုပ်နေတာကိုတော့ ခင်ဗျားသိပုံမရဘူး.."ဖှေး၏မျက်နှာသည် အေးစက်သွားသည်။ သူ၏အကြည့်များသည် ဓားတစ်ချောင်းလို စူးရှနေပြီး ဒေါသပေါက်ကွဲတော့မည့်အတိုင်းပင်။
အန်ဂျယ်လာသည် ဖှေးအတွက် အထိခိုက်မခံနိုင်သည့်အရာတစ်ခုပင်။ ဆီးနိတ်၏ အရှက်မရှိရိုင်းပြသည့်အပြုမူသည် ဘုရင်အား ပို၍ပင်ဒေါသဖြစ်သွားစေသည်။
ဆီးနစ်ထက်မံ၍ တုန်လှုပ်သွားသည်။
ဤသည်မှာပထမဆုံးအနေဖြင့် သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဖြစ်လာပြီးချိန်တွင် အကြိမ်ပေါင်းများစွာတုန်လှုပ်မိနေခြင်းပင်။
ထို့နောက်တွင် အဖြူရောင်ဆံပင်နှင့်သူတော်စင်အဖိုးကြီးသည်အခြေအနေအား နားလည်သွားပြီး ဖှေး၏တုန့်ပြန်မှုကြောင့် ပို၍ပင်ဒေါသဖြစ်သွားတော့သည်။
"မောက်မာလှခြည်လားကွ..မင်းက တိုင်းပြည်ငယ်လေးတစ်ခုရဲ့ဘုရင်တစ်ပါးပါပဲ။ ချမ်းဘော့ဒ်တိုင်းပြည်မှာ အင်အားတစ်ခုရှိနေတာမှန်ပေမယ့် မဟာဘုရားကျောင်းကို ယှဥ်နိုင်တယ်ထင်နေတာလား။ ငါ့မျက်လုံးထဲမှာဆိုရင် မင်းရဲ့တိုင်းပြည်ရော မင်းရဲ့စွမ်းအားရောက ဘာမှမဟုတ်ဘူး။ ငါ့လက်သန်းတစ်ခုထဲနဲ့ ဖျက်ဆီးပစ်လို့ရတယ်..."
"ဟမ် ကျွန်တော်တို့ စကားလေးနည်းနည်းပဲပြောရသေးတယ် ခင်ဗျားက ဒီလောက်တောင် ဒေါသတွေဖြစ်နေပြီလား။ ဟားဟား အတော်ဆိုးတာပဲ။ ကျွန်တော့နေရာှမှာ တစ်ခြားလူဆိုရင်တော့ ခင်ဗျား ခြိမ်းခြောက်တာကို ကြောက်ရင်ကြောက်လိမ့်မယ်။ ဒါပေမယ့် ခင်ဗျားကလည်း ကျွန်တော့မျက်လုံးထဲမှာ ဘာကောင်မှမဟုတ်ဘူး။ ပလတ်တီနီရဲ့ အိမ်မွေးခွေးတစ်ကောင်လိုပါပဲ..." ဆီးနစ် ဒေါသဖြစ်လာလေလေ ဖှေး၏စကားလုံးများပို၍ ကြမ်းတမ်းလာလေလေဖြစ်သည်။
ဖှေးပြောလိုက်သည့်အရာသည် အနာကိုဆားဖြင့်ပတ်လိုက်သလိုပင်။
"မင်း...ကောင်းတယ်လေ။ ကောင်းတယ်။ လူတိုင်းမျက်လုံးအောက်မှာ မင်းက မြောက်ပိုင်းဘုရားကျောင်းဘုန်းတော်ကြီးရဲ့ အမိန့်ကိုငြင်းဆန်လိုက်တာပဲ။ ငါ့ဘ၀မှာ ပထမဆုံးအနေနဲ့ မင်းလိုကောင်ကို မြင်ဖူးတာပဲ။ နောက်ထပ်မကောင်းဆိုး၀ါးတစ်ကောင် တိုက်ပေါ်မှာ ထပ်ပေါ်လာပြီထင်တယ်။ မြောက်ပိုင်းဘုရားကျောင်းရဲ့ ကွပ်မျက်ရေးတပ်ဖွဲ့နဲ့တွေ့ရင် မင်းဒီလိုမောက်မာရိုင်းစိုင်းနိုင်ဦးမလားဆိုတာကို ကြည့်ကြသေးတာပေါ့..." ဆီးနစ်သည် အလွန်ဒေါသဖြစ်သည့်အတွက် သွေးများအန်ထွက်လုနီးနီးပင်။
သူသည် ဖှေးအား သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် မကောင်းဆိုး၀ါးတစ်ကောင်ဟု စွပ်စွဲလိုက်သည်။
"မကောင်းဆိုး၀ါးဟုတ်လား...ဟားဟားဟား ခင်ဗျားလို အိမ်မွေးခွေးတစ်ကောင်မှာ ကွပ်မျက်ရေးဌာနကို ဆင့်ခေါ်နိုင်တဲ့အာဏာမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ခင်ဗျားအဆင့်က နိမ့်လွန်းနေသေးတယ်။ ခင်ဗျားက သူများတွေရဲ့အသုံးချခံတစ်ခုပဲ။ သဲနီဘုရားကျောင်းဆိုတာက အရင်တုန်းက မြောက်ပိုင်းမှာဆိုရင် အထင်ရှားဆုံးဘုရားကျောင်းတွေထဲက တစ်ခုပဲ ဒါပေမယ့် ခင်ဗျားက အခုခေါင်းဆောင်နေတယ်ဆိုတော့ ကျောင်းတော်အတွက်ကစိတ်မကောင်းစရာပါပဲ။ ခင်ဗျားလို ပျေ့ာညံ့တဲ့လူတစ်ယောက်ကြောင့် သဲနီဘုရားကျောင်းက ရှီရဲဘုရားကျောင်းရဲ့အသုံးချခံတစ်ခုဖြစ်နေပြီလေ။ စိတ်မကောင်းစရာပဲ ခင်ဗျားသာ အသက်ရှိနေဦးမယ်ဆိုရင် မြောက်ပိုင်းဘုန်းတော်ကြီး ပလတ်တီနီတောင် ကျွန်တော့ရှေ့မှာ ခင်ဗျားပြောသလိုပြောဖို့ စွမ်းအားမရှိဘူးဆိုတာကို ခင်ဗျားသိလာပါလိမ့်မယ်..."
"မင်း...မင်း..." ဆီးနစ်သည်အလွန်ဒေါသဖြစ်သည့်အတွက်ကြောင့် သူ၏မျက်နှာပင်သွေးရောင်ကင်းမဲ့သွားသည်။
သို့သော် ဘုရင်သည် သူ့အား ပြန်လည်တုန့်ပြန်ရန်အခွင့်ရေးမပေးပေ။
"ကောင်းပြီလေ ငြင်းခုန်နေတာတွေတော်လောက်ပြီ မစ်စတာဆီးနစ်။ ခင်ဗျားက နဂါးသတ်မဟာမိတ်ကိုဖွဲ့စည်းခဲ့တယ်။ မယ်ဘာ့လိုလူတွေကိုလည်း အသေခံတပ်ဖွဲ့အနေနဲ့အသုံးချခဲ့တယ်။ ဒါတွေအကုန်လုံးက ချမ်းဘော့ဒ်တိုင်းပြည်ကို အားနည်းစေဖို့နဲ့ ကျွန်တော့၀ှက်ဖဲတွေအသုံးပြုအောင် တွန်းအားပေးဖို့မဟုတ်လား။ အခုဆိုရင် ခင်ဗျားရည်ရွယ်ထားသလိုဖြစ်လာပြီလေ ဇာတ်ရှိန်အမြင့်ဆုံးရောက်နေပြီ။ ခင်ဗျားဖိတ်ခေါ်ထားတဲ့သိုင်းဆရာတွေကို ခေါ်လိုက်ပါတော့ ဒီကိစ္စကို ခပ်မြန်မြန်လေးအဆုံးသက်ကြတာပေါ့..."
ဖှေးသည် ခိုင်မာပြတ်သားသည့်အမူယာတစ်ခုနှင့်အတူ အရှေ့သို့ ခြေတစ်လှမ်းတိုးလာလိုက်သည်။ သူသည် စကားထပ်ပြောတော့မည်ပုံမပေါ်ပေ။
ဒေါသဖြစ်နေသည့် အမူယာဖြင့် ဘုန်းတော်ကြီးဆီးနစ်သည်လည်း ဘာမှပြောတော့မည့်ပုံမရှိပေ။
နောက်အခိုက်တန့်တွင် ဆီးနစ်သည် စွမ်းအင်တစ်စုံတစ်ရာအသုံးပြုခြင်းမရှိပဲ ကောင်းကင်အားလက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် အခြင်းမီတာ၀က်ခန့်ရှိသည့် ငွေရောင်အလင်းတန်းတစ်ခုသည် သူ၏လက်သီးထံမှ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။
"ဖုန်း...ချွတ်..ချွတ်.."
အလင်းတန်းသည် ရင်ပြင်အားကာရံထားသည့် အပြာရောင်စွမ်းအင်စက်လုံးနှင့်ထိတွေ့လိုက်မိပြီး ဖန်ခွက်တစ်ခွက်ကျကွဲသလို ကွဲအက်သံများထွက်ပေါ်လာတော့သည်။
လူများမော့ကြည့်လိုက်ပြီး တုန်လှုပ်သွားကြ၏။
ချမ်းဘော့ဒ်တိုင်းပြည်၏ ခုခံခြင်းမှော်အစီရင်ဖြစ်သည့် ရေဖန်သားပြင်စွမ်းအင်အကာရံကြီးသည် ချက်ချင်းပင်ကွဲအက်သွား၏။ လက်သီးဖြင့် အထိုးခံလိုက်ရပြီးသည့်နောက်တွင် အက်ကြောင်းများပေါ်လာပြီး ဖြေးညှင်းစွာဖြင့် အကာရံကြီးတစ်ခုလုံးပျောက်ကွယ်သွားတော့၏။
ဤကဲ့သို့သော စွမ်းအင်လယ်ဗယ်သည်...နေအဆင့်ပင်။
အစစ်မှန်နေအဆင့်သခင်တစ်ယောက် ဖြစ်၏။
သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် နတ်ဘုရားကဲ့သို့သောစွမ်းအင်မျိုးကိုပြသလိုက်ပြီး လပြည့်နောက်ဆုံးအဆင့်ထက်များစွာသာလွန်လှ၏။ သူသည် သဘာ၀နိယာမများကိုလွယ်ကူစွာပြောင်းလဲနိုင်သည်။ ထိုကဲ့သို့သောစွမ်းအားအောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ နတ်ဘုရားအဆင့်မှော်စွမ်းအင်အကာရံသည် စက္တူတစ်ခုလိုပင်။
နေအဆင့်သခင်တစ်ပါးသည် လွန်စွာအရှိန်၀ါကြီးမားလှသည့်အတွက်ကြောင့် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်၏ လက်ရှိရှုံးနိမ့်နေသောအခြေအနေအားပြောင်းလဲပစ်နိုင်၏။