တစ်ချိန်လုံး အမှောင်ထုဖြစ်နေခဲ့တယ်
Vol. 10 Ch. 35
နောက်တစ်နေ့မနက်ရောက်တော့ နျူရေက အခန်းထဲက ထွက်ဖို့လုပ်နေပြီ။ သူက ရိုင်ဖယ်ကို တစ်စစီဖြုတ် သန့်ရှင်းရေးလုပ်နေရင်းနဲ့ မနက်စာစားပြီးခါစ အိုင်းရင်းကိုမေးလိုက်တယ်။
“အိုင်းရင်း၊ မွေးနေ့လက်ဆောင် ဘာလိုချင်လဲ။ စိတ်ထဲမှာ တစ်ခုခုရှိလား။”
အိုင်းရင်းက တွေးလိုက်တယ်။ သူ့စိတ်ထဲမှာ ထွေထွေထူးထူးမရှိပေမဲ့ ဖုန်းထဲက ရုပ်ပြကာတွန်းတွေ ဖတ်ကြည့်ပြီးတဲ့နောက် ကြုံဖူးချင်တဲ့ အရာတစ်ခုရှိနေ ပါတယ်။
“အပြင်... ကျွန်တော်အပြင်ဘက်က ကောင်းကင်ကြီးကို မြင်ချင်တယ်။”
“အပြင်လောကတဲ့လား...” နျူရေက သူ့ဘာသာရေရွတ်လိုက်တော့ အိုင်းရင်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့ဖုန်းကိုယူလာကာ ဖွင့်ပြပါတယ်။
“ဒီရုပ်ပြထဲမှာဆိုရင် နေရောင်ဒဏ်မခံနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်မိန်းကလေးကို ကောင်လေးက နေ့ခင်းဘက်ကောင်းကင်ကြီးကိုပြဖို့အတွက် အများကြီးကြိုးစားခဲ့တာလေ။ အပြန်အလှန်အနေနဲ့ တစ်ညလုံး ညကောင်းကင်ကြီးက ကြယ်တွေကို အတူကြည့်ခွင့်ရခဲတယ်။”
အိုင်းရင်းက အပြင်ဘက်ကောင်းကင်ကြီးအကြောင်း ပြောနေတဲ့အချိန်မှာ သူ့မျက်လုံးတွေဟာ အတိုင်းအဆမဲ့ တောက်ပနေခဲ့တယ်။ သူဟာ မိုးကောင်ကင်ကြီးမှာရှိတဲ့ နေရယ်၊ တိမ်တွေရယ်နဲ့ ကြယ်တွေကို တစ်ခါမှကိုယ်တိုင် မမြင်ဖူးသူတစ်ယောက်မဟုတ်လား။
“အဲဒါက မဖြစ်နိုင်တဲ့ စိတ်ကူးယဥ်အတွေးတစ်ခုပါ သခင်လေး။ ကျေးဇူးပြုပြီး ဆင်ခြင်ပါ။”
ပန်းကန်တွေဆေးပြီး ပြန်ရောက်လာတဲ့ အေမီက လက်ကို ရှေ့မှာချိတ်ထားရင်းကနေ အိုင်းရင်းကို သတိပေးလိုက်တယ်။ အေမီကိုမြင်တာနဲ့ အိုင်းရင်းရဲ့မျက်နှာက တည်ကြည်သွားပြီး ကြမ်းပြင်ကို ငုံကြည့်နေလိုက်တယ်။ သူ့ဆီမှာ အစောပိုင်းကရှိခဲ့တဲ့ ခံစားချက်တွေ တစ်ခါကမှမရှိခဲ့ဖူးသလိုမျိုး။
“အပြင်လောကကြီးမှာ ပိုးကောင်တွေနဲ့ပြည့်နေတာမလို့ သခင်လေးအနေနဲ့ ကြည့်ရှုလေ့လာစရာ ဘာမှမရှိတော့ပါဘူး။ ဒီမြေအောက်မှာပဲ ကျွန်မက သခင်လေးကို ပြည့်စုံအောင်ထားမှာဖြစ်လို့ တခြားအတွေးတွေမတွေးပါနဲ့တော့။”
“ဟုတ်၊ နားလည်ပါပြီ။” အိုင်းရင်းက အသက်မပါတဲ့ လေသံနဲ့ ပြန်အဖြေပေးလိုက်တယ်။ နောက်တော့ သူတို့စကားစပြတ်သွားကြတယ်။
နေ့လယ်ရောက်တော့ နျူရေက အိုင်းရင်းကိုနှူတ်ဆက်ပြီး အခန်းထဲကနေ ထွက်သွားတယ်။ အိုင်းရင်းကတော့ ကြမ်းပြင်ကို ငုံကြည့်နေဆဲပဲ။ အေမီကတော့ နျူရေထွက်သွားပြီး သိပ်မကြာခင်မှာပဲ အခန်းထဲကလိုက်ထွက်ကာ အမီလိုက်တယ်။ အဲဲဒီနောက် လှေကားတစ်ခုဆီကို ဦးတည်နေတဲ့ နျူရေရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး အတက်အကျမရှိတဲ့လေသံနဲ့ မေးလိုက်ပါပြီ။
“ဒီလှေကားက အပေါ်ထပ်ကိုတက်မယ့်လှေကားပဲ။ ကိစ္စတစ်ခုခုရှိလို့လား။”
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အထိအတွေ့နဲ့အသံကြောင့် နျူရေလန့်ပြီး သေနတ်နဲ့လှည့်ချိန်လိုက်တယ်။ အေမီမှန်းသိရမှ နျူရေက သေနတ်ကိုနှိမ့်ချထားလိုက်တယ်။
“အေမီရယ်၊ နင်ငါ့ကို လန့်သေအောင် လုပ်နေတာလား။”
အေမီက နျူရေကိုပြန်မဖြေဘူး။ အဲဒီအစား ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်ပြီး နျူရေ့မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်ပါတယ်။
“ မွေးနေ့လက်ဆောင်ပေးဖို့ စဥ်းစားနေတာဆိုရင်တော့ မေ့လိုက်တော့။ သခင်လေးအတွက်အကျိုးမရှိသလို နင့်အတွက်လည်း အကျိုးမရှိဘူး။”
အေမီက တည့်တည့်ပြောလာတဲ့အတွက် နျူရေ့မျက်နှာပေါ်က အပြုံးတုလည်းပျောက်သွားတယ်။ အဲဒီအစား နျူရေက တည်ကြည်လေးနက်စွာပြောလိုက်ပါတယ်။
“အေမီ၊ အိုင်းရင်းက လူသားတစ်ယောက်ပါ။ လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင်မဟုတ်ဘူး။ သူ့ကို တစ်သက်လုံး ပိတ်လှောင်ထားဖို့ မဖြစ်နိုင်ဘူးလေ။”
“သခင်လေး အသက်ရှင်ဖို့အတွက်ဆိုရင် လှောင်အိမ်ထဲမှာ ပိတ်ထားသင့်ရင် ပိတ်ထားရမှာပဲ။ ကျေးဇူးပြုပြီး သခင်လေးအိုင်းရင်း အပြင်လောကကို ပိုပြီးစွဲလမ်းလာစေမယ့်ကိစ္စမျိုး မလုပ်ပါနဲ့တော့။”
အေမီနဲ့နျူရေက တစ်ယောက်ကိုတစ်ယောက် ရန်ဆောင်တဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။ နျူရေက နောက်ဆုံးတော့ ခေါင်းခါလိုက်ပြီး
“နင်ငါ့ကို တားမယ်ဆိုရင်တောင်မှ ငါကတော့ အဲဒီကိုသွားမှာပဲ။ အိုင်းရင်းလေးရဲ့ဆန္ဒအစစ်အမှန် မပြည့်ဝရင်တောင်မှ အနည်းဆုံးတော့ ငါသူ့အတွက် လုပ်ပေးနိုင်တာတစ်ခုရှိနေသေးတယ်။”
နျူရေက စိတ်မကောင်းဖြစ်နေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ အဲဲဒီနောက်တော့ အေမီရဲ့ရင်ဘတ်ကို လက်ညိုးနဲ့ညွန်ပြလိုက်ပြီးတော့ ပြောလိုက်ပါတယ်။
“နင့်မှာလည်း နှလုံးသားဆိုတာရှိတယ်မဟုတ်လား... ဒါမှမဟုတ် နင့်ရဲ့အတုအယောင်တွေကို ငါက အစစ်လို့ထင်နေတာလား။ နှလုံးသားသာနင့်မှာ ရှိနေတယ်ဆိုရင် အိုင်းရင်းကို ဒီထက်ပိုပြီး ဒုက္ခမပေးပါနဲ့တော့။”
ဒါပေမဲ့ အေမီကတော့ ကျောက်ရုပ်တစ်ရုပ်လိုမျိုး နျူရေကို ကြည့်နေတုန်းပဲ။ အတန်ကြာတိတ်ဆိတ်နေပြီးတဲ့နောက်မှ အေမီက နျူရေကို အေးစက်စွာနဲ့ပြောလိုက်တယ်။
“အထပ်နှစ်ဆယ်က အခန်း ၃၆၅၈ကို အခုသွားမယ်ဆိုရင် နင့်ရဲ့အသက်ရှင်နိုင်ခြေက ၀.၂၅၃ ရာခိုင်နှုန်းပဲရှိတယ်။ တစ်နည်းအားဖြင့် ပြန်လာဖို့မဖြစ်နိုင်တော့ဘူး။”
နျူရေက အေမီရဲ့စကားကြောင့် ပြုံးလိုက်ပါတယ်။ ပြီးတဲ့နောက် အသက်ရှုသံအောက်ကနေပြီး ပြောလိုက်တယ်။
“တကယ်ပဲ နင်က ငါ့ကိုစိတ်ပူနေတာကိုး။” အဲဒီနောက် နျူရေက ပြုံးလိုက်ပြီး အေမီရဲ့ရင်ဘတ်ကို ညွန်ပြထားတဲ့ လက်ကို လက်သီးပြောင်းဆုပ်ပြီး အေမီ့ရင်ကိုလက်သီးနဲ့ထိုးလိုက်တယ်။
“ငါသွားတော့မယ်။ ငါမရှိတော့ရင်လည်း အိုင်းရင်းကို ဂရုစိုက်ပေးပါ။”
...
“တစ်လရှိသွားပြီ။ သူဘယ်ကိုရောက်နေတာလဲ။”
အိုင်းရင်းက ပျင်းရိစွာနဲ့ ဝှီးချဲနောက်မှီကို မှီထိုင်နေရင်းက ပြောလိုက်ပါတယ်။ နျူရေထွက်သွားပြီးကတည်းက ပြန်မလာတာ အတော်ကြာနေပြီ။ အိုင်းရင်းလည်း တခြားလုပ်စရာမရှိတဲ့အတွက် ရုပ်ပြဖတ်ဖို့ ဖုန်းကိုဖွင့်လိုက်ပေမဲ့ နောက်မှာရပ်နေတဲ့အေမီက ဖုန်းကို လုယူလိုက်တယ်။
“သခင်လေး၊ ဒီနေ့အဖို့ဖုန်းကြည့်တာ များနေပါပြီ။”
“....” အိုင်းရင်းက အေမီကို နောက်ပြန်မော့ကြည့်ပြီးနောက် သက်ပြင်းချလိုက်တယ်။
“အခုမှ သုံးတာနှစ်နာရီပဲရှိသေးတယ်လေ။ ခင်ဗျားက ကျွန်တော့်ကို ရုပ်ပြမဖတ်စေချင်ရုံပဲမဟုတ်လား။”
“သခင်လေးအတွက် နေ့လယ်စာပြင်ပေးပါ့မယ်။” အေမီက အိုင်းရင်းရဲ့မေးခွန်းကို ပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်တယ်။ အဲဒီနောက်တော့ မြေမဲ့စိုက်ပျိုးရေးခြံထဲကနေယူလာတဲ့ အာလူးတချို့ကို ဓားနဲ့စပြီးလှီးဖြတ်ပါတယ်။
“အေမီ၊ နျူရေဘယ်သွားလဲဆိုတာ သိတယ်မဟုတ်လား။ သူဘာလို့ ဒီလောက်ထိကြာနေတာလဲ။”
အိုင်းရင်းက မေးလိုက်တော့ အေမီက အာလူးတွေကို လှီးဖြတ်နေရင်းကနေ ခဏရပ်လိုက်ပြီး ခံစားချက်မရှိတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။
“သူဘယ်သွားလဲဆိုတာ ဒီအစေခံမသိပါဘူး။ စိတ်လဲ မဝင်စားဘူး။” နောက်တော့ အေမီက အလုပ်ဆက်လုပ်တယ်။ ဒါပေမဲ့ အိုင်းရင်းကတော့ အေမီရဲ့ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုကြောင့် စိတ်ပူနေပြီ။ သူက ဝှီးချဲကို အေမီအနားတွန်းသွားလိုက်ပြီးတော့ အေမီရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။
“ခင်ဗျားတစ်ခုခုသိထားတယ်မဟုတ်လား။ ဖုံးကွယ်မနေဘဲ ကျုပ်ကိုပြောပြပါ။”
အိုင်းရင်းက မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တော့ အေမီတစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားတယ်။ သူက အိုင်းရင်းကို အနားကနေ တွန်းထုတ်လိုက်ပြီး
“မီးဖိုချောင်သုံးဓားကို လက်ထဲမှာကိုင်ထားတဲ့လူနား အတင်းမကပ်ပါနဲ့။ မတော်တဆထိခိုက်သွားနိုင်ပါတယ်။”
“တော်လိုက်တော့....”
သိလိုတဲ့အဖြေမရတာကြောင့် ဒေါသထွက်လာတဲ့ အိုင်းရင်းက အားကုန်အော်ဟစ်လိုက်တယ်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေပြီ။
“ကျုပ်က သူဘာဖြစ်နေလဲပဲ သိချင်ရုံပဲ... မဟုတ်ဘူး၊ ဘာဖြစ်သွားလဲဆိုတာပဲ သိချင်တာ။ ခင်ဗျားက တစ်ခုခုကိုသိထားပြီး ကျုပ်ကိုပြောမပြဘူး။ အဲဒီခံစားချက်က ဘယ်လောက်ဆိုးဝါးလဲဆိုတာ ခင်ဗျားသိရဲ့လား။”
အိုင်းရင်းက သူ့နှလုံးသားနေရာကို ဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။ အေမီကတော့ သူ့ကိုအေးစက်စွာနဲ့ စိုက်ကြည့်လို့။
“နောက်ထပ် နျူရေအကြောင်းမတွေးပါနဲ့တော့ သခင်လေး။ သခင်လေးအတွက် အကျိုးမရှိပါဘူး။”
...
“အေမီ၊ ငါလိမ္မော်ရည်သောက်ချင်တယ်။”
“ငါးမိနစ်အတွင်း ပြန်လာခဲ့ပါမယ် သခင်လေး။”
ရက်အနည်းငယ်ကြာပြီးတဲ့နောက်တော့ အိုင်းရင်းက အေမီကို သောက်စရာတစ်ခုတောင်းဆိုလိုက်တယ်။ လိမ္မော်သီးအတွက်က တခြားတစ်ထပ်မှာရှိနေတဲ့ ဖန်လုံအိမ်စိုက်ခင်းကို သွားရမှာမလို့ သူက တမင်တောင်းဆိုလိုက်တာ။ အေမီအခန်းထဲက ထွက်သွားပြီး မကြာခင်မှာပဲ အိုင်းရင်စက စလှုပ်ရှားလာတယ်။
“မြန်မြန်လုပ်မှဖြစ်မယ်။” သူက ဝှီးချဲကိုမောင်းပြီးတော့ အနီးစပ်ဆုံးမှာရှိနေတဲ့ ဓာတ်လှေကားထဲကို ဝင်လိုက်ပါတယ်။ အဲဲဒီနောက် နောက်အထပ်တစ်ထပ်ကိုသွားဖို့ ခလုတ်နှိပ်လိုက်တယ်။
“နျူရေဘယ်သွားလဲမသိပေမဲ့ သူဦးတည်သွားတဲ့နေရာက အပေါ်ထပ်ပဲ။ ဒီတော့ တစ်ထပ်ချင်းလိုက်ရှာရမှာပဲ။”
အိုင်းရင်းက နှုတ်ခမ်းကိုဖိကိုက်ထားရင်းနဲ့ ရေရွတ်လိုက်ပါတယ်။ ဓာတ်လှေကားတံခါးက သူ့မျက်စိရှေ့မှာတင် ပိတ်သွားပြီ။ ဓာတ်လှေကားက နောက်တစ်ထပ်ကို သွားနေပြီမလို့ သူ့စိတ်ကို ဒုန်းဒုန်းချလိုက်ချိန်မှာပဲ ဓာတ်လှေကားတံခါးက ပိန်ရှုံ့ကာ ပေါက်ထွက်သွားပြီး အညိုရောင်အသားအရေရှိတဲ့လက်တစ်ဖက်က ဓာတ်လှေကားထဲ ဖောက်ဝင်လာတယ်။
“သေစမ်း....” ကြောက်ရွံမှုကြောင့် အိုင်းရင်းရဲ့မျက်သူငယ်အိမ်တွေ လှုပ်ခါသွားတယ်။ အေမီကတော့ ဓာတ်လှေကားအခန်းတစ်ခုလုံးကို အပြင်ကနေ ဆုပ်ကိုင်ပြီးတော့ အောက်ကိုပြန်ဆွဲချပါတယ်။ ပြီးတဲ့နောက် အိုင်းရင်းကို ဆွဲထုတ်လိုက်ပြီး ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“ဓာတ်လှေကားတွေက အန္တရာယ်များတယ်လို့ သခင်လေးကို ပြောခဲ့ဖူးတယ်မဟုတ်လား။ အပြင်ခိုးထွက်တဲ့အတွက် ခွင့်လွှတ်လို့မရနိုင်ပါဘူး။”
အေမီက အိုင်းရင်းရဲ့ညာဖက်လက်မကို ဖမ်းဆုပ်လိုက်ပါတယ်။ ပြီးနောက် အေမီက အိုင်းရင်းရဲ့လက်မကို လှန်ချိုးချလိုက်တယ်။
“အား...........” အိုင်းရင်းရဲ့အော်သံကျယ်ကြီးက စင်္ကြံလမ်းထဲမှာ ပဲ့တင်သံထွက်သွားတယ်။ ဒါပေမဲ့...
နောက်ထပ်... နောက်ထပ်... နောက်ထပ်.. အကြိမ်ပေါင်းများစွာ သူထပ်ပြီးတော့ ကြိုးစားပြန်ပါတယ်။
“အပြင်ခိုးထွက်တဲ့အတွက် ခွင့်လွှတ်လို့မရနိုင်ပါဘူး။”
အိုင်းရင်းရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေပိုများလာခဲ့ပေမဲ့ အိုင်းရင်းကတော့ လက်မလျှော့ခဲ့ဘူး။ အကြိမ်ပေါင်းများစွာ...
...
“ဘာလို့ သခင်လေးတို့တွေက သိပ်ခေါင်းမာရတာလဲ။ ဒီလိုလုပ်လို့မဖြစ်ဘူးဆိုတာ သိရဲ့နဲ့။”
တစ်ကိုယ်လုံးပက်တီးတွေနဲ့ပြည့်နေတဲ့ အိုင်းရင်းရှေ့မှာ အေမီက ဂေါ်ဖီကြော်နဲ့ထမင်းပါတဲ့ ပန်းကန်လုံးကိုကိုင် ထားပြီး ရပ်နေခဲ့တယ်။ အိုင်းရင်းရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေက အဆက်မပြတ်စီးကျနေပြီးတော့ သူက အေမီကို ခါးခါးသီးသီးကြည့်နေတယ်။
“ ကျေးဇူးပြုပြီးတော့ ငါ့ကိုသွားခွင့်ပေးပါ။”
“ သခင်လေး၊ မနက်စာမစားရင် အာဟာရပြတ်ပြီး နေမကောင်းဖြစ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး စားလိုက်ပါ။”
အေမီက ပန်းကန်လုံးထဲက ထမင်းနဲ့ဂေါ်ဖီကြော်ကို ဇွန်းနဲ့ခပ်ပြီး အိုင်းရင်းရဲ့ပါးစပ်နား တေ့ပေးလိုက်ပေမဲ့ အိုင်းရင်းက သူ့မျက်နှာကို လွှဲထားလိုက်တယ်။
“နျူရေကို ရှာမတွေ့မချင်း ငါမစားနိုင်ဘူး။” အိုင်းရင်းက ဆက်ပြီးတင်းခံတယ်။ စိတ်မရှည်တော့တဲ့ အေမီက အိုင်းရင်းရဲ့မေးကို လက်နဲ့ဖမ်းကိုင်လိုက်ပြီး ထမင်းတွေကို ပါးစပ်ထဲ အတင်းသွတ်သွင်းလိုက်ပေမဲ့
“ငါမစားဘူးလို့ပြောနေတယ်...” အိုင်းရင်းက အကုန်လုံးကို ပြန်ထွေးထုတ်လိုက်တယ်။ အေမီကတော့ အိုင်းရင်းကို စိတ်အနှောင့်အယှက်ဖြစ်နေတဲ့မျက်နှာနဲ့ ကြည့်လိုက်ပြီး ပါးရိုက်ချလိုက်တယ်။
ဖြန်း....
“ဘာကြောင့် ရှင်တို့တွေက ဒီလောက်ထိမိုက်မဲရတာလဲ။ ကျွန်မလည်း တတ်နိုင်သမျှ အကောင်းဆုံးလုပ်နေတာပဲလေ။ ပထမဆုံးအနေနဲ့ မမလေး၊ အခုကျတော့ နင်ရောပဲလား။”
အေမီရဲ့ခံစားချက်မဲ့တဲ့ပုံစံက ချက်ချင်းပျောက်ကွယ်သွားပြီ။ အိမ်စေဝတ်စုံနဲ့မိန်းကလေးက သူ့နဖူးကိုယ်သူ ဖျစ်ညှစ်ထားတယ်။ အိုင်းရင်းရဲ့မျက်နှာမှာတော့ မျှော်လင့်ချက်အရိပ်အယောင်လေး သန်းလာပါတယ်။
“ခင်ဗျား နျူရေဘယ်သွားလဲ သိတယ်မဟုတ်လား။ ကျုပ်ကို လိုက်ပို့ပေးပါ။ ကျေးဇူးပြုပြီးတော့..။”
“ဟင့်အင်း၊ မဖြစ်ဘူး။ အဲဒီမိန်းမကို မေ့လိုက်တော့... ခုလောက်ဆိုရင်... ဟုတ်တယ်။ သခင်လေး ကျွန်မစကားကိုနားထောင်ပါ။”
နျူရေတစ်ခုခုဖြစ်နေပြီဆိုတာ သေချာသွားပြီ။ အိုင်းရင်းက နှုတ်ခမ်းကိုဖိကိုက်ထားရလွန်းလို့ ပါးစပ်ထောင့်ကနေ သွေးတွေစီးကျနေပြီ။ သူ့က သူ့ဆံပင်တွေကို အတင်းဆွဲဆောင့်ရင်းနဲ့ အေမီနားကို တိုးကပ်လာတယ်။
“ ကျေးဇူးပြုပြီးတော့... တစ်ခါလောက်ပါပဲ... ဒီတစ်ခါတည်းပါပဲ။ အပြင်လောကကြီးအကြောင်း မတွေးနဲ့ဆိုရင်လည်း မတွေးတော့ပါဘူး။ ရုပ်ပြတွေ မဖတ်နဲ့ဆိုရင်လည်း မဖတ်တော့ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ နျူရေနဲ့တွေ့ခွင့်ပေးပါ။ သူက ကျုပ်ဘဝမှာရှိတဲ့ တစ်ခုတည်းသော အလင်းရောင်ဖြစ်နေလို့ပါ။”
အိုင်းရင်းက အေမီရဲ့အိမ်စေခါးဖုံးစည်းကို လက်နဲ့တင်းတင်းဆွဲထားလိုက်တယ်။ သူ့မျက်ရည်တွေက အေမီရဲ့အင်္ကျီဝမ်းဗိုက်မှာ ရွဲစိုနေပြီ။ အေမီကလည်း အိုင်းရင်းရဲ့ပခုံးကို ဆုပ်ကိုင်ထားလိုက်ပါတယ်။
“ဘာလို့လဲ... သခင်လေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်လေ။ သခင်လေး သူ့ကိုသွားရှာစရာမလိုပါဘူး။”
“သူမရှိရင် ကျွန်တော်ရူးသွားမလားမသိဘူး။ သူက ကျွန်တော့်မှာရှိတဲ့ တစ်ယောက်တည်းသောမိတ်ဆွေပါ။ ကျေးဇူးပြုပြီးတော့။”
“ဘယ်နည်းနဲ့မှ ခွင့်ပြုနိုင်စရာမရှိပါဘူး။”
အေမီက ငြင်းဆန်နေဆဲဖြစ်ပေမဲ့ အိုင်းရင်းအတွက်က ရေဆူမှတ်ရောက်သွားပြီ။ သူက အေမီချက်ပြုတ်နေကျ မီးဖိုချောင်စားပွဲပေါ်မှာတင်ထားတဲ့ မီးခိုချောင်သုံးဓားကို လှမ်းယူလိုက်ပြီး ကိုယ့်လည်ပင်းကိုယ်ရွယ်လိုက်တယ်။ အေမီက တားဆီးလိုက်တာကြောင့် ကြီးကြီးမားမားထိခိုက်မသွားပေမဲ့ အိုင်းရင်းရဲ့လည်ပင်းမှာ ခြစ်ရာတစ်ခုရှိနေပြီး သွေးတချို့စီးကျလာပါတော့တယ်။
“သခင်လေး...”
“.....” အိုင်းရင်းက စကားမပြောတော့ဘူး။ အစောပိုင်းမှာရှိနေခဲ့တဲ့ မျှော်လင့်ချက်မှိန်မှိန်က ပျောက်ကွယ်သွားပြီဖြစ်ပြီး ကြီးမားလွန်းတဲ့အမှောင်ထုက သူ့ကိုဝါးမျိုသွားခဲ့ပြီ။ သူဟာ အသိစိတ်ကင်းမဲ့စွာနဲ့ သွေးစွန်းနေတဲ့ဓားကိုပဲ စိုက်ကြည့်နေခဲ့တယ်။
“သခင်လေး...” အေမီက အိုင်းရင်းရဲ့ခန္ဓာကိုယ်ကို သူ့ရင်ထဲထွေးပွေ့ပြီး ဖက်ထားလိုက်တယ်။
“သူက ရှင့်ဘဝရဲ့အလင်းရောင်ဆိုရင် ကျွန်မက တစ်ချိန်လုံး ရှင့်ကို လွှမ်းခြုံထားတဲ့ အမှောင်ထုဖြစ်နေခဲ့တာလား။”
အိုင်းရင်းက ခေါင်းညိတ်လိုက်တယ်။ သူ့ရင်ထဲမှာ ဆို့နင့်နေတဲ့အတွက် သူအသံမထွက်နိုင်ခဲ့ဘူး။ အေမီက အိုင်းရင်းကို ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီနောက် သက်ပြင်းချလိုက်ပြီး
“နားလည်ပါပြီ၊ သခင်လေးရဲ့ဆန္ဒအတိုင်း နျူရေကို အတူလိုက်ရှာပေးပါ့မယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ဖြစ်အောင် မလုပ်ပါနဲ့တော့။”
အေမီက နောက်ဆုံးတော့ အလျှော့ပေးလိုက်ပြီ။ ဒါပေမဲ့ သူက စားပွဲပေါ်မှာ ခဏတင်ထားတဲ့ ထမင်းပန်းကန်ကို ပြန်ယူလိုက်ပြီး အိုင်းရင်းရဲ့ပါးစပ်နားမှာ ဇွန်းတေ့ပေးလိုက်တယ်။
“ဒါပေမဲ့ ခရီးရှည်သွားမယ်ဆိုရင် အစာစားမှဖြစ်ပါ့မယ် သခင်လေး။” ဒီတစ်ခါတော့ အိုင်းရင်းက မငြင်းဆန်ခဲ့ဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ သေဆုံးနေအတိုင်းပဲ။