နှလုံးသားထဲမှာ သော့ခတ်ထားတဲ့ အမှတ်တရများ
Vol. 10 Ch. 36
“သခင်လေး၊ အခုဆိုရင် အထပ်တစ်ရာကိုရောက်ပါပြီ။” အေမီက အတက်အကျမရှိပေမဲ့ အရင်ကထက် တင်းမာမှုလျော့သွားတဲ့ လေသံနဲ့ပြောလိုက်ပါတယ်။ အိုင်းရင်းကတော့ သူ့ရဲ့ပတ်ဝန်းကျင်ကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်တယ်။ သူတို့က အရေးပေါ်လှေကားတစ်ခုရဲ့အဆုံးမှာ ရှိနေတာဖြစ်ပြီး နေရာတိုင်းမှာ ပိုးကောင်အသေတွေနဲ့ပြည့်နှက်လို့ရယ်။ ပြီးတော့ အေမီကိုယ်တိုင်က သူ့လက်ထဲမှာ လူတူပိုးကောင်တစ်ကောင်ရဲ့ခေါင်းကို ဆုပ်ကိုင်ထားပြီး ချေမွှပစ်လိုက်တယ်။
‘အေမီက စွမ်းအားကြီးမှန်းသိပေမဲ့ ပိုးကောင်ရာချီကို လက်ချည်းသက်သက်အနိုင်ယူနိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။' အိုင်းရင်းက ထိတ်လန့်တကြား တွေးမိလိုက်တယ်။
“ကျ... ကျွန်တော်တို့က ဘယ်အထိသွားရမှာလဲ။”
“နျူရေက အထပ်နှစ်ဆယ်မှာရှိတဲ့ နယူးယောက် ဟီးရိုးကျောင်းသားတွေ ဒီကိုရောက်စတုန်းကသုံးတဲ့ စစ်တန်းလျားဟောင်းကိုသွားတာ။ ဒီတော့ ကျွန်မတို့အထပ်ကနေစပြီးတော့ အထပ်နှစ်ဆယ်မရောက်မချင်း တစ်ထပ်ချင်းစီ လိုက်စစ်ရလိမ့်မယ်။”
အေမီက အသေးစိတ်ကို ရှင်းမပြခဲ့ပေမဲ့ အိုင်းရင်းက အလိုလိုနားလည်လိုက်တယ်။ အထပ်နှစ်ဆယ်ကိုမရောက်ခင် နျူရေတစ်ခုခုဖြစ်သွားနိုင်တဲ့ ဖြစ်နိုင်ခြေရှိနေတယ်။
“ဒေါ်လေးနျူရေက သန်မာတယ်။ သေချာပေါက် အထပ်နှစ်ဆယ်မှာ ကျွန်တော်တို့ကို စောင့်နေလောက်တယ်။”
“ သေချာပေါက် လိုက်ရှာပေးမယ်ပြောခဲ့ပေမဲ့ မျှော်လင့်ချက်တော့ အများကြီးမထားပါနဲ့။” အေမီက လက်မှာပေကျံနေတဲ့ သွေးရည်ကြည်တွေကို ဖယ်ရှားလိုက်ပြီးနောက်မှာ အိုင်းရင်းရဲ့အတွေးကို ဖျက်ဆီးပစ်လိုက်တယ်။
နောက်တော့ အေမီက လှေကားလက်ရန်းမှာ မှီပြီးထိုင်နေရတဲ့ အိုင်းရင်းကို ကျောပိုးလိုက်တယ်။ အိုင်းရင်းကတော့ အေမီရဲ့အိမ်စေဝတ်စုံပေါ်မှာရှိနေတဲ့ သွေးရည်ကြည်တချို့ကြောင့် မသက်မသာခံစားလာရပါတယ်။
“စိတ်ထဲမှာ ရွံသလိုခံစားရတယ်မဟုတ်လား။ ဒီပိုးကောင်တွေက တစ်ချိန်တုန်းက လူသားတွေဖြစ်ဖူးတယ်ဆိုပြီး သခင်လေးမတွေးတာကောင်းပါတယ်။ တချို့မဟာမိတ်တပ်သားတွေက အဲဒီအတွေးကြောင့် သူတို့ရန်သူတွေကို မသတ်နိုင်ဘဲ သေဆုံးကုန်ကြတာ။”
အိုင်းရင်းကတော့ တဖြည်းဖြည်းကျန်ခဲ့ပြီဖြစ်တဲ့ လှေကားကိုကြည့်နေရင်း သက်ပြင်းချလိုက်ပါတယ်။
“ကျွန်တော်က မဟာမိတ်စစ်သားတစ်ယောက်မဟုတ်ဘဲ သာမန်ဒုက္ခတတစ်ယောက်မလို မတွေးမိဖို့ ဂရုစိုက်စရာ မလိုဘူးထင်ပါတယ်။ ဒီအတိုင်း လူသားတွေ အသက်ရှင်စရာမလိုတော့တဲ့ခေတ်မှာ အသက်ရှင်နေတဲ့ ဆန်ကုန်မြေလေးတစ်ကောင်ပါ။”
အေမီက အိုင်းရင်းရဲ့ညည်းညူစကားကို ခေါင်းခါပြီး တုန့်ပြန်ပါတယ်။
“သခင်လေးက ဆန်ကုန်မြေလေးမဟုတ်ပါဘူး။ မမလေးရဲ့သွေးသားဖြစ်ပြီးတော့ ကျွန်မရဲ့တည်ရှိမှုကို အဓိပ္ပါယ်ရှိစေတဲ့သူပါ။”
‘ဒါပေမဲ့ ငါကိုယ်တိုင်ရဲ့တည်ရှိမှုအတွက်ကျတော့ အဓိပ္ပါယ်ရှိမနေဘူးလေ။'လို့ အိုင်းရင်းတွေးလိုက်မိပေမဲ့ အေမီရဲ့မျက်နှာပေါ်မှာရှိနေတဲ့ ရှားပါးပြီးတွေ့ရခဲတဲ့ ဖျော့တော့တော့အပြုံးကြောင့် အဲဒီစကားလုံးတွေကို သူပြန်ပြီးမျိုသိပ်ထားလိုက်တယ်။
သူတို့ဆက်သွားနေရင်းကနေ ဓာတ်လှေကားနားကနေ ဖြတ်လာရပြန်တယ်။ ဒီတော့မှ အိုင်းရင်းလည်း စိတ်ပြောင်းသွားပြီး မေးလိုက်ပါတယ်။
“ဒါနဲ့ ဘာဖြစ်လို့ ဓာတ်လှေကားကိုမသုံးတာလဲ။ အဲဒါနဲ့ဆိုရင် ခရီးသွားရတာ ပိုမြန်တယ်မဟုတ်လား။”
အေမီက ပြန်မဖြေဘူး။ အဲဒီအစား ဓာတ်လှေကားနားက ဖြစ်နိုင်သမျှမြန်မြန် ဖြတ်သွားဖို့ကြိုးစားတယ်။
ဘုန်း....
ရုတ်တရက် ဓာတ်လှေကားတံခါးက တစ်စစီပျက်စီးပြီး အနီရောင်တောင်ကနေတဲ့ ပိုးဖလံကောင်တစ်ကောင်နဲ့ တခြားပိုးဟပ်အကောင်စုံက ဓာတ်လှေကားဥမင်ထဲက ထွက်လာကြတယ်။
“S rank...” အေမီက ရေရွတ်လိုက်ပြီး အိုင်းရင်းကို နံရံတစ်ခုမှာ မှီပေးထားလိုက်တယ်။ အဲဒီနောက်တော့ သူ့အင်္ကျီထဲဝှက်သယ်လာတဲ့ ငွေရောင်ပိုက်ဆံအိတ်ကို ထုတ်ပြီးဖွင့်လိုက်တယ်။
Suit Up!
အေမီရဲ့ခန္ဓာကိုယ်ကို ငွေရောင်နည်းပညာဝတ်စုံက ဖုံးလွှမ်းသွားပြီး လက်ထဲမှာ အနက်ရောင်တံစဥ်ပေါ်လာတယိ။ အေမီက ချက်ချင်းဆိုသလိုပဲ အတောင်ပံကိုဖွင့်လိုက်ပြီးတော့ အလင်းဒြပ်စင်ငှက်မွှေးတွေနဲ့ ပိုးကောင်အုပ်ထဲကို ပစ်လိုက်ပါတယ်။ သာမန်ပိုးကောင်အများစုက ငှက်မွှေးတွေကြောင့် သေဆုံးကုန်ပေမဲ့ အနီရောင်က ရှောင်လိုက်နိုင်ပြီး ပြန်ရန်ရှာဖို့စကြိုးစားတယ်။
“သေလိုက်တော့...” ဒါပေမဲ့ အေမီက အဲဒီကောင်ထက် ပိုမြန်ပြီးတော့ တံစဥ်နဲ့ကိုယ်ကို ထက်ပိုင်းပိုင်းချလိုက်တော့တယ်။
“မိုက်လိုက်တာ....” အေမီရဲ့နည်းပညာဝတ်စုံကို ခုမှမြင်ဖူးတဲ့ အိုင်းရင်းတစ်ယောက် အတော်အံ့ဩသွားတယ်။ အေမီကတော့ ဝတ်စုံကို ပြန်ချွတ်လိုက်ပြီး အိုင်းရင်းကို ပြန်ချီလိုက်ပါတယ်။
“သခင်လေးကို ဓာတ်လှေကားတွေနားက ဝေးဝေးနေခိုင်းတာ အကြောင်းရှိတယ်။ ပိုးကောင်တွေက ဓာတ်လှေကားဥမင်တွေကို သားပေါက်တဲ့နေရာအဖြစ်သုံးကြပြီး အဆင့်မြင့်ပိုးကောင်တွေကလည်း အဲဒီဥမင်တွေကနေတစ်ဆင့် တစ်ထပ်ကနေတစ်ထပ်ကို ကူးသန်းသွားလာနေကြတာ။ ဓာတ်လှေကားထဲမှာ တိုက်ပွဲဖြစ်ရင် နေရာကျဥ်းလို့ ကျွန်မသခင်လေးကို ကာကွယ်ပေးဖို့ခက်သလို မတော်တဆဓာတ်လှေကား ပျက်စီးပြီး ပြုတ်ကျတာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် ဓာတ်လှေကားစီးတာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ အတူတူပဲ။”
“နားလည်ပါပြီ...” အိုင်းရင်းက သူ့မေးကို အေမီရဲ့ပခုံးပေါ် တင်ထားရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။ သူ့စိတ်ထဲမှာတော့ အတွေးပေါင်းစုံနဲ့ပါ။ အေမီဆိုတဲ့ မိန်းကလေးက သူ့ကိုအကြောင်းမဲ့တင်းကျပ်ခဲ့တဲ့ပုံမပေါ်ဘူး။
“အေမီ... ကျွန်တော့်ရဲ့အမေက တကယ်ပဲ ခင်ဗျားဖို့ အတိုင်းအဆမဲ့ အဖိုးတန်တဲ့တည်ရှိမှုတစ်ခုလား။”
“ဟုတ်ပါတယ်။” အေမီက ခေါင်းညိတ်လိုက်တယ်။ ပြီးတဲ့နောက် အိုင်းရင်းကိုစရှင်းပြတယ်။
“မမလေးက ကျွန်မကို တီထွင်ခဲ့တဲ့သူပါ။ လူသားတွေရဲ့ခံစားချက်တွေကို နားလည်နိုင်အောင် သင်ပေးခဲ့တဲ့သူဖြစ်သလို ကျွန်မကို အဲဒီခံစားချက်တွေလည်း ပေးခဲ့တယ်။ သခင်မလေးနဲ့အတူရှိနေခွင့်ရတဲ့ နေ့ရက်တွေက ကျွန်မအတွက် အမှတ်တရတွေပါပဲ။ အဲဒီအမှတ်တရတွေက သေတ္တာထဲထည့်ပြီး သော့ခတ်ထားတဲ့ ရတနာတွေလိုပဲ အဖိုးတန်လှပါတယ်။ ဒါပေမဲ့... ပျော်စရာအချိန်တွေကိုတော့ သော့ခတ်ပြီးသိမ်းထားဖို့ မဖြစ်နိုင်ခဲ့ဘူးလေ။”
အေမီက သူ့လက်ကို ရှေ့ဆန့်ထုတ်လိုက်တယ်။ တစ်စုံတစ်ရာကို ဆုပ်ကိုင်ဖို့ ကြိုးစားနေသလိုမျိုး။ ဒါပေမဲ့ သူဆုပ်ကိုင်ဖို့ကြိုးစားနေတဲ့အရာတစ်ခုက အကောင်အထည်မရှိတဲ့အရာတစ်ခု။ ပြီးခဲ့ပြီးတဲ့အချိန်တွေကို ပြန်ရယူဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။
“အေမီ။” စိတ်ကူးနဲ့လက်တွေ့ဘဝ ကင်းကွာသွားပြီး ဒီအတိုင်းရပ်နေမိတဲ့ အေမီကို အိုင်းရင်းခေါ်လိုက်တယ်။ အဲဒီနောက် သူက အေမီရဲ့ပခုံးကိုဖက်ထားတဲ့ လက်နဲ့တစ်ဆင့် အေမီရဲ့နှလုံးသားနေရာကို ညွန်ပြလိုက်တယ်။
“အမှတ်တရတွေဆိုတာက သိမ်းထားလို့ရပါတယ်။ မင်းရဲ့လုံခြုံစိတ်ချရတဲ့ အဲဒီနှလုံးသားထဲမှာလေ။”
အေမီက သူ့နှလုံးသားနေရာကို ငုံကြည့်လိုက်တယ်။ ပြီးတဲ့နောက် သူက မယုံကြည်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“ကျွန်မက သခင်လေးအပေါ် ဒီလောက်ဆိုးဝါးတာတွေ လုပ်ခဲ့တာတောင်မှ ကျွန်မမှာ နှလုံးသားရှိနေသေးတယ်လို့ ယုံကြည်နေသေးတာလား။”
အေမီကို အိုင်းရင်းက တဟားဟားရယ်လိုက်ရင်း တုန့်ပြန်လိုက်တယ်။ သူ့မှာ ဝမ်းနည်းမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပေမဲ့ သူ့နှလုံးသားကို ဖုံးလွှမ်းနေခဲ့တဲ့ အရိပ်နက်ကြီးတစ်ခုက အခုတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။
“အရင်က ကျွန်တော်ခင်ဗျားကို နားလည်ဖို့ကျဆုံးခဲ့တယ်။ အခုတော့ နားလည်နိုင်ပြီထင်တာပဲ။”
“အေမီ၊ ခင်ဗျားက နှလုံးသားမရှိတာမဟုတ်ပါဘူး။ ချစ်တတ်လွန်းအားကြီးတဲ့အတွက် တခြားအရာတွေကို မမြင်နိုင်လောက်တဲ့အထိ ကန်းသွားခဲ့ရုံတင်ပါ။”
အိုင်းရင်းရင်ထဲ ပေါ့ပါးသွားတယ်။ ငယ်ငယ်တည်းက ရှိနေခဲ့တဲ့ အေမီအပေါ်ကြောက်စိတ်က ပျောက်ကွယ်သွားတယ်။ အေမီရဲ့နှုတ်ခမ်းတွေက တုန်ယင်လာတယ်။ သူသာ ငိုနိုင်တဲ့လူတစ်ယောက်ဆိုရင် ငိုနေလောကိပြီ။
“သခင်လေးက မမလေးလိုပဲ ကြင်နာတတ်တာပဲ။”
...
“သခင်လေး၊ အထပ်ငါးဆယ်အထိသွားလို့ရတဲ့ လှေကားကိုရောက်ပါပြီ။ အခုကနေစပြီးတော့ ပိုအားကောင်းတဲ့ ပိုးကောင်တွေပေါ်လာတော့မှာမလို့ ဂရုစိုက်ရပါမယ်။ ကံကောင်းတာက ကျွန်မတို့ဘက်မှာ ကံကြမ္မာကရှိနေတယ်။”
အေမီနဲ့အိုင်းရင်းတို့နှစ်ယောက် အချင်းချင်းနားလည်မှု ရရှိပြီးနောက်မှာ ခရီးက ပိုပျော်ဖို့ကောင်းလာတယ်။ အိုင်းရင်းက မျှော်လင့်ချက်မြင့်မြင့်ထားနေဆဲဖြစ်ပြီး အေမီကတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ချည်းပြောနေပေမဲ့ အစောပိုင်းကထက် ပိုတက်ကြွလာတယ်။ အခုလည်း လှေကားထစ်တွေနားမှာ ပျက်စီးနေတဲ့ စစ်နတ်သမီးရုပ်တွေကို ရှာတွေ့ပြီးနောက် အေမီက အခုလိုပြောလိုက်တာ။
“ပျက်စီးနေတဲ့စက်ရုပ်တွေထဲက ကောင်းတဲ့အပိုင်းတွေကိုစုပြီး ပြန်တပ်လိုက်ရင် သခင်လေးကို ကာကွယ်ပေးနိုင်မယ့် ညီအစ်မတွေကို ရပြီလေ။”
အေမီက တိုက်ပွဲဟောင်းနေရာက အပျက်အစီးပုံထဲမှာ အကောင်းတွေကိုလိုက်ရှာပြီး ပြန်လည်တပ်ဆင်ရင်းက စစ်နတ်သမီးနှစ်ရုပ်ကို ပြန်လည်ပတ်နိုင်အောင် လုပ်ပေးခဲ့တယ်။ တစ်ရုပ်က ဒိုင်းကိုင်ထားပြီး တခြားတစ်ရုပ်ကတော့ သေနတ်နဲ့ပါ။ အေမီက အိုင်းရင်းကို ဒိုင်းကိုင်ထားတဲ့ စစ်နတ်သမီးရဲ့ကျောပေါ် တင်ထားပေးလိုက်တယ်။
“ကျွန်မတိုက်ခိုက်နေတုန်း သူတို့က သခင်လေးကို ကာကွယ်ပေးပါလိမ့်မယ်။”
အဲဒီနောက်တော့ အေမီက သူ့ရဲ့ငွေရောင်ဝတ်စုံကို အသင့်ပြန်ဝတ်လိုက်ပြီး ရှေ့ကနေဆက်သွားတယ်။ လှေကားထစ်တွေမှာ ပိုးကောင်ပေါင်းထောင်ချီနဲ့ ထပ်တွေ့ပေမဲ့ အေမီက ရှေ့ကနေ လမ်းရှင်းပေးပြီး စက်ရုပ်တွေနဲ့အိုင်းရင်းကတော့ နောက်ကနေ ပြေးလိုင်လာတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့အကျိုးနဲ့ သူတို့က အထပ်တိုင်းကို ပိုပြီးမြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ခဲ့ကြတယ်။
...
“ဒီအထပ်မှာ တစ်ခုခုထူးခြားနေတယ်။”
၃၈ထပ်မြောက်ကိုရောက်တော့ အေမီက ပြောလိုက်ပါတယ်။ မြို့ရဲ့နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးပြီး နေရာတိုင်းမှာ အပျက်အစီးတွေ ပြည့်နေတယ်ဆိုပေမဲ့ ဒီအထပ်မှာတော့ ထူးခြားမှုရှိနေပါတယ်။ အခြားအပျက်အစီးတွေထက် သက်တမ်းပိုနုတဲ့ အပျက်အစီးတွေရှိနေတာမျိုးပါ။
“ဒီနေရာမှာ တိုက်ပွဲအသစ်တစ်ခုဖြစ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ။”
အေမီက နံရံမှာဖောက်ဝင်နေတဲ့ ကျည်ပေါက်ကို လက်နဲ့ဆွဲစမ်းသပ်လိုက်ပြီး ပြောလိုက်တယ်။
“မဟာမိတ်စံရိုင်ဖယ်ကနေ ဖြစ်လာတဲ့ အလင်းဒြပ်စင်ပစ်ချက်ပဲ။ နျူရေရဲ့ရိုင်ဖယ်နဲ့ အမျိုးအစားတူတယ်။”
ဒိုင်းကိုင်စစ်နတ်သမီးပေါ်မှာရှိနေတဲ့ အိုင်းရင်းက ချက်ချင်းစိတ်ဓာတ်တက်ကြွသွားတယ်။ တစ်နည်းအားဖြင့်
“ကျွန်တော်တို့ ဒေါ်လေးနျူရေကို ရှာတွေ့ပြီပေါ့။”
“ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးမထားတာတော့ ကောင်းပါတယ် သခင်လေး။ ဒီနေရာမှာ ခြောက်ကပ်နေတဲ့ သွေးစက်တွေလည်း ရှိနေသေးတယ်။”
အေမီက ပြောပြောဆိုဆိုနဲ့သွေးကွက်တွေနောက်ကို စလိုက်ပါတယ်။ ပိုးကောင်တချို့နဲ့တွေ့သေးပေမဲ့ အေမီကြောင့် မြန်မြန်ဆန်ဆန်ဇာတ်သိမ်းကုန်တယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်က သံမဏိတံခါးတစ်ခုရဲ့ရှေ့ကို ရောက်လာကြတယ်။ တံခါးမှာတော့ ပိုးကောင်တွေရဲ့လက်တံကနေဖြစ်လာတဲ့ ခြစ်ရာတွေအများကြီးရှိလို့ရယ်။
“ သွေးစက်တွေက ဒီမှာဆုံးသွားတယ်။ ဒဏ်ရာနဲ့လူက ဒီတံခါးနောက်ကိုဝင်ပြီးတော့ ပိုးကောင်တွေရန်ကနေ လွတ်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့သဘောပဲ။”
အိုင်းရင်းကလည်း တံခါးကိုစူးစမ်းလိုက်ပါတယ်။ တံခါးပေါ်မှာရေးထားတဲ့ စာတွေအရတော့ ဒီနေရာက အထပ်တစ်ကနေ ငါးဆယ်အထိမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်တဲ့အခန်းဖြစ်နေတာ တွေ့ရတယ်။
“သခင်လေး၊ တံခါးနောက်မှာ အဖြေရှိနေတယ်ဆိုပေမဲ့ ကျွန်မအရင်ဝင်သွားပါရစေ။ သခင်လေးကို ရက်စက်တဲ့ မြင်ကွင်းမျိုးတွေ မမြင်စေချင်ဘူး။”
အေမီက တံခါးရဲ့လုံခြုံရေးစနစ်ကို ဖွင့်လိုက်ရင်းနဲ့ပြောပါတယ်။ အိုင်းရင်းကလည်း ခေါင်းညိတ်လိုက်တယ်။ သူကိုယ်တိုင်လည်းပဲ သူ့မျက်စိရှေ့ ချက်ချင်းမြင်လိုက်ရမယ့်အဖြေကို လက်ခံနိုင်မလား လက်မခံနိုင်ဘူးလား သေချာမသိပါဘူး။
ကျွီ...
တံခါးက လူတစ်ကိုယ်ဝင်စာပွင့်လာပြီး အေမီဝင်သွားပါတယ်။ မိနစ်အနည်းငယ်လောက်ကြာတော့ လက်ကိုင်ကင်မရာတစ်ခုကို သူယူပြီးပြန်ထွက်လာပါတယ်။ သူက မျှော်လင့်ချက်အပြည့်နဲ့အိုင်းရင်းကို ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ပြောလိုက်ပါတယ်။
“မစ်နျူရေက လွန်ခဲ့တဲ့သုံးရက် နေ့လယ် ၁၂နာရီမှာ ကွယ်လွန်သွားခဲ့ပါပြီ။ စိတ်မကောင်းပါဘူး။”
...
...
...
အိုင်းရင်းက တတ်နိုင်သမျှ မငိုမိအောင် ကြိုးစားခဲ့ပေမဲ့ မျက်ရည်တွေက အလိုလိုစီးကျလာခဲ့တယ်။ သူက အေမီကို မော့ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။
“ကျွန်တော်သူ့ကို နှုတ်ဆက်လို့ရမလား။”
“အတူသွားကြတာပေါ့။” အေမီက အိုင်းရင်းကို ဒိုင်းကိုင်စစ်နတ်သမီးဆီကနေ လွှဲပြောင်းယူလိုက်ပါတယ်။ အဲဒီနောက်တော့ ထိန်းချုပ်ခန်းထဲကို တစ်လှမ်းချင်းဝင်သွားတယ်။
...
၁၈.၂.၂၀၇၅
ဘက်ထရီလက်ကျန်: 45%
ဗီဒီယိုမှတ်ဉာဏ်: 21/64Gb
“မင်္ဂလာနေ့လယ်ခင်းပါ၊ ကောင်လေးအိုင်းရင်း။ မြင်တဲ့အတိုင်းပဲ ပိုးကောင်တွေအလိုက်ခံရလို့ ဒီအခန်းကျဥ်းလေးထဲမှာ လာပုန်းနေတာဖြစ်ပါတယ်။ ဒဏ်ရာနည်းနည်းရထားပေမဲ့ စိတ်ပူစရာမရှိပါဘူးနော်။ ရိက္ခာတွေတော့ အပြင်မှာထားခဲ့ရပေမဲ့ သူတို့ထွက်သွားပြီးရင် သွားယူလို့ရမှာပါ။”
ကင်မရာမှတ်တမ်းကနေတစ်ဆင့် အိုင်းရင်းက နျူရေရဲ့နောက်ဆုံးအချိန်ကို မြင်နေခဲ့ရတယ်။ အများကြီးဒုက္ခရောက်နေပြီး ဒဏ်ရာတွေတစ်ကိုယ်လုံးပြည့်နေခဲ့ပေမဲ့ အဲဒီအမျိုးသမီးက ပျော်ရွှင်နေခဲ့ပုံပဲ။ သူက သူ့ဒဏ်ရာတွေကို သွေးတိတ်အောင်လုပ်နေရင်းကနေ ဗီဒီယိုမှတ်တမ်းယူနေခဲ့တာ။
“ဒါနဲ့၊ ဒီကင်မရာလေးက ဒေါ်လေး ဒုတိယနှစ်ကျောင်းသူဘဝက ဝယ်ခဲ့တာလေ။ ကျောင်းအုပ်ကို မွေးနေ့စပရိုက်လုပ်မယ်ဆိုပြီး အရူးကောင်ဂရေဟမ်တွေးမိတော့ မှတ်တမ်းယူဖို့ဆိုပြီး ဝယ်လိုက်တာ။ မွေးနေ့နောက်ပိုင်းတော့ သိပ်မသုံးဖြစ်ခဲ့ပေမဲ့ပေါ့။”
“အိုင်းရင်းက ကမ္ဘာကြီးကိုမြင်ချင်တယ်ပြောတော့ ပထမဆုံးတွေးမိတာ ဒီကင်မရာလေးပဲလေ။ ဘာလို့ဆိုရင် မွေးနေ့စပရိုက်ကို မှတ်တမ်းယူရင်းနဲ့ နယူးယောက်ကျောင်းတစ်ခုလုံးကို မှတ်တမ်းတင်ခဲ့တာမလို့။ ဒေါ်လေးရဲ့တစ်ဘဝလုံးမှာ အဲဒီနေရာက ပျော်စရာအကောင်းဆုံး ဖြစ်ခဲ့ပြီး သိပ်လှတဲ့နေရာမလို့ အိုင်းယင်းကို သိပ်ပြချင်နေခဲ့တာ။”
တံခါးကို မှီရပ်နေရင်းနဲ့ အိုင်းယင်းက နျူရေရဲ့ဗီဒီယိုမှတ်တမ်းကို အဆုံးအထိကြည့်နေခဲ့ပါတယ်။ မှတ်တမ်းက ၃နာရီကြာပြီး နျူရေက သူမှတ်မိသမျှ ဟီးရိုးကျောင်းတုန်းက အကြောင်းတွေကို ပြောပြခဲ့တယ်။ အထူးသဖြင့် ငွေရောင်စစ်သည်နဲ့ သူတို့ရဲ့ကျောင်းအုပ်အကြောင်းကိုပေါ့။
“ ကျောင်းအုပ်က ဒေါ်လေးတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပဲ။ ပြီးတော့ သိပ်ကိုစွမ်းအားကြီးတဲ့ ဟီးရိုးတစ်ယောက်လည်းဖြစ်တယ်။ အဲဒီဟီးရိုးက လိုင်စင်မဲ့ လမ်းတေလေဟီးရိုးကနေ ဒဏ္ဍာရီတစ်ခုဖြစ်လာတာတဲ့။”
အချိန်ကြာလေလေ နျူရေရဲ့ပုံက ပင်ပန်းလာလေဖြစ်ပေမဲ့ နောက်ဆုံးစက္ကန့်အထိ နျူရေက ပြုံးနေခဲ့တယ်။
“အာ့.. ဘက်ထရီက ဒီလောက်ပဲ ခံတော့တာလား။ ပိုးကောင်တွေကြောင့် အားအပြည့်မသွင်းခဲ့ရတာမေ့နေတာပဲ။ ကြိုးလည်းပါမလာဘူးဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ခုထိတော့ ပိုးကောင်တွေမပြန်သေးဘူးဆိုပေမဲ့ စိတ်မပူပါနဲ့နော်။ ဒီဒေါ်လေးက သေချာပေါက်ပြန်လာမှာ။”
...
“ဒါပေမဲ့ သူပြန်မလာနိုင်တော့ဘူးလေ။” အိုင်းရင်းက ထိုင်နေရာကနေ ထလိုက်တယ်။ အေမီကတော့ နျူရေရဲ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာအနေအထားဖြစ်အောင်ပြင်ဆင်ပြီး အခန်းတံခါးကို လုံးဝအသေပိတ်ချလိုက်တယ်။
“နျူရေက ဒီအခန်းထဲမှာ ပြီးခဲ့တဲ့နှစ်ပတ်လုံးလုံး ပိတ်မိနေခဲ့တာ။ ရက်နည်းနည်းသာစောရောက်ခဲ့ရင် သူ့ကိုကယ်နိုင်ရင်ကယ်နိုင်မှာ။ ခါတိုင်းလိုပဲ ဖြစ်နိုင်ခြေတွေကို အားကိုးမိပြီး နှလုံးသားမဲ့ခဲ့မိတာပဲ။”
အေမီက ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူအပြစ်တင်လိုက်တယ်။ သူက အိုင်းရင်းကို စိုးရိမ်တကြီးကြည့်လိုက်ပေမဲ့ အိုင်းရင်းက သူ့ကိုပြုံးပြလိုက်ပြီး
“ကျွန်တော် အဆင်ပြေတာမလို့ စိတ်မပူပါနဲ့။” လို့ပဲ ပြန်ဖြေလိုက်တယ်။ သူက အေမီကို အပြစ်တင်လို့ရပေမဲ့ အပြစ်တမင်ဖို့ ရွေးချယ်ခဲ့တယ်။ နောက်တော့ သူက မွေးနေ့မှတ်တမ်းဗီဒီယိုကို ဆက်ကြည့်ခဲ့တယ်။
ဒီဗီဒီယိုက သိပ်တော့မထူးခြားပါဘူး။ အထူးတန်းက ကျောင်းသားတွေနဲ့ သူတို့ရဲ့အတန်းပိုင်ဆရာက ဆံပင်ငွေရောင်နဲ့ကောင်မလေးအတွက် လျှို့ဝှက်ပြီး မွေးနေ့တစ်ခုပြင်ဆင်ခဲ့ကြတာ။
စလာလာချင်း နျူရေရဲ့မျက်နှာကိုမြင်ပြီး နျူရေရဲ့ငယ်ရုပ်ကို အိုင်းရင်းက ချက်ချင်းမမှတ်မိပေမဲ့ ကင်မရာကိုင်ထားသူမလို့ သူမှန်းချက်ချင်းသိခဲ့တယ်။ နျူရေက အီဗန်ဆိုတဲ့ကောင်လေးတစ်ယောက်နောက်ကနေလိုက်ပြီး ကျောင်းရဲ့တိုက်ပွဲခန်းမထဲမှာလုပ်နေတဲ့ မွေးနေ့ပွဲအပြင်အဆင်တွေကို လိုက်ရိုက်ခဲ့တယ်။
ဘယ်လာနဲ့ဂိုးလ်ဆိုတဲ့ ကောင်မလေးနဲ့ကောင်လေးအတွဲက ပူဖောင်းတွေကို လေထိုးပိုက်နဲ့လေထိုးပေးနေပြီး ဂရေဟမ်ကတော့ မွေးနေ့စာတမ်းကတ်ပြားလေးတွေကို လိုက်ချိတ်နေပါတယ်။
လီဆာဆိုတဲ့ ပုတ်သင်ညိုမလေးက ငွေရောင်စစ်သည် အရုပ်ကြီးကိုအပေါ်တင်ထားတဲ့ မွေးနေ့ကိတ်ကိုယူလာသူဖြစ်ပြီး အားလုံးအသင့်ဖြစ်မှ အီဗန်က တိုက်ပွဲခန်းမထဲမှာ ကျောင်းသားတစ်ယောက် ဒဏ်ရာရသွားတယ်ဆိုပြီး ငွေရောင်ဆံပင်နဲ့မိန်းကလေးကို သွားပြောတာ။ ဟိုက စိတ်ပူပြီးပြေးလာပေမဲ့ အထဲရောက်တော့ စောင့်ကြိုနေတာက မွေးနေ့သီချင်းဆိုနေကြတဲ့ အထူးတန်းကျောင်းသားတွေပါ။ ပြီးတော့ ဆံပင်ဖြူမိန်းမလှလေးရဲ့အံ့ဩဒေါသထွက်နေတဲ့မျက်နှာရောပေါ့။
“ဒီအမှတ်တရတွေက ဒေါ်လေးနျူရေရဲ့သော့ခတ်သိမ်းထားချင်တဲ့ အမှတ်တရတွေဖြစ်မယ်ထင်တယ်။” အိုင်းရင်းက ပြုံးမိလိုက်တယ်။
နောက်ဖြစ်လာတာတွေကတော့ တော်တော်ရယ်ရပါတယ်။ ကျောင်းအုပ်မိန်းကလေးက ကျောင်းသားဒဏ်ရာရတယ်ဆိုပြီး လာနောက်စရာလားဆိုပြီး ကိတ်မုန့်ကြီးကိုကိုင်ပြီး နောက်ကနေလိုက်ရိုက်ပါလေရော။ နျူရေအပါအဝင် ကျောင်းသားတွေကတော့ ပြေးကြလွှားကြပေါ့။
ပြီးတော့ အဲဒီမိန်းကလေးက နျူရေကင်မရာကိုင်ထားတာတွေ့ပြီး အတင်းမဲလိုက်တဲ့အတွက် တစ်ကျောင်းလုံးပတ်ပြေးနေရပြီး နေရာတိုင်းလိုလိုကို မှတ်တမ်းတင်မိပြီးသွားဖြစ်သွားပါလေရော။