← Chapters

အဆုံးသတ်ကံကြမ္မာ

Vol. 10 Ch. 37

အဆုံးသတ်ကံကြမ္မာ

Vol. 10 Ch. 37

အပြင်လောကရဲ့ဗီဒီယိုကို ကြည့်နေရင်းကနေ အိုင်းရင်းအချိန်တွေကို မေ့လျော့သွားတဲ့အထိပါပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ​တင်းကျပ်ပြီးပြင်းထန်တဲ့ ဖိအားတစ်ခုကြောင့် သူကျောချမ်းသွားပြီး အသိပြန်ဝင်လာပါတော့တယ်။

“အဲဒါက ဘာကြီးလဲ။” အိုင်းရင်းက မျက်လုံးပြူးသွားတယ်။ အေမီကတော့ စစ်နတ်သမီးတွေကို အချက်ပြလိုက်ပြီး သေနတ်ကိုင်ထားတဲ့ စစ်နတ်သမီးက အိုင်းရင်းကို ချီလိုက်ကာ ဒိုင်းကိုင်ထားတဲ့တစ်ယောက်ကတော့ အရှိန်အဝါထွက်ပေါ်လာရာအရပ်ကို မျက်နှာမူပြီး ဒိုင်းကိုကိုင်ကာ အသင့်စောင့်နေလိုက်တယ်။

“သခင်လေး၊ အ​ခြေအနေမကောင်းဘူး။ ကျွန်မတို့ ဒီနေရာကနေ ခွာမှဖြစ်မယ်။”

အေမီက ပြောလိုက်ပြီးတော့ စက်ရုပ်တွေကို စပြေးခိုင်းတယ်။ သူကိုယ်တိုင်လည်း တံစဥ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လှေကားတွေဖက် ပြန်ပြေးပါတယ်။ ဒါပေမဲ့ သူတို့အဲဒီကိုမရောက်ခင်မှာပဲ စကားသံတစ်သံကို အိုင်းရင်းကြားလိုက်ရတယ်။

“အခုမှရောက်လာတဲ့ဧည့်သည်ကိုတောင် ဧည့်ခံဖို့ မစဥ်းစားတော့ဘူးလား၊ လူသားတွေ။”

ယောက်ျားတစ်ယောက်ရဲ့အသံဖြစ်ပြီးတော့ စကားဆုံးတာနဲ့ လေပြင်းတစ်ချက်က အိုင်းရင်းရဲ့မျက်နှာကို လာဟပ်ပါတယ်။

ထန်း... ဘုန်း...

အိုင်းရင်းသတိဝင်လာတော့ စစ်နတ်သမီးစက်ရုပ်နှစ်ရုပ်လုံး တစ်စစီဖြစ်သွားပြီး သူကိုယ်တိုင်လည်း ကြမ်းပြင်မှာလဲနေပြီ။ အေမီကတော့ နားကျပ်ဝတ်ထားတဲ့ လူငယ်တစ်ယောက်ရဲ့လက်ကို တံစဥ်နဲ့တားဆီးထားတယ်။ အဲဒီလူငယ်ရဲ့လက်က ပိုးကောင်အတိုင်းဖြစ်နေပါတယ်။

“ပိုးဖလံ၊ ရှင်က ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာတာလဲ။ ဆေပီယံပိုလစ်က ပျက်စီးပြီးသားမြို့ပဲလေ။ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက် ဂရုစိုက်ရမယ့်နေရာမဟုတ်တော့ဘူး။”

ပိုးဖလံကတော့ အေမီကို လုံးဝလစ်လျူရှုထားပြီး အေမီရဲ့ရင်ဝကို ဆောင့်ကန်လိုက်တယ်။ အေမီရဲ့ခန္ဓာကိုယ်က လေထုထဲကိုမြောက်တက်သွားပြီး နံရံအထပ်ထပ်ကိုဖောက်ကာ အဝေးကြီးလွင့်သွားတယ်။

ပိုးဖလံကတော့ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီးတော့ အိုင်းရင်းရဲ့ရှေ့မှာ ရပ်လိုက်ပါတယ်။ ပြီးတော့ ခါးကိုကိုင်းလိုက်ပြီး အိုင်းရင်းကိုပြောတယ်။

“ဒီတော့၊ မင်းက လူသားမျိုးနွယ်ရဲ့နောက်ဆုံးကျန်တဲ့ ကလေးပေါ့။ ပြီးတော့ အိုမီဂါမျိုးဆက်ကလေး။”

“သူ့ကို ထိရဲထိကြည့်။” စက္ကန့်မခြားဆိုသလိုပဲ အေမီရဲ့အသံနဲ့အတူ အနက်ရောင်တံစဥ်က နံရံတွေကိုဖြတ်လာပြီး ပိုးဖလံရဲ့ညာလက်ကို ဖြတ်ချပစ်လိုက်တယ်။ အေမီကိုယ်တိုင်ကတော့ အနူးဘစ်ပုံစံကိုပြောင်းပြီး နောက်ကနေလိုက်လာပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် လှုပ်ရှားမှုတွေက မူမမှန်ဘဲ တဆတ်ဆတ်တုန်ယင်နေပါတယ်။

“အနူးဘစ်ပုံစံလား။ ဒါပေမဲ့ ဆိုးကျိုးကိုတန်ပြန်ပေးမယ့် ဇွန်ဘီက မရှိတော့ဘူးမဟုတ်လား။ မင်းဘယ်အချိန်ထိ အဲဒါကိုသုံးနိုင်မှာလဲ။”

ပိုးဖလံက ကျန်နေသေးတဲ့လက်တစ်ဖက်နဲ့ အေမီရဲ့မျက်နှာကို ထိုးချလိုက်တယ်။ တခြားလက်တစ်ဖက်ကလည်း ပြန်ပေါက်လာနေပါပြီ။

“သခင်လေး၊ ပြေးတော့...” အေမီက ပိုးဖလံကို ဝေးရာနေရာခေါ်သွားဖို့ ကြိုးစားနေရင်းကနေ ပြောလိုက်တယ်။ အိုင်းရင်းလည်း ထရပ်ဖို့ကြိုးစားပေမဲ့ သူ့အရိုးအကြောတွေက အကြိမ်ကြိမ်ပျက်စီးပြီးနောက် မသန်မာတော့ဘူး။ ဒါကြောင့် နံရံကိုလက်ထောက်ပြီးတော့ မတ်တပ်ရပ်လမ်းလျှောက်နိုင်ရုံသာသာ အမြန်နှုန်းနဲ့ ဖြည်းဖြည်းချင်းပြန်ဆုတ်နိုင်ပါတယ်။

အေမီက သူ့အရိပ်ကိုထိန်းချုပ်လိုက်ပြီးတော့ ပိုးဖလံရဲ့နောက်မှာ ပြန်ပေါ်လာတယ်။ လက်ထဲမှာတော့ တံစဥ်ရှိနေပြီးသား။ သူက ပိုးဖလံကို ခေါင်းဖြတ်ဖို့ကြိုးစားပေမဲ့ ပိုးဖလံက သူ့ရဲ့ကြီးမားတဲ့ တောင်ပံနဲ့ အေမီကိုရိုက်ထုတ်ပစ်လိုက်တယ်။

“မင်းက ဉာဏ်ရည်တုဆိုပေမဲ့ သေဆုံးပြီးသူတွေရဲ့မှတ်ဉာဏ်တွေက မင်းရဲ့အသိစိတ်ကို တဖြည်းဖြည်းဝါးမျိုသွားတော့မှာ။ အရှုံးကိုလက်ခံပြီး လူသားတွေကို မျိုးတုန်းခွင့်ပေးလိုက်တော့။”

ပိုးဖလံက အေမီကို သည်းသည်းမည်းမည်းဆက်တိုက်ပါတယ်။ မြေအောက်မြို့တော်ကြီးတစ်ခုလုံး အပျက်အစီးတွေနဲ့ပြည့်နေပြီ။ အေမီက နောက်ဆုံးတော့ ပိုးဖလံရဲ့လက်ကို ဖမ်းချုပ်လိုက်နိုင်ပြီး ကိုင်ပေါက်လိုက်နိုင်ပါတယ်။

ဘုန်း....

ပိုးဖလံရဲ့ခန္ဓာကိုယ်က မျက်နှာကျက်ကိုရိုက်မိပြီး အပေါ်ထပ်အထိမြောက်တက်သွားတယ်။ အေမီက သူ့အပေါ်ကိုပြုတ်ကျလာတဲ့ အုတ်အကျိုးအပဲ့တွေကို ရှောင်ဖို့ကြိုးစားပေမဲ့ ခေါင်းထဲကနေ နာကျင်မှုကို ခံစားလိုက်ရပြီး ဒူးထောက်ကျသွားတယ်။

‘ဗိုက်ဆာတယ်... ဒီမှာအရမ်းအေးတာပဲ... အိုင်းရင်း... တောင်းပန်ပါတယ်...’

အနီးအနားမှာ နောက်ဆုံးသေထားတဲ့လူဖြစ်တဲ့ နျူရေရဲ့သေခါနီးခံစားချက်တွေက အေမီဆီကို ကူးစက်လာတယ်။ ဒါကြောင့် အုတ်အကျိုးအပဲ့တွေကို မရှောင်လိုက်နိုင်ဘဲ အနူးဘစ်က အုတ်ပုံထဲပိသွားပါတယ်။

“ငါပြောသားပဲ အရှုံးပေးလိုက်ပါတော့လို့။” ပိုးဖလံက အဲဒီအုတ်ပုံကြီးကိုကျော်ပြီး အခုထိလှေကားကနေ ဆင်းနေရုံပဲရှိသေးတဲ့ အိုင်းရင်း​ဆီကို ပျံသန်းသွားတယ်။

အိုင်းရင်းက သူနဲ့တဖြည်းဖြည်းနီးလာတဲ့ ပိုးကောင်ဗိုလ်ချုပ်ကိုကြည့်နေရင်းကနေ သေခြင်းတရားကို လက်ခံဖို့အတွက် မျက်လုံးမှိတ်လိုက်ပေမဲ့ အေမီက သူ့ရှေ့မှာချက်ချင်းပေါ်လာပြီး အရိပ်ထဲကနေ အနက်ရောင်မြွေနဂါးကို ဆင့်ခေါ်လိုက်တယ်။

“ငါ့အသိစိတ်တွေ ပျက်စီးသွားရင်တောင်မှ သခင်လေးကို ကာကွယ်ရမယ်။”

ဘုန်း....

“အား....” မြွေနဂါးက ပိုးဖလံရဲ့ပခုံးကိုကိုက်ချလိုက်ပြီး ပိုးဖလံကို အဝေးကြီးအထိဆွဲခေါ်သွားပါတယ်။ ပိုးဖလံနဲ့မြွေနဂါးကြီးဖြတ်သွားတဲ့ မြို့တော်ရဲ့အစိတ်အပိုင်းတွေအားလုံး ပြိုကျကုန်ပါတယ်။ ဒါပေမဲ့ အေမီလည်း မြွေနဂါးကြီးကို ဆက်ထိန်းမထားနိုင်တော့ဘဲ ဒူးထောက်ကျသွားပြန်တယ်။

“သခင်လေး... ဒီကနေပြေး... ကျွန်မအနားကနေပါ ထွက်ပြေးပါတော့။”

အေမီရဲ့မျက်လုံးတွေက စတင်ပြီးအရောင်ပြောင်းလဲလာတယ်။ သူ့အသိစိတ်ထဲကို အမည်မသိသေဆုံးသူတွေရဲ့မှတ်ဉာဏ်တွေက ဆက်တိုက်ဝင်လာနေတယ်။ ဒီမြို့တော်ကြီးတစ်ခုလုံးက သေလူတွေနဲ့ပြည့်နှက်နေတာဖြစ်ပြီး မြွေနဂါးရဲ့ဆိုးကျိုးက အဲဒီသေလူတွေကြောင့် ပိုပြင်းထန်လာနေတယ်။ သူဒီထက်ပိုပြီး ထိန်းမထားနိုင်တော့ဘူး။ သေလူတွေရဲ့အ​ငြိုးအတေးတွေကြောင့် အသိစိတ်ပျောက်လာပြီး အိုင်းရင်းကိုတောင် ဒုက္ခပေးမိနိုင်တယ်။

“ကျွန်တော်တစ်ယောက်တည်း ထွက်ပြေးပြီးတော့ ဘာလုပ်ရမှာလဲ။”

အိုင်းရင်းက အေမီရဲ့လက်ကို ဆွဲလိုက်တယ်။ သူက မတ်တပ်ပဲရပ်နိုင်တာဆိုပေမဲ့ အေမီကိုပါ ဆွဲခေါ်ပြီးပြေးဖို့ ကြိုးစားတယ်။ အသိစိတ်တွေရှုပ်ထွေးနေခဲ့တဲ့ အေမီလည်း ဒီတော့မှ အသိပြန်ဝင်လာခဲ့တယ်။

“သခင်လေးက ငါ့ကိုကာကွယ်ပေးဖို့ ကြိုးစားနေတာလား။ မမလေးလုပ်ခဲ့သလိုမျိုး။”

အေမီက အခုလိုပြောလိုက်ပေမဲ့ အိုင်းရင်းက တစ်ယောက်တည်း အရူးတစ်ယောက်လိုမျိုး ပေါက်ပေါက်ဖောက်နေလေရဲ့။

“ကျွန်တော်က တစ်ယောက်တည်းထွက်ပြေးပြီးတော့ ဘာလုပ်ရမှာလဲ။ ဒီနေရာတစ်ခုလုံးက ပိုးကောင်တွေနဲ့ပြည့်နေတာ။ အဲဒီကောင်ကြောင့် မသေရင်တောင် တခြားတစ်ကောင်ကောင်နဲ့တွေ့ပြီး သေမှာပဲလေ။ အဲဒါကြောင့်မသေရင်တောင် ကျွန်တော်က ကိုယ့်ဘာသာရှာစားနိုင်တဲ့သူမဟုတ်ဘူး။ စားစရာပြတ်ပြီး သေသွားမှာ ခင်ဗျားမစိုးရိမ်ဘူးလား။”

အိုင်းရင်းက ပြောနေရင်းကနေ တဖြည်းဖြည်းငိုသံပါလာတယ်။ “ကျွန်တော်က.... ကျွန်တော်က ခင်ဗျားမရှိဘဲ အသက်မရှင်နိုင်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်လေ။”

အဲဒီနောက်မှာတော့ အေမီရဲ့မျက်နှာပေါ်က တင်းမာမှုတွေက အချိန်အတိုင်းအတာတစ်ခုအထိ ပျောက်ကွယ်သွားတယ်။ အသိစိတ်ထဲကို အမည်မသိ မှတ်ဉာဏ်အပိုင်းအစတွေဝင်လာလို့ဖြစ်တဲ့ ဝေဒနါကိုတောင် မေ့လျော့သွားသလိုပဲ။

“ကျွန်မနားလည်ပါပြီ။ သခင်လေးကို တစ်ယောက်တည်း မထားခဲ့တော့ပါဘူး။”

အေမီက အိုင်းရင်းကို ရင်ခွင်ထဲထည့်ပွေ့လိုက်တယ်။ အဲဒီနောက် မင်းသမီးလေးတစ်ယောက်လိုချီပြီးတော့ စပြေးတယ်။ အနူးဘစ်ပုံစံကိုလည်း ပယ်ဖျက်လိုက်ပြီ။ အိုင်းရင်းနဲ့ရှိနေရင် ဒီပုံစံကို သူဆက်သုံးနေလို့မရဘူး။ ပိုးဖလံကို အနိုင်ယူဖို့မဖြစ်နိုင်တော့ဘူးဆိုပေမဲ့ သူအခုလုပ်နေတာက ထွက်ပြေးဖို့အတွက်ပါ။

...

“ပြေးချင်တာလား... ခွင့်မပြုနိုင်ဘူး။ ယင်ကောင်က ငါ့ကို လူသားတွေကို တစ်ယောက်မကျန်သတ်ပစ်ဖို့ ပြောပြီးပြီ။ ဒါမှ ဘုရင်မကို ဖက်ပြိုင်မယ့် အိုမီဂါတစ်​ကောင် အနာဂတ်မှာထွက်ပေါ်မလာမှာ။”

ပိုးဖလံကလည်း အုတ်ပုံထဲကနေ ထလိုက်ပြီး သူ့ကိုယ်က ဒဏ်ရာတွေကို ငုံကြည့်ရင်းပြောလိုက်တယ်။ အေမီရဲ့မြွေနဂါးကြောင့် ဆိုးဆိုးဝါးဝါးထိထားပေမဲ့ ဒဏ်ရာအများစုက ပြန်ကောင်းနေပါပြီ။ ဒါပေမဲ့ သူက ထွက်ပြေးနေတဲ့လူတစ်ယောက်ကို တစ်ယောက်တည်းလိုက်ဖို့ စိတ်မဝင်စားဘူး။

“ငါ့ရဲ့မိသားစုဝင်တွေ။ သူတို့နှစ်ယောက်ကိုသတ်။”

ပိုးဖလံရဲ့စကားအဆုံးမှာ သိန်းသောင်းချီတဲ့ပိုးဖလံတွေက မြို့တော်ထဲကိုဝင်လာပြီး အေမီနဲ့အိုင်းရင်းနောက်ကို စလိုက်ကြတယ်။ ဒါပေမဲ့ အေမီက မြို့တော်ရဲ့လုံခြုံရေးတံခါးတွေကိုသုံးပြီး တံခါးတစ်ခုပြီးတစ်ခုနဲ့ပိတ်ထားခဲ့တာကြောင့် ပိုးကောင်တွေ နောက်မှာကျန်နေခဲ့ပြီး အထပ်တစ်ရာ့ငါးဆယ်ကို ရောက်လာတယ်။

“သခင်လေး၊ ကျွန်မတို့ ပိတ်မိနေပြီထင်တယ်။” အေမီက အောက်ထပ်တွေမှာလည်း ပိုးကောင်တွေပြည့်နေတာကို သတိထားမိပြီး ပြောလိုက်တယ်။ ပိုးဖလံက ဒီလောက်ထိမတုံးပါဘူး။ အရေအတွက်အများကြီးမဟုတ်ပေမဲ့ သူက အထပ်တွေကိုကြိုပြီး ပိုးကောင်တွေလွှတ်ထားတယ်။ ပြီးတော့ အပေါ်ဘက်က ပိုးကောင်တွေကလည်း တံခါးတွေကို တစ်ချပ်ချင်းစီဖျက်ဆီးပြီးလာနေတာမလို့ မကြာခင်မှာ အထပ်တစ်ရာ့ငါးဆယ်ကို ရောက်လာတော့မှာပါ။

“အေမီ၊ ခင်ဗျား အဆင်ပြေရဲ့လား။”

တစ်ကိုယ်လုံးပိုးကောင်တွေဆီကရတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် လူရုပ်မပေါ်တော့တဲ့ အေမီကို အိုင်းရင်းက မေးလိုက်တယ်။ အခုအေမီရဲ့မျက်နှာတစ်ခြမ်းမှာ အရေပြားမရှိတောပဘဲ အတွင်းက စက်ပစ္စည်းအစိတ်အပိုင်းတွေကို မြင်နေရတယ်။ လက်တွေခြေတွေနဲ့ပခုံးမှာလည်း အလားတူပါပဲ။

“အတွင်းစက်ပစ္စည်းတချို့ထိခိုက်ထားပေမဲ့ အများကြီးမဟုတ်ပါဘူး။ ကျွန်မက စက်ရုပ်တစ်ရုပ်မလို့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ဆိုးဝါးတဲ့ မူလရုပ်ကို သခင်လေးကို မြင်စေမိတဲ့အတွက် စိတ်မရှိပါနဲ့။”

“အဲဒါက အသေးအဖွဲလေးပါ။ ခင်ဗျာက အေမီဖြစ်နေသေးပြီး မှတ်ဉာဏ်တွေထဲ လမ်းပျောက်မသွားတာကိုသာ ကျေးဇူးတင်ရမှာပါ။”

ဘုန်း... ဘုန်း...

သူတို့စကားပြောနေတဲ့အချိန်မှာပဲ ပိုးကောင်တွေက အထပ်တစ်ရာ့ငါးဆယ်ရဲ့လုံခြုံရေးတံခါးကို တွန်းဖွင့်နေတဲ့အသံ ထွက်လာတယ်။ အေမီက သက်ပြင်းချလိုက်တယ်။

“သခင်လေး၊ လုံးဝကြီး မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပါဘူး။ ကျွန်မတို့အခန်းထဲမှာ အပြင်လောကကို သွားနိုင်မယ့် ထွက်ပေါက်တစ်ခုရှိပါတယ်။”

အေမီက အိုင်းရင်းကိုအရင်ကဝင်ခွင့်မပေးခဲ့တဲ့ တံခါးတစ်ခုကို ဖွင့်လိုက်တယ်။ အဲဒီတံခါးနောက်မှာ ပိုက်လိုင်းတစ်ခုရှိနေပြီး ထိုင်ခုံတစ်ခုံနဲ့ဆေးတောင့်ပုံ ယာဥ်လေးတစ်ခုရှိနေတယ်။

“အရေးပေါ် လေဟာနယ်လိုဏ်ခေါင်းရထားပါ။ တစ်နာရီကို ကီလိုမီတာရှစ်ရာနှုန်းနဲ့ မြေမျက်နှာပြင်ပေါ်ကို ခေါ်ဆောင်သွားနိုင်တယ်။ သခင်​လေးရဲ့အိပ်မက်အတိုင်း မိုးကောင်းကင်ကြီးကို မြင်နိုင်မှာပါ။”

အေမီက အိုင်းရင်းရဲ့ကိုယ်ကို ယာဥ်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် နေရာချပေးလိုက်တယ်။ ပြီးတော့ တံခါးပိတ်ဖို့လုပ်ပေမဲ့ အိုင်းရင်းက အေမီရဲ့လက်ကို ဖမ်းဆုပ်လိုက်တယ်။

“ဒါက တစ်ယောက်စီးယာဥ်မဟုတ်လား။ ခင်ဗျားကရော ဘယ်လိုလုပ်မှာလဲ။”

အေမီက ခေါင်းကိုခါယမ်းလိုက်တယ်။ ပြီးနောက် ဖန်သားအခေါင်းထဲမှာရှိနေတဲ့ မိန်းကလေးကိုကြည့်ပြီး ပြောလိုက်ပါတယ်။

“တကယ်လို့ သခင်လေးတောင်းဆိုတယ်ဆိုရင်တောင်မှ ကျွန်မက မမလေးရှိတဲ့နေရာကို စွန့်ခွာပြီးမသွားနိုင်ပါဘူး။ ကျွန်မက ဒီနေရာမှာ နေခဲ့ပါ့မယ်။”

ဘုန်း... ဘုန်း... ဘုန်း...

တံခါးကအသံတွေက ပိုကျယ်လာပြီ။ လုံခြုံရေးတံခါး ပျက်စီးသွားဖို့ဆိုတာ သိပ်မလိုတော့ဘူး။

“ဒါဆိုရင် ကျွန်တော်လည်း မသွားတော့ဘူး။” အိုင်းရင်းက ခက်ခက်ခဲခဲနဲ့ ယာဥ်ထဲကနေ ပြန်ထွက်လာပါတယ်။ ပြီးတဲ့နောက် သူက အေမီရဲ့ခန္ဓာကိုယ်ကို မှီလိုက်ပြီး အေမီရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။

“ခင်ဗျားပဲ ပြောဖူးတယ်မဟုတ်လား။ မြေမျက်နှာပြင်ပေါ်မှာ ပိုးကောင်တွေကလွဲလို့ ဘာမှမရှိတော့ဘူးဆို။ ကျွန်တော့်လို ပျော့ညံ့တဲ့လူတစ်ယောက်က ခင်ဗျားမပါဘဲ အပြင်ရောက်သွားရင်တောင် ခဏလေးနဲ့သေသွားမှာပဲမဟုတ်လား။”

“ဒါပေမဲ့ သခင်လေး ကောင်းကင်ပြာကြီးကိုတော့ မြင်နိုင်မှာပါ။”

အိုင်းရင်းက ခေါင်းခါလိုက်တယ်။ သူအဲဒီအိပ်မက်ကို မလိုချင်တော့ဘူး။ အဲဒီအစား သူပြောလိုက်တာက...

“အပြင်လောကက ကောင်းကင်ပြာကြီးကို အထီးကျန်စွာနဲ့ ကြည့်နေမယ့်အစား ဒီမြို့ကြီးရဲ့မျက်နှာကျက်ဖြူဖြူတွေကိုပဲ ခင်ဗျားနဲ့အတူကြည့်ချင်တော့တယ်။”

အေမီက အိုင်းရင်းကို အံ့ဩစွာနဲ့ ကြည့်နေခဲ့တယ်။ ဒီလူငယ်​လေးရဲ့အပြောင်းအလဲကို သူနားမလည်နိုင်ဘူး။ ဒါပေမဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်လာပြီး မေးလိုက်ပါတယ်။

“သခင်လေး.... သခင်လေးရဲ့တည်ရှိမှုရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားပြီလား။”

အိုင်းရင်းက ပြုံးလိုက်တယ်။ “ဆိုပါတော့... အဲဒါက ခင်ဗျားနဲ့အတူရှိနေဖို့ပါပဲ။”

အေမီကလည်း ပြုံးလိုက်တယ်။ အဲဒီအဓိပ္ပါယ်က သူသခင်မလေးနဲ့အတူတူ ရှိနေချင်တာနဲ့ အတူတူပဲမဟုတ်လား။

ဘုန်း....

နောက်ဆုံးတော့ လူသားတွေရဲ့အဆင့်မြင့်ပါတယ်ဆိုတဲ့ သတ္တုလုံခြုံရေးတံခါးကြီးဟာ ပြိုကျပျက်စီးသွားခဲ့ပြီ။ ပိုးကောင်အုပ်ကြီးက အထပ်၁၅၀ရဲ့စင်္ကြံလမ်းပေါ်မှာ ပျံသန်းရင်း ကမ္ဘာပေါ်မှာနောက်ဆုံးကျန်တဲ့ သက်ရှိလူသားတစ်ယောက်နဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်ရဲ့ကံကြမ္မာကို အဆုံးသတ်ဖို့အတွက် ရောက်ရှိလာပါတော့တယ်။

All Chapters