မင်းတို့ထဲက ဘယ်သူက လင်းရှန်လဲ (၃)
Vol. 18 Ch. 266
ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေသော ထန်မိန်ကို ကြည့်လိုက်သည်။
“မင်းက ပုံမှန်ဆို အရမ်းတက်ကြွပါတယ်။ အရင်လို့ ငါ့ကို မေးခွန်းတွေ မမေးတော့ဘူးလား မင်းဒီနေ့ဘာလို့စိတ်ညစ်နေတာလဲ"
ထန်မိန်က ရှက်သွားသည်။
လင်းရှန်၏ စနောက်ခြင်းကို ခံရပြီးနောက် သူမသည် သီးသန့်မနေတော့ပေ။ သူမသည် လင်းရှန်ကို ပြုံးပြနေ၏
"ကျွန်မက မိန်းမပျိုလေးဖြစ်သွားပြီမလို့လေ”
လင်းရှန်က ရယ်လိုက်သည်။ ထန်မိန်၏မျက်နှာသည် နီမြန်းသထက် နီမြန်းလာသည်ကို မြင်လိုက်ရတော့ စနောက်တာကို ရပ်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
"ငါ မြို့ပြင်ထွက်မှာမလို့ ။ ဒီနေ့ထွက်မှာ ၊ တစ်လနှစ်လအတွင်းတော့ ပြန်မလာနိုင်ဘူး။ မင်းတို့ အိုက်ကို ခဏလောက် ဂရုစိုက်ပေးရမယ်ထင်တယ်”
"ဘာလဲ? မြို့ပြင်ထွက်မှာလား" အိုက်က သူ့အင်္ကျီကို ဆွဲကိုင်လိုက်ပြီး ရှုံ့မဲ့သွားသည် ။
"ငါ့မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ အန္တရာယ်တော့ မရှိပါဘူး။"
လင်းရှန်က ခေါင်းညိတ်ကာ နှစ်သိမ့်ပေးသည်။ ထို့နောက် ထန်ယွဲ့နဲ့ ထန်မိန်ကိုကြည့်လိုက်သည်။
"အိုက်ကို မင်းတို့လက်ထဲမှာ ငါထားခဲ့မယ်"
ထန်ယွဲ့သည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့သော ကမ်းလှမ်းမှုကို သဘောမတူပဲ မနေပေ။
အိုက်သည် အပြစ်ကင်းသော်လည်း နစ်မြှပ်ခြင်းလမင်းရှိ ဝိညာဉ်ကြောင်များ အားလုံးထက် သန်မာသည်။
အိုက်ရှိနေလျှင် ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းသည် ယခင်ကထက် ပိုမိုချောမွေ့သည်။
လင်းရှန်ကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် အိုက်ကို နစ်မြှပ်ခြင်းလမင်းတွင် ပါဝင်ရန် ဆွဲဆောင်မည်ဖြစ်သည်။
အိုက်ကို ဂရုစိုက်ရမည့်အစား အိုက်က သူတို့ကို ကူညီနေတာပင်။
အချိန်က နောက်ကျနေချေပြီ။ အိုက်ကို နှစ်သိမ့်ပြီးနောက် လင်းရှန်သည် အချိန်ဆွဲမနေတော့ပေ။ သူက လှည့်ပြီး အိုက်၏ တုံ့ဆိုင်းနေသော အကြည့်အောက်တွင် ထွက်ခွာသွားသည်။
လင်းရှန် တံခါးဝမှာ ပျောက်သွားတာကို ကြည့်ရင်ရ ထန်ယွဲ့က ခေါင်းကို လှည့်လိုက်တော့ အိုက်က ငေးနေသေးတာကို တွေ့လိုက်ရသည်။ သူမသည် ရှေ့သို့သွားကာ အိုက်ကို ပွေ့ချီပြီး ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည် ။
"စိတ်မပူပါနဲ့ သခင်လင်းရှန် အဆင်ပြေပါလိမ့်မယ်။ ပြီးတော့ တစ်လ နှစ်လအတွင်း ပြန်လာမယ်လို့ ပြောတယ်လေ”
ထန်မိန်က ခေါင်းညိတ်ပြီး ပြော၏ “အိုက်၊ နင်စိုးရိမ်နေရင် လူသားဒုက္ခကို တတ်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်ပြီး လူသားအဖြစ် ပြောင်းလဲသင့်တယ်။ ဒါဆိုရင် သခင်လင်းသွားတဲ့ နေရာတိုင်းကို လိုက်သွားနိုင်တယ်။”
ပြောသူသည် မရည်ရွယ်သော်လည်း နားထောင်သူသည် စိတ်ဝင်စားသွားသည်။
အိုက်၏မျက်လုံးများက ချက်ချင်းတောက်ပလာသည်။
ဟုတ်တယ်။ လင်းရှန်က သူမ ကျင့်ကြံမှု အဆင့်နိမ့်နေတာကြောင့် သူမကို မခေါ်တာပင်။
နောက်ကျ သူမ ပိုသန်မာလာဖို့ လိုသည်။
အိုက်က ခေါင်းညိတ်ပြပြီး အနာဂတ်မှာ ပိုကြိုးစားကာ လူ့သားဒုက္ခကို တတ်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။
အိမ်မှ ထွက်သွားပြီးနောက် လင်းရှန်သည် မြောက်ဘက်တံခါးဆီသို့ အမြန်ပြေး သွားခဲ့သည်။
ရှေးဟောင်းသစ်သားမြို့သည် နဂါးမြို့၏ မြောက်ဘက်တွင်ရှိပြီး နဂါးချောက်နက် တောင်တန်း၏ အခြားတစ်ဖက်တွင် ဖြစ်သည်။
ရှေးဟောင်းသစ်သားမြို့ကို သွားချင်လျှင် နဂါးချောက်တောင်တန်း၏ နက်နဲရာနေရာကို ဖြတ်သန်းရမှာ ဖြစ်သည်။
တောနက်သည့်အပြင် နတ်ဆိုးကျင့်ကြံသူများကို ရှောင်ရှားဖို့အတွက် နဂါးချောက်နက် တောင်တန်းကို ရှောင်ရှားပြီး အပြင်ဘက်မှ ပတ်လို့ရသည်။
နဂါးချောက်နက်တောင်တန်းသည် မိုင်ပေါင်းသောင်းချီ၍ ရှည်လျားလေသည်။ ထို့ကြောင့် လမ်းလွှဲကနေသွားလျှင် သုံးရက်ကနေ လေးရက်လောက်လောက် ကြာနိုင်သည်။
မြောက်ဘက်တံခါးသို့ရောက်ပြီးနောက် လင်းရှန်သည် တိုကင်ကိုထုတ်ကာ မြို့ပြင်သို့ထွက်ခဲ့သည်။ ပျံတက်ဖို့ ကြိုးကြာကို ဆင့်ခေါ်ခါနီးမှာပဲ ရင်းနှီးတဲ့ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"ညီလေးလင်း”
လင်းရှန်သည် အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ လူငယ်နှစ်ဦးသည် အပြုံးများဖြင့် သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
အဲဒီထဲက တစ်ယောက်ဖြစ်သော ရှန်ကျီနင်ကို ကျောင်း၌ ယန်မိသားစု၏ တပည့်များအား ဝိုင်းထားစဉ်မှာ မြင်ဖူးသည်။
"စီနီယာအကိုရှန်က ဘာလို့ဒီကိုရောက်နေတာလဲ။"
သူ့စကားတစ်ဝက်တစ်ပျက်မှာ လင်းရှန်က ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
"အကိုရှန်က ရွှမ်တုစည်းအဝေးမှာ ပါဝင်ဖို့ ရှေးဟောင်းသစ်သားမြို့ကို သွားမလို့လား။"
"ဟုတ်တယ်။"
ရှန်ကျီနင်က နွေးထွေးစွာ ပြုံးလိုက်သည်။
“ဂျူနီယာ ညီလေးလင်းလည်း သွားမယ်လို့ ကြားတော့ ဒီမှာစောင့်နေတာ။ ညီလေးလင်း ၊ ငါတို့နဲ့ အတူ ခရီးသွားမယ်မလား။"
လင်းရှန်က ပြုံးပြီး ပြောသည် “ဟုတ်ကဲ့၊ အကိုရှန်တို့နဲ့ ခရီးသွားရမှာဆိုတော့ အဆင်ပြေတာပေါ့”
ရှန်ကျီနင်၏ အပြုံးသည် ပိုမိုးတောက်ပလာသည်။ ရုတ်တရက် ခေါင်းညိတ်ပြီး သူ့အနားက လူငယ်ကို မိတ်ဆက်သည်။
"ငါ့လျစ်လျူရှုသလိုဖြစ်နေပြီ။ သူကို မိတ်ဆက်ပေးဖို့ မေ့နေတာ။ဒါက ဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့် စီနီယာအစ်ကို ချွီခယ်၊ ငါတို့လိုပဲ သူက ရွှမ်တုအစည်းအဝေးမှာ ပါဝင်ဖို့ ရှေးဟောင်းသစ်သားမြို့ကိုသွားမှာ”
ရွှမ်တုတိုကင် စုစုပေါင်း (၃)ခုရှိကြောင်း စစ်ယွမ်ဖေက ပြောကြားခဲ့သည်။
ထို့ကြောင့် ရှန်ကျီနင်က ရွှမ်တုအစည်းအဝေးတွင်ပါဝင်သည်ဟုပြောသောအခါ အခြားသူသည် တူညီသောမစ်ရှင်တစ်ခုရှိနေသည်ဟု လင်းရှန် မှန်းဆထားပြီး ဖြစ်သည်။ ဒါကိုကြားတော့ သူက မအံ့ဩဘဲ ပြုံးပြလိုက်သည်။
"စီနီယာ အကိုချွီ”
ချွီခယ်က ညင်သာသော အပြုံးဖြင့် နှုတ်ခွန်းဆက်ပြန်သည် ။
“ညီလေးလင်း၊ မင်းအကြောင်း ငါအများကြီးကြားဖူးတယ်။ ကျောင်းရဲ့ ဂန္တဝင်ပါရမီရှင်တွေနဲ့ တွေ့ချင်နေတာ ကြာပါပြီ။ ညီလေးရှန်ရဲ့ ကျေးဇူးနဲ့ ဒီနေ့ မင်းကို နောက်ဆုံးတွေ့ရပြီ”
ထိုစကားကိုကြားသောအခါ ဝိဥာဉ်ဂူအတွင်း ဝူကျီကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းနှင့် မှော်အလင်းအဆင့် အကြီးအကဲများစွာက သူ့ကို တပည့်အဖြစ် ခေါ်ဆောင်လိုခြင်းကို ပြောနေမှန်း လင်းရှန်သိလိုက်သည်။ သူ၏ နှိမ့်ချသော စိတ်သဘောထားကို ဖော်ပြရန် စကားအနည်းငယ်သာ ပြောခဲ့သည်။
“ပျော်ရွှင်စရာတွေနဲ့ပြည့်နေတာပေါ့။”
ရှန်ကျီနင်က သူတို့ကို အပြုံးဖြင့် ကြားဖြတ်လိုက်သည်။
“နောက်ကျနေပြီ။ ကျွန်တော်တို့ ထွက်ကြမယ်။ ငါတို့က ဆယ်ရက်ကျော်လောက် အတူနေရမှာ။ အဲ့ကျ စကားပြောဖို့ အချိန်အများကြီးရပါလိမ့်မယ်။"
လင်းရှန်နှင့် ချွီခယ်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ် လိုက်သည်။
အထက်အိမ်တော်၏ ထိပ်တန်းတပည့်ဆယ်ဦးထဲမှ အဓိကတပည့်ကြီးဖြစ်သော ရှန်ကျီနင်သည် သာမန်လူတစ်ဦးအဖြစ် မွေးဖွားလာသော်လည်း သူသည် ဂိုဏ်းရှိ အရေးပါသော ပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့သည် ။ သူ၏ ကြွယ်ဝမှုသည် သြဇာကြီးသော မိသားစုများ၏ တပည့်များထက် မနိမ့်ကျချေ။
အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့ သူ့ရှေ့က နေရာကွက်လပ်သည် ရုတ်တရက် မှောင်သွားကာ နဂါးအစွယ် ပျံသန်းခြင်း သင်္ဘောကြီးသည် သုံးယောက်ရှေ့တွင် ပေါ်လာသည်။
"နဂါးအစွယ် ပျံသန်းခြင်း သင်္ဘောကြီးနဲ့ဆိုရင် ရှေးဟောင်းသစ်သားမြို့ကို ရက်
အနည်းငယ်ကြိုပြီး ရောက်နိုင်တယ်။"ချွီခယ်က ရယ်သည်။
နဂါးအစွယ် ပျံသန်းခြင်း သင်္ဘောကြီးသည်အလွန် လျင်မြန်ပြီး သာမန် ပျံသန်းနေသော ဝိညာဉ်ရေးရာ သားရဲများထက် များစွာ သာလွန်သည်။ ထို့အပြင် ၎င်းသည် ပိုမိုလုံခြုံပြီး နတ်ဆိုးကျင့်ကြံသူအဆင့်အောက်ရှိ နတ်ဆိုးများ၏တိုက်ခိုက်မှုကို အလွယ်တကူ ခံနိုင်ရည်ရှိသည်။
နဂါးအစွယ် ပျံသန်းခြင်း သင်္ဘောကြီး နှင့်အတူ နဂါးချောက်နက်တောင်တန်း၏ နက်နဲရာကို ရှောင်ရှားရန် အကြာကြီး ကွေ့ပတ်ခဲ့ရသော်လည်း ခရီးအတွက် ကုန်ဆုံးချိန်ကို အတော်လေးလျှော့ချနိုင်သည်။
ဆယ်ရက်ကြာမည့်ခရီးကို ရှစ်ရက်နဲ့ ရောက်နိုင်သည်။
"အရင်သွားပါ” ရှန်ကျီနင်က သူ့လက်ကို လှမ်းပြလိုက်သည်။
လင်းရှန်နဲ့ ချွီခယ်တို့က နာခံပြီး နဂါးအစွယ် ပျံသန်းခြင်း သင်္ဘောကြီးနောက်ကို လိုက်ပါသွားကြသည်။
သို့သော် ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
“ခဏနေဦး”
သုံးယောက်သားက အံ့အားသင့်စွာနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ပျံဝဲနေသည့်အသွင်ကို တွေ့လိုက်ရသည်။ သိပ်မကြာခင်မှာပဲ လူတစ်ယောက် ရောက်လာပြီး သူတို့သုံးယောက်ရှေ့မှာ ပြင်းပြင်းထန်ထန် ဆင်းသက်လာခဲ့သည်။
ထိုလူက သူ့အကြည့်ကို လွှဲလိုက်ပြီး ချွီခယ်ဆီမှာ ဦးစွာရပ်တန့်လိုက်သည်။ သူသည် နောက်ဆုံးတော့ ချွီခယ်ကို မှတ်မိနေပုံရသည်။ ထို့နောက် ရှန်ကျီနင်နှင့် လင်းရှန်တို့ကို လှည့်ကြည့်လိုက်သည်။ မေးစေ့ကို အနည်းငယ် မြှောက်ကာ မောက်မာစွာ မေးလေသည်။
"မင်းတို့အထဲက ဘယ်သူက လင်းရှန်လဲ"