ကြောက်ဖို့ကောင်းသော လက်ခြောက်ချောင်းမြွေ
Vol. 3 Ch. 40
*ကုန်းယွင်ဖေးက သူ့ကို ဒီလွှတ်လိုက်တာ*
ထိုစကားကြောင့် ဖေးချမ် ချက်ချင်း တည်ငြိမ်လာသည်။ ကုန်းယွင်ဖေးနှင့် ပတ်သက်သည့် ကောလဟာလများစွာကို သူ ကြားဖူးသည်။
ကုန်းယွင်ဖေးသည် ကျန်းရှီမြို့၏ ထိပ်တန်း သခင်လေး ၄ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
ရက်စက်ကြမ်းတမ်းသော သူ့အပြုအမူများကြောင့် နာမည်ကြီးသော်ငြားလည်း သူက လူကြားထဲ ထွက်လာခဲသည်။ လူအနည်းစုလောက်က သူ့ကို အာခံရဲသည်။
သူ့ကို အာခံသည့်သူတိုင်း သေပွဲဝင်ခဲ့ကြရသည်။ ထို့ပြင် ယဲ့ဖန်နှင့် လင်းလန်၏ ကောလဟာလသတင်းများကြောင့် သူ ယဲ့ဖန်ကို ဒီအတိုင်း ထားတော့မည်မဟုတ်တော့။ ထို့ကြောင့် ဖက်တီး၏ မျက်နှာက တဖြည်းဖြည်း မအီမသာ ဖြစ်လာသည်။
ထိုစဉ် ရုတ်တရက် ကားဘရိတ်အုပ်လိုက်သည့် အသံ ထွက်လာသောကြောင့် လူတိုင်း ထိုအသံကို အာရုံစိုက်မိသွားသည်။
ထိုအသံကြောင့် ကုန်းဝူ မသမာစွာ ရယ်လိုက်ရင်း သူ့မျက်လုံးတွင်လည်း မလိုမုန်းတီးစိတ်များ တလိပ်လိပ်တက်လာသည်။
"ဟီးဟီး… တရားမဝင်သားလေး ရောက်လာပါပြီဗျာ။ သူ ဒီက ဘယ်တော့မှ ထွက်ခွင့်ရမှာ မဟုတ်တော့ဘူး"
စက်ရုံ၏တံခါးကို ကြည့်ရင်း ကုန်းဝူ၏ အပြုံးက ပို၍ ဆိုးရွားလာသည်။
ဘန်း!
ကုန်းဝူ ကြည့်နေဆဲမှာပင် တံခါးထံမှ ကျယ်လောင်သော ပွတ်တိုက်သံ ထွက်ပေါလာပြီးနောက် တံခါး ပြုတ်ထွက်သွားသည်။
ဘန်း!
လေးလံသော တံခါး ပြုတ်ကျသွားသည်ကြောင့် ဖုန်းတထောင်းထောင်း ထသွားသည်။ ဖုန်ထုကြီး ကွယ်ပျောက်သွားသည်နှင့် လူငါးယောက် ထွက်ပေါ်လာသည်။
သူတို့ကတော့ ယဲ့ဖန်၊ ဝံပုလွေရိုင်းနှင့် သူ၏နောက်လိုက်များ ဖြစ်သည်။ ယဲ့ဖန်၏ ရှစ်ခေါက်ချိုးမျက်နှာကို ကြည့်ရင်း ကုန်းဝူ မျက်နှာထားက ပို၍ ခက်ထန်လာကာ ဒေါသတကြီး အံကြိတ်၍ ပြောလိုက်သည်။
"ဟီးဟီး … မင်း ဒီလောက် ဖြောင့်မတ်ပြီး ဒီကို လာအသေခံရဲမယ်လို့ ငါ မထင်ထားဘူး"
ကုန်းဝူ၏ ရက်စက်သောမျက်လုံးများက တောက်ပနေကာ ထပ်ပြောလိုက်သည်။
"အရင်တစ်ခေါက်က မင်းရှေ့ ငါ ဒူးထောက်အောင်လို့ မင်း လှည့်စားခဲ့တယ်။ အဲ့ဒါ ငါ့ဘဝတစ်ခုလုံးအတွက် အရှက်ရစရာကိစ္စပဲကွ။ ပြီးတော့ ကုန်းမိသားစုရဲ့ အကြီးအကျယ် အရှက်ခဲ့ခြင်းပဲ။ ယဲ့ဖန် မင်း အဲ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်"
ကုန်းဝူက အလွန် နာကျည်းမုန်းတီးစွာ ပြောနေသော်လည်း ယဲ့ဖန်က အဖတ်ကို မလုပ်ပေ။ သွေးတွေနှင့် ပေကျံနေသော ဖေးချမ်ကိုသာ စိုက်ကြည့်ရင်း သူ ဖြည်းဖြည်းချင်း အားပြင်းသော ချီဓာတ်ကို ထုတ်လွှင့်လိုက်သည်။
ဖေးချမ်သည် သွေးတစက်စက်ကျနေကာ အဝတ်အစားတွေလည်း စုတ်ပြဲနေသည်။ ကြာပွတ်ရာများမှတစ်ဆင့် သူ့အရိုးတွေကိုတောင် မြင်နေရသည်။ အရေပြားတစ်ခုလုံး စုတ်ပြဲနေကာ သွေးများ တစက်စက်ကျနေသည့် သူ့ပုံစံက သနားစဖွယ် အတိပင်။
"ဖန်…"
သူ့ဆီ လျှောက်လာနေသော ယဲ့ဖန်ကို ကြည့်ရင်း တစ်ချက်ကလေးမှ အသံမထွက်ခဲ့သော ဖေးချမ် မျက်ရည်ကျလာသည်။ ဖေးချမ် အပြစ်မကင်းသလို ခံစားနေရသည်။ သူသာ အဖမ်းမခံရလျင် ယဲ့ဖန်လည်း ဒီကို အသက်စွန့်ပြီး လာစရာ လိုမည်မဟုတ်။
"၁၀၁ ချက်"
ယဲ့ဖန် အသံက အေးစက်လွန်းလှသည်။ စူးရှသောမျက်လုံးများဖြင့် ယဲ့ဖန် ကုန်းဝူကို စိုက်ကြည့်လိုက်သည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ မင်းက ဖေးချမ်ကို ၁၀၁ ချက် ရိုက်ထားတာဆိုတော့ ငါ မင်းကို အပိုင်းအစ ၁၀၁စအထိ ဆွဲဖြဲပစ်မယ်"
*ဘာရယ်*
*၁၀၁ စ*
ကုန်းဝူ ငေးငိုင်သွားပြီးမှ အားရပါးရ အော်ရယ်လိုက်သည်။ ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား အော်ရယ်နေသည်။
"ဟားဟား… ငါ ဘာတွေကြားလိုက်တာလဲ? ဒီသုံးစားမရတဲ့ကောင်က ငါ့ကို သတ်ချင်တယ်? သူက ငါ့ကို အပိုင်းအစ ၁၀၁စ အထိ ဖြစ်အောင် ဆွဲဖြဲချင်နေသေးတယ်! မင်း ငါ့ကို အူတက်သေအောင် လုပ်နေတာလား"
ယဲ့ဖန် ဒီလောက် အရှက်မရှိ ပေါ်တင် ပြောရဲလိမ့်မည်ဟု ကုန်းဝူ မထင်ထားခဲ့ပေ။ သူက ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား… သုံးစားမရတဲ့ကောင်… မင်း ငါ့ကို စိတ်ညှို့ပြီး သတ်နိုင်မယ် ထင်နေတာလား? အိပ်မက်မက်နေလိုက်"
ကုန်းဝူ စကားပြောပြီးနောက် လက်ခြောက်ချောင်းမြွေက ကုန်းဝူရှေ့ တောင်တစ်လုံးသဖွယ် ရပ်နေလိုက်သည်။
"သတိထား … ဖန် … လက်ခြောက်ချောင်းမြွေက ကျားခေါင်းအဖွဲ့ကို သတ်လိုက်တဲ့ တရားခံပဲ"
ဖေးချမ် ယဲ့ဖန်ကို ခပ်သွက်သွက် သတိပေးလိုက်သည်။ ကျားခေါင်းအဖွဲ့အကြောင်း ယဲ့ဖန် မသိသော်လည်း ဝံပုလွေရိုင်းနှင့် သူ့လူသုံးယောက်ကတော့ သိနေတာကြောင့် မျက်နှာပျက်သွားသည်။
မြေအောက်လောကသား ဖြစ်သည့် ဝံပုလွေရိုင်းအဖို့ ကျားခေါင်းအဖွဲ့၏ အင်အားကို ကောင်းကောင်းသိသည်။ သို့သော်လည်း တစ်ဖွဲ့လုံး အသတ်ခံလိုက်ရတာကြောင့် လူသတ်သမား၏ ခွန်အားက ကြောက်ဖို့ကောင်းလှသည်။
တစ်ဖွဲ့လုံးကို သတ်လိုက်သည့်သူက ဒီပိန်ချုံးချည့်နဲ့နေသော လူငယ်လေး ဖြစ်နေလိမ့်မည်ဟု ဝံပုလွေရိုင်း မထင်ထားခဲ့ပါ။
"ဟီးဟီး ... ငါးယောက်! တကယ် ငါးယောက်ပဲ"
ထိုစဉ် လက်ခြောက်ချောင်းမြွေက ရက်စက်စွာ ပြုံးလိုက်သဖြင့် သူ၏ ဝါကျင့်ကျင့်နှင့် ထက်ရှနေသော သွားများ ထွက်ပေါ်လာသည်။
လက်ခြောက်ချောင်းမြွေက ယဲ့ဖန်ကို စိုက်ကြည့်နေသောကြောင့် ဝံပုလွေရိုင်းနှင့် တစ်ခြားလူများက သူ၏ သားကောင်သဖွယ် ခံစားလိုက်ရသည်။
"မင်းကို သတ်ပြီးသွားရင် ငါ လူသတ်တာ အယောက် ၁၀၀ ပြည့်ပြီ။ ဟားဟား…"
သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် သူ့လူသုံးယောက် မျက်နှာ ဖြူရော်သွားသည်။ ထိုအခါမှ ကုန်းဝူက ယဲ့ဖန်ကို ဘာလို့ လူ၄ယောက်ပဲ ခေါ်လာခိုင်းသလဲဆိုတာကို နားလည်လိုက်သည်။
သူက လက်ခြောက်ချောင်းမြွေ လူသတ်တာ အယောက် ၁၀၀ ဖြစ်အောင် လုပ်ပေးချင်၍ ဖြစ်သည်။
"ဟီးဟီး…ယဲ့ဖန် မင်းတော့ သေပြီသာမှတ်"
ကုန်းဝူ အားရကျေနပ်နေသည်။ လူတွေ၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ရတာကို သဘောကျသည်မို့ လူသတ်တာကို သဘောကျသည်။
"ဒီတစ်ခါတော့ ကုန်းမိသားစုကို စိတ်အနှောင့်အယှက်ပေးရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်း သိလာလိမ့်မယ်။ မင်းနဲ့ လင်းလန်ရဲ့ ကောလဟာလ သတင်းကြောင့် ငါ့အစ်ကိုကြီး ကုန်းယွင်ဖေးက ဒေါသထွက်နေပြီ … ဆိုတော့ကာ မင်း သွားသေလိုက်တော့"
ထိုသို့ ပြောပြီး ကုန်းဝူက လက်ဝှေ့ယမ်းလိုက်သည်။ လက်ခြောက်ချောင်းမြွေက ယဲ့ဖန်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားသည်။
သူ ယဲ့ဖန်ရှေ့ မရောက်ခင် အရိပ်တစ်ခုက သူ့ကို ဟန့်တားလိုက်သည်။ ထိုသူက ဝံပုလွေရိုင်းပင် ဖြစ်သည်။
"ငါ့သခင်ကြီးကို သတ်ချင်ရင် ငါ့ကို အရင်ရင်ဆိုင်ပြီးမှ ရမယ်"
ဝံပုလွေရိုင်း၏ မျက်လုံးတွင် ပြင်းပြသော ရည်ရွယ်ချက်များ ပါဝင်နေကာ ကျားခေါင်းတစ်ဖွဲ့လုံးကို သတ်ခဲ့သော လက်ခြောက်ချောင်းမြွေကို ရင်ဆိုင်လိုက်သည်။
သို့သော် ဝံပုလွေရိုင်းကို ကြည့်ပြီး လက်ခြောက်ချောင်းမြွေက ခေါင်းခါလိုက်သည်။
"မင်းက အားနည်းလွန်းတယ်။ မင်းကို ငါ တစ်ချက်တည်းနဲ့ သတ်လိုက်လို့ရတယ်"
*ဘာ*
လက်ခြောက်ချောင်းမြွေက သူ့ကို အထင်သေးနေမည်ဟု သူ မထင်ထားသဖြင့် ဝံပုလွေရိုင်း မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
အရိုးသားဆုံးပြောရလျင် သူက ကျန်းရှီမြို့မြောက်ဘက်ခြမ်း၏ နံပါတ်တစ် ဖြစ်ခဲ့သည်။ သူ့ဆရာ ဦးလေးကျုံးနှင့် ယဲ့ဖန်မှလွဲ၍ သူ့ကို ယှဉ်နိုင်သည့်သူ မရှိပေ။
ဒါကို လက်ခြောက်ချောင်းမြွေက သူ့ကို တစ်ချက်တည်းနှင့် သတ်လိုက်လို့ ရသည်ဟု ပြောလိုက်သောကြောင့် သူ အရှက်ကွဲသလို ခံစားလိုက်ရသည်။
သူ သတိလက်လွတ်ဖြစ်သွားသည့်အခိုက်တွင် လက်ခြောက်ချောင်းမြွေက သူ့ရင်ဘတ်ကို တစ်ချက်ထိုးလိုက်သည်။
*မဖြစ်ရဘူး*
ဝံပုလွေရိုင်း သတိဝီရိယ ရှိနေသည့်အခိုက်မှာပင် လက်ခြောက်ချောင်း၏ လှုပ်ရှားမှုက ဒီလောက် မြန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
တဖျစ်ဖျစ်မြည်သံနှင့်အတူ ဝံပုလွေရိုင်း၏ ရင်ဘက်မှ အသားစတစ်စ ပဲ့ပါသွားလေသည်။ လက်ခြောက်ချောင်း၏ လက်သည်း ဘလိတ်ဓားသဖွယ် ချွန်ထက်နေသည်။
*သေစမ်း*
ဝံပုလွေရိုင်း မျက်နှာပျက်သွားသည်။ သို့သော် လက်ခြောက်ချောင်းမြွေက ပြုံး၍ ထိုသွေးသံရဲရဲနှင့်အသားစကို ပါးစပ်ထဲ ထည့်လိုက်သည်။ အနည်းငယ် ဝါးစားလိုက်သည်နှင့် လက်ခြောက်ချောင်းမြွေ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။
"အရသာ ရှိသားပဲ။ ငါ ဒီလောက် အရသာရှိတဲ့ အသားမျိုး မစားရတာ ကြာပြီ"
လက်ခြောက်ချောင်းမြွေက ဝံပုလွေရိုင်းအား လောဘတကြီး ကြည့်ကာ
"ဟီးဟီး… မင်းက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ကဲ..အခု မင်းအသက်ကို ဒီမှာ ထားခဲ့လိုက်တော့"
ထိုသို့ ပြောပြီးသည်နှင့် လက်ခြောက်ချောင်းမြွေက ဝံပုလွေရိုင်းထံ ခုန်ဝင်လာသည်။
*အရမ်း မြန်လွန်းတယ်*
*အရမ်း မြန်လွန်းတယ်*
*အရမ်း မြန်လွန်းတယ်*
ဝံပုလွေရိုင်း၏ မျက်လုံးထဲတွင် လက်ခြောက်ချောင်းမြွေသည် အလင်းကဲ့သို့ ရွေ့လျားနေပြီး မျက်လုံးနှင့် လိုက်ကြည့်တာတောင် သေချာမမြင်ရပေ။
လေတိုးသံနှင့်အတူ လက်ခြောက်ချောင်းမြွေက သူ့ရှေ့ တစ်ဖန် ပြန်ပေါ်လာသည်။ ဝံပုလွေရိုင်း၏ မျက်နှာ ဖြူရော်သွားသည်။
*ငါတော့ သေပြီ*
ဝံပုလွေရိုင်းက သူ သေရတော့မည်ကို သိလိုက်သည်။
*လက်ခြောက်ချောင်းမြွေက တကယ့်ကို သရဲတစ္ဆေလိုပဲ*
ဝံပုလွေရိုင်း၏ ကူရာမဲ့နေသော မျက်လုံးရှေ့တွင် လက်ခြောက်ချောင်းမြွေ၏ ချွန်မြနေသော လက်သည်းက တစ်ဖန် ပြန်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ နတ်ဆိုးအသံကို ဝံပုလွေရိုင်း ကြားလိုက်ရသည်။
"ဟီးဟီး မင်းက ၉၆ယောက်မြောက်ပဲ…သေပေတော့"
လက်ခြောက်ချောင်းမြွေ၏ အသံက မကောင်းဆိုးဝါးလိုပင်။ သူ၏ ချွန်မြနေသောလက်သည်းက ဝံပုလွေရိုင်း၏ လည်ပင်းနှင့် မီလီမီတာ အနည်းငယ်လောက်သာ ခြားတော့သည့်အချိန်၌ လက်ကြီး တစ်ဘက်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။
ထို့နောက် အားလုံး ဖျောက်ခနဲ မြည်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။