← Chapters

နောက်ဆုံးသော ပြင်ဆင်မှုများ အပိုင်း(၁)

Vol. 86 Ch. 1192

နောက်ဆုံးသော ပြင်ဆင်မှုများ အပိုင်း(၁)

Vol. 86 Ch. 1192

အားလုံးက အဖြစ်အပျက်ကို စဉ်းစားနေကြစဉ် ဝမ်ဝေ့က သူ့ပွဲအခမ်းအနာကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ အများစုက တက်လှမ်းကြတော့မှာဆိုတော့ ဒိုင်မေးရှင်းအမြင့်ရဲ့ အခြေအနေက သိပ်မအေးချမ်းဘူးဆိုတာကိုလည်း သိကြမှာပါ”

လူအများစုက ထိုအကြောင်းကို သိထားကြ၍ ခေါင်းညိတ်လိုက်ကြသည်။ သို့သော် တချို့သော လူများက ထိုသို့သောအရာမျိုးကို မကြားဖူးကြ၍ စိတ်ရှုပ်နေကြ၏။

ကွဲပြားသည့် တုံ့ပြန်မှုအမျိုးမျိုး ရှိနေကြသော်လည်း ကျင့်ကြံသူများက ဧကရာဇ်သည် အဘယ်ကြောင့် ထိုအကြောင်းအရာကို ထုတ်ပြောလဲ သိချင်နေကြသည်။ သို့သော်လည်း တချို့သော လူများက သူ လုပ်တော့မည့်အရာကို မှန်းဆမိလိုက်၍ ဆွံ့အသွားကြ၏။

“ငါက ကြင်နာတတ်တဲ့လူဆိုတော့ မင်းတို့တွေ အသားကျသွားအောင် ဒိုင်မေးရှင်းအမြင့်ရဲ့ သတင်းအချက်အလက်တချို့ကို ရောင်းဖို့ ဆုံးဖြတ်ထားတယ်” သူက လက်ဖျောက်တီးလိုက်ပြီး စာလုံးများ ရေးသားထားသည့် ပိတ်ကားချပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

[အခြေခံ သတင်း - ဒီသတင်းအချက်အလက်က ဒိုင်မေးရှင်းအမြင့်ရဲ့ လက်ရှိအခြေခံအကျဆုံး အခြေအနေပဲ။ အခြေခံဆိုပေမဲ့ ဒီလိုသတင်းအချက်အလက်မျိုးကိုတောင် သေချာသိမ်းဆည်းထားပြီး ရဖို့ တန်ကြေးတစ်ခု လိုအပ်နေတုန်းပဲ။ တန်ကြေး= … ]

[ အဆင့်မြင့် သတင်း - အခြေအနေအကြောင်း သေချာထဲထဲဝင်ဝင် ပြောပြထားပြီးတော့ ပါဝင်နေတဲ့ အင်အားစုတွေအကြောင်း အပါအဝင် တက်လှမ်းပြီးတဲ့နောက်မှာ ဘေးကင်းလုံခြုံဖို့ရာ အကောင်းဆုံးနည်းလမ်းအထိ အကြံပြုချက်တွေ ပါဝင်တယ်။ တန်ကြေး = … ]

[ အကြွင်းမဲ့ သတင်း - ဒီထဲမှာတော့ ပဋိပက္ခအရှုပ်အထွေးအကြောင်း ကောင်းကောင်းနားလည်စေဖို့ သမိုင်းကြောင်းပါ ပါတယ်။ အဖွဲ့တွေက ဖျက်ဆီးခံရပြီး သမိုင်းကြောင်းကိုတောင် အသစ်ပြန်ရေးထားကြတာဆိုတော့ လျော့တွက်လို့ မရဘူး။ ပိုအရေးကြီးတာက ဒီထုတ်ဝေမှုမှာ ပါဝင်သူအားလုံးအပေါ် သုံးသပ်ချက်တွေလည်း ပါတယ်။ သတိပေးချက် - အဲဒီကောက်ချက်ချမှုတွေက ၁၀၀ ရာခိုင်နှုန်း မတိကျဘူး။ စံပြအဆင့် ပုဂ္ဂိုလ်တွေလည်း ပါဝင်ပတ်သက်နေလို့ပဲ။ ငါ့သတင်းဇစ်မြစ်ကလည်း ကန့်သတ်ချက်ရှိတယ်။ တန်ကြေး =  …. ]

အားလုံးက ခေါင်းခြောက်စေနိုင်သည့် စကားများ ပါဝင်နေသော ပိတ်ကားချပ်ကို ကြည့်လိုက်ကြသည်။

“ ငါ့ကို အဲလိုမကြည့်ကြနဲ့” ဝမ်ဝေ့က ပခုံးတွန့်ကာ ပြောလိုက်သည်။

“ ဒီပွဲအခမ်းအနားက ဘယ်လောက်တန်ကြေးကြီးလဲဆိုတာ သိကြတာပဲ။ ငါ့အနေနဲ့ တစ်နည်းနည်းနဲ့ ပြန်ဖြည့်တင်းဖို့ လိုတယ်လေ”

ယုယန်က စကားဖြင့် မဖော်ပြနိုင်လောက်အောင် မျက်နှာပူနေမိသည်။ ထို့ကြောင့် သူမခင်ပွန်းထံ အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်၏။

“ကျွန်မတို့တွေ သူ့ကို မှန်မှန်ကန်ကန် ပျိုးထောင်ခဲ့တယ်မလား။ သူ့ဆီ ဘာမှမလိုအပ်ခဲ့ပါဘူး။ ဒါနဲ့များ ဘာကြောင့်လဲ ”

“ ဒီကိစ္စက သူ့အရင်ဘဝကတည်းက အကျင့်ဆိုတော့ ကိုယ်တို့ကို အပြစ်တင်လို့မရဘူး” ဝမ်ထျန်းက သူမအား ဖျောင်းဖျလိုက်သည်။

“ပြီးတော့ သူ့စီးပွားရေးအမြင်ကို ကိုယ်တို့တွေ သူ့ဆီကနေ သင်ယူရမယ် ”

“သူ့ဆီကနေ ဘယ်လိုများ သင်ယူရမှာတုန်း”

“ လက်မှတ်ထိုးထားတဲ့ ဓားတွေကို ရောင်းရင်ရော ဘယ်လိုလဲ” ဝမ်ထျန်းက စက္ကန့်ပိုင်းကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဘယ်သူက ဝယ်မှာလဲ”

“လူအများကြီးပေါ့ … အထူးသဖြင့် အဲဒီလက်မှတ်ထဲမှာ ကိုယ့်ဓားဆန္ဒ နည်းနည်းနဲ့ နားလည်မှု ပါဝင်နေတဲ့အခါမျိုးပေါ့”

ယုယန်က သူ့ကို ကြည့်လိုက်သည်။

“ရှင့်ဆီမှာ အဲလိုဘက်အခြမ်း ရှိလိမ့်မယ်လို့ မသိခဲ့မိဘူး”

“ဘယ်လိုပြောရမလဲ။ ဝေ့အာနဲ့ အနေနီးသွားတာကိုး” သူတို့က လက်ရှိကို အာရုံမစိုက်ခင် ရယ်လိုက်ကြသည်။

“နောက်တစ်ခုက …” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ ဒိုင်မေးရှင်းအမြင့်မှာ သူတို့မျိုးနွယ်က သူတို့ကို အခြေအနေပေးသိနိုင်လို့ ဒီသတင်းအချက်အလက်ကို မလိုအပ်ဘူးလို့ ထင်တဲ့လူတွေအတွက် … မင်းတို့တွေ အတော်လေး တုန်လှုပ်သွားကြရလိမ့်မယ်။ အဲဒီအင်အားစုအများစုက သူတို့နယ်နမိတ်ကို ပိတ်ဆို့ပြီး စည်းချထားကြတာ။ မင်းတို့ ဆက်သွယ်လို့ရရင်တော့ ကံကောင်းတာပေါ့ … သူတို့ဘက်က ပြန်တုံ့ပြန်ပါ့မလားတော့ မပြောတတ်ဘူး”

“ ဘယ်လို … အရှင်က နောက်နေတာမလား ”

“ ကျုပ်တို့တွေ မေးခွန်းထုတ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒါက ယုံဖို့ခက်တယ်”

“မင်းတို့တွေ ဘယ်လိုခံစားနေရမယ်ဆိုတာ နားလည်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဒါပေမဲ့ လက်ရှိအခြေအနေက လတ်တလောလေးမှ ဖြစ်လာတဲ့အရာ မဟုတ်ဘူး။ မဟုတ်သေးဘူး ဒီလိုဖြစ်နေတာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ လတ်တလောလေးမှ ကိစ္စတွေက ပေါက်ကွဲထွက်ကုန်ပြီး ဒိုင်မေးရှင်းအမြင့်မှာ ခေတ်သစ်စတင်တော့မှာ … ”

ထိုလူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ခေတ်ကာလအပြောင်းအလဲက သွေး၊ ဖရိုဖရဲဖြစ်မှုနှင့် စစ်ပွဲတို့ပါ လိုက်ပါလာလေ့ရှိသည်။ နမူနာကောင်းက လက်ရှိ ကောင်းကင်ဧကရာဇ် ခေတ်ကာလ ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက စစ်ပွဲဖြင့် လွှမ်းခြုံသွားပြီး လူများစွာ သေကြေပျက်စီးခဲ့ရသည်။ ယခု ဒိုင်မေးရှင်းအမြင့်တွင်လည်း တူညီသည့်အရာ ဖြစ်နေပြီဖြစ်ရာ ထိုလူများက အကြောက်တရားကို စိတ်ကူးမကြည့်ဘဲ မနေနိုင်တော့ပေ။ အထူးသဖြင့် အရှင်ချန်းထုံဆီမှ ဟောပြောပို့ချချက်ကို နားထောင်ပြီးသည့်နောက်တွင် ဖြစ်၏။ သူတို့က ရွေးချယ်စရာမရှိဘဲ သူတို့ရှေ့တွင် ရှိနေသည့် ပိတ်ကားချပ်ကို ကြည့်လိုက်ကြသည်။

“အရှင် ကျုပ်တို့က ကုသိုလ်သုံးပြီး မပေးရင် တန်ကြေးက ဘာလို့ သုံးဆမြင့်သွားတာလဲ” တစ်ယောက်က မေးလိုက်သည်။ ဤခေတ်ကာလတွင် ကုသိုလ်က ပုံမှန်ဖြစ်လာပြီး အလဲအလှယ်အတွက် အသုံးပြုလေ့ရှိသည်။ အိပ်မက်လောကက အလဲအလှယ်များအတွက် တန်ကြေးနှင့် ဖြစ်စဉ်ကို အာမခံပေးနိုင်သည်။

“မင်းတို့ ဘယ်လိုထင်လဲ” ဝမ်ဝေ့က ပြန်မေးလိုက်သည်။ ထိုအမျိုးသားက စီးပွားရေး ဘယ်လိုမလုပ်ရမှန်း မသိသလို ပြုမူနေသည့်အတွက် အားလုံးက ဆွံ့အသွားကြသည်။ ပွဲအခမ်းအနား၏ ကြီးကျယ်ခမ်းနားမှုနှင့် ရက်ရောမှုတို့ကြောင့် သူတို့သည် ထိုလူက အရှက်မဲ့စွာ စီးပွားရေးလုပ်တတ်သည့် အထွတ်အထိပ်ဧကရာဇ် ဖြစ်ကြောင်း မေ့သွားကြ၏။

လူများစွာက သတင်းကို မဝယ်ခင် သက်ပြင်းချလိုက်ကြသည်။ အများစုက အခြေခံကိုသာ ဝယ်ယူကြလေ၏။ မသေမျိုးအများစုက မတက်လှမ်းကြသေးဘဲ အခြေအနေက သူတို့မျိုးနွယ်အပေါ် သက်ရောက်မှုရှိနေလားဟုသာ သိချင်နေကြသည်။ ဉာဏ်ကောင်းသူ တချို့က အံ့ကြိတ်ကာ အဆင့်မြင့် သတင်းကို ဝယ်ယူကြသည်။ ရှုရှစ်နှင့် အောင်းရှန်တို့လို ဝမ်ဝေ့၏ ကောက်ချက်ချမှုအကြောင်း အရေပါပုံကို သိထားကြသူများက အကြွင်းမဲ့ သတင်းကို ဝယ်ယူကြသည်။

ထို့နောက် အခန်းထဲ သတ်ဖြတ်ငွေ့တို့က လျှပ်တစ်ပြက် ပေါ်ထွက်လာပြီးနောက် ပျောက်ကွယ်သွားလေ၏။ ထိုလူများက လူခုနှစ်ယောက်သည် သူတို့ကျင့်ကြံရေးလမ်းစဉ်ကို ပိတ်ဆို့ထားကြောင်း သိလိုက်ရသည်။ သတင်းအရ သူတို့သည် ကံကောင်းထောက်မ၍ ကောင်းကင်ဘုံအဆင့် ဖြစ်လာလျှင်ပင် စံပြအဆင့်ကမူ ဖြတ်တောက်ခံထားရ၏။

“အရှင် ဒါက အဓိပ္ပါယ်မရှိဘူး။ လူခုနှစ်ယောက်တည်းက ဒိုင်မေးရှင်းအမြင့်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ။ ကျုပ်တို့ဘိုးဘေးတွေကရော … ဘယ်သူမှ စံပြ ဖြစ်မလာကြဘူးလား ”

“ မင်းတို့က အခြေခံအကျဆုံး သတင်းကို ဝယ်ထားမှတော့ အမှန်တရားကို သိဖို့ မဖြစ်နိုင်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ မေးခွန်းကို မေးလိုက်သည့်လူက မျက်နှာပူသွားကာ အံ့ကြိတ်လျက် အကြွင်းမဲ့သတင်းကို ဝယ်ယူလိုက်တော့သည်။ လူများစွာက သူ့အတိုင်း လိုက်လုပ်ကြပြီး အဆင့်မြင့် သတင်း သို့မဟုတ် အကြွင်းမဲ့သတင်းကို ဝယ်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ တုံးအသည့် ဆုံးဖြတ်ချက်ကြောင့် ၂ မျိုးဝယ်ယူလိုက်ရ၍  ၂ခါ ကုန်ကျသွားသည်။

“အဲလိုမှပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ကာ အားလုံးက အနည်းဆုံး တစ်မျိုးတော့ ဝယ်ယူထားကြကြောင်း သိလိုက်ရသည်။ ရှီရှန်းယန်လို လူမျိုးက စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ထိုလူက အကြွင်းမဲ့သတင်းကို ဝယ်ယူဖို့ တုံ့ဆိုင်းမနေပေ။ သူက လက်ဝေ့ကာ ကုသိုလ်နှင့် တန်ကြေးအဖြစ် ပေးချေထားသည့် ဧကရာဇ်အသုံးအဆောင်များကို သိမ်းဆည်းလိုက်သည်။

“ဒီနေ့တော့ ဒီလောက်ပဲ”   ဝမ်ဝေ့က ကြေညာလိုက်သည်။

“ ဒိုင်မေးရှင်းအမြင့်မှာ ပြန်တွေ့ကြတာပေါ့။ မင်းတို့တွေ အဲဒီအချိန်အထိ အသက်ရှင်နေဖို့ မျှော်လင့်ပါတယ်။ ပိုအရေးကြီးတာက သမိုင်းကြောင်းမှာ မှန်ကန်တဲ့ ဘက်ကို ရွေးချယ်နိုင်ကြပါစေ …  ” ထိုကျင့်ကြံသူများက အထွတ်အထိပ် ဧကရာဇ်သည် မည်သည့်ဘက်ကို ရွေးချယ်ထားကြောင်း ချက်ချင်း နားလည်လိုက်ကြ၍ ကြက်သီးထသွားကြသည်။

“အရှင် ကျုပ်တို့ အတူတကွ လက်တွဲလုပ်ဖို့ အခွင့်အရေးများ ရှိဦးမလား”

“ဟမ် မင်းတို့တွေ  ငါကို အတော်ငြီးငွေ့နေပြီထင်နေတာ”

ထိုမေးခွန်းကို မေးလိုက်သည့် အမျိုးသမီး ဧကရာဇ်က ရယ်မောကာ  “ အရှင်က  ထူးခြားတယ်ဆိုပေမဲ့ အားလုံး အကျိုးရအောင် အမြဲတမ်း စည်းကမ်းအတိုင်း လိုက်နာတယ်လေ။ အာဏာကိုလည်း ဘယ်တော့မှ အလွဲသုံးစား မလုပ်ဘူး။ အများစုက တော်လှန်ရေးလား ဘာလား အဲဒါထက်တော့ အရှင့်အပေါ် ယုံကြည်ကြမယ်လို့ ထင်တယ် ”

“ငါက ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး” ဝမ်ဝေ့၏ ကိုယ့်ဘာသာ ချီးကျူးစိတ်က နိုးကြားလာသည်။ သူက ထိုအမျိုးသမီးကို ကြည့်ကာ သူမက မည်မျှရည်မှန်းချက်ကြီးကြောင်း တွေးလိုက်မိ၏။

“ ငါက နောက်အဆင့် မရောက်မချင်း မတက်လှမ်းသေးဘူးဆိုတာကိုတော့ ပြောလိုက်မယ်။ အဲဆိုတော့ အချိန်တချို့ကြာလိမ့်မယ်။ မင်းတို့စိတ်ကို ပြောင်းဖို့ အချိန်ရပါသေးတယ်။ ငါ တက်လှမ်းလာပြီးမှ ဒီစကားဝိုင်းကို ဆက်ကြတာပေါ့”

“ ကျွန်မ သိပါပြီ။ အရှင် ကျွန်မတို့ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ ဝိဇ္ဇာသွမ့်ယုနဲ့ ရှီရှန်းယန်ကလွဲရင် အားလုံး ထွက်သွားလို့ရပါပြီ” အားလုံးက ထိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် အလျှင်အမြန် ဆုတ်ခွာသွားကြသည်။ ယနေ့ ပွဲအခမ်းအနားက အကျိုးဆက်များစွာရှိ၍ သူတို့အနေနှင့် နားလည်အောင်လုပ်ရင်း အနာဂတ်အတွက် ပြင်ဆင်ဖို့ရာ လိုအပ်နေသည်။

“အရှင့်ကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဝိဇ္ဇာသွမ့်ယုက ဦးညွှတ်လိုက်သည်။

“မလိုပါဘူး … ခင်ဗျားနဲ့ ထိုက်တန်ပါတယ်” ဝမ်ဝေ့က သူတို့စကားဝိုင်းမှ အသံကို အပြင်ဘက်နှင့် ခွဲထုတ်လိုက်ပြီး မေးလိုက်သည်။

“ ပြန်လည်ဝင်စားပြီး ကျင့်ကြံဖို့ ပြင်နေတာလား ”

“ဟုတ်ပါတယ်”

“ တာအို သက်သေပြဖို့ နောက်ထပ်နည်းလမ်းတစ်ခုကို တွေးမိလား”

“ကုသိုလ်အကြောင်း ပြောတာလား”

“မဟုတ်ဘူး .. သေမျိုးတစ်ယောက်အနေနဲ့  ထာဝရဧကရာဇ်တစ်ယောက်နဲ့ ယှဉ်နိုင်တဲ့အထိ သေမျိုး အနုပညာ၊ အတတ်ပညာရပ်တွေကို နားလည်အောင်လုပ်ဖို့ ပြောတာ”

“အဲဒါက ဖြစ်နိုင်ပါရဲ့လား”

“ခင်ဗျား အကြိမ်ရေတချို့တော့ ပြန်လည်ဝင်စားဖို့ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ အောင်မြင်သွားတာနဲ့ ကောင်းကင်တာအိုက ခင်ဗျားအတွက် ကောင်းကင်အလိုဆန္ဒကို ချပေးလာမှာပဲ။ အဲဒီအခါက လမ်းစဉ်အသစ်ကို ဖန်တီးတဲ့ ထူးကဲတဲ့ ဧကရာဇ်တစ်ယောက် ဖြစ်လာလိမ့်မယ် ”

“ ကျုပ် အဲဒီအကြောင်းကို တစ်ခါမှ မတွေးခဲ့မိဘူး” သွမ့်ယုက အကြည့်များ တောက်ပလာသည်။

“ဒီလမ်းစဉ်က ကျုပ်အတွက် အသင့်တော်ဆုံးပဲ”

သွမ့်ယုက သေမျိုးများသည် ကျင့်ကြံသူများထက် နိမ့်ကျသည်ဟု ဘယ်သောအခါမှ မယုံပေ။ ထို့ကြောင့် သူ့အောင်မြင်မှုနှင့် စွမ်းအားကို ဤမျိုးဆက်အတွင်း ကျင့်ကြံနိုင်ဖို့ အခွင့်အရေးရအောင် အသုံးမပြုခဲ့ပေ။ သူက သေမျိုးတစ်ယောက်အနေနှင့် ဤဘဝ၌ ကြီးကျယ်သော အောင်မြင်မှုများ ရရှိပြီးမှသာ နောက်ဘဝ၌ ကျင့်ကြံသူအဖြစ် နေလိုသည်။

“သေချာပြီလား။ ဒီလမ်းစဉ်က မလွယ်ဘူး” ဝမ်ဝေ့က ထိုလူကို ဖျောင်းဖျဖို့ လိုအပ်မည်  မဟုတ်၍ စိတ်အေးသွားသည်။ သို့သော် သူ့ကို ဤသည်မှာ အောင်မြင်ဖို့ လွယ်ကူသည့် လမ်းစဉ် မဟုတ်ကြောင်း သတိပေးလို၏။

“ကျုပ် နားလည်ထားပြီးတော့ လိုလားပါတယ် ”

“ကောင်းပြီ။ ခင်ဗျားကို အတိတ်ဘဝရဲ့ မှတ်ဉာဏ်နဲ့ မွေးဖွားလာအောင် ကောင်းချီးနဲ့ သေမျိုးအဖြစ် အမြဲတမ်း မွေးဖွားလာအောင် ကျိန်စာ ပေးလိုက်မယ်။ တစ်ယောက်ယောက်က ခင်ဗျားကို အတင်းကြပ် ဖိအားပေး ကျင့်ကြံခိုင်းတာမျိုး ဒါမှမဟုတ် ဆွဲဆောင်နိုင်တာ တစ်ခုခုပေါ်လာရင် ပျက်စီးသွားတာမျိုး မဖြစ်စေချင်ဘူး ”

“ကျုပ် နားလည်ပါတယ်” သွမ့်ယုက ဦးညွှတ်လိုက်၏။

ဝမ်ဝေ့က ထိုသူ့ခန္ဓာကိုယ်ထဲ အဖြူနှင့် အနက် အလင်းတန်းတစ်ခုကို ထုတ်လွှင့်လိုက်သည်။

“ ပြန်လည်မဝင်စားခင် မိသားစုနဲ့‌ တွေ့ချင်သေးလား”

“မလိုတော့ပါဘူး” သွမ့်ယုက သူသည် အိမ်ပြန်ပြီး ကိစ္စများကို ကိုင်တွယ်နိုင်ဦးမည်ဟု မထင်ထားပေ။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက်အဝေ့တွင် သံသရာမုခ်ပေါက် ပေါ်လာကာ သွမ့်ယုအား ဝါးမျိုသွားတော့သည်။

All Chapters