တက်လှမ်းပြီးသည့်နောက်
Vol. 86 Ch. 1194
ကမ္ဘာဦးဟွင်သွမ်း
မေတ္တယျနှင့် အန္တိမသဟဇာတတို့က တိုက်ခိုက်နေရင်း ကပ်ဘေးဖြစ်လောက်ဖွယ် လှိုင်းလုံးများကို ဖန်တီးနေသည်။ ကံကောင်းစွာဖြင့် သူတို့သည် သက်ရှိများ ကင်းဝေးရာနေရာ၌ တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ထိုနှစ်ဦးသားက တိုက်ပွဲကို အာရုံစိုက်ထားကြသည်။ သူတို့က လက်ရည်တူနေသည့်အတွက် မဆုတ်သာမတိုးသာ အခြေအနေဖြစ်နေတာ မည်မျှကြာမြင့်ကြောင်း ကောင်းကင်ဘုံသာ သိလိမ့်မည်။
ဝုန်း
မေတ္တယျက ဟာကွက်ကို ဖမ်းဆုပ်မိကာ အန္တိမသဟဇာတ၏ ရင်ဘတ်ကို ထိုးချလိုက်သည်။ သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို သက်တမ်းကြီးရင့်သွားပြီး အလင်းနှစ်ရာချီ လွင့်စင်သွားလေသည်။ အန္တိမသဟဇာတက သူ့ခန္ဓာကိုယ်ကို အေးစက်စက်ကြည့်ရင်းဖြင့် ပုံမှန်ပြန်ဖြစ်သွား၏။
“ရှင်က အားနည်းလာပြီ” မေတ္တယျက ပြောလိုက်သည်။
“အဲဒါက အဓိပ္ပာယ်တစ်ခုပဲ ရှိတယ်။ အဲဒီကောင်လေးက ဒိုင်မေးရှင်းအနိမ့်ကို အောင်အောင်မြင်မြင် အသက်ပြန်သွင်းပြီးတော့ အစစ်အမှန်ကောင်းကင်တာအိုကို ထိန်းချုပ်မှု ပိုပြီးရစေသွားတာပဲ”
အန္တိမသဟဇာတက ပြန်မဖြေသလို မျက်မှောင်ကြုတ်ခြင်းပင် မရှိပေ။
သူက အတော်လေးကို တည်ငြိမ်လွန်းနေတယ်…
မေတ္တယျက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
သူက ဘာလို့ မလှုပ်ရှားသေးတာတုန်း။ အခြေအနေက ငါ့ဘက်ကို အရေးသာနေပြီလေ။ သူ ဘာတွေများ စီစဉ်နေတာလဲ…
သူမ၏ အားကောင်းသည့် စိတ်ဖြင့် စက္ကန့်ပိုင်းနှင့်အမျှ ဖြစ်နိုင်ချေများစွာကို တွက်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲ အနာဂတ်မြောက်များစွာကို မြင်တွေ့လိုက်ရ၏။ သို့သော်လည်း သူမ လိုချင်သည့် အဖြေကို ရှာမတွေ့ခဲ့ပေ။
ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးလှုပ်ရှားမှုက ဒီကောင်လေးကို အသက်ရှင်အောင် ထားဖို့ပဲ။ ကိစ္စတွေက ဘယ်လောက်ပဲအခြေအနေဆိုးဆိုး သူ အသက်ရှင်နေသရွေ့ ကိစ္စတွေကို ပြောင်းလဲသွားနိုင်မဲ့ အခွင့်အရေးဆိုတာ ရှိတယ်…
သူမက သုံးသပ်လိုက်သည်။
မေတ္တယျက တစ်ဖက်လူဆီ ပြေးသွားကာ ဆက်လက် တိုက်ခိုက်လိုက်သည်။ သူမက သူ့အား ချောင်ပိတ်ကာ နောက်ဆုံးသော ဝှက်ဖဲကို ထုတ်ဖော်ဖို့ ဖိအားပေးလိုသည်။
……………………………………….
အသင်္ချေအင်ပါယာကမ္ဘာ
ဝမ်ဝေ့က သရဖူ၏ ကောင်းချီးကြောင့် ပြုံးဖြီးနေသည်။
ချန်းထုံရဲ့ ဟောပြောပို့ချမှုနဲ့ အကျိုးအမြတ်တွေအားလုံးနဲ့ဆိုရင် ငါက ကျင့်ကြံဆင့်မှာ ၇၀ ရာခိုင်နှုန်းကျော်ကနေ ၈၀ရာခိုင်နှုန်းအထိတောင် ရောက်သွားနိုင်တယ်…
သူက ဗောဓိသစ်ပင်ကို ဆင့်ခေါ်ကာ အခန်းအတွင်း စိုက်ပျိုးလိုက်၏။ ဝမ်ဝေ့က ထိုသစ်ပင်အောက်တွင် ကျင့်ကြံနေရင်း သက်ရောက်မှုကို ခံစားနေမိသည်။
သို့သော် ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။
သစ်ပင်က သူ့အား စိတ်ကို ကြည်လင်လာစေပြီး သူ၏ ဖန်တီးဉာဏ်ကို တိုးတက်လာစေသည်။ ထို့နောက် ဝမ်ဝေ့က တုကူကျင်း၏ ကမ္ဘာမှ ခိုးယူထားသည့် စည်းမျဉ်းသစ်ပင်ကို ဆင့်ခေါ်လိုက်၏။ ပထမဦးစွာ ထိုသစ်ပင်ထဲ အင်မော်တယ်အရင်းအမြစ်တချို့ ပေါင်းစည်းပြီး မြင့်မားသည့် အဆင့်အဖြစ် ပြောင်းလဲလိုက်သည်။
ရလဒ်က သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့၏။ သစ်ပင်က အင်မော်တယ်ချီ ကျင့်ကြံရေးကို တိုးမြှင့်ပေးနိုင်ရုံသာမကဘဲ လူများအား စည်းမျဉ်းကို ပိုမိုနားလည်လာစေသည်။ ဒုတိယအဆင့်ကမူ သူ့နှလုံးသားကို ထုတ်ကာ သစ်ပင်၏ ဗဟိုချက်ဖြင့် ပေါင်းစည်းပြီး အသက်ဓာတ်အမြောက်အများကို ရယူဖို့ ဖြစ်၏။ တတိယအဆင့်ကမူ သစ်ပင်၏ အမြစ်ကို မဟာတာအိုအရင်းအမြစ်ဆီ ဆက်နွယ်ပြီး မဟာတာအိုအရင်းအမြစ် သစ်ပင်အဖြစ် ပြောင်းလဲကာ ဂုဏ်သတ္တိတချို့ကို စုပ်ယူဖို့ ဖြစ်သည်။
ထိုဖြစ်စဉ်က ပြောသည်ထက် ပိုမိုခက်ခဲပေ၏။
ဝမ်ဝေ့က သူ့ကံကြမ္မာတာအိုကို အသုံးပြုကာ သစ်ပင်၏ အနှစ်သာရကို ပြောင်းလဲပေးခဲ့သည်။ ကံကောင်းစွာဖြင့် အင်မော်တယ်အရင်းအမြစ်ကလည်း များစွာ အကူအညီ ဖြစ်ခဲ့၏။ သို့သော် ထိုသို့ဆိုလျှင်ပင် သူက မအောင်မြင်သေးပေ။ ဖြစ်စဉ်က သူ တွက်ချက်ထားမှုအရပင် အတော်လေး ကြာမြင့်နေသည်။
အဆိုးဆုံးက ကျရှုံးနိုင်ခြေကို ခန့်မှန်းထားရတာပဲ…
သူက နောက်ဆုံးသော ရလဒ်ကို ကြည့်ရင်း ပြုံးလိုက်သည်။ သူက ကောင်းမွန်စွာ ပြင်ဆင်ထားသည့်အတွက် သူ့ခန္ဓာကိုယ်ကို သစ်ပင်ဖြင့် ဆက်နွယ်ကာ အချိန်တာအိုကို အသုံးပြုပြီး အတိတ်မှ သူ့ပြန်လည်တွေ့ကြုံမှုများကို ဆင့်ခေါ်ခဲ့သည်။ သူက နဂါးဇာမဏီအဆင့်၏ ပထမဦးဆုံး ခန္ဓာကိုယ်စမ်းသပ်ချက်ကို ခံယူခဲ့သည့် ကိုယ်ကိုပင် ဆင့်ခေါ်ခဲ့၏။
ထိုအရာများက ပျံ့နှံ့လာပြီး စည်းမျဉ်းသစ်ပင်က တူညီသည့် စမ်းသပ်ချက်ကို ခံစားခဲ့ရသည်။ နှလုံးသားက စွမ်းအားထောက်ပံ့ပေးထားသည့်အတွက် မပျက်စီးသွားပေ။ အချိန်ကြာလာသည်နှင့်အမျှ သစ်ပင်က ပြန်လည်တွေ့ကြုံခြင်းဖြင့် ၁၂၆၇ခုမြောက် စမ်းသပ်ချက်ကို အောင်မြင်သွားခဲ့သည်။ ယခုအခါ သစ်ပင်က ဝမ်ဝေ့၏ ကျင့်ကြံဆင့်ကို အမှီလိုက်နိုင်နေပြီ ဖြစ်၏။
ငါ လုပ်တာ မှန်တယ်…
သူက သစ်ပင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တွေးလိုက်သည်။ မဟာတာအို ၃၈၀၀၏ အနှစ်သာရပါဝင်နေသည့် စမ်းသပ်ချက်များက သစ်ပင်ကို အာဟာရဖြည့်ပေးကာ ပိုမို ပြီးပြည့်စုံလာစေသည်။ သူ့အစီအစဉ်က အလုပ်ဖြစ်ခဲ့၏။ ထို့နောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်လေ့ကျင့်ရေးကို အာရုံစိုက်ထားလိုက်သည်။ သူက ခွန်အားကို တိုးမြှင့်ဖို့ရာအတွက် အရင်းအမြစ်မြောက်များစွာကို စုပ်ယူခဲ့ပြီး စမ်းသပ်ချက်မြောက်များစွာကို ကျော်ဖြတ်ခဲ့သည်။
စမ်းသပ်ချက်က ပိုမိုမြင့်မားလာလေလေ နာကျင်မှုက ပိုမိုပြင်းထန်ပြီး အန္တရာယ်များလာလေလေ ဖြစ်၏။ သို့သော်လည်း သူက ပင်မတာအိုအတွက် စမ်းသပ်ချက် ၃၈၀၀လုံးကို အောင်မြင်ခဲ့သည်။ ယခုအခါ သူ့ဒုတိယဂိတ်ပေါက်က ပိုမိုတောက်ပလာပြီး အချိန်မရွေး ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း ပြသနေသည်။ သို့သော်လည်း ဤသည်က သူ့လက်ရှိဦးစားပေး မဟုတ်သေးပေ။
ဝမ်ဝေ့က မဟာတာအိုအရင်းအမြစ် သစ်ပင်အသစ်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“မပြီးသေးဘူး”
သူက အချိန်မြစ်ကြောင်းကို ဆင့်ခေါ်ကာ သစ်ပင်အား အချိန်ကို ဖြတ်သန်းစေခဲ့သည်။ ထိုအပြောင်းအလဲက ဆိုးကျိုးရှိသင့်သော်လည်း ဝမ်ဝေ့က ဉာဏ်ကောင်းလေသည်။ သူ့ရည်ရွယ်ချက်က သစ်ပင်အား မဟာတာအိုအရင်းအမြစ်မှ တတ်နိုင်သမျှ စွမ်းအားကို တိတ်တဆိတ် စုပ်ယူစေဖို့အရာအတွက်သာ ဖြစ်၏။
ထို့ကြောင့် သူက သမိုင်းကြောင်းအပေါ် နည်းနည်းလေးမှ လွှမ်းမိုးမှုမရှိအောင် သေချာသိုဝှက်ထားခဲ့သည်။ သူက ဟွင်သွမ်းခေတ်ကာလမှ ယခုအနေအထားအထိ သစ်ပင်၏ ဖွံ့ဖြိုးတိုးတက်လာမှုကို ကြည့်နေသည်။ ကောင်းကင်တာအိုအပါအဝင် မည်သူကမှ ဤတည်ရှိမှုကို သတိမထားမိအောင် လုပ်ဆောင်ခဲ့သည်။
သူက သစ်ပင်ကို ခေါ်ထုတ်လိုက်သည့်အခါ တော်တော်လေး စိတ်လှုပ်ရှားနေမိ၏။ ထိုအရာက အဖြူစွတ်စွတ်ဖြစ်နေပြီး သင်္ကေတသံကြိုးများဖြင့် ဝန်းရံထားသည့် သစ်သီး ၃၈၀၀ ရှိလေသည်။ ထိုအရာ၏ အရှိန်အဝါက အင်မတန် ကြီးကျယ်မြင့်မြတ်ကာ ခမ်းနား၏။
ဒါက ဧကရာဇ်အဆင့်အထွတ်အထိပ်အထိ ရောက်အောင် ကူညီပေးနိုင်မှာ။ ဒါပေမဲ့ လုံလောက်တာထက်တော့ ပိုပါတယ်…
ဝမ်ဝေ့က ထိုသို့တွေးနေစဉ် ရုတ်ချည်းဆိုသလို ကြက်သီးထသွားမိသည်။ သူက ကြောက်ဖို့ကောင်းသည့် မျက်ဝန်းတစ်စုံသည် သူ့ကို စိုက်ကြည့်နေကြောင်း ခံစားမိလိုက်၏။
အချိန်တစ္ဆေလား။ ငါ ဘာမှတောင် မလုပ်လိုက်ဘူးလေ…
သူ့အပြုအမူက သစ်ပင်၏ ကြီးထွားနှုန်းကို မြှင့်တင်ပေးသည့်အတွက် အကျိုးသက်ရောက်မှုများစွာ မရှိပေ။ ထို့နောက် ထိုအကြည့်က ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် ဆက်လက် ကျင့်ကြံလိုက်သည်။
သူက အရင်းအမြစ်များနှင့် နဂါးဇာမဏီဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် ဆယ်ဆင့်မြောက် နဂါးဇာမဏီအဆင့်ကို ရောက်ရှိသွားလေသည်။ စမ်းသပ်ချက် ၃၈၀၀ လုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးသည့်နောက် ဝမ်ဝေ့က ခွန်အားဂိတ်ပေါက်ကို ဖွင့်ကာ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို ဝင်ရောက်သွားပြီး မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်တစ်ယောက် ဖြစ်လာသည်။
သို့သော်လည်း သူက ဤသို့သော သေးငယ်သည့် အုတ်မြစ်မျိုးကို လက်မခံနိုင်ပေ။ သူက တာအိုအားလုံးကို စတင်ပေါင်းစည်းလိုက်၏။
ဝမ်ဝေ့က သီးသန့်ကျင့်ကြံနေစဉ် အပြင်ဘက်ရှိ ကမ္ဘာကလည်း စတင်ပြောင်းလဲလာသည်။ သူ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားပြီး နှစ်ငါးဆယ်အတွင်း ကျိလန်ဖန်းက တက်လှမ်းသွားခဲ့၏။ သူက ရုတ်ရုတ်သည်းသည်း မဖြစ်စေလိုသည့်အတွက် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်အထက် ပျောက်ကွယ်သွားလေသည်။ ထို့နောက် ဆယ်နှစ်အတွင်း ဟုန်မိန်လင်းကလည်း ထွက်ခွာသွားခဲ့သည်။
ပွဲအခမ်းအနားအပြီး နှစ် ၁၅၀ နောက်တွင် အနောက်ပိုင်းကုန်းမြေ၌ ရွှေရောင်အလင်းတန်းတစ်ခု လွှမ်းခြုံသွားလေ၏။ စွမ်းအားကြီးဗုဒ္ဓ ဖြစ်သည့် ဖုန်းဟွမ်က အဆင့်(၁)ကုသိုလ်ရွှေခန္ဓာကို ဖန်တီးခဲ့ပြီး ကြာပလ္လင်ကို စီးနင်းကာ ကောင်းကင်အထက် တက်လှမ်းသွားခဲ့သည်။
ပွဲအခမ်းအနားပြီး နှစ်၂၀၀ကြာမြင့်ပြီးသည့်နောက်တွင် လူများစွာက စတင် တက်လှမ်းသွားကြ၏။ အထူးသဖြင့် သူတို့၏ လျှို့ဝှက်လုံခြုံရေးသေတ္တာများကို ဖန်တီးဖို့ မလိုအပ်သော ထာဝရအဆင့် မဟုတ်သည့် ဧကရာဇ်များ ဖြစ်ပေသည်။ သို့သော်လည်း ကျွမ်းကျင်အတတ်ပညာရှင်များကလွဲ၍ ထာဝရဧကရာဇ်များကလည်း နှစ် ၅၀၀ကြာမြင့်ပြီးသည့်နောက်တွင် စတင်တက်လှမ်းလာသည်။ ကျွမ်းကျင်အတတ်ပညာရှင်များကမူ ထုံရို့ပင်း၏ ဖိတ်ကြားချက်ကို လက်ခံရရှိ၍ အနည်းငယ် စောင့်ဆိုင်းနေကြသည်။
နှစ်၈၀၀ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ပွဲအခမ်းအနားအသေးလေးကို ကျင်းပခဲ့သည်။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဆွေးနွေးခဲ့ပြီး ထိုပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှတ်ခဲ့သည့်အတွက် ယန်းလီလင်းက အကျိုးကျေးဇူးမြောက်များစွာ ရရှိလိုက်၏။
နှစ်တစ်ထောင်အဆုံးတွင် အားလုံးနီးပါးက တက်လှမ်းသွားကြပြီ ဖြစ်၏။
နတ်ဆိုးမျိုးနွယ်က သူတို့၏ ခေါင်းဆောင် ထွက်ခွာသွားမှုကြောင့် ဂုဏ်ယူပျော်ရွှင်နေကြသလို ငိုယိုနေကြသည်။ ဟို့ဖုန်းဟွမ်၏ တက်လှမ်းမှုက သူမ၏ အကျင့်စရိုက်နှင့် မကိုက်ညီဘဲ အတော်လေး တိတ်ဆိတ်ငြိမ်သက်လှသည်။ နောက်ထပ် တိတ်တဆိတ် ထွက်ခွာသွားသူက ရှီရှန်းရန် ဖြစ်၏။ ထိုစဉ် ရှစ်ချီအန်းကမူ အလင်းမျိုးနွယ်မှ ချီးကျူးမှုများကို လက်ခံရရှိလိုက်သည်။
ရှုရှစ်ကလည်း နှစ် ၁၁၀၀ ပြီးသည့်နောက်တွင် တက်လှမ်းသွားခဲ့သည်။ သို့သော် သိုသိုသိပ်သိပ်မဟုတ်ပေ။ သူမက လှပသည့် တေးဂီတတစ်ပုဒ်ကို တီးခတ်ရင်း အဆုံးမဲ့လေဟာနယ်တစ်လျှောက် ပျံ့နှံ့သွားကာ ဤခေတ်ကာလအတွင်း အရာအားလုံးကို ပြသခဲ့သည်။ ထိုအရာထဲတွင် ချိုက်ရန်ရှုကဲ့သို့ သေမျိုး၏ သေဆုံးမှု သို့မဟုတ် ဧကရာဇ်ကျားကဲ့သို့ လွှမ်းမိုးမှုရှိသည့် ဧကရာဇ်များ၏ သေဆုံးမှုအကြောင်းပင် ပါဝင်သည်။
ထိုတေးဂီတက ဤခေတ်ကာလ၏ အတက်အကျကို လွှမ်းခြုံထားသည့်အတွက် အစစ်အမှန်ကောင်းကင်တာအိုက ထိုအရာကို အဓိပ္ပာယ်ရှိသည့် သီချင်းအနေဖြင့် လက်ခံခဲ့သည်။ ထိုအရာက ရှုရှစ်ထံ ကုသိုလ် ချီးမြှင့်ခဲ့ပြီးသည့်နောက်တွင် သူမက ကမ္ဘာဦးဟွင်သွမ်းဖြင့် ဖွဲ့စည်းထားသည့် တိမ်တိုက်တစ်ခုဖြင့် တက်လှမ်းသွားခဲ့သည်။
အချိန်က မြစ်တစ်စင်းလို စီးဆင်းလာပြီး နှစ် ၁၅၀၀ ကျော်ပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်က လူတချို့သာ ကျန်ရှိတော့သည်။ ပထမတစ်ယောက်က နတ်ဆိုးဖိနှိပ်ရေးဧကရာဇ် ဖြစ်၏။ သူမက မတက်လှမ်းခင် ဝမ်ဝေ့နှင့် စကားစမြည် ပြောလိုသည်။ သူမက သူမနှင့် လူသားမျိုးနွယ်အတွက် လုပ်ပေးခဲ့သည့် အရာအားလုံးအတွက် ကျေးဇူးတင်လိုသလို မဟာချူးအံ့ဖွယ်တိုင်းပြည်နှင့် ချင်သူတော်စင်ခုံရုံးတို့ကို သတိထားရမည့် အကြောင်း သူမ ဝယ်ထားသည့် သတင်းထဲ ထပ်ထည့်ပေါင်းပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်လိုသည်။
သို့သော်လည်း သူက အချိန်တိုအတွင်း ထွက်လာဦးမည် မဟုတ်ကြောင်း သဘောပေါက်သွားသည့်အခါ ဒိုင်မေးရှင်းအမြင့်တွင် တွေ့ဆုံဖို့သာ ဆုံးဖြတ်လိုက်သည်။ သူမက သူ့သတိပေးချက်ကို အလေးအနက် မှတ်ယူထား၏။
နောက်တစ်ယောက် ဆုံးဖြတ်ရခက်နေသည့်သူက ဒေါသသာ ဖြစ်သည်။ သူမက သူမ၏ ဇစ်မြစ်ကြောင့် ဒိုင်မေးရှင်းအမြင့်တွင် မည်သို့ဆက်ဆံခံရမလဲဟု စိုးရိမ်နေ၏။ သူမက သူမ ထွက်ခွာသွားပြီးသည့်နောက်တွင် မိစ္ဆာလက်သစ်မျိုးနွယ်အကြောင်းကိုလည်း စိုးရိမ်နေသည်။ သို့သော်လည်း များစွာတွေးတောပြီးသည့်နောက်တွင် သူမက နှစ်နှစ်ထောင်ကြာပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။
ထိုအချိန်အတွင်း ယုယန်က သီးသန့်ကျင့်ကြံနေခဲ့၏။ သူမက ပေါ်ထွက်လာခြင်း မရှိဘဲ အရှိန်အဝါနှင့် တည်ရှိမှုကို တတ်နိုင်သမျှ ချုပ်ထိန်းထားလေသည်။ သူမက အပြည့်အဝ စည်းပိတ်သည့် အနေအထားသို့ ဝင်ရောက်ဖို့ရာ သူမ၏ သား ထွက်လာဖို့ စောင့်ဆိုင်းနေလေသည်။