ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ခြင်း
Vol. 86 Ch. 1195
တာအိုတစ်သောင်းကို ပေါင်းစည်းပြီး စမ်းသပ်ချက်များကို ဖြတ်ကျော်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အရင်းအမြစ်များ ပြတ်လပ်သွားခဲ့သည်။ အတိအကျပြောရမည်ဆိုလျှင် သူ့အနေဖြင့် ဒိုင်မေးရှင်းအနိမ့်မှ တခြားသော အရင်းအမြစ်များကို အသုံးမပြုနိုင်တော့ပေ။ ယခုအခါ သူ့အနေဖြင့် စမ်းသပ်ချက်များကို ဖြတ်ကျော်ဖို့ သူကိုယ်တိုင်အပေါ်သာ မှီခိုနိုင်သည်။
သူ့အတွက် နှမြောဖို့ကောင်းလှသည်က သူ့လိုမျိုး စိတ်စွမ်းအားရှိသည့်သူအတွက်ပင် စမ်းသပ်ချက်များ စုပြုံလာပြီးသည့်နောက်တွင် အိပ်မက်ဆိုးသဖွယ် ဖြစ်လာခဲ့သည်။ သူက အံကြိတ်ကာ ဆက်လက် လုပ်ဆောင်လိုက်သည်။ သူ့ခန္ဓာကိုယ်က မီးတောက်မိုးကြိုးတာအို၊ လေရေခဲတာအိုနှင့် တုန်ခါမှုဖိနှိပ်ခြင်းတာအို စသည်တို့ဖြင့် ဆက်တိုက် ဖျက်ဆီးခံနေရသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ သူက အဆင့်မြင့်တာအိုများ ဖြစ်သည့် ဟွင်သွမ်းအချိန်တာအို၊ ဖျက်ဆီးရေး - ဖန်ဆင်းခြင်းတာအို၊ သတ်ဖြတ်ရေး - ကံကြမ္မာတာအိုတို့ဖြင့် စမ်းသပ်ခံရသည်။
ဝမ်ဝေ့က အချိန်ကုန်ဆုံးသွားသည်ကိုပင် မခံစားမိတော့ပေ။ သို့သော်လည်း အချိန်အတော်ကုန်လွန်သွားကြောင်း သိထား၏။ သို့သော် ကံဆိုးသည်က သူ ခံစားမိသည့် တစ်ခုတည်းသောအရာက နာကျင်မှုသာ ဖြစ်သည်။ အကယ်၍ သူ့ဂိတ်ပေါက်ပေါ်တွင် ပေါ်ထွက်လာသည့် အမှတ်အသားများနှင့် သူ့ခန္ဓာကိုယ် အပြောင်းအလဲကြောင့်သာ မဟုတ်လျှင် သူလက်လျှော့ပြီးလောက်လေပြီ။
နောက်ထပ် အကျိုးကျေးဇူးတစ်ခုကမူ သူ့နာကျင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ရာအတွက် လှုံ့ဆော်မှုတချို့ ရရှိလာခြင်း ဖြစ်၏။ သို့သော် ထိုအရာက အဓိကအရေးကြီးဆုံးအရာ မဟုတ်သေးပေ။ သူက ထိုစမ်းသပ်ချက်များကို ဆက်လက် ပေါင်းစည်းခဲ့ပြီး စမ်းသပ်ချက်တစ်သိန်း ကျော်ဖြတ်သန်းပြီးသည့်နောက်တွင် သူက ရပ်တန့်ကာ အနားယူလိုက်ရသည်။
သူက ဆက်တိုက်ဆိုသလို နှိပ်စက်ခံနေရပြီး စိတ်ဝိညာဉ်နှင့် ဝိညာဉ်အထိပါ သက်ရောက်မှုရှိလာသည့် နာကျင်မှုမျိုးကို တောင့်ခံနေရသည့် သက်ရှိတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက ထပ်မံ မစတင်ခင် နှစ်ရာချီ အနားယူလိုက်၏။ ထို့နောက် သူက ဆက်လက်ကျင့်ကြံကာ အနားယူခြင်း စသည့် ပုံစံကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။
ဝမ်ဝေ့က အချိန်မည်မျှကုန်ဆုံးသွားမှန်း မသိသော်လည်း ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ့ကန့်သတ်ချက်ထိ ရောက်အောင် ဆက်လက်လုပ်ဆောင်ဖို့ အကြံပေးထားသည်။
ထို့ကြောင့် သူက အကြံအတိုင်း လိုက်လုပ်ခဲ့၏။
ထို့ကြောင့် ပထမဦးစွာ ဝမ်ဝေ့က အချိန်အတော်ကြာသည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ၁.၂၆၉ ထရီလီယံစမ်းသပ်ချက် ပြီးဆုံးပြီးသည့်နောက်တွင် ထင်မှတ်မထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏။
သူ့ ခွန်အားဂိတ်ပေါက်ရှိ အမှတ်အသားက ရုတ်ချည်းဆိုသလို စကားနှစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
[မဖျက်ဆီးနိုင်ဖွယ် အကန့်အသတ်]
ထို့နောက် ထိုဂိတ်ပေါက်က ဝမ်ဝေ့ကြိုးစားစရာ မလိုဘဲ အလိုလိုပွင့်လာခဲ့၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်၏ နေရာတိုင်းဆီ စီးဝင်လာကာ သူ့ခန္ဓာကိုယ်၊ ခွန်အားနှင့် စွမ်းဆောင်ရည်များကို ပိုမိုမြင့်မားသည့် အဆင့်အဖြစ် ပြောင်းလဲပေးနေသည်။
ဝမ်ဝေ့က သူ့အဆီအနှစ်သည် အင်မော်တယ် မဟုတ်ပါက ဤဂိတ်ပေါက်ကို ဖွင့်လှစ်ခြင်းဖြင့် ထိုအရာကို ရယူနိုင်ကြောင်း ပြောနိုင်လေ၏။ နှမြောဖို့ကောင်းလှသည်က မသေနိုင်စွမ်းသည် စုပုံထား၍ မရပေ။ မဟုတ်ပါက သူ့အနေဖြင့် နောက်ထပ် အပိုအသက်တစ်သက် ရှိလာလိမ့်မည်။
ဒုတိယအပြောင်းအလဲကမူ သူ့တည်ရှိမှု ပြောင်းလဲသွားခြင်း ဖြစ်၏။ ယခင် ထာဝရနှင့် ပြီးပြည့်စုံသည့် ဂုဏ်သတ္တိများအပြင် ယခုအခါ မဖျက်ဆီးနိုင်ခြင်း ဂုဏ်သတ္တိကိုပါ ရရှိလာသည်။ ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီး သွေးကြောများမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်သည်။ လေဟာနယ်တိုက်ပွဲကွင်းပြင်ကလွဲ၍ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက ကျိုးပဲ့လွယ်နေ၏။
“ဟမ် ငါ့စွမ်းအားက ဒုတိယကောင်းကင်ဘုံအဆင့် ရောက်သွားပြီလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်လေ့ကျင့်သူများက ခွန်အားအစစ်အမှန်တာအိုနယ်ပယ်အဆင့်၏ ၅ဆင့်မြောက် ဖြစ်သည့် အရွယ်ရောက် မကောင်းဆိုးဝါးနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။ ထိုအဆင့်ကို ကောင်းကင်ဘုံ ဆယ်ဆင့်ဖြင့် ပြန်လည်ခွဲခြားထားပြီး မဟာတာအိုအရင်းအမြစ် ၂ရာခိုင်နှုန်းစီ ရှိ၏။ တခြားနည်းဖြင့် ပြောရလျှင် ဝမ်ဝေ့၏ လက်ရှိခွန်အားက မဟာတာအိုအရင်းအမြစ် ၇၄ ရာခိုင်နှုန်းရှိသည့် ကောင်းကင်ဘုံအဆင့်နှင့်ပင် ယှဉ်နိုင်လေသည်။
သူက မဖျက်ဆီးနိုင်ဖွယ် ဧကရာဇ်အများစုသည် (၀) ကောင်းကင်ဘုံအဆင့်မှ စတင်ကြပြီး အခြေခံအင်အားက မဟာတာအိုအရင်းအမြစ် ၇၀ ရာခိုင်နှုန်းသာ ရှိထားသည့်အတွက် အံ့အားသင့်သွားမိ၏။
ဒီဒုက္ခခံစားခဲ့ရတာတွေက အလကားသက်သက်တော့ မဟုတ်ဘူးပဲ…
သူက သူ့အဆင့်တက်လှမ်းမှု၏ အကြီးဆုံးအကျိုးအမြတ်ကို အာရုံစိုက်ထားလိုက်သည်။ ထိုအရာက သူ့ပြိုင်ဘက်ကင်းခုခံနိုင်စွမ်း ဖြစ်၏။
“မင်းက မဖျက်ဆီးနိုင်ဖွယ် အကန့်အသတ်ကို ရသွားပြီလား။ ကြည့်ရတာ ငါ့လမ်းညွှန်မှု မလိုဘူးပဲ။ ကောင်းတယ်”
ဝမ်ဝေ့က ရှေးဟောင်းဖျက်ဆီးခြင်း၏ ပုံရိပ်ယောင်သည် အခန်းအတွင်း လွင့်လာသည်ကို မြင်သည့်အခါ ဆွံ့အသွား၏။ သူက ချက်ချင်းဆိုသလို အဝတ်အစားကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။
“ဘိုးဘေးက အချိန်ကောင်းမှာ ပေါ်ထွက်လာလို့ မရဘူးလား”
“ငါတို့က ယောက်ျားတွေပဲလေ။ ဘာမှရှက်စရာ မလိုဘူး” ရှေးဟောင်းဖျက်ဆီးခြင်းက ပြောလိုက်သည်။ ခန္ဓာကိုယ်လေ့ကျင့်သူများအနေဖြင့် သူတို့က ခန္ဓာကိုယ်အပေါ် အကြွင်းမဲ့ထိန်းချုပ်မှုရှိသည့်အတွက် သူတို့၏ အမျိုးသားလိင် အရွယ်အစားက ပြဿနာမဟုတ်ပေ။ သူတို့၏ ကြောက်မက်ဖို့ကောင်းသည့် ခန္ဓာကိုယ်များဖြင့် တောင့်ခံနိုင်စွမ်းတွင် ဘယ်တော့မှ ပြဿနာမရှိသည့်အတွက် နာမည်ကြီးလေသည်။
“ခဏလေးနေဦး။ ငါတို့က ဒိုင်မေးရှင်းအနိမ့်မှာပဲ ရှိတုန်းလား။ မင်းက ဒိုင်မေးရှင်းအနိမ့်မှာ မဖျက်ဆီးနိုင်ဖွယ် အကန့်အသတ်ကို ရရှိခဲ့တာလား” ရှေးဟောင်းဖျက်ဆီးခြင်းက မေးလိုက်သည်။
“ဟုတ်တယ်လေ ဘာလို့လဲ” ဝမ်ဝေ့က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ငတုံး ဟိုမှာ မင်းကို ကူညီဖို့ အရင်းအမြစ်တွေ အများကြီးရှိတယ်။ အဲဒီထဲမှာ နာကျင်မှုလျှော့ချမဲ့ နည်းလမ်းတွေရော ပြီးတော့ စမ်းသပ်ချက်တချို့ကို အလကားကျော်ဖြတ်နိုင်မဲ့ နည်းလမ်းတွေလည်း ပါတယ်” သူက ပုံရိပ်ယောင်ကို ထိုကောင်လေးအား လမ်းပြဖို့ ချန်ထားခဲ့ခြင်း ဖြစ်၏။
“ဘာလို့ ကြိုမပြောရတာလဲ” ဝမ်ဝေ့က ညည်းတွားနေမိသည်။ သူက ဘာမှမဟုတ်ဘဲ ခံစားခဲ့ရ၏။ သူသာ သိပါက ဒိုင်မေးရှင်းအမြင့်တွင် ခွန်အားဂိတ်ပေါက်ကို ဖွင့်ဖို့ စောင့်ဆိုင်းနေမည်။ ဒိုင်မေးရှင်းအနိမ့်တွင် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်သည့် ပထမဦးဆုံးလူဖြစ်သည့် ငရဲအတွက် ဆုလာဘ်ပင် မရှိပေ။
“မင်းက အကူအညီမရှိဘဲ ဒီစမ်းသပ်ချက်တွေအားလုံးကို ကျော်ဖြတ်လောက်အောင် တုံးအလိမ့်မယ်လို့ ထင်မထားလို့ပေါ့။ ဒီလိုအခက်ခဲတွေကို မြင်ပြီးတဲ့နောက်မှာ မင်းက တက်လှမ်းပြီးတော့ မင်းဂိုဏ်းရဲ့ အရင်းအမြစ်ကို သုံးမယ်လို့ ထင်ထားတာ။ အဲ့လိုဆိုရင် ငါက ပေါ်ထွက်လာပြီးတော့ ကူညီပေးလို့ ရတယ်”
ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သည်။ သူ့အကြည့်များက လက်ခံရခက်သည့် အမူအရာမျိုး ပါနေလေ၏။ သို့သော်လည်း ရှေးဟောင်းဖျက်ဆီးခြင်းက ပုခုံးတွန့်ကာ ပြောလိုက်သည်။
“ငါတို့မှာ အချိန်များများစားစား မရှိဘူး။ အဲဒါဆိုတော့ မြန်မြန်ဆန်ဆန် ပြောလိုက်မယ်။ မင်း သိတဲ့အတိုင်း မဖျက်ဆီးနိုင်ဖွယ် အကန့်အသတ်ဆိုတာက မင်းရဲ့ ခုခံနိုင်မှုက ကောင်းကင်ဘုံအဆင့်ရဲ့ အကန့်အသတ်ကို ရောက်သွားပြီလို့ ဆိုလိုနေတာပဲ။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် ကျင့်ကြံရေး ၈၉ ရာခိုင်နှုန်းရှိထားတဲ့ ကောင်းကင်ဘုံအဆင့်တွေက မင်းရဲ့ ခန္ဓာကိုယ်က ဆံပင်တစ်မွေးတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအဆင့်ထက် ကျော်တဲ့သူတွေကပဲ မင်းကို ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်။
ဒီနေ့ ငါ မင်းကို သင်ပေးမှာက စံပြအဆင့်အတွက် ခုခံမှုပဲ။ မင်းရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီးတော့ ၉၉ ရာခိုင်နှုန်းလောက် မြင့်မားတဲ့ စံပြတွေကိုတောင် ခုခံနိုင်လိမ့်မယ်”
ရှေးဟောင်းဖျက်ဆီးခြင်းက အချိန်မဖြုန်းဘဲ ဝမ်ဝေ့အား ထိုနည်းစနစ်အကြောင်း ဟောပြောပို့ချလိုက်သည်။ ထို့နောက် မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့် တစ်ယောက်ဖြစ်ရခြင်းအတွက် လိုအပ်သည့် သတင်းအချက်အလက်များကိုပင် ပြောပြခဲ့၏။ သူက မြန်မြန်ဆန်ဆန် ပြောသည့်အတွက် ဝမ်ဝေ့က နားလည်အောင် လုပ်မည့်အစား သေချာလိုက်လံမှတ်သားနေရသည်။
“ပြီးပြီ။ ငါ ပြောတာ သေချာမှတ်ထားတယ်မလား”
“မှတ်ထားပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒီလိုဆိုရင် ငါ သွားတော့မယ်။ မင်းကိုယ်မင်း ဂရုစိုက်။ အသတ်မခံရစေနဲ့”
“ခဏနေပါဦး။ ကျွန်တော်ကို တစ်ခု လုပ်ပေးသွားပါဦး”
“မင်းကို ကူညီနိုင်မလားဆိုတာ ကြည့်ရအောင်”
“ဘိုးဘေးရဲ့ ဘဝတစ်လျှောက်လုံးမှာ တိုက်ခိုက်ဖူးတဲ့ ကောင်းကင်ဘုံအဆင့်တွေရဲ့ အမှတ်အသားကို စုစည်းပေးခဲ့ပါဦး။ ကျွန်တော် အိပ်မက်လောကထဲမှာ ပြန်လည်ဖန်ဆင်းပြီးတော့ လေ့ကျင့်ချင်တယ်”
“မင်းရဲ့ စွမ်းအားအသစ်ကို စမ်းသပ်တာတော့ နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ ငါ တွေ့ဖူးသမျှ ကောင်းကင်ဘုံအဆင့်တွေကို ဖန်တီးဖို့ဆိုရင် အရမ်းများတယ်။ အရင်ဆုံး ထိပ်ဆုံး ၅၀ကိုပဲ ပြလိုက်မယ်” သူက လက်ဝှေ့ကာ အမှတ်အသား ၅၀ကို ဖန်တီးပေးလိုက်သည်။
“တခြားတစ်ခုခု ရှိသေးလား”
“မရှိတော့ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူက မေးခွန်းများစွာ ရှိနေသော်လည်း ဤသည်က မေးဖို့ရာ အချိန်မကျသေးကြောင်း သိလေသည်။
“ကောင်းပြီ နောက်မှ တွေ့မယ်”
ပုံရိပ်ယောင် အဆုံးသတ်သွားသည့်အခါ ဝမ်ဝေ့က ထိုအမှတ်အသားများကို ချက်ချင်း အသုံးမပြုသေးပေ။ ထိုအစား သူက သူ့ဇနီးချန်ထားခဲ့သည့် မှတ်စုစာအုပ်ကို ဖွင့်ပြီး သတင်းအချက်အလက်များကို ဖတ်ရှုလိုက်သည်။ ထင်ထားသည့်အတိုင်း သူမက သူ့မဖျက်ဆီးနိုင်ဖွယ် အကန့်အသတ်အတွက် ခုခံရေး ကာကွယ်ရေး နည်းစနစ်တစ်ခုကို ချန်ထားပေးခဲ့၏။ ထိုအရာကို သင်ယူပြီးသည့်နောက်တွင် သူက အိပ်မက်လောကအတွင်းဝင်ကာ ထိုအမှတ်အသားများကို ထားရှိလိုက်သည်။
သူ့ပထမဦးဆုံး ပြိုင်ဘက်က ကျားမျက်လုံး၊ ကျားနှုတ်ခမ်းမွှေးနှင့် ကျားလက်သည်းများ ပိုင်ဆိုင်ထားသည့် လူသားတစ်ဦး ဖြစ်၏။ ထိုသူကလည်း မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့် တစ်ယောက် ဖြစ်ပေသည်။ ကျင့်ကြံဆင့်က ဝမ်ဝေ့နှင့် အတူတူဖြစ်ပြီး ဒုတိယကောင်းကင်ဘုံအဆင့် ဖြစ်၏။ ဝမ်ဝေ့က ထိုတိုက်ပွဲသည် သူ့စွမ်းအားအသစ်ကို စမ်းသပ်ကြည့်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကာ တစ်ဖက်လူဆီ ပြေးဝင်သွားပြီး တိုက်ခိုက်လိုက်သည်။
ထိုကျားလူသားက သူ့သားရဲလိုမျိုး အာရုံ၆ပါး၊ အမြင်စွမ်းအား၊ အံ့ဖွယ်စွမ်းရည်များကြောင့် ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်ကြောင်း ပြသခဲ့သည်။
ဝမ်ဝေ့က တစ်ဖက်သူနှင့် ယှဉ်ဖို့ရာ သူ့ခုခံမှုကို လျှော့ချထားခဲ့၏။ မဟုတ်ပါက ဤတိုက်ပွဲသည် မျှတမည် မဟုတ်သလို သူ့အနေနှင့် များများစားစား သင်ယူရမည်လည်း မဟုတ်ပေ။
သူ့စွမ်းအားကို ကျွမ်းကျင်လာပြီးသည့်နောက်တွင် သူက ဒုတိယပြိုင်ဘက်ကို ရွေးချယ်ခဲ့သည်။ ထိုကျားလူသားက အယောက် ၅၀တွင် အားအနည်းဆုံး ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က တိုက်ခိုက်ပြီး သင်ယူရမည့်သူများစွာ ရှိနေသေးသည်။
ဒုတိယပြိုင်ဘက်ကမူ ကျောက်မျက်ရတနာရဲ့ မျက်လုံးရှိထားသည့် အမည်မသိ မျိုးနွယ်တစ်ခုမှ ဖြစ်၏။ သူမက ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက် ဖြစ်ပေသည်။ ဝမ်ဝေ့က ထာဝရကောင်းကင်ဘုံအဆင့်များ၏ ဇွဲလုံ့လကို သိခဲ့ရသည်။ သူတို့က ထာဝရဧကရာဇ်များထက် ပိုမိုကောင်းမွန်သည့် ပုံစံတစ်မျိုး ဖြစ်၏။
သို့သော်လည်း ဤတိုက်ပွဲက သူ့အား ထာဝရဧကရာဇ်နှင့် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်ထားသည့် လူနှစ်မျိုးလုံးအကြောင်းကို စဉ်းစားသွားစေသည်။ သူ့အတွက် ကံကောင်းသွားသည်က အဆင့်၃၀ နှင့်အထက် လူများသည် မဖျက်ဆီးနိုင်ဖွယ်နှင့် ထာဝရကောင်းကင်ဘုံအဆင့်များစွာ ရှိလေ၏။
ဝမ်ဝေ့အနေဖြင့် ထိုကောင်းကင်ဘုံအဆင့်အယောက် ၅၀လုံးကို အနိုင်ယူဖို့ရာ နှစ်ရာချီ ကြာမြင့်ခဲ့သည်။ ထို့နောက် သူက အိပ်မက်တိုက်ပွဲနည်းစနစ်ကို အသုံးပြုကာ သူတို့ကို ထပ်ခါထပ်ခါ တိုက်ခိုက်ပြီး သူ့တိုက်ခိုက်ရေး ဉာဏ်ရည်နှင့် အတွေ့အကြုံများကို တိုးမြှင့်ခဲ့သည်။
ဝမ်ဝေ့က အိပ်မက်လောကမှ ထွက်လာပြီးသည့်နောက်တွင် ပြန်လည်သုံးသပ်လိုက်ပြီး အစီအစဉ် ချမှတ်လိုက်သည်။ သူက ခုခံရေးနည်းစနစ်နှစ်ခုကို မကျွမ်းကျင်သေးသည်မှာ ထိုအရာများက အချိန်အတော်ကြာမြင့်စွာ လိုအပ်၍ ဖြစ်၏။ သူကလည်း အလျင်လိုနေခဲ့သည်။ ထိုစဉ် သူ့ကျင့်ကြံရေးတွင် ပြဿနာတစ်ခု ရှိနေလေ၏။
ငါ့ရဲ့ ခန္ဓာကိုယ်က အဆင့်(၁၁)ကို ရောက်သွားပေမဲ့ သွေးမျိုးဆက်ကတော့ အဆင့်(၁၀)ပဲ ရှိနေတုန်းပဲ…
ဆိုလိုသည်မှာ သူက သူ့လူသားမကောင်းဆိုးဝါး သွေးမျိုးဆက်ကို ပိုမိုမြင့်မားသည့် ကောင်းကင်ဘုံအဆင့် ရောက်အောင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့နောက်ထပ် လှုပ်ရှားမှုက (၁၁)ဆင့်မြောက်နှင့် (၁၂)ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအတွက် ရှာဖွေခြင်း သို့မဟုတ် ဖန်တီးခြင်းတို့ကို ပြုလုပ်ရလိမ့်မည်။
ဝမ်ဝေ့က အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်၏။ ပွဲအခမ်းအနားပြီးသွားသည်မှာ နှစ်တစ်သိန်းနှစ်သောင်းကြာမြင့်သွားပြီဖြစ်ကာ ကမ္ဘာကြီးက ငြိမ်သက်နေခဲ့သည်။ တက်လှမ်းလိုသူအားလုံးကလည်း တက်လှမ်းပြီးပြီဖြစ်ကာ တည်ရှိနေသည့်သူများက သူ ထွက်သွားပြီး နောက်မျိုးဆက်စဖို့ရာ စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။