တက်လှမ်းခြင်း အပိုင်း(၂)
Vol. 86 Ch. 1201
နောက်တစ်နေ့တွင် ဝမ်ဝေ့က မိတ်ဆွေများထံ သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့မိတ်ဆွေအများစုက တက်လှမ်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း သူ နှုတ်ဆက်စကားပြောနိုင်သည့်လူတချို့ ကျန်ရှိနေသေး၏။ သူ့ကိုယ်သူ စည်းပိတ်ထားသည့် ဝူမင်ဆီ သွားရောက်စစ်ဆေးကြည့်ခဲ့သည်။ ထိုသူက တက်လှမ်းခြင်း မရှိဘဲ သူ့ကိုယ်သူ စည်းပိတ်ကာ ဝူမျိုးနွယ်နှင့် မူလသင်္ကေတနန်းဆောင်၏ ကာကွယ်သူအဖြစ် နေရစ်ခဲ့သည်။ သူက မျိုးနွယ်မှ ပထမဦးဆုံးကောင်းကင်ဧကရာဇ်ကို ပြုစုပျိုးထောင်ပြီးသည့်နောက်မှ တက်လှမ်းဖို့ ပြင်ဆင်ထား၏။
ဝူမင်က ယန်းလီလင်းနှင့် ထုံရို့ပင်းကဲ့သို့ ပါရမီနှင့် ကံကြမ္မာရှိသော်လည်း သူက မိသားစုအပေါ် အစွဲအလမ်းကြီးမှုကြောင့် ပျက်စီးခဲ့ရသည်။
ဝမ်ဝေ့က ထိုသို့တွေးမိ၏။ ပျက်စီးခြင်းဆိုသည်မှာ မှန်ကန်သည့်စကား မဟုတ်နိုင်သော်လည်း ထိုအမျိုးသားကမူ သူ့ကောင်းချီးနှင့် အောင်မြင်မှုများကို နှောင့်နှေးခဲ့လေသည်။ အနာဂတ်အခြေအနေအရ သူသည် အမှန်တကယ် ပျက်စီးသွားနိုင်၏။
ထို့နောက် ဝမ်ဝေ့က စည်းပိတ်ထားလျက်ရှိသည့် သုံ့လီဖန်းကို စစ်ဆေးကြည့်လိုက်သည်။ သူမက ကောင်းကင်အလိုဆန္ဒကမ္ဘာကို ကျူးကျော်ဖို့ ပြင်ဆင်နေပြီဖြစ်၏။ သို့သော်လည်း သူမက ကျူးကျော်ဖို့ရာအတွက် အချိန်ကောင်းကို လိုအပ်နေလေသည်။ ဂမ္ဘီရတွက်ချက်မှုအရ အကောင်းဆုံးအချိန်သည် နောက်မျိုးဆက်အနည်းငယ် ကြာပြီးသည့်နောက်တွင် ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမက အချိန်ကို ကျော်ဖြတ်ပြီး သူမ ခင်ပွန်း၏ ပြန်လည်ဝင်စားမှုကို ပြန်လည်စောင့်ဆိုင်းရင်းဖြင့် စည်းပိတ်နေခြင်း ဖြစ်သည်။
ဝမ်ဝေ့က ချိုက်စုန့်နှင့် တခြားသူများကိုလည်း စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူတို့ကလည်း စည်းပိတ်နေကြသည်။ ထို့ကြောင့် သူက သူ့ကို စောင့်ဆိုင်းနေသည့် မိတ်ဆွေဖြစ်သူ ထျဲ့ကန်ဆီ ရောက်ရှိလာသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ” ထျဲ့ကန်မှ ပြောလိုက်သည်။
“ဒီလောက်အကြာကြီးစောင့်နေတဲ့ အကြောင်းအရင်းများ ရှိလို့လား။ ငါ့ကိုယ်ပွားက မင်းကို ပြန်လည်ဝင်စားအောင် ကူညီပေးနိုင်တယ်လို့ ထင်တယ်။ ဝမ်ဝေ့က မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း သူ့ကို ဧည့်ခံပေးသည့် သေရည်ကို လက်ခံလိုက်သည်။
“ဂိုဏ်းချုပ်က ပိုပြီးအားကောင်းလာလေလေ ပြဿနာမရှိဘဲ ဝင်စားဖို့ ပိုမိုလွယ်ကူလာလေလေဆိုတာကို သိလို့ပါ”
“မင်းက တစ်ခုခုများ စိတ်ထဲ ရှိလို့လား”
“ကျုပ်အနေနဲ့ အစကနေ မစရအောင် အသင်္ချေအင်ပါယာကမ္ဘာရဲ့ ထိပ်တန်းအထွတ်အထိပ်နယ်မြေလောက်ဆိုရင် ရပြီ။ နောက်မျိုးဆက် ၅၀ အတွင်းဆိုရင်တော့ အကောင်းဆုံးပေါ့”
ဝမ်ဝေ့က ခေါင်းညိတ်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူက သူ့မျက်ဝန်းက အနက်ရောင်နှင့် အဖြူရောင်ကြား ပြောင်းနေပြီး သံသရာတာအိုကို အသက်သွင်းလိုက်သည်။
“မင်းအတွက် ၁၂ခုမြောက် မျိုးဆက်မှာ နေရာတစ်ခု ရှိတယ်”
“အဲ့လောက်တောင် နီးတယ်လား” ထျဲ့ကန်က မေးလိုက်၏။
“ဟုတ်တယ်။ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်ဆိုပေမဲ့ ဘယ်သူမှ ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ မင်းက စုယာနဲ့ တိကျားယင်တို့လို လူမျိုးလည်း တွေ့ရမှာမဟုတ်ဘူး”
“အဲ့လိုဆိုရင် အကောင်းဆုံးပဲ” ထျဲ့ကန်က ခေါင်းညိတ်လိုက်သည်။ သံမဏိလက်သီးတိုင်းပြည်က နောက်တစ်ဖန် ထွက်ပေါ်လာတော့မည် ဖြစ်၏။ ဤတစ်ကြိမ် လူများ စိတ်ကူးထားသည်ထက်ပင် ပိုမိုထူးခြားနေလိမ့်မည်။
“အဲ့လိုဆိုရင် ဆုံးဖြတ်ပြီးသွားပြီနော်” ဝမ်ဝေ့က သဘောတူကာ အဖန်ရည်ခွက်ချင်း တိုက်လိုက်သည်။
“ဒီနှစ်တွေမှာ ဘေးကနေ အဖော်ပြုပေးတာ ကျေးဇူးပဲ”
သူက ထျဲ့ကန်ကို ချမ်းသာပေးပြီး သူ့လူဖြစ်အောင် မည်သို့ရွေးချယ်ပေးသည်ကို အမှတ်ရသွားသည်။ ဤနှစ်များစွာတစ်လျှောက် ထိုသူသည် ထိုက်တန်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကြောင်း သက်သေပြခဲ့သည်။
“ကျုပ်အပေါ် ယုံကြည်ပေးတာလည်း ကျေးဇူးပါ။ ပြီးတော့ ကျုပ်ရဲ့ နောက်ခံကြောင့် မမျှမတ ဆက်ဆံမှု မရှိဘဲနဲ့ ကျုပ်ရဲ့ ပြန်လည်ဝင်စားမှုကိုတောင် ရက်ရောပေးခဲ့တာ” ထျဲ့ကန်က သေရည်ခွက်မြှောက်ကာ ပြောလိုက်သည်။
သူ့ဘဝက သူ့ခေါင်းဆောင်ကြောင့် စိတ်လှုပ်ရှားကာ ဆုလာဘ်များစွာရရှိခဲ့သည်။
“နောက်တစ်ချိန် ငါတို့ပြန်တွေ့ရင် တွဲဖက်အနေနဲ့ အလုပ်လုပ်ကြတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
ထိုစကားများက ထျဲ့ကန်ကို ကျေနပ်သွားစေ၏။ သူတို့က သေရည်သောက်သုံးပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အား ဝင်စားဖို့ ကူညီပေးခဲ့သည်။ ပထမဦးစွာ ထျဲ့ကန်က သူ့အတွင်းကမ္ဘာကို ဖယ်ရှားကာ မသေနိုင်စွမ်းကို ဆုံးရှုံးလိုက်ရသည်။ ထို့နောက် ဝမ်ဝေ့က သူ့ဝိညာဉ်အား ပြန်လည်ဝင်စားဖို့ လမ်းညွှန်ပေးခဲ့ပြီး သူမ၏ မှတ်ဉာဏ်များကို အကောင်းအတိုင်းကျန်ရှိအောင် ထိန်းသိမ်းပေးခဲ့သည်။ ချန်းထုံ၏ ဟောပြောပို့ချချက်ကို သူ့ဝိညာဉ်ထဲ နစ်မြုပ်နေအောင် ကူညီပေးခဲ့၏။ နောက်ဆုံးတွင် သူက ထျဲ့ကန် နောင်တစ်ချိန် ပြန်လည်ကျင့်ကြံဖို့ရာအတွက် ချန်ထားခဲ့သည့် အရင်းအမြစ်များကို လျှို့ဝှက်နယ်မြေတစ်ခုထဲ ကာကွယ်ပေးထားပြီး ဝမ်ဝေ့က အနည်းငယ်ပင် ထပ်ပေါင်းပေးလိုက်သည်။
သူက ထျဲ့ကန်အား ဝမ်ကျူအတွက် လုပ်ပေးခဲ့သလို ဂုဏ်ပုဒ်တစ်ခုကို မပေးခဲ့သည်မှာ သူနှင့် ကံဆက်နွယ်မှုမြောက်များစွာရှိနေ၍ ဖြစ်သည်။ သို့သော်လည်း သူက ကံဆက်စပ်မှု မရှိသည့် ကံကောင်းမှုဖြင့် ထိုသူ့အောင်မြင်မှုကို ကောင်းချီးပေးခဲ့သည်။ ထိုအရာပြီးမြောက်သွားသည်နှင့် ဝမ်ဝေ့၏ နောက်ဦးတည်ရာက ကောင်းကင်သစ်ပင်ရွာ ဖြစ်၏။
ဝမ်ဝေ့က ပေါ်ထွက်မလာဘဲ ကိုယ်ပျောက်လျက်သာ စောင့်ကြည့်နေလိုက်သည်။ သစ်ပင်က ယခုအခါ ထိပ်တန်းတာအိုမျိုးနွယ်ဖြစ်နေပြီဖြစ်ကာ သူ သူတို့ထံ ချီးမြှင့်ပေးခဲ့သည့် လောကသစ်ပင်ကြောင့် အားအကောင်းဆုံးထဲမှ တစ်ခု ဖြစ်လာသည်။ သူတို့၏ ကျင့်ကြံသူများက ရောနှောနေထိုင်ကာ တာအိုနှလုံးသားကို သန့်စင်သည့်ဖြစ်စဉ်က သူတို့မျိုးဆက်၏ အဓိကဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီး သေမျိုးအနုပညာ၊ အတတ်ပညာများက စည်ပင်ဖွံ့ဖြိုးလေသည်။
ခေတ္တမျှ စောင့်ကြည့်ပြီးသည့်နောက်တွင် သူက သူ့အတွက် ပြင်ဆင်ပေးထားသည့် ဘိုးဘေးခန်းမဆီ ရောက်ရှိလာသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ရွာက သူ့ကို တည်ထောင်သူတစ်ယောက်အဖြစ် မှတ်ယူကာ ရံဖန်ရံခါကိုးကွယ်ရေး အခမ်းအနားမျိုး ကျင်းပလေ့ ရှိသည်။ သူက ပလ္လင်အထက်ရှိ သူ့ခန့်ညားသည့် ရုပ်ပုံကို မြင်လိုက်ရသည့်အခါ ပြုံးလိုက်မိ၏။ သူက ပထမဦးစွာ အမွှေးတိုင်ကို ထွန်းညှိလိုက်ပြီးသည့်နောက်တွင် ရွာအတွက် ထိပ်တန်းအဆင့် ဧကရာဇ်အစီအရင်တစ်ခုကို ချန်ထားခဲ့သည်။ မည်သူကမှ သိမည် မဟုတ်ဘဲ အရေးပေါ်အခြေအနေတွင် အလိုအလျောက် အသက်ဝင်လာလိမ့်မည်။
တာအိုအခွင့်အလမ်းဂိုဏ်း၏ ကာကွယ်မှုဖြင့် မည်သူကမှ ရွာကို လာရှုပ်ရဲမည် မဟုတ်ပေ။ သို့သော်လည်း သူက တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည့်အခြေအနေအတွက် အပိုကာကွယ်မှုပေးလိုသည်။ ဝမ်ဝေ့က ထွက်ခွာသွားလိုက်၏။ သိပ်မကြာခင် ဘိုးဘေးခန်းမကို စောင့်ကြည့်နေသည့် တပည့်က အမွှေးတိုင်များကို သတိထားမိကာ ရွာအကြီးအကဲများကို သတိပေးခဲ့သည်။ သူတို့က အဖြစ်အပျက်ကို သိသွားသည့်အခါ တည်ထောင်သူ ဘိုးဘေးအတွက် နောက်ထပ် ပွဲတစ်ခုပင် ကျင်းပပေးခဲ့သည်။
ဝမ်ဝေ့က အိမ်ပြန်မလာခင် နောက်ဦးတည်ရာက ငရဲခုံရုံးနှင့် ကောင်းကင်ဝါးမျိုရေးဧကရာဇ်ဆီ ဖြစ်၏။ ပြဿနာမရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူက အိမ်ပြန်လာသည်။
……………..
“ဒီလိုနေ့ရက်မျိုး ရောက်လာတယ်ဆိုတာကို သိပေမဲ့ ရောက်လာတဲ့အချိန်မှာ ဝမ်းနည်းမိတုန်းပဲ။” ယုယန်က သူ့သားကို ပွေ့ဖက်ရင်း ပြောလိုက်သည်။
“ဒါက ယာယီခွဲခွာမှုတစ်ခုပါပဲ။ သတိမထားမိခင် အချိန်ကုန်သွားမှာပါ”
“ငါတို့အတွက်တော့ အဲ့လိုဖြစ်နိုင်တာပေါ့” ယုယန်က ရှိုက်ကာ ပြောလိုက်သည်။ မိသားစုက နောက်ဆုံးအနေဖြင့် ညစာစားခဲ့ကြ၏။
“ဒါက အမေ့အတွက်” ဝမ်ဝေ့က သိုလှောင်လက်စွပ်တစ်ခုကို သူ့အမေဆီ ပေးလိုက်သည်။
“ဒါက ဘာလဲ”
“ကျွန်တော်ရဲ့ မဟာတာအိုအရင်းအမြစ်သစ်ပင်။ အခု ဒါကို သုံးပြီးတော့ အမေ မတက်လှမ်းခင် ဂိုဏ်းဆီ ချန်ထားခဲ့ပေါ့”
“သား မလိုတော့ဘူးလား”
“ကျွန်တော်အတွက် အခု အသုံးမဝင်တော့ဘူး။ ဒိုင်မေးရှင်းအမြင့်မှာ နောက်ထပ်တစ်ခုရှာတာ ပိုကောင်းလိမ့်မယ်”
“ဒါက အဖေ့အတွက်”
ဝမ်ထျန်းက သူနှင့် ဆင်တူသည့် ရွှေရောင်အရုပ်တစ်ခု ပါဝင်နေသည့် စက်လုံးတစ်ခုကို မြင်လိုက်သည့်အခါ မေးလိုက်သည်။
“ဒါက ကန့်သတ်ရေး ချိုးဖောက်ရေး နတ်ဘုရားလား”
“ဟုတ်တယ်။ အဖေ့အတွက် ကမ္ဘာ့အသိုက်အဝန်းအားလုံးက ဇာတ်ကြောင်းနဲ့ ဒဏ္ဍာရီတွေကို ဖွဲ့စည်းပြီးတော့ စုစည်းပေးထားတယ်။ နည်းစနစ်အရတော့ ပြီးဆုံးသွားပြီ။ ဒါပေမဲ့ အဲဒါကို သုံးရင် ယုံကြည်မှု များများစားစား ထည့်သွင်းပေးဖို့ လိုလိမ့်မယ်”
“ဟုတ်ပြီ”
“နောက်ဆုံးအနေနဲ့ ဒါက မင်းအတွက်” ဝမ်ဝေ့က လီကျွင်းကို အနက်ရောင်သရဖူကို ပေးရင်း ပြောလိုက်သည်။
“အခုကစပြီးတော့ မင်းက ဒိုင်မေးရှင်းအနိမ့်ရဲ့ မြေကမ္ဘာဧကရာဇ် ဖြစ်သွားပြီ။ ကံဆိုးတာက ငါက မင်းကို လူသားဧကရာဇ်နဲ့ ကောင်းကင်ဧကရာဇ်ရာထူးကိုတော့ မပေးနိုင်ဘူး”
“ဒါက လုံလောက်တာထက် ပိုနေပါပြီ”
ဝမ်ဝေ့က ယန်းလီလင်းသည် ထောင့်တစ်နေရာတွင် တိတ်တဆိတ် နှုတ်ခမ်းထော်ရင်း အစားအစာများကို နင်းကန်စားနေသည်ကို တွေ့ကာ ပြုံးလိုက်သည်။
“မင်းလည်း အဲဒီသစ်ပင်ကို သုံးလို့ရတယ်” ယုယန်က ပြောလိုက်သည်။
ဝမ်ဝေ့က ရယ်မောလိုက်၏။
“ငါ လောဘသစ်ပင်နဲ့ ပြောပြီးသွားပြီ။ ဒါပေမဲ့ သူက မင်းကို သစ်ရွက်ကို ဆေးလုံးပါဝင်ပစ္စည်းတွေအနေနဲ့ ပေးလိမ့်မယ်။ ပြီးတော့ မင်းရဲ့ အစောင့်အရှောက်ဆိုတဲ့ ရာထူးအတွက်လည်း သူက ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ အရေးပေါ် အခြေအနေအတွက်ပဲ”
“တကယ်လား” သူမ၏ အကြည့်များက တောက်ပလာလေ၏။ လောကသစ်ပင်က အဆင့်(၁၁) ဖြစ်သည့်အတွက် ကောင်းကင်ဘုံအဆင့်ဟု မှတ်ယူနိုင်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သစ်ပင်က မင်းတို့အားလုံးအတွက် ချန်ထားခဲ့တဲ့ နောက်ဆုံးသော ကာကွယ်မှုဆိုတာကို မှတ်ထား။ ဒိုင်မေးရှင်းအနိမ့်မှာ တစ်ခုခု ဖြစ်မလားဆိုတာကို မသိပေမဲ့ အရေးပေါ်အခြေအနေနဲ့ အမည်မသိ ခြိမ်းခြောက်မှုတွေအတွက် ကြိုတင်ကာကွယ်ဖို့ ချန်ထားပေးခဲ့တာ။ ဒါပေမဲ့ သစ်ပင်က ဘယ်အင်အားစုအပိုင်မှ မဟုတ်ဘူး။ အရေးပေါ်အခြေအနေအတွက်ကိုပဲ သုံးနိုင်တယ်”
“သိပါပြီ”
မိသားစုက စကားလမ်းကြောင်းလွှဲရင်း ပွဲအခမ်းအနားလေးတစ်ခု ကျင်းပလိုက်ကြသည်။
“အမေတို့တွေ ဒီလောက်အထိ ရောက်လာတာကို မယုံနိုင်သေးဘူး” ယုယန်က မှတ်ချက်ပေးလိုက်သည်။
“ဟုတ်တယ်။ ကောင်းကင်တာအိုက အထွတ်အထိပ်လမ်းစဉ်ကို ပိတ်ဆို့ပြီးတဲ့နောက်မှာ ငါတို့မျိုးဆက်က စိတ်ပျက်သွားကြတာ။ ဒိုင်မေးရှင်းအနိမ့်ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အထူးချွန်ပြောင်မြောက်ဆုံးဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်လိမ့်မယ်လို့ ဘယ်သူကများ သိမှာလဲ”
“အမေနဲ့ အဖေကသာ ဒီအရာတွေအားလုံးကို တွေ့ကြုံခဲ့ရရင်…” ယုယန်က သက်ပြင်းချကာ
“ဒါနဲ့ သူတို့တွေ ပြန်လည်ဝင်စားသွားကြပြီလား”
“မဝင်စားသေးဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဦးတည်ချက်ကိုတော့ သတ်မှတ်ပြီးသွားပါပြီ။ ဒိုင်မေးရှင်းအမြင့်မှာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် မတက်လှမ်းခင်အထိတော့ သေသေချာချာ မပြောနိုင်သေးဘူး။” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“သူတို့တွေ ဦးတည်ချက်ရှိတယ်ဆိုတော့ ကောင်းတာပေါ့” သူမက ငြင်းလိုက်၏။
“အဲဒါဆို အဖေကရော” ဝမ်ထျန်းက ဝင်မေးလိုက်သည်။
“ဘာမှမထူးသေးဘူး။ သူလည်း အဆင်ပြေမှာပါ” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ ညစာစားပွဲက မကြာခင် ပြီးဆုံးသွားခဲ့ပြီး လီကျွင်းက ဝမ်ဝေ့နောက်မှ လိုက်ပါကာ ကိုယ်လုပ်တော် စုအိုက်ကို သွားတွေ့ခဲ့သည်။ ဝမ်ဝေ့က သူ့တူ၊ တူမလေးကို သူ့မဟာတာအိုစည်းမျဉ်းဖြင့် ဆေးကြောကာ အာဟာရဖြည့်ပေးခဲ့ပြီး ကလေးအတွက် ကြောက်စရာကောင်းသည့် ပါရမီရှင်ဖြစ်လာဖို့ရာအတွက် သွေးအားဖြည့်မှုကိုပင် ထည့်ပေါင်းပေးခဲ့သည်။
ထိုအရာအားလုံး ပြီးမြောက်သွားသည်နှင့် သူက မိသားစုနှင့်အတူ နှစ် ၅၀၀ အချိန်ဖြုန်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်း နေရာအသီးသီးကို သွားလာခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် ခရီးသွားလာမှုက အစားအစာမြည်းစမ်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ဝေ့က သူ့ဇနီးနှင့် နီးကပ်သည့်အရာမျိုး သို့မဟုတ် ယှဉ်နိုင်သည့် အစားအစာမျိုးကို ရှာတွေ့ဖို့ မျှော်လင့်နေမိသည်။ နှမြောစရာကောင်းလှစွာဖြင့် သူက လက်ခံနိုင်လောက်သည့် အစားအစာတစ်မျိုးသာ တွေ့ခဲ့၏။
နောက်ဆုံးတွင် ဝမ်ဝေ့က မတက်လှမ်းခင် ဆယ်နှစ်တာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။