တက်လှမ်းခြင်း နောက်ဆုံးအပိုင်း
Vol. 86 Ch. 1202
ကိုယ်လုံးတီးဖြစ်နေသည့် ဝမ်ဝေ့က သူ့အခန်းအတွင်း မျက်လုံးဖွင့်လာသည်။ သူ့ခန္ဓာကိုယ်က ခေါင်းမှခြေအဆုံး အမှတ်အသားများ ရှိနေလေ၏။ အတွေးတစ်ချက်ဖြင့် ထိုအမှတ်အသားများက အသက်ဝင်လာကာ သူ့ဦးခေါင်း သို့မဟုတ် အသိစိတ်ပင်လယ်အတွင်း စီးဝင်သွားလေသည်။
“ပြင်ဆင်မှုတွေ အားလုံးပြီးသွားပြီ” သူက ဝတ်စုံဝတ်ကာ ထရပ်လိုက်သည်။ သူက ကျင့်ကြံရေးအခန်းကို ကြည့်ရင်း ဤသည်က နောက်ဆုံးအကြိမ် ဖြစ်မည်မှန်း သိလိုက်၏။
ငါ ဒီအခန်းကို ဂိုဏ်းအတွက် ချန်ထားလိုက်ရမလား…
ဤသည်က သူတာအိုကို သက်သေပြပြီးကတည်းက သုံးခဲ့သည့် နေရာဖြစ်သည့်အတွက် သူ့အငွေ့အသက်နှင့် တာအိုစည်းချက်များကြောင့် အဖိုးတန်လှသည်။
ထားပါတော့။ သူတို့ကို လုံလုံလောက်လောက် ထားခဲ့ပေးပြီးပြီ။
သူက ဂိုဏ်း၏ အုတ်မြစ်ကို တိုးမြှင့်ပေးပြီးသား ဖြစ်၏။ ထိုအရာထဲတွင် သူ၏ သွေးအဆီအနှစ်မှ အနာဂတ်ခန္ဓာကျင့်ကြံသူများအတွက် အားဖြည့်ပေးဖို့ သွေးကန်ပင် ပါဝင်သည်။ သူတို့က ထပ်မံမလိုအပ်တော့ပေ။
ဒါပေမဲ့လည်း အနာဂတ်ကောင်းကင်ဧကရာဇ်တွေ ဒီအခန်းကို ယူတာကနေ ကာကွယ်ဖို့ စည်းမျဉ်းတစ်ခုတော့ ချန်ထားခဲ့ရမယ်။ ပြီးတော့ ဒီအခန်းက ဧကရာဇ်တွေအများကြီးသုံးလေလေ ပိုပြီးတော့ အဖိုးတန်လာလေလေပဲ…
သူသာ ထွက်သွားလျှင် ထိုသူများ၏ လောဘကို တားဆီးနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က အခန်းကို လက်ညှိုးထိုးပြီး သူ့စွမ်းအားတချို့ကို ချန်ထားလိုက်သည်။ သူက အဆောင်တစ်ခုကို ဖွဲ့စည်းပြီး တာအိုအခွင့်အလမ်းဂိုဏ်းအား ခုံရုံးအား မည်သူမှ မအုပ်စိုးသည့်အချိန် ဤအခန်းကို အသုံးပြုခွင့်ပေးထားလေ၏။
“အခု မှတ်တမ်းတစ်ခု ချန်ထားရမယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက တစ်စုံတစ်ယောက်သည် သူ့ရာထူးကို အမွေဆက်ခံကာ ထိုက်တန်ရဲ့လားဟု ဆုံးဖြတ်ဖို့ ဆေးမှူးကို ဖန်တီးခဲ့ပြီးသား ဖြစ်၏။ သူ့စမ်းသပ်ချက်က အစစ်အမှန်ကောင်းကင်တာအိုထက်ပင် ပိုမိုပြင်းထန်လိမ့်မည်။ သူက သူ့ဆက်ခံသူများအတွက် သီးသန့်လိုအပ်ချက်များကို သတ်မှတ်ပြီးသားဖြစ်သည့်အတွက် အခန်းကို ဒီအတိုင်းထားဖို့ စည်းမျဉ်းတချို့ ထည့်ပေါင်းလိုက်သည်။
ဝမ်ဝေ့က အခန်းမှ ထွက်လာပြီးသည့်နောက်တွင် ခုံရုံးဆီ သွားလိုက်၏။ ထို့နောက် ပြန်လည်တွေးတောသည့် ခံစားချက်တို့က ကြီးစိုးလာလေသည်။ သူက လျှောက်လှမ်းလာရင်း ယခင်ဧကရာဇ်ဟောင်းများနှင့် မသေမျိုးများ၏ နေထိုင်ရာဆီ ရောက်ရှိလာ၏။ သူ့အုပ်စိုးမှုအတွင်း သူက ကျရှုံးမှုတချို့ကို ပြန်လည်မတွေးတောဘဲ မနေနိုင်တော့ပေ။ လူတချို့ကသာ ခုံရုံး၌ နေထိုင်ဖို့ ရွေးချယ်ကြ၏။
ရှုရှစ်က ပြောင်းရွှေ့လာပြီးသည့်နောက်တွင် အခြေအနေက တိုးတက်လာခဲ့သော်လည်း ဝမ်ဝေ့ လိုချင်သည့် အနေအထားသို့ မရောက်ခဲ့ပေ။ ထိုသူများက ကျားတစ်ကောင်အနီးတွင် မအိပ်စက်ဖို့သာ ရွေးချယ်ကြလေ၏။
အဖေနှင့် အမေကတော့ အောင်မြင်လောက်ပါတယ်…
သူက ခုံရုံးအခန်းအတွင်းရှိနေသည့် လူအိုကြီးထျန်းကျိကိုပါ တွေ့လိုက်သည်။ သူက ယခုအခါ အသိစိတ်တစ်ပိုင်း ကင်းမဲ့နေသည့် အခြေအနေတွင် ရှိ၏။ သူက ကောင်းကင်တာအို တိုက်စားခြင်းမှ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေရသည်။
သူ့ကို နမူနာထားပြီးတော့ အန္တိမသဟဇာတအကြောင်း သတင်းအချက်အလက်ကို ကောက်ချက်ချလို့ရလောက်တယ်…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ဥယျာဉ်ဆီ လျှောက်လှမ်းသွားလောက်သည်။ ထိုနေရာက သဘောအကျဆုံးနေရာဖြစ်ကာ အဆုံးမဲ့လေဟာနယ်ထဲမှ အလှပဆုံးပန်းပွင့်များကို စုဝေးခြင်းဖြင့် သေချာဂရုစိုက်ထားလေ၏။
ငါ မှတ်မိသလိုမျိုး အဆင်ပြေနေတုန်းပဲ…
သူက မှတ်ချက်ပေးလိုက်သည်။ ဝမ်ဝေ့က ဥယျာဉ်အတွင်း နာရီပိုင်းကြာ ကုန်ဆုံးလိုက်သည်။ ထိုအရာက သူ့အတွက် နောက်ဆုံးအကြိမ် ဖြစ်မည်မှန်း သိနေ၏။ နောက်ဆုံးတွင် သူက နှုတ်ဆက်စကားပြောဖို့ ထွက်လာခဲ့လိုက်သည်။
“ကျွန်မ သူ့ကို စိုးရိမ်တယ်” ဝမ်ဝေ့က သူ့အမေ ပြောနေသည်ကို ကြားလိုက်ရ၏။
“မလိုပါဘူး။ ငါတို့သားက ကောင်းချီးခံဖြစ်ပြီးတော့ ကံကြမ္မာကနေ မျက်နှာသာပေးခံရတဲ့သူလေ။ သူက နည်းနည်းဒုက္ခတွေ့တယ်ဆိုပေမဲ့လည်း နောက်ပိုင်း အဆင်ပြေသွားမှာပါ”
“ကျွန်မ အဲဒါကို အဓိကစိုးရိမ်တာ မဟုတ်သေးဘူး။ ကျွန်မတို့သာ ဘေးနားမရှိရင် သူ့ကိုယ်သူနဲ့ သူ့လူသားဆန်စိတ်ကို ဆုံးရှုံးသွားမှာကို စိုးမိတာ”
“အဲဒါက တကယ်ကို စိတ်ပူစရာပဲ။ ဒါပေမဲ့ သူ့ကို သေချာစောင့်ကြည့်ဖို့ ချွေးမလေးနဲ့ ဘိုးဘေးတွေ ရှိတယ်”
“ရှင် ပြောတာ မှန်ပါတယ်လေ။ ကျွန်မလည်း မနေနိုင်ဘဲနဲ့ အတွေးလွန်နေမိတာ”
ဝမ်ဝေ့က ပြုံးပြီးသည့်နောက်တွင် သူ့တည်ရှိမှုအား ထင်သာမြင်သာ ပြသလိုက်သည်။ သူက မိသားစုကို ပွေ့ဖက်ပြီးသည့်နောက်တွင် သူ့အမေက ချက်ချင်းဆိုသလို မျက်ရည်ဝဲလာလေ၏။
“မငိုဘူးလို့ ကိုယ့်ကိုယ်ကို ပြောထားပေမဲ့ အခုကြည့်ပါဦး”
“ကျွန်တော်ပြောပါတယ်။ မျက်စိတစ်မှိတ်အတွင်းပါပဲလို့” ဝမ်ဝေ့က ပြောလိုက်သည်။
“အမေလည်း သိပါတယ်”
အချိန်တော်ကြာ ဖက်နေပြီးသည့်နောက်တွင် ခွဲခွာလိုက်ကြသည်။ သို့သော်လည်း ဝမ်ဝေ့က အပြင်ဘက်လူတချို့ကို အာရုံခံလိုက်မိ၏။
“အထဲဝင်ခဲ့ပါ” မူလအရှင်၊ ဓားအရှင်နှင့် တခြားသောသူများက အခန်းအတွင်း ဝင်ရောက်လာကြသည်။
“ဝမ်ဝူချန်က မင်းက ငါတို့ကို နှုတ်ဆက်စကားမပြောဘဲနဲ့ ထွက်သွားလောက်တယ်လို့ ပြောလို့ လာတာ”
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ဝမ်ဝူချန်က သူသည် ခွဲခွာရသည်ကို သဘောမကျသည့်အတွက် မှန်ကန်နေသည်။
“ငါတို့ကို ထွက်မတွေ့ဘဲနဲ့ ဘယ်လိုလုပ်ပြီး ထွက်သွားမှာတုန်း။ ဒါက ငါတို့တွေ့ရမဲ့ နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်တယ်” ဓားအရှင်က ညည်းတွားလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
“ကျွန်တော် စံပြဖြစ်လာပြီးတဲ့နောက်မှာ ပုံရိပ်ယောင်ကို စေလွှတ်လိုက်မှာပါ။ ကျွန်တော် အဲဒီအဆင့် အနေအထားရောက်ပြီးတော့ လွတ်လပ်မှုတချို့ ရလာတာနဲ့ ဘိုးဘေးတို့အားလုံးကို ဒိုင်မေးရှင်းအမြင့်ဆီ ကျွန်တော်နဲ့အတူ ခေါ်သွားမှာပါ”
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ အဲဒီနေ့ကို စိတ်ရှည်လက်ရှည် စောင့်နေမယ်နော်” မူလအရှင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ အားလုံးကလည်း သူ့အတိုင်း လိုက်လုပ်လိုက်ကြ၏။ ဝမ်ဝေ့က ခေါင်းညိတ်ကာ လက်ခံလိုက်၏။ ထို့နောက် အားလုံးက နှုတ်ဆက်စကားပြောပြီးသည့်နောက်တွင် ထွက်ခွာသွားကြသည်။
“အချိန်ကျပြီ” ဝမ်ဝေ့က သူ့မိဘများကို ပြောလိုက်၏။
“သေချာဂရုစိုက်နော်”
“သား ငါက တခြားမှာစရာတွေတော့ မရှိဘူး။ မင်းဘာပဲလုပ်လုပ် မင်းက ငါတို့မိသားစုကို ဂုဏ်ယူအောင် လုပ်ပေးမယ်ဆိုတာကို သိတယ်”
ဝမ်ဝေ့က သူတို့ကို နောက်ဆုံးအကြိမ်အနေဖြင့် ပွေ့ဖက်ပြီးသည့်နောက်တွင် စံအိမ်မှ ထွက်လာခဲ့လိုက်သည်။ သူက သာမန်ထွက်ခွာသွားမည့်အတွေးမျိုး ချထားလေ၏။ သို့သော်လည်း တချို့သူများကမူ တခြားအစီအစဉ်များ ရှိနေကြသည်။
ကောင်းကင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး ခရမ်းရောင် ပြောင်းလဲသွားလေ၏။ ထို့နောက် ချီလင်နှစ်ကောင် ဆွဲလာသည့် ရွှေရောင်ရထားလုံးက ကောင်းကင်မှ သက်တံအသွင်ဖြင့် ရောက်ရှိလာသည်။ ထိုအရာက ဝမ်ဝေ့ရှေ့မှောက် ရောက်ရှိလာလေ၏။
အစစ်အမှန်ကောင်းကင်တာအိုက ငါ့ရဲ့တက်လှမ်းမှုကို ဒီလောက်အနေအထားထိ လုပ်ပေးတာကိုပဲ ဂုဏ်ယူရမှာပဲ…
ထို့နောက် သူက ကောင်းကင်လှည့်ဖျားရေးအစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို စွမ်းအားအပြည့် လွှမ်းခြုံကာ ရထားလုံးအတွင်း ဝင်ရောက်လိုက်သည်။ ချီလင်မြူက သူ့ကို ကောင်းကင်ယံအထက် ခေါ်ဆောင်သွားပြီး အမြင်ရုပ်လွှာများက ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ပျံ့နှံ့သွားလေသည်။
ကမ္ဘာတိုင်း၌ ရွှေရောင်ကြာပွင့် ပွင့်လန်းလာကာ ဝိဇ္ဇာများ၊ ပညာရှိများ၊ မသေမျိုးများနှင့် ဧကရာဇ်များက ကောင်းကင်ကို ဦးညွှတ်နေသည့် ပုံရိပ်များစွာ ထွက်ပေါ်လာလေ၏။ ကောင်းကင် သို့မဟုတ် တာအိုတေးဂီတကလည်း မိုးမြေကြား ပဲ့တင်ထွက်ကာ သက်ရှိအားလုံး၏ စိတ်ကို ပြေပျောက်စေသည်။
အားလုံးက ဝမ်ဝေ့၏ သတင်းကို လက်ခံရရှိလိုက်သည့်အတွက် သူတို့က ဦးညွှတ်ကာ ရေရွတ်လိုက်ကြ၏။
“အထွတ်အထိပ်ဧကရာဇ် ဘေးကင်းတဲ့ ခရီးလမ်း ဖြစ်ပါစေ” ထိုစကားများက ကာလံဒေသံတစ်လျှောက် ပျံ့နှံ့သွားလေသည်။ လူများစွာက ထိုမကောင်းဆိုးဝါးကြီး နောက်ဆုံးတွင် ထွက်ခွာသွားသည့်အတွက် ပျော်ရွှင်နေကြသော်လည်း မည်သူကမှ ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်မပြသကြပေ။ အားလုံးက သူတို့၏ လေးစားမှုကို ပြသကြ၏။
“ငါတို့ရဲ့ မျိုးနွယ်က တကယ်ကို ဒီလိုမျိုး တည်ရှိမှုကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာပဲ” မူလအရှင်က ရထားလုံးပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ အဝေးတစ်နေရာရှိ သေးငယ်ကာ ကြော့ရှင်းသည့် မျှော်နန်းဆောင်အတွင်း အသက်ကြီးကြီးအမျိုးသားက စာအုပ်တစ်အုပ်ကို ဖွင့်ကာ စတင်ရေးသားလိုက်သည်။
ကောင်းကင်ဧကရာဇ်ခေတ်ကာလ ၅၆၇ ၉၀၈၂၊ အထွတ်အထိပ်ဧကရာဇ်က ကောင်းကင်ဆင်းသက်လာတဲ့ ရွှေရောင်ရထားလုံးနဲ့အတူ တက်လှမ်းသွားပြီးတော့ ဒီကမ္ဘာရဲ့ အကြီးမားဆုံးမျိုးဆက်နဲ့ ဒိုင်မေးရှင်းရဲ့ အကြီးကျယ်ဆုံးသမိုင်းကြောင်းကို ယူဆောင်ပေးလာခဲ့တယ်…
ကောင်းကင်ဧကရာဇ်ခေတ်ကာလ၏ ထူးကဲသည့် ဧကရာဇ်တချို့၏ သမိုင်းကြောင်းကိုပင် ရေးသားထားလေ၏။
ဒုတိယမျိုးဆက်တွင် အထွတ်အထိပ် ဧကရာဇ်၏ ဖခင်ဖြစ်သူ ဝမ်ထျန်းက တာအိုကို သက်သေပြကာ အကြွင်းမဲ့ ပိုင်းဖြတ်ရေးဧကရာဇ် ဖြစ်လာခဲ့သည်။ သူက ခုံရုံးကို သူ့ဇနီး အဆုံးမဲ့အမှောင်ထုဧကရီနှင့်အတူ အုပ်စိုးခဲ့လေသည်။ လူများစွာက သူတို့၏ အုပ်စိုးမှုသည် သူတို့သား၏ အောင်မြင်မှုကြောင့် သိပ်ထင်ပေါ်မည် မဟုတ်ကြောင်း ယုံကြည်ခဲ့ကြ၏။
သို့သော်လည်း ဓားတာအိုမြစ်ကြောင်းနှင့် အမှောင်ထုကမ္ဘာတို့ ဖန်တီးလိုက်သည့်အခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ အကြွင်းမဲ့ပိုင်းဖြတ်ရေး ဧကရာဇ်က ဟိုးရှေးခေတ်ကတည်းက ဓားသမားများ၏ ဓားအရည်အချင်း၊ ဓားအသိနှင့် ဓားဆန္ဒတို့ကို စုဝေးကာ ဓားတာအိုမြစ်ကြောင်းဟုခေါ်ဆိုသည့် နေရာတွင် ထားရှိခဲ့သည်။ သူ့အပြုအမူက ဓားတာအို၏ လူကြိုက်များမှုနှင့် စွမ်းအားကို ပိုမိုတိုးပွားလာစေပြီး အကြွင်းမဲ့ဓားရေးလမ်းစဉ်က အစွန်းရောက်ဓားရေးလမ်းစဉ် အစားထိုးဝင်ရောက်သွားခဲ့သည်။
ထိုစဉ် အားလုံးက အမှောင်ထုကမ္ဘာအတွင်း လေ့ကျင့်ခြင်းမှ စိတ်စွမ်းအားနှင့် တာအိုနှလုံးသားတို့ကို လေ့ကျင့်ရေးမှ အကျိုးအမြတ် ရရှိကြ၏။ စိတ်လှုပ်ရှားစရာကောင်းသည့်အရာက သူတို့သည် တစ်စုံတစ်ယောက်၏ စိတ်နှင့် ခန္ဓာကိုယ်ထဲမှ အမှောင်ထုကို စုပ်ယူပေးနိုင်သည့်အတွက် ပိုမိုကောင်းမွန်သည့် လူတစ်ယောက် ဖြစ်လာစေသည်။ ထိုအရာက သူတို့၏ ကျင့်ကြံရေးအတွက် အထောက်အကူ ဖြစ်၏။
ထိုဖန်တီးမှုများက ထိုနှစ်ယောက်၏ အုပ်စိုးမှုအတွင်း အကြီးအကျယ် အောင်မြင်ခဲ့လေသည်။ နောင်အနာဂတ်ဧကရာဇ်များကလည်း သူတို့၏ လမ်းစဉ်အတိုင်း လိုက်နာကြ၏။
တတိယမျိုးဆက်တွင် စုယာနှင့် တိကျားယင်တို့ကြားမှ ကြမ်းတမ်းသည့် ပြိုင်ပွဲ ဖြစ်လာခဲ့သည်။ စုယာက နောက်ဆုံးအနိုင်ရရှိသူဖြစ်ခဲ့ပြီး ဝိညာဉ်ဆန္ဒဧကရီဟု ခေါ်တွင်ခဲ့သည်။ သူမ၏ အမွေအနှစ်က ရှေးရိုးဆန်ပြီး သူမက တာအိုနှလုံးသားကို ကျင့်ကြံရေးကို အထောက်အကူပြုနိုင်သည့် ချီယွီလျှိုချင်တိုင်လုံးများကို ဖန်တီးခဲ့သည်။ ထိုဖန်တီးမှုမှ သူမသည် စိတ်နှလုံးသားရေးရာကိစ္စများ၌ ရှင်းအာထက်ပင် ပိုမိုကောင်းမွန်သည်ဟု ဖော်ညွှန်းနိုင်သည်။
သို့သော်လည်း ထိုအရာက စိတ်ခံစားချက်များကို လှုံ့ဆော်ပေးနိုင်ရုံသာမကဘဲ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဧကရာဇ်များအပါအဝင် အသက်များစွာက တဏှာတိုင်လုံးထံ ဆုံးရှုံးသွားလေ့ ရှိ၏။
စတုတ္ထဧကရာဇ်ကမူ တိကျားယင် ဖြစ်၏။ သူမက ကောင်းကင်ရွေးချယ်ခံစာရင်းထဲမှ ဆုလာဘ်မှ ကံကြွေးကို ဆေးကြောပြီး နောက်မျိုးဆက်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သူမ၏ အု်ပစိုးမှုက သမိုင်းကြောင်းတစ်လျှောက်တွင် အတော်လေး ဆိုးရွားပေ၏။ သူမက အာဏာရှင် တစ်ယောက်ဖြစ်သည့်အတွက် အရင်းအမြစ်များကို မျှဝေခြင်း မရှိဘဲ သူမဘာသာ သိမ်းဆည်းခဲ့သည်။ သူမ လေးစားရသည့် သို့မဟုတ် ကြောက်ရွံ့ရသည့် မျိုးနွယ်တချို့မှ လွဲ၍ သူမက အရာအားလုံးကို အနိုင်ကျင့်ခဲ့၏။
သူမ၏ ပွဲအခမ်းအနား၌ပင် သူမက လူများအား တက်ရောက်ကာ အခကြေးငွေပေးဖို့ ဖိအားပေးခဲ့သည်။ စိတ်လှုပ်ရှားစရာကောင်းသည့်အရာက တိမျိုးနွယ်သည် သူမက ရန်သူ မည်မျှပင် ဖန်တီးစေကာမူ သူမကို ထောက်ပံ့ပေးမှု ရပ်တန့်သွားခြင်း မရှိပေ။
သူမ၏ အုပ်စိုးမှုထဲတွင် ပုန်ကန်မှုများ ရှိလာကြသော်လည်း သူမက အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့၏။ လူများစွာက တာအိုအခွင့်အလမ်းဂိုဏ်းအား တစ်စုံတစ်ခုလုပ်ဖို့ တောင်းဆိုခဲ့ကြသော်လည်း သူတို့၏ အကျိုးအမြတ်ကို မထိသည့်အတွက် ဂိုဏ်းက ကြားနေအဖြစ်သာ နေခဲ့သည်။
ပဉ္စမမြောက်မျိုးဆက်ကမူ သမိုင်းကြောင်းတွင် မှတ်တမ်းတစ်ခုသာ ရှိ၏။ ထိုသူသည် အစစ်အမှန် ထာဝရဧကရာဇ် မဟုတ်သည့် ပထမဦးဆုံးသူဖြစ်ကာ သူ့အုပ်စိုးမှုက ငြိမ်းချမ်းကာ ဖြစ်ရပ်ကြီးကြီမားမားဟူ၍ မရှိပေ။
ဆဌမမျိုးဆက်တွင် ကောင်းကင်ရွာမှ ကောင်းကင်သစ်ပင်ဧကရာဇ် ထွက်ပေါ်လာခဲ့သည်။ သူတို့အမွေအနှစ်ကမူ လောကသစ်ပင် ၃၈၀၀ဖြစ်၏။ လောကသစ်ပင်၃၈၀၀ဖြစ်ပြီး အားလုံးက ကမ္ဘာ့အသိုက်အဝန်းတစ်ခုနှင် ပေါင်းစည်းကာ ထိုကမ္ဘာများ၏ အာကာပြင်နှင့် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး၏ အာကာပြင်ကို တည်တံ့အောင် လုပ်ပေးခဲ့သည်။
သတ္တမမြောက်မျိုးဆက်ကမူ မူလသင်္ကေတနန်းဆောင်၏ ဝူမျိုးနွယ်မှ ဖြစ်၏။ သူက ပထမဦးဆုံးဧကရာဇ်ဖြစ်သလို ထုန်ထန်လမ်းစဉ်၏ ထာဝရဧကရာဇ်လည်း ဖြစ်ပေသည်။ သူ့အမွေနှစ်ကမူ ထုန်ထန်အမှတ်အသားကို ကျွမ်းကျင်အတတ်ပညာတစ်ခုအဖြစ် တွန်းပို့ပေးခြင်း ဖြစ်၏။
ဒဿမမျိုးဆက်ဧကရာဇ်ကမူ အိပ်မက်ဆိုးဧကရီ သုံ့လီဖန်း ဖြစ်၏။ သူမက တာအိုသက်သေမပြခင် သူမ တစ်ယောက်တည်းဖြင့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို လွှမ်းမိုးခဲ့သည့်အတွက် ကမ္ဘာကြီးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ထိုအရာက အသစ်တက်လှမ်းကာစ ကောင်းကင်အလိုဆန္ဒကမ္ဘာ ဖြစ်သော်လည်း တုန်လှုပ်ဖို့ ကောင်းနေဆဲသာ ဖြစ်၏။ သူမ၏ အမွေအနှစ်ကမူ အိပ်မက်နှင့် အိပ်မက်ဆိုးမျိုးနွယ် ပါဝင်သည့် မျိုးစိတ်နှစ်ခုကို ဖန်တီးခြင်း ဖြစ်၏။ ထို့အပြင် သူမက အိပ်မက်ဆိုးကမ္ဘာကို ဖန်တီးပြီး ဒိုင်မေးရှင်းအနိမ့်၏ မိစ္ဆာနှင့် အဆိုးမြင့်စိတ်များကို စုပ်ယူကာ သူမ၏ ကိုယ်ပိုင်အိပ်မက်လောကအတွင်း ပေါင်းစည်းခဲ့သည်။
သူမ၏ အပြုအမူက အမှောင်ထုကမ္ဘာမှ လှုံ့ဆော်မှုရထားခြင်းဖြစ်ကာ ဒိုင်မေးရှင်းအနိမ့်ကို အဆိုးများမှ သန့်စင်ပေးခြင်း ဖြစ်၏။ သူမ၏ အုပ်စိုးမှုအတွင်း လူများက အပျော်ရွှင်ဆုံးဖြစ်ကာ ကျင့်ကြံရေးကလည်း စိတ်ကြည်လင်မှုကြောင့် ပျော်ရွှင်ဖို့ကောင်းခဲ့သည်။
ဧကဒဿမမြောက်မျိုးဆက်က သမိုင်းကြောင်းတွင်ခဲ့သည်မှာ သူသည် အထွတ်အထိပ်ဧကရာဇ်၏ စစ်ဆေးမှုကို ကျရှုံးသည့် ပထမဦးဆုံးဧကရာဇ် ဖြစ်နေပြီး သူသည် အတော်လေး အားကောင်းသည့် အတုယောင်ထာဝရဧကရာဇ် ဖြစ်နေသော်လည်း ပလ္လင်ပေါ်တွင် ထိုင်နိုင်ခြင်း မရှိပေ။
၁၂ခုမြောက် မျိုးဆက်ကမူ ထိပ်တန်းမျိုးနွယ်မှ မဟုတ်သည့် ပထမဦးဆုံး ထာဝရဧကရာဇ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သံမဏိလက်သီးဧကရာဇ်က အထွတ်အထိပ်ဧကရာဇ်၏ စစ်သူကြီးတစ်ယောက်ဖြစ်သည့် ထျဲ့ကန်ဟု သတင်းထွက်လာသည်။ ထိုသူက တာအိုကို သက်သေပြကာ သံမဏိလက်သီးတိုင်းပြည်ကို တည်ထောင်ခဲ့၏။
သူ့အမွေအနှစ်က စည်းမျဉ်းများမှ အုပ်စိုးခြင်း မရှိဘဲ တုန်ခါနှုန်းတစ်ခုချင်းစီက တာအို သို့မဟုတ် လက်တွေ့ကို ထင်ဟပ်ပြသနေသည့် ကြိုးမျှင်များစွာဖြင့် ဖွဲ့စည်းထားသည့် တုန်ခါနှုန်းကမ္ဘာတစ်ခု ဖြစ်၏။
သံမဏိလက်သီးဧကရာဇ်က ကမ္ဘာကြီးအား ကြိုးမျှင်တစ်ခုကို ဖန်တီးဖို့ အကူအညီတောင်းခဲ့သည်။
ထိုအရာပြီးမြောက်သွားသည်နှင့် လူတချို့က သူသည် တုန်ခါရေးကမ္ဘာကို သူ့တိုင်းပြည်အတွက် အုတ်မြစ်အနေဖြင့် ချန်ထားခဲ့မည်ကို သဘောမကျကြပေ။ သို့သော်လည်း ထိုအငြင်းပွားမှုက အသေးအဖွဲမျှသာ ဖြစ်လေသည်။ သံမဏိလက်သီးဧကရာဇ်က အစကတည်းက အကူအညီတောင်းသည်မှာ ကိုယ်ရေးကိုယ်တာအတွက် ဟူသောအချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
ကောင်းကင်ဧကရာဇ်ခေတ်ကာလက ရှည်လျားကာ ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်များစွာ မွေးထုတ်ပေးခဲ့သည်။ ထိုသူများထဲတွင် အကြွင်းမဲ့ ရုပ်သေးရုပ်ဧကရီ၊ လှံလွှမ်းမိုးရေးဧကရာဇ်၊ အချိန်ကျော်လွှားရေးဧကရာဇ်အပြင် သွေးနီရောင်ဧကရာဇ်နှင့် ဆေးလုံးဝိဇ္ဇာဧကရီတို့မှ ပြန်လည်အသက်ဝင်လှုပ်ရှားလာခြင်းတို့ ပါဝင်သည်။
ထိုအရာက သင်္ချေအင်ပါယာကမ္ဘာမှ ထွက်ပေါ်လာခဲ့သူများသာ ဖြစ်၏။ သို့သော်လည်း တခြားသော ကမ္ဘာများကလည်း ကြီးကျယ်သည့် အမွေအနှစ်ရှိသည့် ဧကရာဇ်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။