အခန်း (၁၁၅၄)
Vol. 83 Ch. 1154
ကောင်းကင်တစ်သောင်းဧကရာဇ်က လက်မြှောက်ပြီး ကျောက်စိမ်းပေတံတစ်ခုကို ဟန်မူယဲ့ဆီသို့ ပေးသည်။
“ဒါက ကောင်းကင်တိုင်းတာခြင်းပေတံပဲ။ ငါက မဟာတောရိုင်းကမ္ဘာကနေ ဒီပေတံကိုအသုံးပြုပြီး ထွက်သွားဖို့ ပြင်ဆင်ထားခဲ့တယ်။ အခုတော့ မလိုအပ်တော့ဘူး”
ထို့နောက်သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးပြန်သည်။
“ငါ့တိုင်းပြည်ရဲ့ လူတွေက ကျင့်ကြံခြင်းလောကကို သွားချင်ကြတယ်”
“ငါက သူတို့ကို ခေါ်သွားမယ်လို့ ကတိပေးခဲ့တယ်”
“အခုတော့ မင်းက သူတို့ကို ခေါ်သွားပေးပါ”
“သူတို့က ကောင်းကင်တစ်သောင်းမြို့မှာ နေလို့လည်းရတယ်။ ဒါမှမဟုတ် မင်းနဲ့ လိုက်သွားချင်ရင်လည်း ရတယ်။ သူတို့ရဲ့ သဘောအတိုင်းပါပဲ”
ကောင်းကင်တစ်သောင်းတိုင်းပြည်တွင် ဟန်မူယဲ့နှင့်အတူ ထွက်သွားချင်သောလူများ တစ်သန်းခန့်ရှိနေသည်။ ထိုလူများထဲတွင် အနည်းဆုံး အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများ ငါးထောင်ခန့် ရှိသည်။
ထိုအင်အားစုက ကျင့်ကြံခြင်းလောကထဲသို့ ဝင်ရောက်လာလျှင် လူတိုင်းက ထိတ်လန့်သွားကြလိမ့်မည်။
ယခင်က အင်မော်တယ်ဘုရင်ချန်ယွမ်သည် မဟာတောရိုင်းကမ္ဘာတွင် ပျိုးထောင်ထားသော အင်အားစုနှင့် အပြင်ဘက်သို့ ထွက်လာပြီး နတ်ဘုရားကမ္ဘာ၏ ကျွမ်းကျင်သူများနှင့် ဆွေးနွေးချင်ခဲ့သည်။
ယခု မလိုတော့ပေ။
သူက ကပ်ဘေးကို အစပျိုးသောဖြစ်ရပ်တွင် ကိုယ်တိုင်ပါဝင်နေသည်။
“သွားကြစို့”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
ဓားရှည်တစ်လက်ကိုင်ထားသော ဟွမ်ကျစ်ဟူ၊ ရွှေကျီးကန်းချပ်ဝတ်နှင့် လင်းရှန်၊ ဆင်သားရဲပုံရိပ်နှင့် ရှန့်လင်းရွှမ်းတို့အပြင် တခြားလူများက ပျံသန်းလာကြသည်။
ဟွမ်ကျစ်ဟူက မဟာတောရိုင်းကမ္ဘာ၏ နတ်ဘုရားသားရဲမျိုးနွယ်စုတွင် ကျားဖြူတစ်ကောင် ဖြစ်နေခဲ့သည်။ သူမ၏ နဖူးတွင် ကျားဖြူပုံရိပ် ရှိနေသည်။ ဟန်မူယဲ့က သူမ၏ မှတ်ဉာဏ်များကို နိုးထစေခဲ့သည်။
ရှန့်လင်းရွှမ်းက ဆင်နတ်ဘုရားသားရဲ၏ လက်အောက်တွင် ကျင့်ကြံနေခဲ့သည်။ သူက မှတ်ဉာဏ်နိုးထပြီး ဟန်မူယဲ့ကို လာရှာခဲ့သည်။
ယွင်ကျင်းက အံ့ဖွယ်ဝိညာဉ်တိုင်းပြည်မှ အမတ်ကြီးတစ်ဦး၏သမီး ဖြစ်ခဲ့သည်။
လုကောက အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ ရောက်သွားသောအခါတွင် မှတ်ဉာဏ်နိုးထလာသည်။
ဟန်မူယဲ့၏ အမိန့်အောက်တွင် စစ်တပ်သည် မဟာတောရိုင်းကမ္ဘာမှ ထွက်လာခဲ့သည်။
သူတို့က အလင်းဂိတ်တံခါးမှ ထွက်လာသောအခါတွင် ပြင်ပလောကမျိုးနွယ်စုနှင့် တိုက်ခိုက်နေသော မဟာတောရိုင်းကမ္ဘာ၏ စစ်တပ်ကို မြင်လိုက်ရသည်။
ရွှေအလင်းတန်းများသည် စစ်မြေပြင်တွင် တောက်ပနေသည်။
ကပ်ဘေးစတင်ခြင်း ဖြစ်သည်။
....
ကောင်းကင်တစ်သောင်းချောက်နက် ....
ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင်ရှိသော ရွှေအလင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ့နဖူးတွင်ရှိသော ရွှေကျီးကန်းအမှတ်အသားကလည်း လွင့်ပြယ်သွားသည်။
သူ၏ အစစ်အမှန်ဝိညာဉ်စွမ်းအားက ပြိုကျသွားပြီး ရွှေကျီးကန်းမီးတောက်သာ ကျန်ရစ်ခဲ့သည်။
အစစ်အမှန်ဝိညာဉ်၏ ပြင်းထန်သောစွမ်းအားသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ကိုယ်ပိုင်ကျင့်ကြံခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
ထူးခြားသော အလင်းစက်ကွင်းလေးခုသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ပေါ်လာပြီး ဖြည်းဖြည်းချင်း မှိန်ဖျော့သွားသည်။
မီး၊ စတေးခြင်း၊ သတ္တိနှင့် ရှင်သန်ခြင်း ....
စည်းမျဉ်းလေးခု ဖြစ်သည်။
သူက လက်မြှောက်ပြီး အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူသည်။
ခြေသုံးချောင်းရွှေကျီးကန်းများ၏ နတ်ဘုရားအင်းကွက်ကို သယ်ဆောင်ထားသော သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။
ဓားသည် အကောင်းအတိုင်း ရှိနေသည်။
ဟန်မူယဲ့က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ထိုဓားသည် သူနှင့် ရွှေကျီးကန်းမျိုးနွယ်စု၏ အခိုင်မာဆုံးအဆက်အသွယ် ဖြစ်နေလိမ့်မည်။
သူက တခြားလူများကို လှည့်ကြည့်သည်။ သူတို့၏ အမှတ်အသားများကလည်း ပျောက်ကွယ်သွားသည်။
အဆီအနှစ်ဝိညာဉ်နှင့် အစစ်အမှန်ဝိညာဉ်များလည်း မရှိတော့ပေ။
ကံကောင်းစွာဖြင့် မဟာတောရိုင်းကမ္ဘာသည် အစစ်အမှန်ဖြစ်လာသည်။ ထို့ကြောင့် ကျင့်ကြံခြင်းစွမ်းအားများကို အမှန်တကယ် ထုတ်ယူလာနိုင်သည်။
လူအများအပြားသည် ရွှေအလင်းကို ထုတ်လွှတ်နေပြီး အဆင့်တက်သွားကြသည်။
ရွှေမီးတောက်၊ လင်းရှန်နှင့် တခြားလူများ၏ ခန္ဓာကိုယ်က အင်မော်တယ်အလင်းဖြင့် တောက်ပနေသည်။ သူတို့က ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး အင်မော်တယ်သခင်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။
သူတို့အားလုံးသည် အပျက်အစီးနယ်မြေတွင် အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်ခဲ့ပြီး အင်မော်တယ်သခင်အဆင့်နှင့် ပတ်သတ်သော ဉာဏ်အလင်းများကို ရထားသည်။
သူတို့က ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားလျှင် အင်မော်တယ်သခင်အဆင့်သို့ လျင်မြန်စွာ ရောက်သွားကြလိမ့်မည်။
“ဝီ”
အနက်ရောင်ချပ်ဝတ်သည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။
ကမ္ဘာဦးချပ်ဝတ် ဖြစ်သည်။
ကောင်းကင်တစ်သောင်းဧကရာဇ်၏ ကမ္ဘာဦးချပ်ဝတ်ကို လေ့လာကြည့်လိုက်ပြီး ဟန်မူယဲ့၏ ကမ္ဘာဦးချပ်ဝတ်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။
ကျန့်တနျိုကလည်း ကမ္ဘာဦးချပ်ဝတ်အား သန့်စင်နိုင်မည့် နည်းလမ်းကို နားလည်ခဲ့သည်။
သို့သော် သူ၏ ကျင့်ကြံဆင့်က မလုံလောက်သေးပေ။
အင်မော်တယ်ဘုရင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားမှသာ ကမ္ဘာဦးချပ်ဝတ်ကို ဖန်တီးနိုင်လိမ့်မည်။
ဟန်မူယဲ့က ချပ်ဝတ်ဖန်တီးရန်အတွက် မဟာတောရိုင်းကမ္ဘာ၏ ဝိညာဉ်သတ္တုများကို ယူလာခဲ့သည်။ အနာဂတ်တွင် အခွင့်အရေးရှိလာလျှင် ကမ္ဘာဦးချပ်ဝတ်ကို ပြုလုပ်နိုင်လိမ့်မည်။
ကမ္ဘာဦးရုပ်သေးရုပ်လည်း ရှိနေသေးသည်။
ဟန်မူယဲ့က နောက်လှည့်ကြည့်လိုက်သည်။ သူ့နောက်တွင် ရပ်နေသော အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးက ညင်သာစွာ ခေါင်းညိတ်ပြသည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ဖြစ်သည်။
မဟာတောရိုင်းကမ္ဘာသည် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်အတွက် အလွန်အကျိုးရှိခဲ့သည်။
မဟာတောရိုင်းကမ္ဘာ၏ ထူးခြားသော ဝိညာဉ်သတ္တုများက သူ့ကို အားကောင်းလာစေခဲ့သည်။
ထို့အပြင် ဉာဏ်အလင်းများကြောင့် ပြီးပြည့်စုံသော နတ်ဘုရားဝိညာဉ်တစ်ခု ဖြစ်လာသည်။
“ဘုန်း”
မဟာတောရိုင်းကမ္ဘာမှ ထွက်လာသော လူတစ်သန်း၏ စွမ်းအားသည် ကောင်းကင်တစ်သောင်းချောက်နက်ကို တုန်ခါသွားစေခဲ့သည်။
ထိုစွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် ချောက်နက်၏ သေဆုံးခြင်းစွမ်းအားများကပင် နောက်ဆုတ်ပေးလိုက်ရသည်။
ဟန်မူယဲ့က အောက်တွင်ရှိသော မဟာတောရိုင်းကမ္ဘာကို ငုံ့ကြည့်သည်။ ထို့နောက် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
မူလကမ္ဘာ၏ အပျက်အစီးနယ်မြေ ဖြစ်သည်။
ဉာဏ်အလင်းသားရဲ၏ စကားအရ မဟာတောရိုင်းကမ္ဘာ၏ အဆုံးတွင် တံခါးတစ်ချပ် ရှိနေသည်။
ထိုတံခါးကို ကပ်ဘေး၏ အရှင်သခင်ကသာ ဖွင့်လှစ်နိုင်သည်။
ထို့နောက် တံခါးမှတစ်ဆင့် ထွက်သွားပြီး ကပ်ဘေးကို ကျော်လွန်လိမ့်မည်။
နတ်ဘုရားသားရဲများက ကပ်ဘေးပိုင်ရှင်နှင့်အတူ ကပ်ဘေးကို ကျော်လွှားရန် အခွင့်အရေးလိုချင်သောကြောင့် ကပ်ဘေးကို အစပျိုးရန် ကူညီပေးနေကြသည်။
“မဟာတောရိုင်းကမ္ဘာ၊ ငါပြန်လာခဲ့မယ်”
“အဲဒီတံခါးကိုလည်း ကျော်ဖြတ်မယ်”
ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်ပြီး သက်ပြင်းချသည်။ ထို့နောက် ရှေ့တွင်ရှိသော လူအုပ်စုကို ကြည့်လိုက်သည်။
မဟာတောရိုင်းကမ္ဘာက ဤနေရာတွင် တည်ရှိနေသည်။
တစ်ချိန်တွင် သူတို့က ပြန်လာလိမ့်မည်။
....
ကောင်းကင်တစ်သောင်းချောက်နက်၏ ကောင်းကင်တစ်သောင်းမြို့ ....
လွန်ခဲ့သော နှစ်များတွင် ဟန်မူယဲ့၊ ယန်တင်းထျန်နှင့် တခြားလူများက ကောင်းကင်တစ်သောင်းမြို့ကို ဆူပွက်သွားစေခဲ့သည်။ ထိုအချိန်မှစ၍ အင်မော်တယ်ဘုရင်၏ တပည့်များက မြို့ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တော့ပေ။
ထို့ကြောင့် ကျူးဟွမ်နှင့် ဝူကျန်း၏ ယှဉ်ပြိုင်မှုက ပိုမိုပြင်းထန်လာသည်။
အင်မော်တယ်ဘုရင်၏ တပည့်များက အုပ်စုနှစ်ခု ကွဲသွားသည်။
တစ်ခုက ကျူးဟွမ်ကို ထောက်ပံ့ပေးပြီး တစ်ခုက ဝူကျန်းနှင့် ပူးပေါင်းထားသည်။
သူတို့က ကောင်းကင်တစ်သောင်းမြို့၏ အင်အားစုများအားလုံးကို စည်းရုံးထားပြီး စစ်ပွဲဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူတို့က မတိုက်ခိုက်ချင်သောကြောင့် မဟုတ်ပေ။ သဘောတူညီချက်တစ်ခုကြောင့် ဖြစ်သည်။ သူတို့က ပဥ္စမအလွှာသို့ တက်သွားပြီး ကောင်းကင်တစ်သောင်းမြို့၏ ထိန်းချုပ်ပိုင်ခွင့်အတွက် ယှဉ်ပြိုင်ကြမည်။
သူတို့က ထောက်ပံ့ထားသော အင်အားစုများကိုလည်း ပဥ္စမအလွှာ၏ ရတနာများကို ဝေစုခွဲပေးမည်ဟု ကတိပေးထားသည်။
သူတို့ကို ပဥ္စမအလွှာတွင်လည်း နေထိုင်ခွင့်ပေးလိမ့်မည်။
ယခုအချိန်တွင် နှစ်ဖက်လုံး၏ သိန်းချီသော ကျွမ်းကျင်သူများက စုဝေးနေကြသည်။
အနည်းဆုံး အင်မော်တယ်သခင်ငါးဆယ် ရှိနေသည်။ သူတို့က ပဥ္စမအလွှာ၏ အကာအကွယ်အလင်းလွှာကို အစွမ်းကုန် တိုက်ခိုက်နေကြသည်။
“ဘုန်း”
အင်မော်တယ်သခင်ကျူးဟွမ်၏ လက်ထဲတွင်ရှိနေသော ရွှေရောင်ကြိုးက အတားအဆီးကို ရိုက်ချလိုက်ပြီး တုန်ခါသွားစေသည်။
“ဆရာတူအစ်ကိုသုံးရဲ့ ကျင့်ကြံခြင်းက တကယ်မကောင်းဘူးပဲ”
ဝူကျန်းက လှောင်ပြောင်လိုက်ပြီး ဓားထုတ်သည်။
ဓားအလင်းက ဖျတ်ခနဲ လှုပ်ရှားသွားပြီး အတားအဆီးကို ခုတ်ပိုင်းသည်။ အတားအဆီးက ပြတ်တောက်သွားတော့မည်ဟု ထင်ရသည်။
ထိုဓားချက်ကို မြင်ရသောအခါ အင်မော်တယ်သခင်များ၏ မျက်နှာထားက ပြောင်းလဲသွားကြသည်။
အင်မော်တယ်သခင်ပိုင်ကျီနှင့် အင်မော်တယ်သခင်ဝူရှန်းက ပြုံးလိုက်ကြသည်။
တစ်ဖက်တွင် အင်မော်တယ်သခင်ရှန်းယောင်နှင့် တခြားလူများ၏ မျက်နှာထားက မည်းမှောင်နေသည်။
အင်မော်တယ်သခင်ကျူးဟွမ်က နှာမှုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
သူ့နောက်တွင်ရှိနေသော အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများက ရှေ့တက်လာပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။
“ဘုန်း”
နဂါးတစ်ကောင် ပေါ်ထွက်လာပြီး ပဥ္စမအထပ်၏ မြူခိုးများလွှမ်းခြုံနေသော အလင်းလွှာဆီသို့ ပြေးဝင်သွားသည်။
နဂါးက ဟိန်းကောက်လိုက်ပြီး အတားအဆီးကို လက်သည်းဖြင့် ကုတ်ချသည်။
“ဟားဟား၊ တက်ကြ”
ကျူးဟွမ်၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ရယ်လိုက်သည်။
“ကျူးဟွမ်၊ မင်းက သူတို့ကို ထိန်းမထားတော့ဘူးလား”
ဝူကျန်း၏ မျက်နှာထားက အေးစက်လာသည်။
ကျူးဟွမ်က စကားပြောတော့မည့်အချိန်တွင် နောက်တွင်ရှိနေသော လူအိုကြီးက နှာမှုတ်လိုက်သည်။
“အင်မော်တယ်ဘုရင်ချန်ယွမ်က မဟာတောရိုင်းအပျက်အစီးနယ်မြေမှာ သေဆုံးသွားပြီ။ သူ့တပည့်တွေဖြစ်တဲ့ မင်းတို့က ဘာကို စောင့်နေသေးတာလဲ”
“အင်မော်တယ်ဘုရင်မရှိရင် ကောင်းကင်တစ်သောင်းမြို့က လူတိုင်းခွဲယူနိုင်တဲ့ အသားစပဲ”
လူအိုကြီးက စကားအဆုံးတွင် နဂါးလက်သည်းချက်ကြောင့် ဖြစ်ပေါ်လာသော အတားအဆီး၏ အက်ကွဲကြောင်းဆီသို့ ပျံသန်းသွားသည်။
တခြားအင်မော်တယ်သခင်များကလည်း စောင့်မနေတော့ပေ။ သူတို့က ဝူကျန်း၊ ကျူးဟွမ်နှင့် အင်မော်တယ်ဘုရင်၏ တခြားတပည့်များကို လျစ်လျူရှုလိုက်ပြီး ပဥ္စမအထပ်ဆီသို့ ပြေးဝင်သွားကြသည်။
ကျူးဟွမ်နှင့် တခြားလူများ၏ မျက်နှာထားက ရှုပ်ထွေးနေပြီး နောက်မှ လိုက်လာကြသည်။
သူတို့က လိုချင်သော ရတနာကိုသာ ရှာဖွေမည်။ တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။
ကောင်းကင်တစ်သောင်းမြို့က ဖရိုဖရဲဖြစ်နေပြီး သူတို့က ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။
“ဘုန်း”
ပဥ္မမအလွှာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှေရောင်မီးတောက်များ ပေါ်ထွက်လာသည်။
မီးတောက်များနှင့် ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင်သည် တောင်ပံဖြန့်လိုက်ပြီး ပဥ္စမအလွှာကို ပိတ်ဆို့ထားသည်။
‘ရွှေကျီးကန်းလား’
‘အဲဒါက မဟာတောရိုင်းကမ္ဘာရဲ့ အားကောင်းတဲ့သက်ရှိ မဟုတ်ဘူးလား’
ထိုသက်ရှိမျိုးသည် အင်မော်တယ်ဘုရင်ထက်ပင် ပိုမိုသန်မာနိုင်သည်။
ထို့အပြင် ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်သည်။
ကမ္ဘာဦးနတ်ဘုရားသားရဲ ဖြစ်နေသည်။
‘ဒီလိုသက်ရှိမျိုးက ကောင်းကင်တစ်သောင်းမြို့ရဲ့ ပဥ္စမအလွှာမှာ ရှိနေတာလား’
‘အဲဒါဆိုရင် ဘယ်သူက ပဥ္စမအလွှာကို ဝင်နိုင်တော့မှာလဲ’