သွေးအဆီအနှစ်ကို သန့်စင်ခြင်း
Vol. 19 Ch. 253
လမင်းကြီးက ကောင်းကင်ပေါ်၌ တောက်ပနေချိန်ဝယ် ဇူယွမ်က ထိုင်လျက် အသက်ကို ဖြည်းညင်းစွာ ရှူရှိုက်နေသည်။
ကျောက်စိမ်းပုလင်းသုံးလုံးက သူ၏ ရှေ့တွင်ရှိနေပြီး ရက်စက် ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်သည့် အနီရောင်သွေးများက ထိုပုလင်းများထဲတွင် ရှိနေသည်။ ထိုသွေးများမှာ အဆင့်လေး အမြင့်ဆုံးအဆင့် နဂါးမျိုးနွယ် မူလသားရဲများ၏ သွေးအဆီအနှစ်များပင် ဖြစ်သည်။
ထိုသွေးအဆီအနှစ် ပုလင်းသုံးခုကိ ုကြည့်နေရင်း ဇူယွမ်က ခဏမျှ စဉ်းစားပြီးနောက် အခြားပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းထဲတွင် ရွှေရောင်သွေးများ ရှိနေပြီး လရောင်အောက်တွင် ဆန်းကြယ်စွာ တောက်ပနေကာ ထိုထဲမှ ဟိန်းသံသဲ့သဲ့ ကြားနေရပေသည်။
ထန်ထန်၏ သွေးတွေ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ပါဝင်နေပေသည်။
“ထန်ထန်က ဘယ်လို သတ္တဝါမျိုးလဲ ငါတကယ် သိချင်မိတယ် … သူ့ရဲ့ သွေးက အမှန်ပင် မူလသားရဲများ၏ သွေးအဆီအနှစ်ကို အဆင့်မြှင့်တင်ပေးနိုင် လောက်တယ်” ဇူယွမ်က ရေရွတ်လိုက်သည်။ ထန်ထန်လည်း ယောင်ယောင်ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုကောင်လေးက အလွန့်အလွန် စွမ်းအားကြီးရုံမျှမက အရာအားလုံးကို ဖျက်ဆီး ဝါးမျိုနိုင်စွမ်းကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပေသည်။ ထိုကဲ့သို့ တိုက်ခိုက်ရေး စွမ်းရည်က အမှန်ပင် သာမန်သားရဲများ ပိုင်ဆိုင်နိုင်စွမ်း မရှိပေ။
ကောလာဟလများအရ အဆင့်(၆) သားရဲများ၏ ဉာဏ်ရည်ဉာဏ်သွေးမှာ လူသားများအောက် လျော့ကျခြင်း မရှိပေ။ ထပ်ပြီးတော့ အခြားသော သွေးမျိုးဆက် သားရဲများ၏ အံ့အားသင်ဖွယ် စွမ်းရည်များမှာ လူသားမျိုးနွယ်ထက် သာလွန်သည့်အတွက် လျှော့တွက်၍ မရပေ။
ထန်ထန်၏ မျိုးရိုး ဇာစ်မြစ်က တကယ့်ကို သာမန် မဟုတ်လာက်ပေ။
ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး ထိုရှုပ်ထွေးလှသော အတွေးကို ဖယ်ထုတ်လိုက်သည်။ ယခုနေ အရေးကြီးဆုံးသော အရာမှာ ယောင်ယောင်ပြောသည့်အတိုင်း ထန်ထန်၏ သွေးက အခြားသွေးအဆီအနှစ်များ၏ အရည်အသွေးကို တိုးတက်စေလားကို စစ်ဆေးရန်ဖြစ်သည်။
ဇူယွမ်က စတင်ကာ အာရုံစုစည်းလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မူလသားရဲသွေးအဆီအနှစ် ထည့်ထားသော ပုလင်းကို ကိုင်လိုက်ပြီး အခြားတစ်ဖက်ဖြင့် ရွှေရောင်သွေးပုလင်းကို ကိုင်ကာ ရွှေရောင်သွေးများကို ဂရုတစိုက်နှင့် သွေးအဆီအနှစ် ပုလင်းအတွင်းသို့ လောင်းထည့်လိုက်သည်။
ရွှေရောင်သွေးများက ပုလင်းအတွင်း ဝင်ရောက်သွားသည်နှင့် သွေးအဆီအနှစ်က ပွက်ပွက်ဆူလာခဲ့သည်။
ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မူလက သွေးနီရောင်များမှာ ရွှေရောင်များ မှေးမှိန်စွာ လင်းလက်လာသည်။ ထိုအခိုက်မှာပင် ပတ်ဝန်းကျင်မှ မူလချီများက ပုလင်းဆီသို့ လာရောက် စုစည်းလာသည်ဟု ဇူယွမ် ခံစားမိလိုက်သည်။
သွေးနီရောင် သွေးအဆီအနှစ်များ ဆူပွက်နေရာမှ သွေးရောင်မြူခိုးများ စတင် ပေါ်ထွက်လာခဲ့သည်။ ထိုမြူခိုးများက အဆုံးတွင် သေးငယ်သော စပါးအုံးမြွေတစ်ကောင်၏ ပုံရိပ်ဖြစ်ပေါ်လာပြီး တိုးညင်းသော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
ရုန့်ရင်းကြမ်းတမ်းသော အရှိန်အဝါနှင့်အတူ သွေးအဆီအနှစ်က တဖြည်းဖြည်း ပို၍ သန်မာလာခဲ့သည်။
ဇူယွမ်၏ မျက်ဝန်းတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ မျှော်လင့်ထားသလိုပင် ယောင်ယောင်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထန်ထန်၏ သွေးက အခြား မူလသားရဲများ၏ သွေးအဆီအနှစ်များ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
သူ၏ အမြင်တွင် သည်မူလသားရဲ အဆီအနှစ်များသည် တောက်ပသော ရတနာခန်းမတွင်တွေ့ခဲ့သော အဆင့်(၅) သွေးအဆီအနှစ်များထက် နိမ့်ကျခြင်း မရှိတော့ပေ။
ထိုအရာက အဆင့်တစ်ဆင့် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်လဲ…” ဇူယွမ် အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်သည်။ ပုလင်းတစ်လုံးနှင့်ပင် ထန်ထန်၏ သွေးများက မည်မျှ အံ့အားသင့်ဖို့ ကောင်းသည်ကို သူမြင်နိုင်ခဲ့ပြီ ဖြစ်သည်။
“ထန်ထန်က အဆင့်ခြောက်သားရဲထက် သာလွန်လောက်တယ် အဆင့်(၇) ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့အဆင့်ကပဲ ဖြစ်ရမယ်” ဇူယွမ်က တံတွေးမျိုချလိုက်ပြီး သူ၏ အမူအရာမှာ လေးနက်သွားသည်။
ကြည့်ရသည်မှာ ဒီသတင်းအချက်ကို လျှို့ဝှက်ထားရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားပြီး ထန်ထန်အတွက် အလွန်အမင်း အန္တရာယ်ရှိပေသည်။
အဆင့်(၆) မူလသားရဲများသည် နတ်ဘုံခန်းဝါအဆင့် ကျွမ်းကျင်သူ လူသားတစ်ဦးနှင့် ညီမျှပြီး နတ်ဘုံခန်းဝါ အဆင့်များသည် ကြီးမားသော ကန်ရွှမ်းကလန်ကြီးတွင် လက်ရွေးစဉ်များ ဖြစ်ကြသည်။
အဆင့်(၇) အဆင့်(၈) သားရဲဆိုလျှင် … သူတို့၏ တည်ရှိမှုက ကန်ရွှမ်းကလန်ပင် မစော်ကားဝံ့သော အဆင့်အတန်း ဖြစ်သည်။
“ငါ သွေးအဆီအနှစ်တွေကို စတင် သန့်စင်ပြီးတော့ နဂါးကိုးကောင် နိယာမကျင့်စဉ်ကို စတင် ကျင့်ကြံသင့်ပြီ”
မဆိုင်းမတွပင် ဇူယွမ်က သူ၏ လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပုလင်းကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ရိုက်ချပြီး ခွဲခြေလိုက်သည်။ အနီရောင်အရည်များက လေထံသို့ မြင့်တက်လာပြီး သေးငယ်သော စီးကြောင်း နှစ်ခုအသွင်ဖြင့် ဇူယွမ်၏ နှာခေါင်းပေါက် အတွင်းသို့ ဝင်ရောက်သွားသည်။
စူးရှသော သွေးညှီနံ့များ ရလိုက်ပြီးနောက် သူအန်ထွက်တော့မလိုပင် ဖြစ်သွားခဲ့သော်လည်း ဇူယွမ်က အားတင်းပြီး ဆက်လက် စုပ်ယူလိုက်သည်။
ဝုန်း…
မူလသားရဲသွေးအဆီအနှစ်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်သည်နှင့် ချက်ချင်းပင် အုံကြွလာပြီး ရုန့်ရင်းကြမ်းတမ်းသော အရှိန်အဝါများက စတင် ပျံ့နှံ့လာခဲ့သည်။
သို့သော်လည်း ဇူယွမ်က ကြိုတင် မျှော်လင့်ထားသည့်အတွက် မူလချီများကို နေရာအနှံ့သို့ စီးဆင်းသွားစေပြီး သွေးအဆီအနှစ်များက ခန္ဓာကိုယ်ကို ထိခိုက်စေမည့်ဘေးမှ ကာကွယ်လိုက်သည်။
ဝုန်း…
သွေးအဆီအနှစ်များကို အကုန်အစင် စုပ်ယူပြီးနောက် ဇူယွမ်၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ တုန်ရီနေသည်။ ရုန့်ရင်းသော အရှိန်အဝါများက ဆက်လက် မြင့်တက်လာခဲ့ပြီး သူ၏ နှလုံးသားအတွင်းမှ ဒေါသများ တလိပ်လိပ် ထွက်လာခဲ့သည်။ ဇူယွမ်၏ မျက်လုံးများမှာ နီရဲနေပြီး ဖျက်ဆီးလိုစိတ်များက သူ့ကို လွှမ်းမိုးလာခဲ့သည်။
သို့သော်လည်း ထိုပြင်းပြသော ဆန္ဒများ မြင့်တက်လာခိုက်တွင် ဇူယွမ်၏ မျက်လုံနှစ်ခုကြားက စိတ်ဝိညာဉ်မှာ စတင်တုန်ခါလာခဲ့ပြီး အေးမြသော ခံစားချက်များက စတင်ပျံ့နှံ့လာကာ အသိစိတ် ပြန်ဝင်လာခဲ့သည်။
“မူလသားရဲသွေးအဆီအနှစ်တွေကို သန့်စင်ရတာ အရမ်း အန္တရာယ်များတာပဲ။ နှလုံးသားနဲ့ စိတ်ဓာတ်က မခိုင်မာဘူးဆိုရင် လူတစ်ယောက်က ရုန်ရင်းကြမ်းတမ်းမှုရဲ့ ဝါးမျိုခြင်းကို လွယ်လွယ်ကူကူ ခံရပြီး အဆုံးမှာ ရူးသွပ်သွားလိမ့်မယ်”
ဇူယွမ်၏ နှလုံးသားမှာ တုန်ခါနေသည်။ သူက နှောင့်နှေးခြင်း မရှိတော့ပဲ နဂါးကိုးကောင်နိယာမမှ ညွှန်ကြားချက်များအတိုင်း မူလသားရဲသွေး အဆီအနှစ်ကို စတင်ပြီး သန့်စင်လိုက်သည်။
လရောင်က ကုန်းမြေပေါ်သို့ ဖျန်းပက်လျက်ရှိသည်။
ဇူယွမ်က မြေပြင်ပေါ်တွင် ထိုင်လျက်ရှိဆဲဖြစ်သည်။ မှုန်ဝါးသော သွေးမြူခိုးများက သူ၏ ချွေးပေါက်များမှ စိမ့်ထွက်လျက်ရှိပြီး လေနှင့်အတူ လွင့်ပါနေသည်။
နဂါးကိုးကောင် နိယာမကျင့်စဉ်တွင် မူလသားရဲ သွေးအဆီအနှစ်မှပါသော ရုန့်ရင်းသည့် အရှိန်အဝါများကို ဖြည်းဖြည်းချင်း ထပ်ခါထပ်ခါ လျော့ပါးသွားစေရန် လိုအပ်သည်။ ထိုအဆင့်ပြီးပါက သွေးအဆီအနှစ်များကို ကိုယ်ပိုင် မူလချီများဖြင့် ပေါင်းစပ်ရပေမည်။ ထိုနှစ်ဆင့်လုံး ပြီးမြောက်ပါက ထိုသူတွင် အလွန်အမင်း ပြင်းထန်သော မူလချီတိုက်ခိုက်နိုင်စွမ်းများ ရရှိလာမည် ဖြစ်သည်။
အရေးကြီးဆုံးအပိုင်းမှာ ရုန့်ရင်းသော အရှိန်အဝါများကို ထပ်ခါထပ်ခါ လျှော့ချရခြင်းဖြစ်ပြီး ထိုအပိုင်းကို ဇူယွမ်က ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း ဆောင်ရွက်နိုင်ခဲ့သည်။
သို့သော်လည်း သူက အလုံးစုံသော စပါးအုံးချီကို မူလသားရဲသွေးအဆီအနှစ်နှင့် သန့်စင်ရန် ညွှန်ကြားပြီးနောက် သူ၏ ချီများက မူလသားရဲသွေးအဆီအနှစ်များ အနီးသို့ရောက်သည်နှင့် ရုန့်ရင်းသော အရှိန်အဝါများပါဝင်သည့် သွေးအဆီအနှစ်များက ဖိနှိပ်ခံရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေသည်ကို သူတွေ့လိုက်ရသည်။
အကြိမ်အနည်းငယ်ခန့် ထိုသို့ ကြုံတွေ့ပြီးနောက်တွင် ဇူယွမ်က အနည်းငယ် ပဟေဠိ ဖြစ်လာခဲ့သည်။
“ကြည့်ရတာ အလုံးစုံသောစပါးအုံးချီက နဂါးအမျိုးအစားမူလသားရဲ သွေးအဆီအနှစ်ကို ဖိနှိပ်ထားတာနဲ့တူတယ်” ဇူယွမ်က မရေရာစွာဖြင့် ရေရွတ်လိုက်သည်။
“အလုံးစုံသော စပါးအုံးချီက ဘိုးဘေးနဂါးပုရပိုက်ကနေ ဆင်းသက်လာခဲ့ပြီးတော့ ရှေးဦးမူလအရှိန်အဝါတွေ ပါဝင်နေတယ်။ အဲဒါကြောင့် ငါ့ရဲ့မူလချီတွေက နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ်တွေကို ဖိနှိပ်နိုင်စွမ်း ရှိနေတာပဲ”
ဇူယွမ်၏ နှလုံးခုန်သံ မြန်လာခဲ့သည်။ ထိုသို့ဆိုပါက သူ၏ ရုန်ရင်းသော အရှိန်အဝါများကို ထပ်ခါထပ်ခါ လျော့ပါးအောင် ပြုလုပ်ရခြင်းမှာ ပိုမို အဆင်ပြေ သွားပေလိမ့်မည်။
သူက ချက်ချင်းပင် သူ၏ မူလချီများဖြင့် သွေးအဆီအနှစ်ပါးကို ဖိနှိပ်လိုက်ပြီး ထပ်ခါထပ်ခါ သန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။ အသေအချာပင် သွေးအဆီအနှစ်၏ ရုန့်ရင်းသော အရှိန်အဝါအား သန့်စင်ခြင်းမှာ အစောပိုင်းကထက် ပိုမို မြန်ဆန်လာခဲ့သည်။
တစ်ညတာ ကုန်ဆုံးပြီးနောက်…
ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအဆီအနှစ်များမှာ ပိုမို ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။ ထိုနှုန်းနှင့်ဆိုက ထိုအရာကို သူ ရက်အနည်းငယ်အတွင်း အပြည့်အဝ သန့်စင်နိုင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူ့အနေဖြင့် အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဟူး…
ပြင်းပြင်းထန်ထန် အသက်ရှူထုတ်လိုက်သော လေများက ဇူယွမ်၏ နှာခေါင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး ပိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ကျေနပ်နေသော အရိပ်အယောင်များက မျက်ဝန်းပေါ်တွင် ယှက်သန်းနေသည်။
ညအချိန်က သူမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်။ အစောပိုင်းက သည်ဖြစ်စဉ်အတွက် ကြာမြင့်စွာ အချိန်ယူရမည်ဟု သူတွေးထင်ထားသော်လည်း သူ၏ အလုံးစုံသော စပါးအုံးချီက နဂါးကိုးကောင် နိယာကျင့်စဉ်အတွက် မျှော်လင့်မထားပဲ သင့်လျော်နေခဲ့သည်။
“သည်အတိုင်းဆို နဂါးကိုးကောင်ကျင့်စဉ် ပထမအဆင့်ကို သုံးရက်ကျော်လောက်နဲ့ ပထအဆင့်ကို ငါရောက်လိမ့်မယ်” ဇူယွမ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် တောက်ပနေသည်။ အဆင့်မြင့် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်၏ စွမ်းအားကို အသုံးပြုရန် လက်ယားနေပြီ ဖြစ်သည်။
ဇူယွမ်က မတ်တတ်ရပ်လိုက်ပြီး အဝတ်များကို ဖုန်ခါလိုက်သည်။
သူမတ်တတ်ရပ်လိုက်ချိန်တွင် ပုံရိပ်နှစ်ခုက အဝေးမှ ပေါ်လာခဲ့သည်။ သူအာရုံ စိုက်ကြည့်လိုက်သည်နှင့် ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လုံးမှာ စိုးရိမ်ပူပန်နေဟန်ဖြင့် သူရှိရာ နေရာသို့ အမြန်ဆုံး ပျံသန်းလာနေကြသည်။
ဇူယွမ်မှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ပုံရိပ်အား ရွေ့လျားလိုက်သည်နှင့် ထိုသူနှစ်ယောက်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
“ဘာဖြစ်လို့လဲ။ သူက မေးလိုက်သည်”
ဇူယွမ်ကို မြင်သည်နှင့် ချောင်းရှိုးက ခဏမျှ ဟောဟဲလိုက်နေခဲ့ပြီးနောက် ဇူယွမ်ကို ကြည့်ကာ အမူအရာ ပျက်ယွင်းလျက် ပြောသည် “မနေ့ညက လုဖန်းက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ပထမဆယ်နေရာကို စီစဉ်မယ်ဆိုပြီး အပြင်ဘက်တောင်က အဆင့်အတန်းမြင့်တဲ့ တပည့်တွေ အားလုံးကို စုဝေးစေခဲ့တယ်”
“သူက ရှန်ဇူတိုက်ကြီးက တပည့်တွေက ဆယ်နေရာထဲက ရှစ်နေရာကို ယူမယ်တဲ့”
“ငါတို့လို အခြားတိုက်ကြီးက လာတဲ့သူတွေကတော့ နောက်ဆုံးကျန်တဲ့ နှစ်နေရာအတွက် တိုက်ခိုက်ကြရမယ်တဲ့။ သူတို့ချမှတ်တဲ့ စည်းမျဉ်းကို ချိုးဖောက်တဲ့ ဘယ်သူမဆို ရှန်ဇူတိုက်ကြီးက တပည့်တွေရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်လို့ သူကပြောတယ်”
ချောင်းရှိုးက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဇူယွမ်ကို ကြည့်လိုက်ပြီး အပြင်ဘက်တောင်တွင် ဖြစ်ပေါ်နေသော သတင်းများကို ပြောပြနေလိုက်သည်။
“နောက်ဆုံးမှာ သူပြောခဲ့တာက … ဒါတွေအားလုံး ဖြစ်လာတဲ့ အကြောင်းအရင်းက မင်းကြောင့်တဲ့”