← Chapters

လူတွေကြားက ပုံရိပ်ယောင် ပန်းမဟာ

Vol. 79 Ch. 1024

လူတွေကြားက ပုံရိပ်ယောင် ပန်းမဟာ

Vol. 79 Ch. 1024

ထိုက်ကျိ၊ ကောင်းကင်တာအို ၄၉ မျိုးနှင့် ယိုတုမဟာတာအို ၆၄ မျိုးသည် ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်း၌ အသက်ဝင်လာ၏။ သို့တိုင်အောင် ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအို ဝင်တိုက်သွားသည့်အချိန်တွင် တာအိုများ ပျောက်ကွယ်သွားကာ သူ၏သိုင်းအဆင့်အား လျင်မြန်စွာ နိမ့်ကျသွားစေသည်။

ချင်မူ ချက်ချင်း ရပ်လိုက်ရသည်။

အရှေ့နတ်မင်း မျက်မှောင်ကြုတ်သွား၏။

ယခုတွင် နဂါးချီလင်နှင့် ယန်အာလည်း သူ့ဆီမှ လာနေသော သတ်ဖြတ်လိုစိတ်ကို ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။

ချင်မူက ငြိမ်သက်စွာ ရပ်ရင်း တွေးနေသည်။ သူသည် ကောင်းကင်နယ်စားမင်းနှင့် အမိကမ္ဘာမြေ၏ စွမ်းအားကို ငှားယူရင်း ကောင်းကင်အလိုတော်မုခ်ဝမှတစ်ဆင့် သူတို့၏စွမ်းအားအား ညှိယူခြင်းမျိုး ဖြစ်၏။

ကောင်းကင်အလိုတော်မုခ်ဝက ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးနိုင်သည်။ ကောင်းကင်နတ်ဘုံတွင် အမှန်တကယ် တည်ရှိသော တံခါးတစ်ပေါက် ဖြစ်၏။ ကျောက်စိမ်းမြို့တော်၏ အတွင်းမြို့ထဲရှိ နတ်ကောင်းကင်ခန်းမသို့ ဝင်ရန် ကောင်းကင်အလိုတော်မုခ်ဝအား ဖြတ်သွားရန် လိုအပ်သည်။

ချင်မူသည် ယခင်တုန်း ကောင်းကင်အလိုတော်မုခ်ဝကို ပြောင်းပြန်လှန်ပြီး ၎င်း၏ ဆန်းကြယ်သော သဘာဝများဖြင့် နတ်ဘုရားလမ်းစဉ်ဝိညာဉ်နှင့် မိစ္ဆာလမ်းစဉ်ဝိညာဉ်တို့အား ပြန်တည်ဆောက်ပေးနိုင်ခဲ့ခြင်းဖြစ်၏။ ဤအသက်သွင်းကောင်းကင်နတ်သိုင်းကို အသုံးပြုခဲ့စဉ်တုန်းက ကောင်းကင်အလိုတော်မုခ်ဝ၏ သဘာဝများကို နက်နက်နဲနဲ မလေ့လာခဲ့မိပေ။ ကောင်းကင်နယ်စားမင်းနှင့်‌ မြေအောက်ဘုံအရှင်သခင်တို့၏ စွမ်းအားများကိုသာ ငှားမြဲ ငှားသုံးနေခဲ့သည်။

ယခုတွင် မရဏချောက်ကမ်းပါးစွန်းသို့ ရောက်နေပြီဖြစ်ရာ ဤကောင်းကင်နတ်သိုင်း၏ သဘာဝအား မေးခွန်းထုတ်ရချေပြီ။

အရှေ့နတ်မင်း၏ သတ်ဖြတ်လိုစိတ်က အားကောင်းသထက် အားကောင်းလာသည်။ ယန်အာနှင့် နဂါးချီလင်မှာ စိုးရိမ်ပူပန်စွာဖြင့် သူ့ကို စိုက်ကြည့်နေကြ၏။ သူတို့သည် အရှေ့နတ်မင်း၏ ရန်သူမဟုတ်သော်လည်း ချင်မူ့ကို သူ သတ်လျှင် သူ့အား မသေမချင်း တိုက်ခိုက်ကြလိမ့်မည်။

သို့သော် တိုက်ပွဲရလဒ်က အသိသာကြီးပင်။ သူတို့အားလုံး အရှေ့နတ်မင်း၏ လက်အောက်တွင် သေကြရလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဖန်ဆင်းစွမ်းအားသည် ချင်မူ့ခန္ဓာကိုယ်ထဲ၌ ညင်ညင်သာသာ လှည့်ပတ်လာ၏။ စွမ်းအားက ညင်သာသော်လည်း အသက်ဓာတ်နှင့် ဝိညာဉ်များ ဖန်ဆင်းနိုင်သော စွမ်းအားတို့ ပြည့်နှက်နေသည်။ ၎င်းက ထိုနဂါးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။

အဖြူရောင်အလင်းက ထိုနဂါးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲမှ မြူခိုးများသဖွယ် ဖြာထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အနက်ရောင်ဝိညာဉ်သဲမှုန်တို့သည် အလိုအလျောက် စုဝေးလာပြီးနောက် မြေဝိညာဉ် ပြန်လည်မွေးဖွားကာ ဝိညာဉ်အဖြစ်သို့ ကူးပြောင်းသွား၏။

ထိုအခြင်းအရာကို မြင်တွေ့လျှင် အရှေ့နတ်မင်း၏ သတ်ဖြတ်လိုစိတ် ပျောက်ကွယ်သွားသည်။

ယန်အာနှင့် နဂါးချီလင်မှာ ဝန်ထုပ်ဝန်ပိုးကြီး လျော့သွားသကဲ့သို့ အသက်ရှူချောင်သွားကြတော့ သည်။

စောစောက အရှေ့နတ်မင်းသည် သူတို့အပေါ် ဖိအားများစွာ ပေးထားသောကြောင့် နှစ်ကောင်သား အသက်မရှူနိုင်ခဲ့ကြပေ။

ချင်မူသည် ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို အသုံးပြု၍ နဂါးနတ်ဘုရား၏ ဝိညာဉ်ခုနစ်ခုအား ပြန်လည်တည်ဆောက်နေသည်။ တခဏကြာသော် နဂါးနတ်ဘုရားသည် နိုးလာပြီး မည်သည့်အတွက်ကြောင့် လဲနေမှန်း မသိသဖြင့် အူကြောင်ကြောင် ကြည့်နေ၏။

သူက အလျင်အမြန် ကုန်းရုန်းထပြီး မသေခင်အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်သည်။ သူ့အဖေ၊ အရှေ့နတ်မင်းချင်းလုံ၏ လက်ချက်ဖြင့် သေခဲ့ရကြောင်း မှတ်မိသွားသည့်အခါ နဂါးနတ်ဘုရားမှာ ခေါင်းငိုက်စိုက်ကျသွားပြီး အသံမထွက်ရဲတော့ပေ။

အရှေ့နတ်မင်းကား သူ့ကို ရှိသည်ဟုပင် မထင်။ “မှော်ဝိဇ္ဇာရှင်ဆိုတဲ့ အတိုင်းပါပဲ”

ချင်မူ ပြုံးလိုက်မိသည်။ “အရှေ့နတ်မင်း အခု စိတ်ချပါပြီလား”

အရှေ့နတ်မင်းက ပြုံးသည်။ “စိတ်ချတာပေါ့၊ မင်းက အခု စမ်းသပ်မှုကို အောင်သွားပြီပဲလေ မှော်ဝိဇ္ဇာရှင်... နောက်စမ်းသပ်မှုကတော့ မင်းရဲ့ အလားအလာပဲ”

ချင်မူ စိတ်သက်သာရာရသွားသည်။ သူက ကျောက်ခဲကြီးတစ်လုံးကို ချလိုက်ရသကဲ့သို့ စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးလေသည်။ “ဒါဆို အရှေ့နတ်မင်း ကျွန်တော့်ကို ဘယ်လိုစမ်းသပ်မလဲ သိခွင့် ရမလားး"

လှေသည် နဂါးသွဲ့ရေကန်အတွင်းပိုင်းထဲသို့ ဆက်လက်ရွေ့လျားနေပြီး အရှေ့နတ်မင်းက လှေဦးဖျားသို့ သွားကာ အေးအေးလူလူ ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်မှာ ကလေးတွေ သိပ်မရှိဘူး... ကောင်းကင်နယ်စားမင်းက အချစ်ကြောင့် အသည်းကွဲထားတယ်... မြေအောက်ဘုံအရှင်သခင်က သူ့ကလေးတွေကြောင့် ပိတ်မိနေတယ်... သူတို့အားလုံး မျိုးဆက်မရှိကြဘူး... အမိကမ္ဘာမြေ၊ ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုတို့ကတော့ သေကုန်ကြပြီ... ဒီနေ့ အင်အားအကြီးဆုံး သွေးဆက်က ငါ့သွေးဆက်ပဲ”

သူ၏မုတ်ဆိတ်မွှေးရှည်ရှည်များက လွင့်မျောနေပြီး အစိမ်းရောင်အင်္ကျီကလည်း တဖတ်ဖတ် လှုပ်ခတ်နေသည်။ သူက ရှင်းလင်းပြတ်သားသည့်အသံဖြင့် ဆက်ပြောသည်။ “ငါ့နဂါးသားနဲ့ နဂါးမြေးတွေကြားမှာ သန်မာအားကောင်းတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ တစ်ပုံကြီးပဲ.. သူတို့သာ ကောင်းကင်နတ်ဘုံဆီ ချီတက်သွားရင် အတော်ဆုံးဆိုတဲ့ နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်... သူတို့ သေသွားလို့ ယိုတုဆီ ဆင်းသွားရရင်တောင်မှ ယိုတုရဲ့ တစ္ဆေသူရဲကောင်းတွေ ဖြစ်လာကြလိမ့်မယ်.... မှော်ဝိဇ္ဇာရှင်”

သူက ချင်မူ့ကို ကြည့်၍ ပြုံးသည်။ “ငါ့မှာ ကူယန်ဆိုတဲ့ သမီးတစ်ယောက်နဲ့ ချင်းမင်ဆိုတဲ့ သားတစ်ယောက် ရှိတယ်... သူတို့က သူတို့မျိုးဆက်မှာ အတော်ဆုံး ပါရမီရှင်တွေပဲ... မင်း သူတို့ကို အနိုင်ယူနိုင်ရင် စမ်းသပ်မှုကို အောင်တယ်.. ကူယန်၊ ချင်းမင် ထွက်လာပြီး ကောင်းကင်နတ်အရှင်မူနဲ့ တွေ့လှည့်”

နဂါးသွဲ့ရေကန်၏ အတွင်းထဲမှ နဂါးကျွန်းတစ်ကျွန်း ထွက်ပေါ်လာပြီး နဂါးပျို၊ နဂါးမယ်များ သိုင်းကျင့်နေကြသည်။

အရှေ့နတ်မင်း စကားဆုံးသည်နှင့် နဂါးပျိုတစ်ယောက်နှင့် နဂါးမယ်တစ်ယောက်က လေပေါ် ပျံတက်ကာ ချင်မူ့ကို နှုတ်ဆက်သည်။

ချင်မူ သူတို့ကို ကြည့်လိုက်သည့်အခါ ရှားမှရှားသော ပါရမီရှင်များဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ချီးကျူးလိုက်မိသည်။ “အရှေ့နတ်မင်းရဲ့ သွေးဆက်တွေက အမှန်တကယ် ထူးခြားပါပေတယ်... ဒါပေမဲ့ ကျွန်တော်က မှော်ဝိဇ္ဇာရှင်ဆိုပေမယ့် ကောင်းကင်နတ်အရှင်မူလည်း ဖြစ်နေတုန်းပါပဲ... ဒီအငယ်နှစ်ယောက်နဲ့ ကျွန်တော့်ကို စမ်းသပ်တာက ကောင်းကင်နတ်အရှင်ဘွဲ့ကို မလေးစားရာမကျဘူးလား”

အရှေ့နတ်မင်းက မျက်ခုံးပင့်လိုက်ကာ မေးသည်။ “ဘာကိုဆိုလိုတာလဲ မှော်ဝိဇ္ဇာရှင်”

ချင်မူလည်း ခပ်ပြတ်ပြတ် ပြောလိုက်၏။ “ကျွန်တော်က နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာ ကောင်းကင်နတ်အရှင်ယွဲ့ ပေးအပ်ခံခဲ့ရတဲ့သူ... ကျွန်တော့်လက်ချက်နဲ့ နဂါးသွဲ့ရေကန်မှာ သေခဲ့ကြရတာတွေ တစ်ပုံကြီးပဲ... ဒီနေ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ရဲ့ ခေါင်းဆောင်၊ ကောင်းကင်နတ်အရှင်ဟောင်ဆိုရင် ကျွန်တော့်လက်သီးကြောင့် အိပ်ရာထဲ နှစ်တစ်ထောင် လှဲနေခဲ့ရတယ်... ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ နဂါးသားတွေ၊ နဂါးမြေးတွေကို အသုံးချပြီး ကျွန်တော့်ကို စမ်းသပ်နေရင် ကျွန်တော့်အပေါ် အထင်သေးရာမကျဘူးလား”

အရှေ့နတ်မင်း မျက်မှောင်ကြုတ်သွားတော့သည်။ “မင်းဆိုလိုတာက....”

ချင်မူက အေးအေးဆေးဆေး ပြောသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ လူပြန်ဝင်စားခဲ့ကြတယ်... အရှေ့ဝင်ရိုးစွန်းရဲ့ မဟာနတ်မင်းတစ်ပါးအနေနဲ့ ခင်ဗျားလည်း လူပြန်ဝင်စားခဲ့မှာပဲ ဟုတ်တယ်မလား”

အရှေ့နတ်မင်းသည် ခေါင်းညိတ်၏။

ချင်မူလည်း ဆက်ပြောသည်။ “ဒါဖြင့် ကောင်းကင်ရတနာကျင့်စဉ်စနစ်၊ ‌ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွေနဲ့ ရင်းနှီးမှာပေါ့”

အရှေ့နတ်မင်းက ပြန်ဖြေသည်။ “ငါ ပြန်ဝင်စားတုန်းက ကောင်းကင်တံတားမှာ နှစ်တစ်ရာအချိန် ကုန်ခဲ့ပြီး ဧကရာဇ်ပလ္လင်အဆင့်မှာ နှစ်တစ်ထောင်အချိန်ကုန်ခဲ့တယ်... ချိဧကရာဇ်နဲ့ ဆုံတွေ့ခဲ့ဖူးပြီး မင်ဧကရာဇ်က ငါ့ကို ဦးရီးတော်လို့ ခေါ်ခဲ့တယ်... ငါက ဧကရာဇ်ပလ္လင်အဆင့်ဖြစ်တဲ့ နဂါးစိမ်း မဟာပျက်စီးခြင်းသုတ္တန်ကို ချန်ရစ်ခဲ့ပြီး ကောင်းကင်နတ်ဘုံက အဲဒီသုတ္တန်ကို မှတ်တမ်းတင်ထားတယ်... ငါ့ရဲ့မျိုးဆက်အများစုက အဲဒီကျင့်စဉ်ကို ကျင့်ကြံထားကြတာပဲ”

ချင်မူ ပြုံးလိုက်မိသည်။ “အရှေ့နတ်မင်းက ၊ အမှန်တကယ် ထက်မြက်ပြီး အမြော်အမြင် ကြီးပါပေတယ်... ဒါဆို ကောင်းကင်နတ်ဘုံအဆင့်ကိုရော လေ့လာခဲ့သေးလား”

အရှေ့နတ်မင်းသည် ပြုံးလျက် ကျောနောက်သို့ လက်ပစ်လိုက်၏။ “ကိုယ့်အကြောင်းနဲ့ ရန်သူ့အကြောင်းကို သိရင် တိုက်ပွဲမှာ အောင်နိုင်တယ်တဲ့... ငါ လေ့လာခဲ့တာပေါ့... အမှန်တိုင်းပြောရရင် ငါ့လူဝင်စားက ခေတ်တစ်ခေတ်ပြီးတစ်ခေတ် ကျော်ဖြတ်ရင်း အသက်ရှင်နေတုန်းပဲ... ငါလည်း ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေကို စုဆောင်းနေခဲ့တာဆိုတော့ ငါ့အသိအမြင်နဲ့ငါ ရှိတယ်”

ချင်မူလည်း အားတက်သရော လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်နဲ့ ကျွန်တော် ရှေးဟောင်းနတ်ဘုရားတွေအပေါ် အထင်သေးခဲ့မိတာ မိုက်မဲလွန်းပါပေတယ်... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်အသာထား၊ ခင်ဗျားကိုတောင် လျှော့တွက်လို့ မရဘူးပဲ”

အရှေ့နတ်မင်းက ပြုံး၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ယောက် အင်အားကြီးမားတဲ့အတွက် သူတို့ကို ငါ သည်းခံဖို့ လိုတယ်... ဒါပေမဲ့ အားနည်းတယ် မဆိုလိုဘူး”

ချင်မူ မေးလိုက်၏။ “ဒါဖြင့် ခင်ဗျားရဲ့ လူဝင်စားနဲ့ ကျွန်တော့်ကို စမ်းသပ်ပေးနိုင်မလား”

အရှေ့နတ်မင်းသည် အရိပ်ပြ အကောင်မြင်နေပြီဖြစ်သည့်အတွက် မျက်လုံးများဝင်းလက်သွား၏။ “မင်းက အားတက်သရော တောင်းဆိုနေမှတော့ ငါလည်း မငြင်းပါဘူး... ငါ့လက်သီးချက်တွေက ပြင်းလွန်းတော့ မင်း ထိခိုက်သွားမှာ စိုးရိမ်တာ တစ်ခုပဲ”

“ကိစ္စမရှိပါဘူး”

ချင်မူ့အပြုံးသည် တောက်ပနေ၏။ “ကျွန်တော့်ခန္ဓာကိုယ်က မာတယ်”

“ခမည်းတော်”

နဂါးသမီးတော်ကူယန်က ဦးညွှတ်အရိုအသေပေးပြီးနောက် ချင်မူ့ကို မော့ကြည့်ကာ တောင်းဆိုသည်။ “ကောင်းကင်နတ်အရှင်မူက နာမည်ကျော်ကြားပါတယ်... ကျွန်မလည်း သူ့ဆီက သင်ယူချင်တယ်”

နဂါးသား‌တော်ချင်းမင်သည်လည်း တိုက်ခိုက်လိုစိတ် ပြင်းထန်နေ၏။

အရှေ့နတ်မင်းက ချင်မူ့ကို ကြည့်ကာ ပြုံးသည်။ “မြင်လား မှော်ဝိဇ္ဇာရှင်"

ချင်မူ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည့်အခါ နဂါးသွဲ့ရေကန်ထဲမှ ကြာပန်းတစ်ပွင့် ပျံထွက်လာပြီး သူ့လက်ဝါးပေါ် ဆင်းသက်လာ၏။ သူက ပြောသည်။ “ခင်ဗျားရဲ့ မျိုးဆက်တွေမှာ တိုးတက်ချင်တဲ့စိတ် ရှိတာ ကောင်းပါတယ်... ဒါပေမဲ့ အတွေ့အကြုံ လိုအပ်နေသေးတယ်”

သူက ပွင့်ချပ်တစ်ချပ် ခွာယူပြီးနောက် ကျန်ရှိသည်ကို ယန်အာ့ဆီ ပေးသည်။ ယန်အာသည် မိန်းကလေးအသွင် အလျင်အမြန် ပြောင်း၍ ကြာပွင့်အား ကိုင်လိုက်၏။

ချင်မူက ပွင့်ချပ်ကို ခပ်သာသာ မှုတ်လိုက်သည်။ ပွင့်ချပ်သည် သူ့လက်ဝါးထက်မှ ပျံတက်သွားပြီး ကူယန်နှင့် ချင်းမင်ဆီ ပျံသန်းသွား၏၊။

ပွင့်ချပ်က လေထဲတွင် လည်နေသည်။ တစ်ချက်လည်တိုင်း ပွင့်ချပ်နှစ်ခု ပွားလာသည်။ ဤသို့ဖြင့် နှစ်ချပ်မှ လေးချပ်၊ လေးချပ်မှ ‌ရှစ်ချပ် ဖြစ်လာ၏။

မကြာမီ ကြာပွင့်ချပ်များကား ကောင်းကင်အပြည့် အုပ်မိုးလျက် ကူယန်နှင့် ချင်းမင်ဆီ ရွေ့လျားသွားသည်။ ပွင့်ချပ်များမှာ တရှိန်ထိုး ပြေးထွက်သွားသော ပန်းပင်လယ်သဖွယ် ဖြစ်နေတော့သည်။

ကူယန်နှင့် ချင်းမင်မှာ လာနေသော ပန်းပင်လယ်ကြီးကို ကောင်းကင်နတ်သိုင်းများဖြင့် ဖြိုခွင်းသည်။ သူတို့သည် ပင်လယ်ကို ပိုင်းဖွင့်၍ ချင်မူအား တိုက်ရိုက်ရင်ဆိုင်ချင်နေကြ၏။

သို့သော် သူတို့၏ ကောင်းကင်နတ်သိုင်းများ ပန်းပင်လယ်အတွင်း ကျဆင်းသွားသည့်အခါ အဆများစွာ ပွားလာသဖြင့် စုပြုံလာသည်။

သူတို့နှစ်ယောက် တိမ်တိုက်များစီးလျက် ပြန်လည်ခုခံနေကြစဉ် ပန်းပင်လယ်သည် သူတို့အား လွှမ်းခြုံသွား၏။ သူတို့၏ကောင်းကင်နတ်သိုင်းများလည်း စုပ်ယူခံလိုက်ရကာ ပန်းပွင့်တို့က နဂါးကျွန်းကို အုပ်မိုးလိုက်သည်။

ကျွန်းပေါ်တွင် ကျင့်ကြံနေသူများမှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသ်ောလည်း ပန်းပင်လယ်ကြီးက သူတို့၏ ကောင်းကင်နတ်သိုင်းများကိုလည်း စုပ်ယူနေသည်။ ၎င်းပြန့်ကားလာသည်နှင့်အမျှ လွှမ်းခြုံထားသော ဧရိယာသည်လည်း ကြီးမားလာ၏။

နဂါးစိမ်းကောင်းကင်နန်းဆောင်၏ နဂါးသွဲ့ရေကန်သည် ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့ရေကန်လောက် မကြီးမားသော်လည်း အသေးစားသမုဒ္ဒရာတစ်စင်းအရွယ် ရှိသေး၏။ သို့တိုင်အောင် ထိုအခိုက်အတန့်တွင် ပန်းပင်လယ်က ၎င်း၏အလယ်ဗဟိုကို သိမ်းပိုက်ထားကာ နဂါးသွဲ့ရေကန်တစ်ကန်လုံးအား လွှမ်းခြုံပေတော့သည်။

ပွင့်ချပ်ကမ္ဘာထဲမှ နဂါးတွန်သံများ ဆူညံပွက်လောရိုက်နေသည်။ တချို့က ကြောက်လန့်တကြား တွန်နေကြသည်။ တချို့က ဒေါသတကြီး တွန်ကြ၏။ တချို့က အထိတ်တလန့် တွန်ကြလေသည်။

ပွင့်ချပ်တို့၏ အရေအတွက်က များပြားလာပြီး တချို့ဆိုလျှင် သူတို့အပေါ်သို့ပင် ကျဆင်းလာကာ သူတို့၏အသွေးအသားနှင့် တွဲဆက်သွားသဖြင့် အရေပြားမှ ပန်းရောင်ပွင့်ချပ်များ ပေါက်နေသကဲ့သို့ ဖြစ်လာသည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ ဤပွင့်ချပ်များသည် သူတို့၏စွမ်းအင်ကို စုပ်ယူ၍ ပို၍များပြားသော ပွင့်ချပ်များအဖြစ် ကွဲထွက်သွားပြီးနောက် သူတို့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများနေရာတွင် အစားထိုးဝင်ရောက်လာခြင်းပင်။

တချို့မှာ သူတို့၏အသွေးအသားနှင့် အရိုးများတွင်ပင် ပွင့်ချပ်များ နေရာယူလာသည်ကို ခံစားလိုက်ရ၏။

အဆိုးဆုံးအခြေအနေမှာ ဤပွင့်ချပ်များ သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်၍ မူလဝိညာဉ်များအပေါ် ဆင်းသက်သွားသော အခြေအနေ ဖြစ်သည်။

ပွင့်ချပ်များသည် သူတို့၏မူလဝိညာဉ်ဆီမှ အားအင်တို့ကို စုပ်ယူနေလေသည်။

တဖြည်းဖြည်း နဂါးတွန်သံများမှာ ကြောက်လန့်နေသော အော်သံများ ဖြစ်လာသည်။ ကူယန်နှင့် ချင်းမင်ကဲ့သို့ အရှေ့နတ်မင်း အားကိုးအားထားသော သိုင်းပညာရှင်များပင် ထိတ်လန့်လာကြ၏။

သူတို့မှာ ဤပန်းပင်လယ်ထဲမှ မထွက်နိုင်ဘဲ ပိတ်မိနေကြချေသည်။ ဤကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရန် ကြိုးစားလိုက်တိုင်း ပို၍ခိုင်မာသွားလေလေ ဖြစ်နေသည်။

သို့ဖြစ်၍ ဤပွင့်ချပ်များ သူတို့အပေါ်တွင် ပေါက်လာပြီး သူတို့၏အသွေးအသားနှင့် မူလဝိညာဉ်တို့အထဲ၌ အမြစ်ချကာ ရုပ်ခန္ဓာ၊ ချီနှင့်သွေးတို့အား စုပ်ယူနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။

ထိုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်ဆိုးကြီးက သူတို့၏ တာအိုနှလုံးသားများကို ပြိုလဲလာစေသည်။

‌နောက်ဆုံးတော့ ပန်းပင်လယ်သည် ချင်မူ့ဆီ ရွေ့လျားလာပြီး လှေအား ဝါးမြိုတော့မည့်နှယ် ရှိနေ၏။

ချင်မူက လက်ဝါးကို ညင်ညင်သာသာ ပင့်မြှောက်ကာ ပွင့်ချပ်တစ်ချပ် ခူးလိုက်သည်။

ထိုပွင့်ချပ် သူ့လက်ဝါးထဲ ရောက်လာသည့်အခါ ပန်းပင်လယ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ ကူယန်နှင့် ချင်းမင်ကဲ့သို့ နဂါးမျိုးဆက်များမှာ ပန်းပင်လယ်၏ စားသုံးသွားမှုကြောင့် ချီစွမ်းအင်မလှည့်နိုင်တော့ရာ လှုပ်လည်း လှုပ်မရတော့ပေ။

ပန်းပင်လယ် မပျောက်ကွယ်သွားလျှင် သူတို့၏အသက်သည် ပွင့်ချပ်တို့အတွက် မြေဩဇာ ဖြစ်သွားလိမ့်မည်။

“ဖန်ဆင်းကျင့်စဉ်... ဖန်ဆင်းပညာ”

အရှေ့နတ်မင်းချင်းလုံက ချင်မူ့လက်ထဲရှိ ပွင့်ချပ်ကို စိုက်ကြည့်ကာ အလေးအနက် ပြောသည်။ “မင်းရဲ့ ဒီကောင်းကင်နတ်သိုင်းထဲမှာ အများကြီးပါဝင်နေတယ်... ဖန်ဆင်းပညာအပြင် သင်္ချာ၊ ကောင်းကင်တာအို၊ ယိုတုရဲ့ ကျင့်စဉ်နည်းစနစ်တွေလည်း ကိန်းဝပ်နေတယ်... နေဦး၊ ဖန်ဆင်းရှင်တွေရဲ့ မြင်ယောင်ဖန်ဆင်းနည်းနဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲနိုင်တဲ့ကျင့်စဉ်လည်း ရှိနေတာပဲ”

ချင်မူက ယန်အာ့ဆီ လျှောက်သွားပြီး ပွင့်ချပ်တစ်ချပ် ခူးကာ ကြာပွင့်ပေါ် ပြန်တက်လိုက်သည်။

ပွင့်ချပ် ပန်းပွင့်အပေါ် ပြန်ရောက်သွားသည့်အခါ ၎င်းအတွင်း၌ ကိန်းဝပ်နေသော စွမ်းအင်က ကြာပွင့်မှတစ်ဆင့် ပျံ့နှံသွားပြီး ရွှေရောင်တောက်လာ၏။ ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်ကြီးများက တင့်တယ်ခံ့ညားစွာ လိမ့်ဆင်းလာသည်။

ကြာပွင့်၏အလားအလာက ‌လျင်မြန်စွာ မြင့်တက်သွားပြီး တခဏလေးအတွင်း ကြောက်ခမန်းလိလိ အလားအာလကောင်းမွန်သော အဖိုးထိုက်ရတနာတစ်ပါး ဖြစ်သွားချေပြီ။

ဤသို့ဖြစ်ရခြင်းမှာ ချင်မူသည် ကျွန်းပေါ်ရှိ နဂါးမျိုးဆက်များမှ ကျင့်စဉ်စွမ်းအင်ကို နုတ်ယူ၍ ဤကြာပွင့်အား တည်ဆောက်လိုက်၍ ဖြစ်သည်။ နတ်နဂါးများမှ အင်အားများကြောင့် ကြာပွင့်သည် မသန်မာဘဲ နေပါမည်လော။

“ဒီကောင်းကင်နတ်သိုင်းက ကျွန်တော့် ကောင်းကင်နတ်သိုင်းလမ်းစဉ်ရဲ့ ငါးခုမြောက် သိုင်းကွက်ပဲ... လူတွေကြားက ပုံရိပ်ယောင် ပန်းမဟာ လို့ခေါ်တယ်”

ချင်မူက ယခုလေးတင် မွမ်းမံလိုက်သော ကြာပွင့်ရတနာကို ယန်အာဆီ ပြန်ပေးလိုက်ပြီး ပြုံးနေသည်။ “အရှေ့နတ်မင်း၊ ခင်ဗျား မြင်လိုက်တာက ကျွန်တော် မြင်စေချင်တဲ့အရာပဲ ရှိသေးတယ်... ကျွန်တော့်ကောင်းကင်နတ်သိုင်းရဲ့ ဆန်းပြားမှုတွေကို ရှေးဟောင်းနတ်ဘုရားဖြစ်တဲ့ ခင်ဗျား နားလည်နိုင်မှာမဟုတ်ဘူး... အခုက...”

သူက အရှိန်အဝါကို စုစည်း၍ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ မပြည့်စုံသော ကောင်းကင်နတ်ဘုံတစ်ဘုံသည် သူ့ခေါင်းအနောက်၌ ဖွဲ့တည်လာပြီး အလင်းရောင်အား နဂါးသွဲ့ရေကန်တစ်လျှောက် ဖြန့်ကျက်လိုက်၏။

ချင်မူ လက်သီးတင်းတင်းဆုပ်၍ ပြောလိုက်သည်။ “အခုက ခင်ဗျားကိုယ်တိုင် ကျွန်တော့်ကို စမ်းသပ်ဖို့ အချိန်ကျပြီ”

All Chapters