ကောင်းကင်ထက်က နဂါး
Vol. 79 Ch. 1022
နဂါးချီလင်က ကိုယ်ပေါ်ရှိ ကြိုးများကို ဖြုတ်က ချင်မူ့ထံ လှမ်းကြည့်၏။ ချင်မူက စိမ်းစိမ်းဝါးဝါး ပြန်ကြည့်လိုက်၍ သူက ကပျာကယာ ပြောလေသည်။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင် လှည်းကို ဆွဲရမယ်လို့ ကျွန်တော် မပြောပါဘူးနော်”
နတ်ဘုရင်လန်ဝူက ရယ်လိုက်သည်။ “လှည်းပေါ်က ဆင်းပြီး ပျံသွားကြတာပေါ့”
ချင်မူလည်း ခေါင်းညိတ်၍ သူမနှင့်အတူ လှည်းပေါ်မှ ဆင်းလိုက်သည်။ သူက နဂါးနတ်ဘုရားခြောက်ယောက်ကို ထားခဲ့၏။ “ဤရတနာလှည်းကို စောင့်ရှောက်ပြီး ကျွန်တော်ပြန်လာတာ စောင့်နေပါ”
နဂါးနတ်ဘုရားခြောက်ယောက်က ခေါင်းညိတ်ကြသည်။ ထို့နောက် ချင်မူက နတ်ဘုရင်လန်ဝူ၊ နဂါးချီလင်နှင့် ယန်အာကို ခေါ်၍ နဂါးစိမ်းနန်းဆောင်ဆီသို့ ဦးတည်သွားလေသည်။
သူတို့က ကောင်းကင်မှ ဖြတ်ကျော်သွားကြသည့်အခါ သူတို့ခြေထောက်အောက်ရှိ တောင်တန်းများမှာ အဆက်မပြတ် နိမ့်လိုက်မြင့်လိုက် ဖြစ်နေကြသည်။ တိမ်တိုက်များပင် သူတို့အောက်တွင်ဖြစ်သည်။
ကောင်းကင်ထက်တွင် နတ်နဂါးများတည်ဆောက်ထားသော နတ်ဘုရားမြို့တော်တစ်မြို့ ရှိနေနသည်။ မြို့တော်သည် အလွန်ခမ်းနားတင့်တယ်ပြီး ကျယ်၀န်း၏။ အဆောင်အယောင်အပြင်တို့ကလည်း အနုစိတ်လှပကာ တင့်တယ်ခံ့ညားနေရာ ရင်သပ်ရှုမောဖွယ်ရာကောင်းလှပေသည်။ “ယန်အာ ဒီကိုရောက်ဖူးလား”
ချင်မူ မေးလိုက်သည်။ ယန်အာက ခေါင်းယမ်း၍ အရှေ့၀င်ရိုးစွန်း၏ ရှုခင်းများကို ကြည့်ရှုရင်း ဟိုဟိုသည်သည် ပျံသန်းသွားလာနေသည်။ သူမသည် တောင်နတ်မင်းကျုချွဲနှင့် အရှေ့နတ်မင်းချင်းလုံ၏ သမီးတော်ဖြစ်သော်လည်း ငယ်ရွယ်စဉ်ကတည်းက ကောင်းကင်နတ်အရှင်ယွဲ့ဆီသို့ အပို့ခံခဲ့ရ၏။ သူမတွင် ထိုစဉ်ကတည်းက အပြင်ထွက်လေ့မရှိသော အကျင့်တစ်ခု ဖြစ်လာခဲ့သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာလည်း မက်မွန်တောအုပ်တွင် သီးသန့်နေထိုင်သူဖြစ်၏။ သာမန်နေ့ရက်များတွင် ယန်အာသည် တောအုပ်အတွင်း၌သာ လျှောက်သွားတတ်သည်။
ကောင်းကင်နတ်အရှင်ယွဲ့ သူမကို ချင်မူ့ဆီသို့ ပေးသည့်အခါမှသာ မရေမတွက်နိုင်သော ကမ္ဘာလောကများကို သွားဖူးလာဖူးခဲ့ဖြစ်၏။ သူမ၏အဖေ အရှေ့နတ်မင်းချင်းလုံမှာ သူမနှင့်စိမ်းလေသည်။ သူသည် သူမနှင့်မထိတွေ့၊ မဆက်ဆံခဲ့ဖူးသလို သူမဆီသို့လည်း တစ်ခါမှမလာခဲ့ဖူးပေ။ တောင်နတ်မင်းကျုချွဲကလည်း သူမကို အလည်လာခွင့်ပိတ်ထားသည်။ ကောင်းကင်နတ်ဘုံသို့ သွားခဲ့သည့်ခရီးတုန်းကသာ တောင်နတ်မင်းကျုချွဲနှင့် အတူရှိခဲ့ရခြင်းဖြစ်၏။ “နတ်ရတနာတောင်က ဘယ်နားမှာလဲမသိဘူး”
ချင်မူက ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း နတ်ရတနာတောင်ဆိုသည့်တောင်အား လိုက်ရှာကြည့်မိသည်။ နတ်ရတနာတောင်အား သူ အလွန်သိချင်မိ၏။ ထိုတောင်အကြောင်းကို ကျွဲ့ဟွလီဆီမှ ကြားသိခဲ့ရခြင်းဖြစ်သည်။
ကျွဲ့ဟွလီသည် အရှေ့၀င်ရိုးစွန်းတွင် နတ်ရတနာတောင်ဟုခေါ်သည့် နတ်တောင်တစ်လုံး ရှိပြီး အရှေ့နတ်မင်းချင်းလုံက သွားတိုက်စားရန် ထိုတောင်ကို အသုံးပြုသည်ဟု ဆိုခဲ့၏။
အရှေ့နတ်မင်းချင်းလုံက အသက်ရှည်လျားလှသည့်အတွက် သူ၏နဂါးသွားမှာလည်း အဆက်မပြတ် ကြီးထွားလာနေရာ မကြာခဏ တိုက်စားပေးရန် လိုအပ်လေသည်။ ထို့ကြောင့် သူက နတ်ရတနာတောင်ကို အသုံးချကာ သူ၏သွားအား တိုက်စား၏။ သွားအစအနတို့က တောင်ပေါ်သို့ကျလာသည့်အခါ ထူးဆန်းသော သွားပုံသဏ္ဌာန် သတ္တဝါများဖြစ်လာခဲ့ကြသည်။
ဓားမသိုင်းကို လေ့လာလိုက်စားသော ကောင်းကင်နတ်ဘုံ၏ လူငယ်တို့သည် သွားသဏ္ဍာန် ဓားမအစအနများ ရှာဖွေရန် ဤနတ်ရတနာတောင်သို့ လာတတ်၏။ ကျဲ့ဟွလီ မိစ္ဆာဓားမကို ရခဲ့သည်မှာ ထိုအတိုင်းသာ ဖြစ်သည်။
ဤမိစ္ဆာဓားမတွင် ထူးဆန်းသော စွမ်းရည်ရှိသည်။ ရွှင်ပျော်ပျော်ဓားသည် မိစ္ဆာဓားမနှင့် အကြိမ်ပေါင်းများစွာ ထိခတ်ခဲ့ဖူး၏။ ဓားမက မကြာခဏ အက်ခဲ့သော်လည်း မူလအနေအထားသို့ လျင်မြန်စွာ ပြန်ရောက်နိုင်သည်။ အမှန်ပင် ထူးခြားပေသည်။
ယခင်တုန်းက ချင်မူသည် မဟာလေဟာနယ်မြေပြင်၏ လေဟာနယ်တံတားရှိ အိမ်သုံးလုံး၏ တံခါးများကို အပိတ်အဖွင့် လုပ်ခဲ့ရစဉ်တုန်းက အရှေ့နတ်မင်းချင်းလုံ နတ်တောင်တစ်လုံးအား ရစ်ခွေလျက် သွားများ တိုက်စားနေသည်ကို အမှတ်မထင် မြင်ခဲ့ဖူး၏။
အရှေ့နတ်မင်းချင်းလုံ၏ နဂါးသွားဖြစ်စေ၊ နတ်ရတနာတောင်ဖြစ်စေ၊ နှစ်မျိုးလုံးက အံ့ဖွယ်ရတနာများ ဖြစ်သောကြောင့် သူ အလွန်မနာလို ဖြစ်မိလေသည်။
နတ်ရတနာတောင်သည် အရှေ့နတ်မင်း၏ နဂါးသွားများ ပဲ့ကြွေကျအောင် တိုက်စားခံနိုင်သည် ဆိုကတည်းက ၎င်း၏အရည်အသွေးကား နဂါးသွားထက်ပင် ပိုမိုကောင်းမွန်နေရာ ချင်မူ့ကို စိတ်အားတက်ကြွနေစေ၏။
အရှေ့ဝင်ရိုးစွန်း၏ နေရာတိုင်းတွင် ခံ့ညားထည်ဝါသော တောင်များ မြင်တွေ့ရသည်။ တောင်တစ်လုံးစီတိုင်းက အတိုင်းထက်အလွန် မြင့်မားပြီး ရှိန်ဖွယ်ရာကောင်း၏။ ကမ္ဘာဦးဘုံတွင် ထိုကဲ့သို့ မြင်ရလေ့ မရှိပေ။
ကြီးမားကျယ်ဝန်းသော ကောင်းကင်နတ်မြစ်က ကြယ်တာရာကောင်းကင်ထဲမှ အရှေ့ဝင်ရိုးစွန်းဆီသို့ စီးကျလာပြီး နဂါးစိမ်းကောင်းကင်နန်းဆောင်ဘေး၌ စီးဆင်းသွားသည်။ မြစ်ထဲတွင် နတ်နဂါးများစွာ ကူးခတ်နေကြလေသည်။ ငါးနဂါးများလည်း မြစ်ထဲမှ ခုန်ထွက်လာတတ်ပြီး နဂါးပုလဲစေ့များ ထွေးထုတ်လိုက်တတ်ရာ ပုလဲစေ့တို့သည် နေရောင်နှင့် လရောင်အား ယှဉ်နိုင်သော အလင်းရောင်တို့ဖြင့် တောက်ပသွားတတ်၏။
‘အဲဒီတောင်က နတ်ရတနာတောင် ဖြစ်မယ်’
နဂါးစိမ်းကောင်းကင်နန်းဆောင်၏ အနောက်တွင် တောင်အားလုံး၏ ဘုရင်သဖွယ် ထင်ရသော တောင်ကြီးတစ်လုံးအား ချင်မူ မြင်လိုက်ရသည်။ ၎င်း၏အမြင့်က ကျန်တောင်များထက် များစွာမြင့်မားပြီး တောင်ထွတ်တစ်ခုတည်းသာ ရှိနေခြင်းမဟုတ်၊ တောင်ထွတ်ကိုးခု ရှိနေသည်။
ဤတောင်တန်းမှာ ကျောက်မျက်ပုလဲရတနာတို့ဖြင့် အတိုင်းထက်အလွန် တင့်တယ်ထည်ဝါနေတော့သည်။ ကောင်းကင်ဘုံ ၂၀ ဘုံရှိသော မြင့်းမိုရ်တောင်အောက် မသေးငယ်ပေ
‘အရှေ့နတ်မင်းချင်းလုံက နတ်ရတနာတောင်ကို ရစ်ခွေပြီး သွား တိုက်စားတာလား’
ချင်မူလည်း အရှေ့နတ်မင်းချင်းလုံ သွား, တိုက်စားနေသော မြင်ကွင်းကို မြင်ယောင်ရင်း စုပ်သပ်လိုက်မိသည်။ “အရှေ့နတ်မင်းရဲ့ အရွယ်အစားက နည်းနည်းလေးမှ မသေးဘူးပဲ”
“ဂိုဏ်းသခင်၊ ကောင်းကင်နတ်ဘုံက လူတွေ ဒီရောက်နေတယ်” နဂါးချီလင်က သူတို့အရှေ့ရှိ နတ်ဘုရားမြို့ဆီသို့ ကြည့်ရင်း ခပ်တိုးတိုး ပြောသည်။
ချင်မူမှာ ထိုနတ်ဘုရားမြို့ဆီ လှမ်းကြည့်ကာ အသည်းထဲ အေးသွားသည်။ နတ်ဘုရားမြို့ထဲရှိ နတ်ဘုရားများက နဂါးမျိုးနွယ်မဟုတ်ဘဲ ကောင်းကင်နတ်ဘုံ၏ မဟာစစ်တပ်မှ နတ်ဘုရားများ၊ မိစ္ဆာများ ဖြစ်ကြသည်။ သူတို့သည် စစ်ရေးအခင်းအကျင်းများ၊ ဓားရေး၊ လှံရေး စသည်များ လေ့ကျင့်နေကြ၏။ ကောင်းကင်နတ်ဘုံက ဤတပ်စိတ်အား ဤနေရာတွင် တပ်ချခိုင်းထားဟန်တူသည်။
သို့သော် ဤနတ်ဘုရားမြို့က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးပြင်ထက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့မဟုတ် ကောင်းကင်နတ်အရှင်ယွီက ဤနတ်ဘုရားမြို့ကို သူ့လက်ဝါးပြင်ထက်၌ ကိုင်ဆောင်ထားသည်ဟု ဆိုရမည်။
ချင်မူ အပေါ်မော့ကြည့်ပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို လေ့လာကြည့်၏။ ဤတစ်ယောက်ကား ကမ္ဘာဦးဘုံတွင် မြင်ခဲ့ရသောတစ်ယောက်နှင့် မတူပေ။ ဤကောင်းကင်နတ်အရှင်ယွီတွင် လက်ရှစ်ဖက်ရှိပြီး ကောင်းကင်ထဲတွင် မတ်မတ်ထိုင်ကာ ငြိမ်သက်နေသည်။ သူ၏လက်ခြောက်ဖက်က လက်ဝါးပြင်များ ဖွင့်လျက် ဖြန့်ကျက်ထားပြီး နတ်ဘုရားမြို့တစ်မြို့စီ ကိုင်ထား၏။
စောစောက သူတို့မြင်ခဲ့ရသော နတ်ဘုရားမြို့မှာ အများကြီးထဲမှ တစ်မြို့သာ ရှိသေးသည်။
အလယ်ရှိ လက်နှစ်ဖက်က မုဒြာလက်ဟန်တစ်ဖက်စီ ဖော်ထားကြသည်။ ဤမုဒြာများတွင် လေးနက်သော သီအိုရီ ကိန်းဝပ်နေပြီး ပေါက်ကွဲရန် စောင့်စားနေသည့် အဆုံးမဲ့စွမ်းအင် ရှိနေကြောင်း ခံစားရစေသည်။
ဤမုဒြာနှစ်ခုကလည်း အရှေ့ဝင်ရိုးစွန်း၏ နဂါးစိမ်းကောင်းကင်နန်းတော်အား တည့်တည့်မျက်နှာမူထားလေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွင် မျက်နှာလေးဖက် ရှိပြီး မျက်လုံးများပိတ်ထား၏။
‘အရှေ့နတ်မင်းချင်းလုံ အေးအေးချမ်းချမ်းတောင် အိပ်နိုင်ပါ့မလား မသိဘူး... ဒီကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက နတ်ရတနာတောင်ထက်တောင် ကြီးမားသေးတယ်... အရှေ့နတ်မင်းရဲ့ ခန္ဓာထက် မသေးဘူး... စွမ်းအားကတော့ ခန့်မှန်းဖို့ ခက်တယ်’
ချင်မူ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီ ကြည့်၍ တွေးလိုက်မိသည်။ ‘ဒီကောင်းကင်လက်နက်ကို ဘယ်ကောင်းကင်နတ်အရှင် ထိန်းချုပ်နေတာလည်း မသိဘူး.. ရုတ်တရက် တိုက်ခိုက်လိုက်ရင် အရှေ့နတ်မင်းအတွက် ထွက်ပြေးဖို့ ခက်လိမ့်မယ်ထင်တယ်’
ထိုအချိန်တွင် နတ်ဘုရားမြို့ခြောက်မြို့မှ နတ်ဘုရားများ၊ မိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ပျံထွက်လာသည်။ အများစုက ဓားမအိတ်များ သို့မဟုတ် ဓားမရှည်များ သယ်ထားကြ၏။ သူတို့က နတ်ရတနာတောင်ဆီ ပျံသန်းသွားရင်း ရတနာရှာဖွေရန် ပြင်နေကြသည်။
နတ်ဘုရားတစ်ပိုင်းတစ်ယောက်၏ အသံက ကျယ်လောင်ပြတ်သားနေသည်။ “အရှေ့နတ်မင်း သွား, တိုက်စားနေပြန်ပြီ... မြန်မြန်၊ ရတနာတွေ သွားကောက်ရအောင်”
နတ်ဘုရားမြို့ခြောက်မြို့မှ နတ်ဘုရားများ၊ မိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ တဝှီးဝှီး ပျံထွက်လာကြပြီး ပျားအုံလို စုဝေးသွားကြသည်။
ချင်မူမှာ ထိုစကားများကြားလျှင် မနာလိုဖြစ်သွားမိသည်။ ‘နဂါးသွားစွယ်ဓားမက ဓားမတွေကြားမှာ ထူးခြားတယ်ဆိုရမယ်... ဒီကမ္ဘာရဲ့အပြင်မှာ ဒီကမ္ဘာရဲ့ ဓားမထက် ပိုကောင်းတဲ့ ဓားမ ရှာဖို့ သိပ်ခက်မှာပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အဏုစိတ်ပန်းပဲပညာနဲ့ မွမ်းမံလိုက်လို့ကတော့ ဒီကောင်းကင်ဓားမရဲ့ စွမ်းအားက သေချာပေါက် ပြိုင်ဘက်ကင်းလောက်အောင် ကြောက်စရာကောင်းလာလိမ့်မယ်... ငါက ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်နေတော့ ရတနာတွေ သွားယူမရတာ ခိုးလိုက်တာ’
ချင်မူ ချီတုံချတုံ ဖြစ်နေသည်။ သူ့စိတ်အလိုအရသာဆိုလျှင် နဂါးသွားစွယ် သွားကောက်ရန် ပြေးထွက်သွားချင်သော်လည်း ရှက်လည်း ရှက်မိသည်။ အရှေ့နတ်မင်းသာ သိလျှင် သူ့အား ရယ်သွမ်းသေးလိမ့်မည်မှာ အသေအချာပင်။
“အထွတ်အမြတ်ကလေးငယ်၊ ဒီအရှေ့ဝင်ရိုးစွန်းက ဘိုးဘေးနန်းတော် မဟုတ်ဘူး.... ဒါကြောင့် ငါ နဂါးစိမ်းကောင်းကင်နန်းတော်ကို မသွားတော့ဘူး”
နတ်ဘုရင်လန်ဝူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်သွားသည်။ “ကမ္ဘာဦးဘုံမှာတုန်းက ဒီကောင်းကင်လက်နက်ကို လေ့လာဖို့ အချိန်မရှိခဲ့ဘူး... ဒီမှာ အသေးစိတ် လေ့လာပြီး သူ့မှာ အားနည်းချက်တွေ ရှိနေမလား တွေ့ချင်မိတယ်”
ချင်မူ ခေါင်းညိတ်လိုက်၏။ “မမကြီးနတ်ဘုရင် အရှေ့နတ်မင်းနဲ့ လိုက်မတွေ့တာလည်း ကောင်းပါတယ်... မမကြီးသာ ဖန်ဆင်းရှင်မှန်း သိသွားရင် သူ ပြဿနာ ရှာလိမ့်မယ်... ကျွန်တော်က မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးပေမယ့် အရှေ့နတ်မင်းနဲ့တော့ မပတ်သက်ဖူးဘူး... သူ ကောင်းကင်နတ်ဘုံမှာ ကျွန်တော့်ကို ဘာကြောင့် ကူညီခဲ့သလဲဆိုတာကတော့ ကျွန်တော်က ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင် ဖြစ်နေလို့ ထင်တယ်”
နတ်ဘုရင်လန်ဝူသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးပေါ်ရှိ နတ်ဘုရားမြို့တစ်မြို့ထဲသို့ လမ်းလျှောက်ဝင်သွား၏။
ချင်မူလည်း နဂါးချီလင်နှင့် ယန်အာကို ခေါ်သွားသည်။ ယန်အာ အနည်းငယ် ဂနာမငြိမ် ဖြစ်နေသည်ကို မြင်လျှင် နဂါးချီလင်က စပ်စုလေရာ ယန်အာမှာ ဝမ်းနည်းကြေကွဲစွာ ပြောလေသည်။ “သူနဲ့ အရင်က တွေ့ခဲ့ဖူးပေမယ့် စကားမပြောရဲခဲ့ဘူး... ကြည့်ရတာ ငါက သူ့သမီးမှန်း မသိဘူးထင်တယ်”
နဂါးချီလင်က ပြုံး၍ နှစ်သိမ့်သည်။ “အရှေ့နတ်မင်း မမကြီးကို မသိချင်ယောင်ဆောင်တာလည်း ဟုတ်ချင်ဟုတ်မှာပေါ့.. သူ့သမီးတော်မှန်း သူများတွေ သိသွားမှာ စိုးလို့နေမှာ”
ယန်အာ အနည်းငယ် ပြုံးပျော်သွားသည်။
သူတို့ နဂါးစိမ်းကောင်းကင်နန်းဆောင်ဆီ မရောက်ခင် ဧရာမနဂါးစိမ်းကြီးတစ်ကောင်သည် ကောင်းကင်ထက်မှ ဝုန်းခနဲ ဆင်းသက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်ကြီးကား မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး သူတို့ဘေးမှ ဖြတ်ကာ နတ်ရတနာတောင်ဆီ ရွေ့လျားသွားသည်။
ထိုနဂါးကြီးက တောင်ထွတ်များအား ရစ်ခွေတ်လိုက်သည်။ ၎င်း၏ နဂါးလက်သည်းများက တောင်ကို ကုပ်ထားပြီး ပါးစပ်ကို ဖွင့်ကာ နတ်ရတနာတောင်ဖြင့် သွား,တိုက်စားလေသည်။ ၎င်းပါးစပ်အတွင်း၌ ဖျိုးဖျိုးဖျပ်ဖျပ် လင်းလက်နေသော မိုးကြိုးလျှပ်စီးများ ၊ ကူးလူးတောက်လောင်နေသော မီးတောက်များ မြင်တွေ့ရသည်။
ချင်မူ၊ နဂါးချီလင်နှ့င် ယန်အာတို့မှ မှင်သက်နေကြသဖြင့် ပြောစရာစကားပင် ရှာမတွေ့တော့ပေ။
“ပဲ့သွားပြီ”
နတ်ဘုရားများ၊ မိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များကား နတ်ရတနာတောင်ဆီ ရောက်သွားခဲ့ကြပြီဖြစ်သည်။ သို့သော် အနားကပ်မသွားဝံ့ရဲ အဝေးမှသာ ကြည့်နေကြသည်။ ထိုနဂါးကြီး၏ပါးစပ်ထဲရှိ သွားတစ်ချောင်း ပဲ့ကျပြီး မြေပြင်ပေါ် ဝုန်းခနဲ ကျသွားသည်ကို သူတို့ မြင်လိုက်ရ၍ ဆူဆူညံညံအသံများ ထွက်လာကြခြင်း ဖြစ်သည်။
နဂါးသွားသည် အောက်သို့ ကျသွားသည့်အခါ သေးငယ်လာပြီး မျက်လုံးတစ်စုံ ပေါက်လာ၏။ ၎င်း၏ ဓားမချီက လေထဲတွင် ပြည့်နှက်သွားပြီး ဓားမရောင်က လျှပ်စီးသဖွယ် တောင်တန်းများအကြား ဖြာထွက်သွားသည်။
တောင်တန်းများဆီမှ တချွင်ချွင်မြည်သံများ ထွက်ပေါ်လာ၏။ ဤနဂါးသွားက မိစ္ဆာသတ္တဝါတစ်ကောင်အဖြစ် အသွင်ပြောင်းသွားဟန်တူသည်။ နတ်ရတနာတောင်သည် သွားကို အရှေ့နတ်မင်းနှင့် သီးခြား ဖြစ်သွားစေခဲ့သဖြင့် သွားက ဒေါသထွက်သွားပြီး နတ်ရတနာတောင်ကို အဆက်မပြတ် တိုက်စားနေသဖြင့် မီးပွားများ ဖွာကြဲထွက်လာလေသည်။
နတ်ဘုရားများ၊ မိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ မျက်လုံးများ လင်းလက်သွားကြသည်။ သူတို့က ပျံသန်းနေသော နဂါးသွားကို စိုက်ကြည့်ရင်း လုယူလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေကြ၏။
မနေနိုင်တော့ဘဲ ပြေးသွားမိသည့်သူတစ်ယောက်ရှိသည်။ သူ အနားသို့ ကပ်မသွားနိုင်ခင် နဂါးသွေးတို့မှ မွေးဖွားလာသော ဆန်းကြယ်သတ္တဝါတစ်ကောင်က တောင်ကြားထဲမှ ဆန့်ထွက်လာပြီး သူ့ကို ဖမ်းဆုပ်ကာ တစ်လုတ်တည်း မြိုချပစ်လိုက်၏။
ချင်မူ အဝေးသို့ ကြည့်လိုက်မိသည်။ အရှေ့နတ်မင်းချင်းလုံသည် သွားတိုက်စားနေသည့်အတွက် သွားအစပ်နားမှ သွေးများထွက်နေ၏။ နဂါးသွေးတို့ တောင်ထဲသို့ ကျလာလျှင် မိစ္ဆာများ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် နဂါးသွားကို ရယူရန်မှာ မလွယ်ကူပေ။
“အရှေ့နတ်မင်းချင်းလုံရဲ့ အသက်ဓာတ်က အားကောင်းလွန်းအားကြီးတယ်... သူ့ဆီက ကျလာတဲ့အရာမှန်သမျှ မိစ္ဆာ ဖြစ်လာမှာပဲ”
ချင်မူမှာ သက်ပြင်းချပြီး အံ့ဩမစုတ်သပ်မိဘဲ မနေပေ။ သူ့အကြည့်က နတ်ရတနာတောင်၏ တောင်ထွတ်ကိုးခုအပေါ် ကျရောက်သွား၏။ “ဒါပေမဲ့ နတ်ရတနာတောင်က ပိုပြီးသန်မာတယ်... ငါ ဒီတောင်ကို ယူသွားပြီး ရတနာအဖြစ် မွမ်းမံနိုင်လိုက်ရင် ဒါက နံပါတ်တစ် ကောင်းကင်လက်နက်ဖြစ်လာမှာပဲ”
အရှေ့နတ်မင်းချင်းလုံးက မျက်လုံးများမှေးစင်းထားရင်း အရှည်ဆုံးနဂါးသွားကို သေသေချာချာ တိုက်စားနေသည်။ ရုတ်တရက် ချင်မူ၏အသိစိတ်အလျဉ်က ပျံ့လွင့်လာကာ ပြောလိုက်၏။ “အရှေ့နတ်မင်း၊ ချင်မူ အရိုအသေလာပေးပါတယ်”
အရှေ့နတ်မင်းချင်းလုံ အံ့အားသင့်သွားသည်။ သူက အလျင်အမြန် မျက်လုံးဖွင့်ကာ ချင်မူ့အသိစိတ်အလျည်အတိုင်း လိုက်ကြည့်၏။ ချင်မူ့ကို မြင်သည်နှင့် သူ အနည်းငယ် ရှက်သွားလေသည်။ သူ့ခန္ဓာကိုယ်က လေပေါ် ပျံတက်သွားပြီး နဂါးစိမ်းကောင်းကင်နန်းဆောင်ထဲ ဝင်ရောက်သွားသည်။
သူ့ခန္ဓာကိုယ်က သေးငယ်သထက် သေးငယ်လာပြီး ကောင်းကင်နန်းဆောင်အတွင်းထဲ၌ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့အသံသည် ချင်မူ့နားထဲ ဝင်ရောက်လာ၏။ “မှော်ဝိဇ္ဇာရှင် လာမှာ ကြိုမသိထားမိလို့ ကိုယ့်ကိုယ်ကို အရူးလုပ်မိသလို ဖြစ်သွားပါတယ်... မှော်ဝိဇ္ဇာရှင်၊ ခေတ္တလောက် စောင့်ပေးပါ... ကျုပ်လူတွေနဲ့ လာကြိုပေးပါ့မယ်’
‘ဒါက နှစ်ကိုယ်ကြား လာတွေ့တာမလို့ တခမ်းတနား ကြိုဆိုနေစရာမလိုပါဘူး’
ချင်မူ့အသိစိတ်အလျဉ်သည် သူနှင့်အတူ လိုက်သွားရင်း ပြော၏။ “အရှေ့ဝင်ရိုးစွန်းရဲ့ နေရာတိုင်းမှာ နားတွေ၊ မျက်လုံးတွေ ရှိတယ်... လူမသိသူမသိ ဆွေးနွေးကြတာ အကောင်းဆုံးပဲ”
အရှေ့နတ်မင်းချင်းလုံက နဂါးစိမ်းကောင်းကင်နန်းဆောင်ထဲသို့ ပျံသန်းဝင်ရောက်သွားသဖြင့် ချင်မူလည်း လိုက်ဝင်သွားသည်။ တခဏကြာသော် နန်းဆောင်အရှေ့သို့ သူ ရောက်လာသည်။ ဤနေရာတွင်လည်း တောင်ကောင်းကင်မုခ်ဝစ်ခု ရှိနေ၏။ ကောင်းကင်နတ်မြစ်က မုခ်ဝထဲမှ ဖြတ်စီးမသွားဘဲ မုခ်ဝနှင့်အတူ ရွေ့လျားနေသည်။
ကောင်းကင်နတ်မြစ်အတွင်း၌ ဆော့ကစားနေသော နဂါးများ၊ ကမ်းစပ်ရှိ နဂါးများက လမ်းလျှောက်လာနေသော ချင်မူနှင့် ကျန်ရှိသူများကို စပ်စပ်စုစု ကြည့်နေကြသည်။
ကမ်းစပ်ဘေးတွင် အစိမ်းရောင်အင်္ကျီနှင့် လူတစ်ယောက် ရှိသည်။ သူ့မျက်ခုံးများက ရှည်လျားသွယ်ဆင်းနေပြီး နဂါးနှုတ်ခမ်းမွှေးသဖွယ် လှပတင့်တယ်နေသည်။ သူက လာရောက်နှုတ်ဆက်၏။ “ကောင်းကင်နတ်အရှင်မူ ကောင်းကင်နဂါး ရတနာရထားလှည်းနဲ့ ဒီကို လာတာမဟုတ်လား.. ရထားလှည်းကို ဘာလို့ မမြင်ရတာလဲ... ခြေလျင်လာတာလား”
“အရှေ့နတ်မင်းကို အရိုအသေပေးပါတယ်”
ချင်မူ သူ့ကို နှုတ်ဆက်ပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “အရှေ့နတ်မင်းက နဂါးအားလုံးရဲ့ ဘိုးဘေးကြီးလေဗျာ.... ကျွန်တော်က အရှေ့နတ်မင်းရဲ့ မျိုးနွယ်တွေကို ရထားလှည်း ဆွဲခိုင်းပြီး အရှေ့ဝင်ရိုးစွန်းဆီ ဝင်လာရင် ရိုင်းပျရာ မကျဘူးလား”
အစိမ်းရောင်အင်္ကျီနှင့်လူကား အရှေ့နတ်မင်းချင်းလုံအပြင် တခြားမဟုတ်ပေ။ သူက ချင်မူ့စကားကြားလျှင် တဟားဟား ရယ်လိုက်သည်။ “မှော်ဝိဇ္ဇာရှင်က လေးနက်ထားလွန်းပါပေတယ်... ကောင်းကင်နတ်အရှင်ဆယ်ယောက်က ရှေးဟောင်းနတ်ဘုရားအားလုံးကို မင်း စော်ကားမိအောင် တမင် ရထားလှည်း ထည့်ပေးလိုက်တာ.... သူတို့မှာ မကောင်းတဲ့ အကြံအစည်တွေ ရှိမှန်း ငါ မသိဘဲ နေပါ့မလား.. မှော်ဝိဇ္ဇာရှင် အဲဒီရထားလှည်းနဲ့ လာရင်တောင် စိတ်မကွက်ပါဘူး.... ထိုင်ပါ....”
ချင်မူလည်း သူနှ့င်အတူ လျှောက်ရင်း နဂါးစိမ်းကောင်းကင်နန်းဆောင်ထဲ ဝင်လိုက်ပြီးနောက် ပြော၏။ “ဒါက ယန်အာ၊ တောင်နတ်မင်းမိသားစုရဲ့ မင်းသမီးပါ”
အရှေ့နတ်မင်းသည် မျှော်လင့်နေသော အသွင်ရှိနေသည့် ယန်အာ့ဆီ လှမ်းကြည့်၏။ သူ့အကြည့်က ကြာကြာမနေဘဲ လွှဲသွားသည်ကို မြင်လျှင် ယန်အာမှာ စိတ်ပျက်သွားလေသည်။
ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။ ချက်ချင်းပင် ဘာကြောင့်မှန်း သူ နားလည်သွား၏။
“ခမည်းတော်” တောင်ကောင်းကင်မုခ်ဝအား စောင့်ကြပ်နေသော နတ်ဘုရားက အရှေ့နတ်မင်းကို ဦးညွတ်အရိုအသေပေးသည်။
“ခမည်းတော်”
“ခမည်းတော်”
အရှေ့နတ်မင်း နဂါးစိမ်းကောင်းကင်နန်းဆောင်ထဲ ဝင်လာသည့်အခါ နဂါးနတ်ဘုရားအမျိုးမျိုးက သူ့ကို ဦးညွှတ်အရိုအသေပေးကာ ခမည်းတော်ဟု ခေါ်ကြသည်။ အရှေ့နတ်မင်း၏ မျိုးဆက်တို့ကား များပြားလှသဖြင့် ခေါင်းမွှေးပင် ထောင်သွားနိုင်လောက်၏။
အရှေ့နတ်မင်းသည် တောင်နတ်မင်းကျူချွဲနှင့် သမီးတစ်ယောက်ရခဲ့သည်ကို မမှတ်မိဟန်တူသည်။
‘နဂါးစိမ်းကောင်းကင်နန်းဆောင်က နတ်ဘုရားအားလုံးက သူ့မျိုးဆက်တွေများ ဖြစ်နေမလား’
ချင်မူ အနည်းငယ် မူးဝေလာသည်။ နဂါးစိမ်းနန်းတော်တွင် နဂါးအနည်းဆုံး တစ်သန်းရှိသည်။ နဂါးနတ်ဘုရားစစ်တပ်ကိုပင် ထည့်မတွက်ရသေးပေ။ ဤနဂါးများသာ သူ့မျိုးဆက်များဆိုလျှင် ဤနတ်မင်းသည် အချစ်မကြီးလွန်းလှဘူးလော။
ချင်မူမှာ စိတ်ထဲတွင် ကြိတ်ဝေဖန်မိသော်လည်း မည်သည်ကိုမျှ မပြောဘဲ ပြုံးလိုက်သည်။ “အရှေ့နတ်မင်းရဲ့ ကောင်းကင်နန်းဆောင်က အမှန်တကယ် မထိုးဖောက်နိုင်တဲ့အရာလို့ ပြောလို့ရတယ်... ကောင်းကင်နတ်ဘုံအနေနဲ့ အရှေ့ဝင်ရိုးစွန်းကို ထိုးဖောက်နိုင်ပေမယ့် ဒီနေရာကိုတော့ ထိုးဖောက်နိုင်မှာမဟုတ်ဘူး”
အရှေ့နတ်မင်းသည် သိပ်ကျေနပ်နေဟန်မတူပေ။ “မှော်ဝိဇ္ဇာရှင်၊ ကောင်းကင်နယ်စားမင်းတောင် သူ့သားအရင်းရဲ့ သစ္စာဖောက်တာ ခံခဲ့ရတယ်... ကျုပ်မှာ မျိုးဆက်အများကြီး ရှိပေမယ့် ပူပင်စရာမရှိဘူးလို့ မဆိုလိုဘူး... ကျုပ်ရဲ့ ကောင်းကင်နန်းဆောင်ထဲမှာ နဂါးစိမ်းအိမ်ရှေ့မင်းသားကို အစားထိုးချင်နေတဲ့ လူတွေ တစ်ပုံကြီးပဲ... လူတိုင်းလူတိုင်းမှာ တာဝန်ကိုယ်စီ ရှိသလို၊ မိသားစုတိုင်း မိသားစုတိုင်းမှာလည်း သူ့အခက်အခဲနဲ့ သူ ရှိပါတယ်”
ချင်မူ လမ်းလျှောက်နေသည်ကို ရပ်၍ မေးလိုက်သည်။ “အရှေ့ဝင်ရိုးစွန်းထဲက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဘယ်သူများလဲ သိခွင့်ရမလား”
“ခေါင်းလေးလုံး၊ လက်ရှစ်ဖက်... နတ်ဧကရာဇ်လန်ရွှမ်”
အရှေ့နတ်မင်းက ပြောသည်။ “သူက ကမ္ဘာပေါ်မှာ ပထမဆုံးနတ်ဘုရားတစ်ပိုင်းပဲ ..... ကောင်းကင်နတ်အရှင်ဟောင်နဲ့ အတူတူလို့တောင် ပြောနိုင်တယ်”
“နတ်ဧကရာဇ်လန်ရွှမ်နဲ့ ပတ်သက်ပြီး အရှေ့နတ်မင်း ဘယ်လောက်ကောင်းကောင်းသိထားလဲ”
ချင်မူ့မျက်ဝန်းများ တောက်ပသွားသည်။ “သူက ဘယ်ရှေးဟောင်းနတ်ဘုရားနှစ်ပါးရဲ့ သားတော်လဲ”
အရှေ့နတ်မင်းက ဇဝေဇဝါဖြင့် ပြောလေသည်။ “သူ့မိဘနှစ်ယောက်စလုံးက ရှေးဟောင်းနတ်ဘုရားတွေလို့ ဘယ်သူပြောလဲ... သူ့အဖေက ရှေးဟောင်းနတ်ဘုရား ဟုတ်ပေမယ့် သူ့အမေကတော့ မဟုတ်ဘူး”