ဓားတစ်လက်ဖြင့် အရှေ့ဝင်ရိုးစွန်းအား ဖိန့်ဖိန့်တုန်သွားစေခြင်း
Vol. 79 Ch. 1025
အရှေ့နတ်မင်း မျက်ခုံးပင့်တင်လိုက်မိသည်။ ချင်မူ၏ စကားက မှန်သည်ဆိုသော်ငြား သူ ဘ၀င်မကျပေ။ ချင်မူ၏ ကောင်းကင်နတ်သိုင်းကိုလည်း သူ နားမလည်။
လူတွေကြားက ပုံရိပ်ယောင် ပန်းမဟာတဲ့လော။
လမ်းစဉ်သို့ ၀င်ရောက်ထားသော ချင်မူ၏ ကောင်းကင်နတ်သိုင်း၊ ပဉ္စမသိုင်းကွက်တွင် လေးနက်သော စိတ်ခံစားချက်တစ်ခု ကိန်း၀ပ်နေသည်။ ချင်မူသည် ထိုသိုင်းကွက်ကို ဘိုးဘေးဝိညာဉ်ကမ္ဘာထဲတွင် ဖန်ဆင်းရှင်တို့၏ အသိပညာကို ရရှိခဲ့သည့်အချိန်၌ ဖွင့်လှစ်ပြီး သူ၏အတွေ့အကြုံ၊ အသိအမြင်တို့ဖြင့် ပေါင်းစည်းထားခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် ပြိုင်ဘက်ကင်းသော သူ၏ အရည်အသွေးများတို့အပြင် ဗဟုသုတများစွာ ကိန်းအောင်းနေသည်။
အရှေ့နတ်မင်းမှာ ရှေးဟောင်းနတ်ဘုရားဖြစ်သည့်အလျောက် ကိုယ်ပိုင်မဟာတာအိုဖြင့် ကန့်သတ်ခံထားရလေသည်။ သူ့အနေဖြင့် ဤသိုင်းကွက်၌ ပါ၀င်နေသော ကောင်းကင်နတ်သိုင်းတို့ကို သတိထားမိသော်လည်း လေ့လာပြီး ပြန်လည်ထုတ်ဖော်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားအားလုံး သူတို့၏ခန္ဓာကိုယ်ဖြင့်သူတို့ ပြန်လည်ချုပ်နှောင်ခံထားရသည့်အဖြစ်အား မသိသူမရှိပေ။ ကောင်းကင်နတ်ဧကရာဇ်မှလွဲ၍ ရှေးဟောင်းနတ်ဘုရားအများစုမှာ သူတို့၏မဟာတာအိုအတိုင်းသာ အဆင့်တက်နိုင်ကြ၏။ ထိုထဲမှ ရုန်းထွက်နိုင်ရန် ခက်ခဲလေသည်။
ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အရှေ့နတ်မင်းချင်းလုံတို့အတွက် အလားတူပင်။
ရှေးဟောင်းနတ်ဘုရားတို့သည် ဘ၀ပြန်စားခြင်း အစရှိသည့် နည်းလမ်းများမှတစ်ဆင့် သမားရိုးကျလမ်းထဲမှ ဖောက်ထွက်ရန် ကြိုးစားကြသော်ငြား တစ်ခုတည်းသောလမ်းက သေခြင်းသာ ရှိကြောင်း တွေ့ရှိခဲ့ကြ၏။ အမှန်တကယ် သေဆုံးသွားပြီး ရုပ်ခန္ဓာနှင့် မဟာတာအိုကို စွန့်လွှတ်လိုက်မှ လွတ်မြောက်နိုင်ကြပေမည်။
ထို့ကြောင့် ဘ၀ပြန်၀င်စားခြင်းက သူတို့ကို မူလမဟာတာအို၏ အချုပ်အနှောင်များမှ ရုန်းထွက်နိုင်အောင် မကူညီပေးနိုင်ပေ။ မြေအောက်ဘုံအရှင်သခင်၏ လူဝင်စား၊ အားချို၏ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
“ငါ့လူ၀င်စားက အပြင်ကမ္ဘာတွေမှာ လျှောက်သွားနေသေးတယ်... သူ့ကို ပြန်ခေါ်ဖို့ ရက်ပိုင်းလောက်ကြာလိမ့်မယ်”
အရှေ့နတ်မင်းက ရယ်လိုက်သည်။ “ကျေးဇူးပြုပြီး ရက်ပိုင်းလောက် စောင့်ပေးပါ မှော်ဝိဇ္ဇာရှင်... ငါ မင်းတို့နေဖို့အတွက် နေရာတစ်နေရာ စီစဉ်ပေးပါ့မယ်”
ချင်မူ ပြောလိုက်သည်။ “ကျွန်တော်က နဂါးသွဲ့ရေကန်မှာ နေတာ အသားကျနေပြီ.. စိတ်မပူပါနဲ့ အရှေ့နတ်မင်း.. နဂါးကျွန်းမှာပဲ နေလိုက်ပါ့မယ်”
အရှေ့နတ်မင်းလည်း ခေါင်းညိတ်ပြီး လှေသည် ကျွန်းဆီသို့ ရွေ့လျားသွား၏။ ကျွန်းပေါ်တွင် နဂါးမျိုးဆက်များမှာ လှုပ်ရှားရန် အားအင်မရှိကြတော့သဖြင့် မြေကြီးပေါ်၌ လှဲနေကြသည်။
အရှေ့နတ်မင်းက မျက်မှောင်ကြုတ်သွားပြီး နဂါးအစေခံများ ခေါ်ကာ ရှင်းလင်းစရာရှိသည်များ ရှင်းလင်းပြီးနောက် ကျွန်းပေါ်ရှိ အကြီးဆုံးနန်းတော်ထံ ခေါ်ဆောင်သွားသည်။ ချင်မူ နန်းဆောင်ထဲ ၀င်လိုက်သည့်အခါ ရုပ်လုံးရုပ်ကြွများ၊ တိုင်လုံးများနှင့် ပန်းချီများမှာ အဖိုးတန်ရတနာများ ဖြစ်ကြပြီး တင့်တယ်လှပစွာ စီရီထားကြောင်း မြင်တွေ့ရသည်။
သူ့မှာ မချီးကျူးမိဘဲ မနေတော့ပေ။ “ဘယ်လောက် ခမ်းနားလိုက်သလဲဗျာ”
အရှေ့နတ်မင်းက ပြောသည်။ “ဒီမှာ ခဏလောက် နေလိုက်ပါဦး... ငါ့ရဲ့လူ၀င်စား ရောက်လာရင် ဒုတိယစမ်းသပ်မှုကို စတင်ကြတာပေါ့”
ချင်မူက ပြောသည်။ “သူ နောက်ကျမှ ရောက်လာလေလေ... ကျွန်တော် စိတ်လှုပ်ရှားရလေလေပါပဲ.... အရှေ့နတ်မင်းက ပထမစမ်းသပ်မှုကို စစ်ဆေးပြီးသွားပြီဆိုတော့ ကျွန်တော် ဒုတိယစမ်းသပ်မှုအတွက် အလွန်စိတ်လှုပ်ရှားနေမိပြီ... အရှေ့နတ်မင်းရဲ့လူ၀င်စား ရောက်လာတာကို ကျွန်တော် စောင့်တောင်မစောင့်နိုင်တော့ဘူး... ကျွန်တော့်ကိုတော့ စိတ်မပျက်ရစေဘူး အရှေ့နတ်မင်း”
“စိတ်မပျက်စေရဘူးတဲ့လား” ရုတ်တရက် အရှေ့နတ်မင်းက ရယ်လိုက်သည်။ “မှော်ဝိဇ္ဇာရှင် ငါ အလုပ်များနေတာမလို့ မင်းကို မနှောင့်ယှက်တော့ဘူး”
ချင်မူလည်း သူ့ကို ပြန်လိုက်ပို့သည်။ “အရှေ့နတ်မင်းရဲ့ လူ၀င်စား စောစောစီးစီး ရောက်လာမယ်လို့ ကျွန်တော် မျှော်လင့်နေပါ့မယ်”
အရှေ့နတ်မင်းသည် နဂါးစိမ်းကောင်းကင်နန်းဆောင်၏ နတ်ကောင်းကင်ခန်းမဆီ ပြန်သွားပြီး အရာရှိဝန်မင်းအားလုံး ဆင့်ခေါ်လိုက်၏။ အရာရှိတိုင်းက သူ၏မျိုးဆက်များ ဖြစ်နေသည်။ အခြားမျိုးနွယ်ဝင် တစ်ယောက်မှ မပါပေ။ သူတို့က ပလ္လင်ထံသို့ မော့ကြည့်နေကြပြီး အရှေ့နတ်မင်း သိသိသာသာ အခက်တွေ့ကာ မချင့်မရဲဖြစ်နေကြောင်း သတိထားမိလိုက်၏။
အိမ်ရှေ့မင်းသားက ချောင်းဟန့်၍ ဦးညွှတ်အရိုအသေပေးကာ မေးတော်မူသည်။ “ဘာတွေ စိတ်ပူနေတာပါလဲ ခမည်းတော်”
အရှေ့နတ်မင်းမှာ သက်ပြင်းရှည်ကြီးချပြီးနောက် သူ့ကို အကြောင်းစုံရှင်းပြလိုက်၏။ “ငါ ဒီမှော်ဝိဇ္ဇာရှင်နဲ့ သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေကို နားလည်မနေဘူး.... ငါ သူ့ကို အထင်သေးလျှော့တွက်ထားမိတယ်... တကယ်တမ်းက သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေမှာ ဆန်းကြယ်မှုတွေ ပြည့်နှက်နေတာ... ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်အဆင့် တက်ရောက်ထားတဲ့ ‘လူတွေကြားက ပုံရိပ်ယောင် ပန်းမဟာ’ ဆိုတာကလည်း ငါ လုံး၀ကို မကြားဖူးတဲ့ဟာပဲ....
“အဲ့ဒီသိုင်းကွက်ရဲ့ အားနည်းချက်တွေ၊ လျှို့ဝှက်နက်နဲတဲ့ သဘောတရားတွေကို ငါ ရှာမတွေ့ခဲ့ဘူး... ဒီသိုင်းကွက်နဲ့တင် အဲ့ဒီလိုဖြစ်နေမှတော့ ကျန်တဲ့ကောင်းကင်သိုင်းကွက်တွေဆို ပိုလို့တောင် မသိဘဲ နေတော့မှာပေါ့... ဒါကြောင့် ဒုတိယစမ်းသပ်ချက်မှာ ငါ သူ့ကို ရှုံးမှာ စိုးရိမ်နေမိတယ်”
အရာရှိအားလုံး ကျောရိုးထဲ စိမ့်အေးသွားကြသည်။
ဒုတိယမင်းသားသည် ရှေ့သို့တက်လာကာ ဦးညွှတ်အရိုအသေပေးပြီးနောက် မေးလေ၏။ “ခမည်းတော် ယုံကြည်ချက်မရှိရင် ဒုတိယစမ်းသပ်ချက်ကို ဖျက်သိမ်းလိုက်တာ မကောင်းပေဘူးလား”
“ငါက သူပြောတဲ့အတိုင်း စမ်းသပ်ချက်ကို လုပ်ပေးမှ ဖြစ်တော့မှာ.... သူက ငါ့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ထားပြီးပြီ”
အရှေ့နတ်မင်းက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။ “သူက ငါ့ကို ရိုက်နှက်ပြီး အပိုးကျိုးအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ... အခုမှတော့ ငါ နောက်ဆုတ်လို့မရတော့ဘူး.... ငါ့ရဲ့လူ၀င်စားလျှောက်သွားလို့ ဒီကိုရောက်ဖို့ ရက်ပိုင်းလောက်ကြာဦးမယ်ပဲ ပြောထားနိုင်တော့တယ်”
မင်းသားများ ဒေါသထွက်သွားကြသည်။ “ဒီကောင်းကင်နတ်အရှင်မူက အကြင်နာတရား ခေါင်းပါးလွန်းအားကြီးတယ်.... ခမည်းတော်ရဲ့ မျက်နှာကို ထောက်ထားပြီး နောက်ဆုတ်ပေးရကောင်းမှန်းတောင် မသိဘူးလား”
သူတို့က တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးရင်း ဗျူဟာဆွဲလိုက်ကြ၏။ “စိတ်မပူပါနဲ့ ခမည်းတော်... ကောင်းကင်နတ်အရှင်မူက သားတော်တို့ရဲ့ ညီတော် ၊ ညီမတော်တွေကို ရိုက်နှက်ခဲ့တာ ဖြစ်တဲ့အတွက် သူ့ကို စိန်ခေါ်ဖို့ အကြောင်းပြချက်တွေ တစ်ပုံကြီး ရှိပါတယ်... သားတော်တို့ သူ့ကို ဖိအားပေးပြီး သူ့ရဲ ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းတွေ ထုတ်သုံးရအောင် လုပ်နေတဲ့အချိန်မှာ ခမည်းတော်က နောက်ကွယ်ကနေ စောင့်ကြည့်ပြီး တန်ပြန်တိုက်ခိုက်နိုင်မယ့် နည်းလမ်း စဉ်းစားတော်မူပါ... ဒီနည်းနဲ့ဆို ခမည်းတော် သူ့ကို ယှဉ်ပြိုင်ရင် နိုင်လိမ့်မယ်”
အရှေ့နတ်မင်း ဝမ်းသာသွားပြီး ပြုံးနေသည်။ “သားတော်တို့ ခမည်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးဖို့ ကျေးဇူးတင်ပါတယ်”
မင်းသားများ ခန်းမထဲမှ ထွက်သွားကြသည်။ တတိယမင်းသားက လျှောက်တင်သည်။ “ခမည်းတော် ရင်ဆိုင်နေရတာက အင်အားကြီးမားတဲ့ ရန်သူတစ်ယောက်ပါ.... ဒီကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် အစွမ်းထက်တယ်.... ဒါပေမဲ့ သူ့ကို ကောင်းကင်နတ်သိုင်းတွေ ထုတ်သုံးရအောင် ဖိအားပေးတဲ့ နည်းအပြင် တခြားနည်းလည်း ရှိပါတယ်... အဲဒီနည်းက သူ အရှေ့ဝင်ရိုးစွန်းကနေ ထွက်မသွားမချင်း ရိုက်နှက်ဖို့ပဲ”
အိမ်ရှေ့မင်းသားက ပြောသည်။ “ခမည်းတော် သူ့ကို လိုအပ်သေးတယ်.... သူနဲ့ ဆက်ဆံရေးလည်း မပျက်စီးချင်ဘူး.. ငါတို့အနေနဲ့ ငါတို့ညီတော်၊ ညီမတော်တွေအတွက် ကလဲ့စားချေတယ်ပြောရုံပဲ.... အဲဒါနဲ့တင် သူ ကောင်းကင်နတ်သိုင်းတွေ ထုတ်လွှတ်ရအောင် ဖိအားပေးနိုင်ပါတယ်”
ဒုတိယမင်းသားက ပြောသည်။ “အစ်ကိုတော်က ဧကရာဇ်ပလ္လင်အဆင့်ဆိုတော့ အပြင်ကပဲ စောင့်ကြည့်သင့်တယ်.. ကျန်တဲ့သူတွေ အရင်သွားကြ... မှတ်ထား၊ ငါတို့က ငါတို့အစ်ကိုတော်၊ အစ်မတော်တွေအတွက် တရားမျှတအောင် လုပ်ပေးရုံနော်... တခြားမပြောမိစေနဲ့”
အစီအစဉ်ဆွဲပြီးသည့်အခါ သူတို့အားလုံး တိမ်တိုက်များနှင့် လျှပ်စီးများ စီးနင်းလျက် နဂါးသွဲ့ရေကန်၏ နဂါးကျွန်းဆီ ထွက်သွားကြသည်။ နတ်နဂါးအတော်များများကလည်း ကျွန်းကို လှည့်ပတ်ပျံသန်းပြီး ငုံ့ကြည့်နေကြ၏။
နဂါးသားတော်တစ်ပါးက အောက်သို့ဆင်း၍ ကျွန်းပေါ်ရှိ အစ်ကိုတော်၊ အစ်မတော်များအတွက် တရားမျှတမှု ရယူရန် ကောင်းကင်နတ်အရှင်မူအား စိန်ခေါ်ချင်ကြောင်း ကြေညာလိုက်သည်။
တခဏကြာသော် ချောမောလှပသော မိန်းကလေးတစ်ယောက် ထွက်လာ၏။ “သခင်လေး သိုင်းကျင့်နေလို့ ရှင်တို့ကို ရင်ဆိုင်ဖို့ ကျွန်မကို လွှတ်လိုက်တယ်”
ထိုနဂါးသားတော်မှာ အလွန်ဒေါပွသွားကာ တဟားဟား ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက အစေခံမိန်းမကို လွှတ်ရဲတဲ့အထိ မောက်မာတယ်ပေါ့လေ... ဘယ်လောက်ရိုင်းပျလိုက်သလဲ”
ယန်အာက အေးစက်စက် ပြောသည်။ “ကျွန်မက သခင်လေးရဲ့ အစေခံမဟုတ်ဘူး... ရှင် ပေါက်ကရ ထပ်ပြောနေဦးမယ်ဆိုရင် ရှင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ထိုနဂါးသည် စိတ်တိုသွားပြီး နဂါးခေါင်း၊ လူကိုယ်အသွင် ပြောင်းလိုက်၏။ သူက လက်တစ်ဖက်တွင် နဂါးမှိန်းတစ်လက် ဆွဲကိုင်ထားကာ ကြိမ်းဝါးသည်။ “ကောင်းကင်နတ်အရှင်မူကို မတိုက်ခိုက်ရင် ငါ နင့်ကို အရင် ရိုက်သတ်ပြမယ်”
ယန်အာလည်း လေပေါ်ပျံတက်လိုက်ကာ ကောင်းကင်ထဲတွင် တိုက်ခိုက်ကြသည်။ တစ်ကြော့နှစ်ကြော့ခန့် တိုက်ခိုက်ပြီးသည့်အခါ ထိုနဂါးသားတော်၏ ပါးစပ်မှ ဆွဲဖြဲခံလိုက်ရပြီး နဂါးအသွင်ဖြင့် နဂါးသွဲ့ရေကန်ထဲ ပြုတ်ကျသွား၏။ သူ့မှာ သတိမရှိတော့ပေ။
နဂါးသွဲ့ရေကန်တွင် အသက်ဓာတ်များ ပြည့်နေသဖြင့် သူ မသေနိုင်အောင် အားဖြည့်ပေးနိုင်၍ တော်သေးသည်။
“နင်က အစ်ကို ၈၇ ကို ရိုက်ရဲတယ်ပေါ့”
နောက်နဂါးသားတော်တစ်ပါး ရှေ့ထွက်လာပြီး ကြိမ်းဝါးသည်။ “သူ့အစား ငါ နင့်ကို ကလဲ့စားချေမယ်”
ယန်အာက သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သေလုမျောပါးဖြစ်အောင် ရိုက်နှက်လိုက်သည်။
ကျန်နဂါးသားတော်များလည်း ရှေ့ထွက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ကုန်ကြသည်။ သို့သော် ယန်အာလည်း ပင်ပန်းလာသည်။ ထိုအခိုက်အတန့်တွင် ချင်မူ့အသံ ထွက်လာ၏။ “နောက်ဆုတ်လိုက်တော့ ယန်အာ”
ယန်အာ ခေါင်းညိတ်ကာ နောက်ဆုတ်လိုက်သည်။
“ပိ၊ မင်းအလှည့်”
ချင်မူက ပြောသည်။ “အားလုံးပဲ... မင်းတို့က ငါ့ကို စိန်ခေါ်ခဲ့ပေမယ့် ငါက မင်းတို့ထက် ဝါစဉ်ကြီးတဲ့အတွက် မင်းတို့ကို မတိုက်ခိုက်နိုင်ဘူး.. ဒါကြောင့် ပိကိုပဲ ငါ့အစား တိုက်ခိုက်ခိုင်းမယ်... အဆင့်တူမှာ သူ့ကို မင်းတို့ အနိုင်ယူနိုင်ရင်တော့ ငါ မင်းတို့အားလုံးနဲ့ တိုက်ခိုက်ပေးမယ်”
သူ စကားပြောနေစဉ် နန်းတော်ထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင် လမ်းလျှောက်ထွက်လာသည်။ သူ့တွင် နဂါးခေါင်း၊ ချီလင်ကိုယ် ရှိ၏။ သူက လမ်းလျှောက်နေရင်း ဝဝဖိုင့်ဖိုင့် လူငယ်တစ်ယောက် အသွင်ပြောင်းသွားသည်။ “ငါက နတ်ဘုရားအဆင့်ပဲ.. ဘယ်သူ ငါနဲ့ တိုက်ခိုက်ရဲလဲ”
နဂါးစိမ်းကောင်းကင်နန်းဆောင်၏ မျိုးဆက်များက ဆက်လက်စိန်ခေါ်ကြသော်လည်း ပိဆိုသော ဤလူငယ်၏ သိုင်းကွက်များနှင့် နည်းစနစ်တို့က ထက်မြက်ပြီး စီးပိုးသည်။ သူ့တွင် ကောင်းကင်နတ်သိုင်းမျိုးစုံ ရှိနေသောကြောင့် အားလုံး ဇဝေဇဝါ ဖြစ်ကုန်ကြ၏။ သူက နဂါးသားတော်၊ နဂါးသမီးတော် အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့်ကို တစ်ပြိုင်တည်း အနိုင်ယူသွားသည်။
လုံပိ ပင်ပန်းလာသည့်အခါ ယန်အာက ကိုယ်စားတိုက်ခိုက်သည်။ နှစ်ယောက်သား တစ်ယောက်တစ်လှည့် တိုက်ခိုက်နေကြပြီး တစ်ကြိမ်မှ မရှုံးခဲ့ကြပေ။
အိမ်ရှေ့မင်းသား မျက်မှောင်ကြုတ်သွားပြီး ချောင်းဟန့်ကာ အမိန့်ပေးလိုက်သည်။ “နောက်ဆုတ်ကြ၊ ငါ တိုက်ခိုက်မယ်”
အိမ်ရှေ့မင်းသား ရှေ့ထွက်လာသည့်အခါ လုံပိမှာ သူ့ကို ကြည့်ပြီး တွန့်ဆုတ်သွား၏။ သူက နန်းတော်အတွင်းသို့ လှမ်းအော်သည်။ “ဂိုဏ်းသခင်၊ ဒီနဂါးက တော်ရုံမဟုတ်ဘူး.. ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံထားတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လောက်တယ်... ကျွန်တော် သူနဲ့ မယှဉ်နိုင်ဘူး”
ချင်မူက နန်းတော်ထဲမှ လမ်းလျှောက်ထွက်လာကာ ပြုံးလျက် ပြောသည်။ “နောက်ဆုတ်လိုက်တော့ ဖက်တီးနဂါး”
အိမ်ရှေ့မင်းသားသည် ချင်မူ့ကို နှုတ်ဆက်၏။ “ကျုပ်ညီတော်၊ ညီမတော်တွေက ကောင်းကင်နတ်အရှင်မူကို စော်ကားခဲ့မိပါတယ်... အဲဒီအတွက် ကျုပ် တောင်းပန်ဖို့ ရောက်လာတာပါ”
ချင်မူ လက်ကာရင်း ပြောလိုက်သည်။ “ထပ်ပြောစရာမလိုပါဘူး... အိမ်ရှေ့မင်းသား ဘာကြောင့်ရောက်လာမှန်း ကျွန်တော် သိပါတယ်.... ကျွန်တော့် လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းမှာ သိုင်းကွက် ရှစ်ကွက် ရှိတယ်.... ခင်ဗျား အဲဒါတွေကို တောင့်ခံနိုင်ရင် ဖြစ်ခဲ့တာတွေကို မရှိသလို သဘောထားလိုက်ပါ့မယ်”
အိမ်ရှေ့မင်းသားသည် ဝမ်းသာသွားပြီး အလေးအနက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကောင်းကင်နတ်အရှင်”
ချင်မူက စကားအပိုမပြောတော့ဘဲ ပထမသိုင်းကွက်ကို ချက်ချင်း ထုတ်ဖော်သည်။ ရုတ်တရက်ဆိုသလို မိုးကောင်းကင်သည် အကြီးအကျယ် ပြောင်းလဲသွား၏။ ကောင်းကင်တာအိုက ကောင်းကင်ထက်၌ ထွက်ပေါ်လာပြီး ကမ္ဘာတာအိုမှာ ရေပြင်ညီအလိုက် စိုးမိုးသွားသည်။ ကောင်းကင်တာအို ၄၉ မျိုးနှင့် ကမ္ဘာတာအို ၃၆ မျိုးက ချောမွတ်တောက်ပြောင်နေသော အခုံးတစ်ခုံးအသွင် ဖွဲ့တည်သွားသည်။
ခုံးနေသော အနားလေးဖက်အပေါ်တွင် မျက်နှာလေးဖက် နတ်ဘုရားများ မိစ္ဆာများ ရှိကြသည်။ တစ်ယောက်ချင်းစီက မတူညီသော စိတ်ခံစားချက်များကို ကိုယ်စားပြုထားဟန်တူ၏။
အိမ်ရှေ့မင်းသား မော့ကြည့်လိုက်သည့်အချိန်တွင် ချင်မူသည် မျက်နှာလေးဖက်နတ်ဘုရားအသွင် ပြောင်းလဲပြီးသွားကာ ပို၍ကြောက်လန့်တုန်လှုပ်ဖွယ် ကောင်းလာ၏။
ချင်မူ့မုဒြာ ဆင်းသက်လာသည့်အခါ အိမ်ရှေ့မင်းသားမှာ ၎င်းအား ခုခံရန် သိုင်းအဆင့် မြှင့်တင်လိုက်ရသည်။
သူ့မှာ ချင်မူ့ကို တိုက်ခိုက်ချင်သော်လည်း အဆင့်တူတွင်ပင် ချင်မူ၏ ပြိုင်ဘက်မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူ၏သိုင်းအဆင့်ကို အစစ်အမှန်နတ်ဘုရားအဆင့်အထိ မြှင့်တင်ရန် လိုအပ်သွားလေသည်။
ချင်မူ့ဆီမှ သိုင်းကွက်ကို ခုခံလိုက်သည့်အခါ သူ့ကိုယ်ထဲရှိ မှော်စွမ်းအင်များ ကမောက်ကမ စီးဆင်းသွားသည်။ သူ၏ချီစွမ်းအင်မှာ ထိန်းချုပ်မရသော ရေလှိုင်းများသဖွယ် ဖြစ်လာပြီး အသိစိတ်အလျဉ်လည်း ပြန့်ကြဲသွား၏။ သူ့မှာ ကြောက်လန့်သွားသဖြင့် မှော်စွမ်းအင်ကို နဂါးသွဲ့ရေကန်အဆင့်သို့ မြှင့်တင်လိုက်ရသည်။ ထိုအခါမှ သူ့ကိုယ်ထဲရှိ ကမောက်ကမအခြေအနေများ ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ချင်မူက ဒုတိယသိုင်းကွက်ကို ထုတ်လွှတ်သည်။ ၎င်းက ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါး ဖြစ်ပြီး တံခါးသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ သူ့အပေါ်သို့ ပိကျ၏။
ကောင်းကင်နှင့်မြေပြင်၏ ကောင်းကင်တံခါးက ကောင်းကင်တာအို ၄၉ မျိုးနှင့် ယိုတုမဟာတာအို ၆၄ မျိုးအား ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းအဖြစ် ပေါင်းစည်းထားသော သိုင်းကွက် ဖြစ်သည်။
အိမ်ရှေ့မင်းသားမှာ သိုင်းအဆင့်ကို မြှင့်တင်လိုက်ရပြန်သဖြင့် နဂါးသွဲ့ရေကန်၏ အထွတ်အထိပ်သို့ ရောက်သွားသည်။ သို့သော် ရွှမ်တုနှင့် ယွမ်တုက သူနှင့် သူ၏ရုပ်ခန္ဓာအပေါ် ဖိအားပေးနေသောကြောင့် ဝိညာဉ် မီးမြှိုက်ခံနေရသလို ခံစားရသည်။ ထို့ကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်အထိ မြှင့်တင်လိုက်ရပြန်သည်။
ချင်မူက တတိယသိုင်းကွက်၊ ဝင်ရိုးစွန်းလေးစွန်း၏ ကောင်းကင်နတ်မြစ်အမြင်ကို ထုတ်လွှတ်သည်။ မကြာမီ စတုတ္ထသိုင်းကွက်၊ မဟာခြုံလွှမ်း ကောင်းကင်ပြီးမြောက်ခြင်းအား ထုတ်ဖော်သည်။
သုိင်းကွက်တစ်ကွက်ပြီး တစ်ကွက် ထွက်ပေါ်လာပြီး အိမ်ရှေ့မင်းသားမှာ အသက်လုကာ ခုခံနေသည်။ သူကား ဧကရာဇ်ပလ္လင်အဆင့် မဟုတ်ပါလော။ နတ်ဘုရားစီရင်ရာအဆင့်သို့ မြှင့်တင်လိုက်ခြင်းဖြင့် ချင်မူ၏ကောင်းကင်နတ်သိုင်းများအပြင် လမ်းစဉ်အဆင့် သိုင်းကွက်အကြီးစားများကိုပင် ခုခံနိုင်လေသည်။
နောက်ဆုံးတော့ ရှစ်ကွက် ပြည့်သွား၏။ ချင်မူက အင်္ကျီလက်အိုးကို သပ်သပ်ရပ်ရပ် ပြင်ကာ နန်းတော်ထဲ လှည့်ဝင်သွားသည်။
အိမ်ရှေ့မင်းသားက ဦးညွှတ်အရိုအသေပေး၍ သူ့ကို ပြန်လိုက်ပို့ရင်း ပြောလေသည်။ “ကျုပ်တောင်းဆိုတာ လိုက်လျောပေးလို့ ကျေးဇူးတင်ပါတယ် ကောင်းကင်နတ်အရှင်”
ချင်မူဆီမှ တုံ့ပြန်သံ ထွက်လာသည်။ “မင်းရဲ့ ခမည်းတော် ငါ့ကောင်းကင်နတ်သိုင်းတွေကို မြင်ပြီးသွားပြီဆိုတော့ သူ့လူဝင်စား ဒီကို မကြာခင် ရောက်လာတော့မှာပါ ဟုတ်တယ်မလား”
အိမ်ရှေ့မင်းသားမှာ မှင်သက်သွားပြီးနောက် ရှက်သွား၏။
သူက သူ၏ညီတော်၊ ညီမတော်များကို နတ်ကောင်းကင်ခန်းမသို့ ပြန်ခေါ်သွားသည့်အခါ အပြုံးပန်းများ ဝေဆာနေသော အရှေ့နတ်မင်းချင်းလုံကို မြင်လိုက်ရသည်။ “သိပ်ကောင်းတယ်.... အထူးသဖြင့် ယွမ်လုံ... မင်းက သူ့ကို ကောင်းကင်နတ်သိုင်းရှစ်ကွက်လုံး ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့တာဆိုတော့ မင်းရဲ့ ကောင်းမှုက အကြီးကြီးပဲကွာ... ဒါပေမဲ့ အဲဒီထဲက အားနည်းချက်တွေ ရှာတွေ့ဖို့ ရက်ပိုင်းလောက် အချိန်ယူရလိမ့်မယ်”
အိမ်ရှေ့မင်းသားသည် ဦးညွှတ်အရိုအသေပေးပြီး လျှောက်တင်၏။ “ခမည်းတော်ရဲ့ အနိုင်ရယူမှုအတွက် သားတော် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”
အရှေ့နတ်မင်းချင်းလုံက တဟားဟား ရယ်မောလျက် တံခါးပိတ်ကျင့်ကြံသည်။
ရက်အနည်းငယ်ကြာသော် အရှေ့နတ်မင်းချင်းလုံ ထွက်လာပြီး ချင်မူနှင့်ပတ်သက်၍ လိုက်လံစုံစမ်းခိုင်းသည်။ အိမ်ရှေ့မင်းသားက ပြန်ဖြေကြားသည်။ “ကောင်းကင်နတ်အရှင်မူက ကျွန်းပေါ်မှာပဲ ရှိပါတယ်... အပြင်လည်း ထွက်ခဲတယ်”
အရှေ့နတ်မင်းချင်းလုံက ပြုံးတော်မူသည်။ “ဒီရောင်ရင်းက တယ်ငြိမ်တာပဲ”
ထိုအခိုက်အတန့်တွင် သူ၏လူဝင်စားသည် သူ့အနောက်မှ ထွက်လာ၏။ ၎င်းကား နဂါးခေါင်း၊ လူကိုယ်အသွင်ရှိသော နတ်ဘုရားတစ်ပါးပုံစံဖြစ်သည်။ သူ့တွင် ရွှေနဂါးတစ်ကောင်၏ အငွေ့အသက် ရှိနေချေရာ ရှိန်စဖွယ်ကောင်းနေစေသည်။
အရှေ့နတ်မင်းချင်းလုံ၏ လူဝင်စား နဂါးသွဲ့သို့ ရေကန်သို့ ကြွသွားသည့်အခါ ကျန်ရှိသူများလည်း လိုက်သွားကြသည်။ ဤကိစ္စသည် အလွန်ကြီးမားသောကြောင့် နဂါးစိမ်းကောင်းကင်နန်းတော်၏ နဂါးသားတော်များနှင့် နဂါးသမီးတော်များလည်း အပေါ်မှ လာရောက်စောင့်ကြည့်ကြလိမ့်မည်။
အရှေ့နတ်မင်း၏ လူဝင်စားက မြေပြင်ပေါ် အေးအေးလူလူ ဆင်းသက်ကာ ပြုံးလိုက်သည်။ “စောင့်ခိုင်းရတဲ့အတွက် တောင်းပန်ပါတယ် မှော်ဝိဇ္ဇာရှင်’
ချင်မူလည်း ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ “အရှေ့နတ်မင်းက ယဉ်ကျေးလွန်းနေပါပြီ... ခင်ဗျားက ကျွန်တော့ကို ဒီမှာ စမ်းသပ်နေတာဆိုတော့ ကျွန်တော် ခင်ဗျားနဲ့ လောင်းကြေးထပ်ချင်မိတယ် အရှေ့နတ်မင်း... ကျွန်တော့်မှာ အမိကမ္ဘာမြေရဲ့ ကမ္ဘာဦးရေကြည်တစ်ခရား ရှိတယ်... ဒါကို နတ်ရတနာတောင်နဲ့ လောင်းကြေးထပ်ချင်ပါတယ်... စိတ်ဝင်စားလား အရှေ့နတ်မင်း”
အရှေ့နတ်မင်း၏ လူဝင်စားမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အသက်ရှူသံလည်း မြန်လာတော့သည်။ “ကမ္ဘာဦးရေကြည်ဟုတ်လား... တစ်ခရားရှိတာလား”
ချင်မူ လက်ဝါးကို လှန်လိုက်သည့်အခါ ကမ္ဘာဦးရေကြည်တစ်ခရား ပေါ်လာသည်။ ရေကြည်တွင် သန့်စင်အားကောင်းသော စွမ်းအင်တို့ ကိန်းဝပ်နေ၏။ “ဘယ်လိုပဲ နတ်မင်း”
အရှေ့နတ်မင်းက ချီတုံချတုံဖြင့် ပြောသည်။ “ဒါက အဖိုးထိုက်တန်ပေမယ့် တစ်ခရားတည်းနဲ့ နတ်ရတနာတောင်ကို မယှဉ်နိုင်ဘူး... တောင်ထွတ်တစ်ခုပဲ ဆိုရင်ရော”
ချင်မူလည်း ပြုံးလိုက်သည်။ “ရတယ် ဒါဖြင့်လည်း တောင်ထွတ်ပေါ့... နတ်မင်း၊ ကျွန်တော်က နတ်ဘုရားအဆင့်မှာပါ”
အရှေ့နတ်မင်းသည် ခေါင်းညိတ်၍ တောင်ကောင်းကင်မုခ်ဝကို ပိတ်လိုက်၏။ သူက ပြုံးလျက် ပြောသည်။ “ဒါဆိုလည်း အဲဒီအဆင့်နဲ့ မင်းကို ရင်ဆိုင်ပါ့မယ်”
ချင်မူ ပြုံးပြီး ဓား ဆွဲထုတ်လိုက်သည်။ ဓားတစ်လက် ပျံထွက်လာကာ ဓားရောင်သည် ကျွန်းအပေါ် ဖြာကျသွား၏။ ချက်ချင်းဆိုသလို ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ထိုက်မင်ကောင်းကင်ဘုံ၊ ချင်းမင်ကောင်းကင်ဘုံနှင့် အမှောင်သန္ဓေသား ကောင်းကင်ဘုံတို့ ကျွန်းပေါ်တွင် ပေါ်လာသည်....
ကောင်းကင်ဘုံ ၃၃ ဘုံကား ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ထွက်ပေါ်လာခဲ့ချေပြီ။
ဓားရောင်ထဲရှိ အရှေ့နတ်မင်း၏ လူဝင်စားမှာ အံ့ဩတုန်လှုပ်ပြီး ဒေါသထွက်သွားသည်။ ဓားတစ်ချက် ကောင်းကင်ဘုံ ၃၃ ဘုံမှာ ချင်မူ၏ ကောင်းကင်နတ်သိုင်းမဟုတ်ပေ။
ကောင်းကင်ဘုံ ၃၃ ဘုံက သူ့ဆီ ပြေးဝင်လာနေသဖြင့် ချင်မူ၏ကောင်းကင်နတ်သိုင်းများအား ဖြိုခွင်းရန် ကြိုးစားခဲ့ရသည်မှာ အလကားဖြစ်သွား၏။
ဓားရောင်ထဲတွင် သွေးစက်များ ဖြာထွက်သွားသည်။
အဆုံးသတ်တွင် ကောင်းကင်ဘုံ ၃၃ ဘုံက ချင်မူဆုပ်ကိုင်ထားသော ဓားတစ်လက် ဖြစ်လာသည်။ ချင်မူကား မာန်သွင်းအော်ဟစ်သံနှင့်အတူ ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်အား တွေးခေါ်နိုင်သွား၏။
သူ့တွင် မပျက်စီးနိုင်သည့် မဟာတာအို၏ စွမ်းအင်အလုံးစုံ ကိန်းအောင်းနေသကဲ့သို့ အင်အားကြီးမားသော ဓားနယ်ပယ်တစ်ခု သူ့ပတ်ဝန်းကျင်တွင် ဖွဲ့တည်လာသည်။
ချင်မူက ဓားကို လက်တွင် ကိုင်လျက် သူ့ဆီသို့ ထိုးစိုက်လိုက်သည်။ ဓားနယ်ပယ်က သူ၏အားအင်၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်နှင့် မူလဝိညာဉ်ကိုပင် စုစည်းထားလေသည်။
မသိလိုက်မသိဖာသာဖြင့် ချင်မူမှာ ဓားနယ်ပယ်နှင့် နှစ်ဆယ်ချက်မြောက် ဓားကွက်ဖြင့် တစ်သားတည်း ဖြစ်သွားသည်။ တစ်သားတည်းဖြစ်သွားမှုက သူ့အား ခိုင်ဧကရာဇ် တီထွင်ထားသော ဓားကွက်ကို ပြီးပြည့်စုံစွာ ထုတ်ဖော်သွားစေနိုင်၏။ သူက ဓားသွားတစ်ဖက်ဖြင့် အရှေ့နတ်မင်း၏ လူဝင်စားအား ထိုးဖောက်လိုက်ချေပြီ။
အရှေ့နတ်မင်း၏ လူဝင်စားမှာ ဓားဒဏ်ရာရာချီဖြင့် နောက်လွင့်ထွက်သွားသည်။ သူ့မှာ ဒလိမ့်ခေါက်ခွေ့ လိမ့်ထွက်သွားပြီးနောက် နဂါးသွဲ့ရေကန်အပြင် ရောက်သွားကာ နန်းတော်တစ်ခုအား ဝင်တိုက်သွား၏။
ချင်မူ ဓားကို သိမ်းကာ သူ့အနောက်ရှိ ယန်အာထံ ပြောလိုက်သည်။ “တောင်ကို သိမ်းပြီး ပြန်ဖို့ ပြင်တော့... အနောက်နတ်မင်းနဲ့ တွေ့ဖို့ အချိန်ကျပြီ”