← Chapters

ခိုင်ဧကရာဇ်နှင့် နတ်မင်းလေးပါး

Vol. 79 Ch. 1027

ခိုင်ဧကရာဇ်နှင့် နတ်မင်းလေးပါး

Vol. 79 Ch. 1027

နတ်ဘုရင်လန်ဝူသည် စမ်းရေကြည်လို တည်ငြိမ်အေးချမ်းနေသော အကြည့်ရှိပြီး နူးညံ့ပျော့ပျောင်းစွာ ပြော၏။ “ရှေးဟောင်းနတ်ဘုရားတွေက မယုံကြည်ရဘူး.... တစ်ယောက်မှကို မယုံကြည်ရတာ... အထွတ်အမြတ်ကလေးငယ်၊ နင်က ငါတို့ရဲ့ မျှော်လင့်ချက်ပဲ”

ချင်မူ သူမကို ကြည့်၍ မေးလိုက်သည်။ “မမကြီးမှာ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်တဲ့ အင်အားရှိသလား”

နတ်ဘုရင်လန်ဝူက အပြင်ရှိ စွမ်းအင်အကူးအပြောင်းတံတားမှ ဖြာဆင်းနေသော လှိုင်းဂယက်များကို ငေးကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏အကြည့်သည် လေးနက်ပြီး တည်ကြည်နေ၏။ “အထွတ်အမြတ်ကလေးငယ်၊ ရှေ‌ဟောင်းနတ်ဘုရားတွေနဲ့ ငါတို့ကြားက အမုန်းတရားက တစ်မျိုးနွယ် မျိုးမပြုတ်မချင်း မပြေငြိမ်းနိုင်တဲ့အထိ နက်ရှိုင်းလွန်းတယ်... နင် ငါတို့ကြားမှာ ဖြန်ဖြေပေးလို့မရဘူး... အဲ့ဒီအမုန်းတရားက ငါတို့ရဲ့ရင်ထဲ အသည်းထဲအထိ အမြစ်တွယ်နေပြီ.. အဲဒီမုန်းတီးနာကြည်းမှုတွေကို ငါတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြရတာ... အဲ့ဒီလိုပဲ ရှေးဟောင်းနတ်ဘုရားတွေလည်း ငါတို့ကို ဘယ်နည်းနဲ့မှ အလွှတ်ပေးမှာမဟုတ်ဘူး”

ဤစွမ်းအင်အကူးအပြောင်းတံတားက မြောက်၀င်ရိုးစွန်းသို့ ဦးတည်သည်။ ရှေးဟောင်းနတ်ဘုရားတို့၏ အရပ်မျက်နှာ‌နတ်မင်းလေးပါးသည် ဝင်ရိုးစွန်းလေးခု ဆက်သွယ်ပေးထား၏။ ထို့ကြောင့် တစ်နေရာနှင့် တစ်နေရာ ချိတ်ဆက်ပေးထားသော စွမ်းအင်အကူးအပြောင်းတံတားများ ရှိလာသည့်အခါ သွားရလာရ အလွန်လွယ်ကူလာသည်။

အတိတ်တုန်းက နတ်ဘုရားများ၊ မိစ္ဆာများအနေဖြင့် ဝင်ရိုးစွန်းလေးခုသို့ သွားလိုလျှင် ကောင်းကင်နတ်မြစ်၏ ရေလမ်းကြောင်းမှ သွားလာသည်။ ထို့ကြောင့် ကောင်းကင်နတ်ဘုံမှ ဝင်ရိုးစွန်းလေးခုဆီသို့ ရောက်ရန် နှစ်တစ်ရာခန့် ကြာလေသည်။

ယင်းက သာမန်နတ်ဘုရားများနှင့် မိစ္ဆာများအတွက် ဖြစ်သည်။ ဧကရာဇ်ပလ္လင်အဆင့်နှင့် ကောင်းကင်နတ်အရှင်များအတွက်မူ အချိန်က ထိုမျှမကြာပေ။

အတိုဆုံးလမ်းကြောင်းက ရွှမ်တု သို့မဟုတ် ယိုတုမှ ဖြတ်သွားခြင်းပင်။ ယိုတုတွင် မရဏတမန်တော်၏ စက္ကူလှေများ ရှိသည့်အလျောက် ထိုစက္ကူလှေများသည် ၀င်ရိုးစွန်းလေးခုဆီသို့ ခေါ်ဆောင်ပေးသွားနိုင်ရာ အချိန်အကုန်၊ အင်အားအကုန် သက်သာ‌သည်။

ရွှမ်တုကမူ နေရာဟင်းလင်းပြင်ကို လိပ်ခေါက်ထားသော စကြ၀ဠာ၏အလယ်၌ တည်ရှိခြင်းဖြစ်၏။ ထိုနေရာတွင် နေစောင့်ရှောက်သူများက လမ်းကြောင်းများအား စောင့်ရှောက်‌ပေးထားလေသည်။ သူတို့ဆီမှ ရွှေကျီးကန်းများ ငှား၍ ၀င်ရိုးစွန်းများဆီ လျင်မြန်စွာ ကူးသန်းသွားလာနိုင်၏။

စွမ်းအင်ကူးပြောင်းတံတားများ ပေါ်လာသည့်အချိန်တွင်မူ ပို၍အဆင်ပြေချောမွေ့လာသည်။

ချင်မူက အပြင်သို့ကြည့်၍ တခဏကြာ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကျွန်တော့်အတွက်လည်း ခက်ခဲပါတယ်. မမကြီးလန်ဝူ... တကယ်ပဲ ခက်ခဲတာပါ”

နတ်ဘုရင်လန်ဝူက သူ့ကို ကြည့်၍ ထပ်မပြောဝံ့တော့ပေ။

အတန်ငယ်ကြာသော် ချင်မူက မေးသည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ကြည့်ခဲ့တာကနေ ဘာတွေများ တွေ့ခဲ့ရသလဲ”

နတ်ဘုရင်လန်ဝူ၏ မျက်၀န်းများ ရွှန်းလက်လာသည်။ “အဲ့ဒီလက်နက်က အမှန်တကယ်ပဲ မယုံနိုင်လောက်အောင် အင်အားကြီးမားတယ်.. ကောင်းကင်နတ်ဘုံအတွက် အဲ့ဒီလိုကောင်းကင်လက်နက်တစ်ခုကို ဖန်ဆင်းနိုင်တယ်ဆိုတာက ခွန်အားအရာမှာ ပြိုင်ဘက်ကင်းတယ်လို့ သက်သေပြနေတာပဲ... ဒါ့အပြင် အဲ့ဒီလက်နက်က မဟာဧကရာဇ် ဒါမှမဟုတ် ကောင်းကင်နတ်ဧကရာဇ်လို မဟုတ်ဘဲ ထိန်းချုပ်လို့ရတယ်... ကောင်းကင်ဘုံတွေကို ဖိနှိပ်ထားနိုင်တဲ့ အဲ့ဒီလက်နက်နဲ့ဆို ကောင်းကင်နတ်ဘုံရဲ့ အင်ပါယာဟာ ထာ၀ရခိုင်မြဲနေလိမ့်မယ်.. သူတို့ရဲ့ အချုပ်အခြာအာဏာကို ဘယ်တော့မှ တွန်းလှန်လို့ရမှာမဟုတ်ဘူး... ဒါပေမဲ့ အားနည်းချက်တစ်ချက် ရှိတယ်”

ချင်မူ သူမကို ကြည့်၍ သွေးတိုးစမ်းကြည့်လိုက်သည်။ “အသိစိတ်အလျဉ်လား”

နတ်ဘုရင်လန်ဝူက ခေါင်းညိတ်၍ ပြန်ဖြေသည်။ “ဟုတ်တယ် အင်မတန် ကြီးမားတဲ့ အားနည်းချက်ကြီးပေါ့.... ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်အရှင်ရဲ့ ရုပ်ခန္ဓာအစစ်မဟုတ်ဘဲ ဖန်တီးပြုလုပ်ခံထားရတဲ့ လက်နက်ဖြစ်တယ်... ဒါကြောင့် ကောင်းကင်နတ်အရှင်တွေအနေနဲ့ သူတို့ရဲ့မူလဝိညာဉ်တွေကို အဲ့ဒီလက်နက်ထဲ ထည့်ပြီးတော့မှ ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နိုင်တာ... ငါတို့က ကောင်းကင်နတ်အရှင်တွေ မထိန်းချုပ်နိုင်ခင် အသိစိတ်အလျဉ်တွေ သုံးပြီး ထိန်းချုပ်လို့ရတယ်”

ချင်မူ၏မျက်၀န်းများ တောက်ပသွားပြီး သူက ပြောလိုက်သည်။ “မမကြီး နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဘာမှတော့ မလုပ်ခဲ့ဘူးမလား.. ကျွန်တော် မမကြီးကို မပြောရသေးပေမယ့် သူက ကောင်းကင်နတ်ဧကရာဇ်နဲ့ ကမ္ဘာဦးဘုရင်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ နတ်ဘုရင်ကုန်းယွင်တို့ရဲ့ သားပဲ... ဖန်ဆင်းရှင်တစ်ပိုင်းလို့‌ ပြောလို့ရတာမလို့ သူရဲ့အသိစိတ်အလျဉ်က အားမနည်းလောက်ဘူးနော်”

နတ်ဘုရင်လန်ဝူ အံ့အားသင့်သွားသည်။ သူမက သူ့ကို စိုက်ကြည့်ကာ မေးလေ၏။ “နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်နတ်ဧကရာဇ်ရဲ့သားလား... အဲ့ဒါဆိုရင် ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိသားစုက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်၀က်နီးပါးဖြစ်မနေဘူးလား”

ချင်မူလည်း တွေးကြည့်ပြီးနောက် အမှန်တကယ် ဟုတ်နေကြောင်း သတိထားမိလိုက်၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မု၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်... ကောင်းကင်နတ်ဧကရာဇ်၏ မိသားစုက ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ ငါးယောက် ဖြစ်နေလေပြီ။

ကောင်းကင်နတ်ဧကရာဇ်အပြင် မဟာဧကရာဇ်ကျူယွီရှစ်၊ ကောင်းကင်နယ်စားမင်း၏သားတော် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် မြေအောက်ဘုံအရှင်သခင်၏ သမီးတော် ကောင်းကင်နတ်အရှင်ရှုတို့ ရှိကြသေးသည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်အနက်မှ နှစ်ယောက်သာလျှင် နောက်ခံအင်အား မကြီးမားခြင်း ဖြစ်၏။ ထိုနှစ်ယောက်ထဲမှတစ်ယောက်က ကောင်းကင်နတ်အရှင်ဟွေ့ဖြစ်ချေသည်။

“ကျွန်တော့်အမြင်အရ အရှေ့နတ်မင်းရဲ့သွေးဆက်က နံပါတ်တစ် အင်အားအကြီးဆုံး သွေးဆက်ဆိုပေမယ့် သူ့မှာ သားသမီးတွေ များနေလို့သာ အဲ့ဒီလိုဖြစ်နေတာ... ကောင်းကင်နတ်ဧကရာဇ်ရဲ့ မျိုးဆက်တွေကတော့ ပိုပြီးအရည်အသွေး မြင့်မားကြတယ်”

ချင်မူ သက်ပြင်းမချမိဘဲ မနေတော့ပေ။ “ဟုတ်သားပဲ... အရှေ့၀င်ရိုးစွန်းကတော့ ဘိုးဘေးနန်းတော်မဟုတ်လောက်ဘူး...ဟုတ်တယ်မလား”

နတ်ဘုရင်လန်ဝူက ခေါင်းယမ်းလိုက်၏။ “ဟုတ်တယ်…. ဘိုးဘေးနန်းတော်တော့ မဟုတ်ဘူး… ဒါပေမဲ့ အဲ့ဒီမှာ ဘိုးဘေးနန်းတော်ရတနာတွေ ရှိတယ်... နတ်ရတနာတောင်နဲ့ နဂါးသွဲ့ရေကန်လိုပေါ့”

ချင်မူ အံ့ဩတုန်လှုပ်သွား၏။ ဘိုးဘေးနန်းတော်တွင် ထိုကဲ့သို့ ကြီးမြတ်သောရတနာများ ရှိပါသည်လော။

သူ့မှာ ဘိုးဘေးနန်းတော်ကို မြင်ရရန် ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

အရှေ့၀င်ရိုးစွန်းတွင် အရှေ့နတ်မင်းချင်းလုံသည် အရာရှိများကို ဦးဆောင်ရင်း နဂါးစိမ်းနန်းဆောင်ဆီသို့ ပြန်လာ၏။ အိမ်ရှေ့မင်းသားက မေးတော်မူသည်။ “ခမည်းတော်၊ ကောင်းကင်နတ်အရှင်မူကို သတ်ပြီး နတ်ရတနာတောင်ကို ပြန်ယူဖို့ ဘယ်သူ့မှ မလွှတ်တော့ဘူးလား”

အရှေ့နတ်မင်းက ခေါင်းယမ်းကာ ပြန်ဖြေသည်။ “နတ်ရတနာတောင်က အဖိုးတန်ပေမယ့် ငါ့သွားကို တိုက်စားရတဲ့ တောင်လေးတစ်လုံးပဲ... ငါ့အရှေ့၀င်ရိုးစွန်းမှာ အဖိုးအထိုက်ဆုံး ရတနာမဟုတ်ဘူး ... သူက ငါ့ကို အရှက်ခွဲခဲ့ပေမယ့် ငါ သူ့ကို ကိုးကြိမ်ကိုးခါ လိုက်ပို့ပေးခဲ့တာဆိုတော့ ကောင်းကင်နတ်ဘုံအနေ‌နဲ့ သူ့ကို ဘယ်နည်းနဲ့မှ သည်းခံမှာမဟုတ်ဘူး... သူ့ကို လုပ်ကြံဖို့ တစ်ယောက်ယောက် လွှတ်လိမ့်မယ်”

အိမ်ရှေ့မင်းသားမှာ တွန့်ဆုတ်စွာ မေးနေသည်။ “ခမည်းတော်၊ ကောင်းကင်နတ်အရှင်မူကို လိုအပ်ရင် ဘာကြောင့် သူ့ကို အဲ့ဒီလိုအန္တရာယ်ကျအောင် လုပ်တာပါလဲ”

အရှေ့နတ်မင်းက သူ့ကို ကြည့်၍ ခပ်ပြတ်ပြတ် ပြော၏။ “ကောင်းကင်နတ်အရှင်မူက မောက်မာတယ်... ၀င့်ကြွားတယ်... ထိန်းချုပ်ရခက်တယ်.... သူက စိုင်ကော်လို့ ချုံပေါ်ရောက်လာတဲ့ လူသားလေးသက်သက်ပဲ.... သူ့အတွက် ဘာက ကောင်းမှန်းသိရင် ငါ့ရဲ့စမ်းသပ်မှုနှစ်ခုကို လိမ်လိမ်မာမာ နဲ့လက်ခံခဲ့သင့်တယ်... အဲ့ဒီအစား သူက သူ့ကိုယ်သူ ငါတို့ရှေးဟောင်းနတ်ဘုရားတွေနဲ့ အဆင့်တန်းတူပါတယ်ဆိုတဲ့ သဘောနဲ့ ငါ့ကို အရှက်ခွဲခဲ့တယ်”

သူ၏လေသံသည် ခပ်ပြတ်ပြတ် ဖြစ်နေသည့်တိုင် ဒေါသသံစွက်နေ၏။ “သူ ဒီထက်ပိုပြီး အင်အားကြီးလာရင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်နဲ့ ဘာကွာတော့မှာလဲ... ကောင်းကင်နတ်အရှင်ဆယ်ယောက်ရဲ့ ရည်ရွယ်ချက်က ငါတို့တွေကို ရှင်းလင်းပြီး သူတို့အာဏာပဲ တည်တဲ့စေဖို့... ငါတို့ရဲ့ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ခုခံဖို့အပြင် သူတို့ကို ဖယ်ရှားဖို့လည်း ဖြစ်တယ်... ရန်သူကို မွေးထားဖို့ မဟုတ်ဘူး”

သူက နတ်ကောင်းကင်ခန်းမထဲသို့ လမ်းလျှောက်၀င်သွားပြီး ပလ္လင်ထက်၌ ထိုင်လိုက်၏။ ထို့နောက် သူ၏ရှည်လျားသော လက်ချောင်းများဖြင့် ပလ္လင်၏လက်ရန်းကို ဆုပ်ကိုင်ကာ သူ၏အရှိန်အဝါဖြင့် ကောင်းကင်နန်းဆောင်အပေါ် ဖိနှိပ်လိုက်၏။ ထို့နောက် သူက အေးစက်စက် အော်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ဒါကို သဘောမပေါက်ဘူး... သူ သဘောမပေါက်မှတော့ ငါ သူ့ကို သဘောပေါက်အောင် လုပ်ပေးရမှာပေါ့... သူ အရှေ့၀င်ရိုးစွန်းကနေ ထွက်သွားပြီးရင် ဒဏ်ရာအကြီးအကျယ်ရလိမ့်မယ်... အဲ့ဒါမှ ငါတို့ရှေးဟောင်းနတ်ဘုရားတွေဆီမှာ နှိမ့်ချရကောင်းမှန်းသိပြီး သူ့အလုပ်သူ လုပ်ဖို့ သင်ခန်းစာရသွားမှာ”

သူ့အကြည့်သည် လျှပ်စီးသဖွယ် စူးရှနေ၏။ သူက အိမ်ရှေ့မင်းသားဆီ ကြည့်ကာ လေသံမာမာဖြင့် ပြောသည်။ “ငါတို့ ရှေးဟောင်းနတ်ဘုရားတွေက ကမ္ဘာဦးခေတ်ကတည်းက ဒီစကြဝဠာရဲ့ အရှင်သခင်တွေ ဖြစ်ခဲ့ကြတယ်… ဖန်ဆင်းရှင်တို့၊ နတ်ဘုရားတစ်ပိုင်းတို့၊ ကောင်းကင်နတ်အရှင်တို့၊ လူသားတို့ဆိုတာ ဖြတ်လျှောက်တွေထက် မပိုဘူး… ငါတို့ကျေးဇူးကြောင့်သာ မင်းတို့တွေ အသက်ရှင်နေထိုင်နေနိုင်တာ… ငါတို့က မင်းတို့တွေ မျိုးတုံးပျောက်ကွယ်မသွားအောင် စကြဝဠာရဲ့ အမိန့်တော်ကို ထိန်းသိမ်းပေးထားတဲ့သူတွေပဲ”

“ကမ္ဘာခေတ်နှောင်းက ကောင်တွေ ငါတို့အာဏာကို သိမ်းပိုက်ပြီး တာအိုကို ပေါက်ကရ လျှောက်လုပ်နေတာနဲ့တင် သစ္စာဖောက်ရာကျနေပြီ.. သူတို့ကို လုံးဝ အလွှတ်မပေးသင့်ဘူး”

“ဒါက ငါ့အတွေးတင်မဟုတ်ဘူး.. ရှေးဟောင်းနတ်ဘုရားအားလုံးရဲ့ အတွေး”

အိမ်ရှေ့မင်းသားမှာ ကျောရိုးထဲ စိမ့်အေးသွားသည်။ သူ့မှာ စကားပြောရန် ကြောက်နေသဖြင့် ‌ခေါင်းသာ ငုံ့ထားလေသည်။

“ကောင်းကင်နတ်အရှင်တွေကို ရင်ဆိုင်နိုင်အောင် ငါတို့ ချင်ယဲ့ကို ပျိုးထောင်ပေးခဲ့ကြတယ်… အဲဒီလို ဂရုတစိုက် မြေတောင်မြှောက်ပေးခဲ့တာတောင် သူက အကြောက်ကြီး ကြောက်ပြီး လက်ရွေးစင်တွေနဲ့ ထွက်ပြေးသွားမယ် ဘယ်သူထင်မလဲ”

အရှေ့နတ်မင်းက အေးစက်စက် နှာခေါင်းရှုံ့၍ ပလ္လင်၏ လက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း အေးစက်စက် အော်ပြာနေ၏။ “သူနဲ့ ခိုင်ဧကရာဇ်ခေတ်ကို ပျိုးထောင်ပေးဖို့ ငါတို့ ဘယ်လောက် အားစိုက်ထည့်ခဲ့ရတယ်ထင်လဲ… သူနဲ့ ကောင်းကင်နတ်ဘုံရဲ့ စစ်ပွဲကို ငါတို့ မျှော်လင့်နေတဲ့အချိန်မှာ သူ့ကောင်းကင်နတ်ဘုံက ပရမ်းပတာတွေ ထဖြစ်တယ်… ငါတို့ သူ့ကို ဘာကြောင့် ရှေ့ပို့ထားလဲ နားလည်သွားလို့ ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ရွေးစင်တွေကို ခေါ်ပြီး ထွက်ပြေးသွားတာ ဖြစ်လောက်တယ်… သူက ငါ့ကို အန္တရာယ်ဖြစ်စေဖို့ သူ့ဓားကွက်ကို ချင်မူ့ဆီတောင် သင်ပေးခဲ့သေးတယ်…. ကျေးဇူးကန်းလိုက်တဲ့ ငမိုက်သား”

အိမ်ရှေ့မင်းသားမှာ တုန်ရီနေပြီး နဖူးမှ ဇောချွေးများ ပြန်နေသည်။

သူလည်း ထိုအဖြစ်အပျက်တချို့ကို ကြုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်တုန်းက အရှေ့နတ်မင်းချင်းလုံသည် ခိုင်ဧကရာဇ်အပေါ် ကောင်းပေးခဲ့၏။ ခိုင်ဧကရာဇ်ကို ကူညီရန် အောက်သို့ပင် ဆင်းသက်ပေးခဲ့ဖူးသည်။

ခိုင်ဧကရာဇ်က တိရီယွဲ့ကို အရှေ့နတ်မင်း၏ လက်အောက်၌ ပညာသင်ရန် စေလွှတ်ခဲ့သဖြင့် အရှေ့နတ်မင်းသည် သူမကို လက်ခံပြီး နတ်ဘုရားကျင့်စဉ်များ သင်ကြားပေးခဲ့၏။

အရှေ့နတ်မင်း၏ လူဝင်စား အောက်သို့ ဆင်းသွားသော အချိန်တိုလေးမှာပင် ခိုင်ဧကရာဇ်၏ တာအိုမိတ်ဆွေ ဖြစ်ခဲ့သေးသည်။

ခိုင်ဧကရာဇ် ကောင်းကင်ဘုံ ၃၃ ထပ်နှင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအား တည်ထောင်သည့်အခါ အရှေ့နတ်မင်းနှင့် ကျန်နတ်မင်းသုံးပါးစလုံး ကိုယ်တိုင်ဆင်းသက်၍ သူ့အတွက် ဂုဏ်ပြုစကား ပြောပေးခဲ့သည်။

အိမ်ရှေ့မင်းသားမှာ ထိုအဖြစ်အပျက်များကို မတွေးမိခဲ့ပေ။ ယခု ပြန်သတိရမှ ကြက်သီးပင် တဖြန်းဖြန်း ထမိတော့သည်။

သူကိုယ်တိုင် ဖြတ်သန်းခဲ့သော သမိုင်းတစ်လျှောက်တွင် အန္တရာယ်များစွာ ကိန်းဝပ်ငုပ်လျှိုးနေခဲ့သည် မဟုတ်ပါလော။

အရှေ့နတ်မင်းက လေသံကို လျှော့ကာ နွေးထွေးစွာ ပြုံးသည်။ “မစိုးရိမ်ပါနဲ့ မင်းက ငါ့သားပဲလေ… ငါ့သားကို ဘာမှမလုပ်ပါဘူး… ကိုယ့်အလုပ်ကိုယ် လုပ်ပြီး နောင်ကျ ကောင်းကင်နတ်ဘုံကို ပြန်ထူထောင်ချည်”

သူက အေးအေးလူလူ ပြောသည်။ “မင်းလည်း ပလ္လင်ပေါ် တက်နိုင်မယ့် အခွင့်အရေး ရကောင်းရနိုင်ပါတယ်… နဂါးဟန်ကောင်းကင်နတ်ဘုံကို သွေးနဲ့ ဆေးကြောပြီး ပိုင်ရှင်ပြောင်းဖို့ အချိန်ကျနေပြီ”

မြောက်ဝင်ရိုးစွန်းတွင် ကောင်းကင်နဂါး ရတနာရထားလှည်းသည် စွမ်းအင်အကူးအပြောင်းတံတား၏ ယဇ်ပလ္လင်ထက်၌ ပေါ်လာ၏။

အရှေ့ဝင်ရိုးစွန်းနည်းတူ မြောက်ဝင်ရိုးစွန်း၏ ယဇ်ပလ္လင်က ကောင်းကင်နှင့်မြေကြီး၏ အစပ်နားတွင် တည်ရှိလေသည်။

ချင်မူနှင့် ကျားနတ်မင်းသည် တန်ခိုးရှင်သစ်ခုတ်သမား၏ လမ်းပြုမှုအောက်တွင် စွမ်းအင်အကူးအပြောင်းတံတားအား အတူတူ ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ ထိုစဉ်အခါတုန်းက ကျားနက်နတ်မင်းမှာ အစ်ကိုကြီးကျားဟု ခေါ်သော နတ်ဘုရားတစ်ပါးသာ ဖြစ်ပြီး ချင်မူကတော့ သာမည ကောင်းကင်နတ်သိုင်းပညာရှင်လေးတစ်ယောက်ထက် မပိုခဲ့ပေ။

လူမသိ၊ သူမသိသော ထိုနှစ်ယောက်သည် ကောင်းကင်နတ်ဘုံနှင့် အခြားသော ကောင်းကင်ဘုံများအပေါ် အကြီးအကျယ် သက်ရောက်စေမည့် ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ကြ၏။

ထို့ကြောင့် သူတို့၏နာမည်များက သမိုင်းတွင်သွားကြချေသည်။

ကောင်းကင်နဂါးခြောက်ကောင်က ရထားလှည်းကို ရှေ့သို့ ဆွဲသွားသည်။ မြောက်ဝင်ရိုးစွန်းမှာ အေးစိမ့်စိုစွတ်ပြီး မိုးကြိုးတိမ်တိုက်များက ကောင်းကင်တွင် လွှမ်းခြုံထားသည်။ နေနှင့် လကိုလည်း တမေ့တမော နေမှသာ မြင်ရတတ်သည့်အတွက် စိမ့်နေအောင် အေးသော လေကြမ်းများသာ တဟူးဟူး တိုက်ခတ်နေတတ်၏။ ကောင်းကင်ထက်ရှိ တိမ်တိုက်များအကြား၌ ပျံသန်းသွားလာနေသည့် တောင်ပံပါမြွေပျံများကိုလည်း တွေ့ရသည်။

မြွေကြီးတစ်ကောင်ဆိုလျှင် တောင်ပံနှစ်ဖက်ကို ပြန့်နေအောင် ဖြန့်ကားလျက် သုတ်ချီမည့်ဟန်ပန်အတိုင်း ပျံသန်းသွားသည်။ ထိုအနေအထားကား တိုက်ပွဲတွင် များစွာအသုံးတည့်ပေမည်။

ချင်မူ အောက်ငုံ့ကြည့်လိုက်သည့်အခါ မြောက်ဝင်ရိုးစွန်းမှာ မြေထုမဟုတ်ဘဲ ရေကန်ကြီးတစ်ကန်ဖြစ်နေကြောင်း မြင်ရသည်။ ကောင်းကင်နတ်မြစ်သည် ဤနေရာတွင် စုဆုံ၍ ရေကန်တစ်ကန် ဖြစ်ပေါ်နေ၏။ ကန်ထဲတွင် နဂါးခေါင်း၊ မိချောင်းအမြီး ရှိသော နတ်လိပ်ကြီးများက ဧရာမမြေထုကြီးများကို ကျောတွင် သယ်ဆောင်လျက် ကူးခတ်သွားလာနေကြ၏။ တစ်ချက်တစ်ချက် သူတို့၏အော်သံများက မိုးခြိမ်းသံများတမျှ ညံလှသည်။

ထိုလိပ်နက်ကြီးများက မိုးကြိုးများကို ထွေးထုတ်တတ်သည်။ ထွက်လာသည့် မိုးကြိုးတို့သည် ခရုရစ်ကဲ့သို့ လှည့်လည်သွားပြီးမှ အပေါ်တက်သွား၏။ လေထဲရှိ မြွေပျံများကမူ တောက်ပနေသော ပုလဲလုံးများကို ထွေးထုတ်ကာ လျှပ်စီးများနှင့် ထိတိုက်သွားစေရင်း မိုးကြိုးတို့ ဖွဲ့တည်လာစေသည်။

ရထားလှည်း လေ၊မိုးကြိုးများကြားမှ ဖြတ်သန်းသွားသည့်အခါ မြွေများ၊ လိပ်များက သူတို့ကို အကဲခတ်နေပြီးနောက် လူငယ်များ၊ မိန်းကလေးများအသွင် ပြောင်းသွားကြသည်။ မ‌ပြောင်းလျှင် ကျောပေါ်ရှိ မြေထုများကို ဘေးချလျက် လေထဲ၊ သို့မဟုတ် ရေပေါ်၌ မတ်တပ်ရပ်ကြသည်။

တစ်ချက်တစ်ချက် လူငယ်လေးများ၊ မိန်းမငယ်လေးများက ကောင်းကင်ထက်မှ ဆင်းသက်လာလိုက်၊ ရေကန်ထဲမှ ထွက်လာလိုက် ရှိတတ်သည်။ ထို့နောက် လေထဲတွင် လိပ်နှင့် မြွေ‌ရောစပ်ထားသော ဆန်းကြယ်နတ်ဘုရားတစ်ပိုင်းတို့ ဖြစ်လာတတ်၏။

သို့မဟုတ် ကျောတွင် လိပ်ခွံကြီးများနှင့် ခန္ဓာကိုယ်တွင် မြွေရစ်ပတ်နေသော လူထူးဆန်းများ ဖြစ်လာတတ်သည်။

ချင်မူမှာ တအံ့တဩ စုပ်သပ်မိနေသည်။ မြောက်နတ်မင်းရွှမ်းဝူအကြောင်း သူ အတော်များများ ကြားဖူးသလို၊ တစ်ကြိမ်လည်း တွေ့ခဲ့ဖူးလေသည်။

ထိုအချိန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကပ်ဘေးကာလ ဖြစ်၏။ မြောက်နတ်မင်း ရွှမ်းဝူ ပိုင်သော ကောင်းကင်လက်နက် ငါးရောင်ခြယ်မိုးကြိုးဒယ်အိုးလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျရောက်လာခဲ့ဖူးသည်။ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါး၏ တခြားလက်နက်များလည်း ကျရောက်လာခဲ့သေးသည်။

ချင်မူက တိရီယွဲ့ကို ကယ်တင်၍ ထိုမိုးလေဝသကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။ ထိုအခါမှ တိရီယွဲ့သည် ရှေးဟောင်းနတ်ဘုရား အရပ်မျက်နှာနတ်မင်းလေးပါး၏ တပည့်ဖြစ်ခဲ့ဖူး၍ သူတို့နှင့် နက်ရှိုင်းသော ပတ်သက်မှုရှိကြောင်း သူ သိခဲ့ရသည်။

တစ္ဆေသင်္ဘောအပေါ်တွင် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းမှ ဖောက်ထွက်နိုင်ရန်အတွက်လည်း မြောက်နတ်မင်းရွှမ်းဝူ၏ စွမ်းအားကို ချင်မူ ခိုးခဲ့သေးသည်။ သူ့ကို သူတို့မိသွားစဉ်တုန်းက မြောက်နတ်မင်း၏ မျက်နှာကို အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။

ရတနာရထားလှည်းသည် မြောက်ဝင်ရိုးစွန်း၏ အတွင်းပိုင်းထဲသို့ မောင်းနှင်သွား၏။ ချင်မူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက်ကို မြင်လျှင် လေ့လာရန် ရပ်လိုက်သည်။

ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်လည်း အတိုင်းထက်အလွန် ကြီးမားလွန်းသည်။ ၎င်းမျက်နှာထက်၌ အပြုံးတစ်ခု ခိုတွဲနေပြီး ရုပ်သွင်သည်လည်း ချောမောလှပနေ၏။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၎င်း၏ကျောဖက်မှ ခပ်နွေးနွေး အခိုးအငွေ့များ ထွက်နေပြီး မြောက်ဝင်ရိုးစွန်းအတွင်းရှိ အေးစိမ့်သော အငွေ့အသက်တို့အား ဖယ်ရှားပေးနေသည်။

“ဒီလန်ယွီထျန်းက လှပြီး အသက်ဝင်နေအောင် ဖန်ဆင်းခံထားရတယ်… ဘယ်အမျိုးသမီး ကောင်းကင်နတ်အရှင်ရဲ့ အပိုင် ဖြစ်လောက်မလဲ” ချင်မူ ရယ်လိုက်မိသည်။

All Chapters