စကြဝဠာ၏ မြေပုံ
Vol. 79 Ch. 1030
နတ်မင်းရွှမ်းက သူ့ကို ကြည့်၍ တက္ကသိုလ်၏ ဓားနတ်ဘုရားများကို မိန့်တော်မူသည်။ “ကဲ မင်းတို့ရဲ့ ဆန္ဒက ဒီလိုဆိုမှတော့ ကမ္ဘာဦးဘုံဆီ သွားနိုင်တယ်... ဒါပေမဲ့ ဒါကို မှတ်ထား... မင်းတို့က ငါတို့ရဲ့ ဓားနတ်ဘုရားတွေ မဟုတ်တော့သလို၊ ငါ့မျိုးဆက်တွေလည်း မဟုတ်တော့ဘူး... ငါ့နာမည်ကို သုံးလို့ မရတော့သလို၊ မြောက်နတ်မင်းသွေးဆက်ကနေ ထုတ်ပယ်ခံရမယ်.... ဒုတိယအချက်၊ မင်းတို့မှာ နောက်ခံလည်း မရှိဘူး၊ သူများထက် အဆင့်မြင့်နေတဲ့လူတွေလည်း မဟုတ်ဘူး... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အားနည်းတဲ့လူသားတွေကို ကြင်ကြင်နာနာ ဆက်ဆံကြရမယ် ကြားလား”
ချင်မူမှာ မြောက်နတ်မင်းဆီ လှမ်းကြည့်လိုက်မိသည်။ သူ၏အမိန့်က လိုရင်းကွက်တိကျ၏။ ဓားနတ်ဘုရားတို့သည် နတ်မင်းရွှမ်း၏ နာမည်အောက်တွင် မလှုပ်ရှားသရွေ့ ကောင်းကင်နတ်ဘုံ၏ အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အန္တရာယ်နည်းမည်။ သူတို့ အမှားတစ်ခုခု လုပ်လျှင်ပင် မြောက်ဝင်ရိုးစွန်းကား အရှုပ်ထဲ ဆွဲထည့်ခံရမည်မဟုတ်ပေ။
ဤဓားနတ်ဘုရားတို့တွင် နောက်ခံမရှိတော့၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများကို ကောင်းကောင်းမွန်မွန် ဆက်ဆံလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ပဋိပက္ခဖြစ်မည်မဟုတ်ပေ။ သူတို့တွင် မြောက်နတ်မင်း၏ သွေးပါသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများအပေါ် ခွဲခြားခွဲခြား လုပ်ပြီး အနိုင်ကျင့်လျှင် ချင်မူ သူတို့ကို သည်းခံနိုင်မည်မဟုတ်။
ဤဓားနတ်ဘုရားအုပ်စုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်လာပြီး ပြုပြင်ပြောင်းလဲသူများ ဖြစ်လာနိုင်၏။
အသက်ကြီးသောသူများသည် အတွေ့အကြုံပိုရှိသည် ဆိုသည့်အတိုင်း နတ်မင်းရွှမ်း၏ အမိန့်များက အလွန်ပါးနပ်လေသည်။
တက္ကသိုလ်၏ ဓားနတ်ဘုရားများက ခေါင်းညိတ်ကြသည်။
နတ်မင်းရွှမ်းက သူတို့၏ မျိုးရိုးများကို ဖယ်ရှားလိုက်သဖြင့် ဓားနတ်ဘုရားတို့၏ ခေါင်းဆောင်က ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်တော်တို့ဟာ အခု မျိုးရိုးမရှိတဲ့လူတွေ ဖြစ်သွားပြီမလို့ ကျွန်တော်တို့အတွက် မျိုးရိုးတစ်ခုပေးဖို့ မေတ္တာရပ်ခံပါတယ်”
ချင်မူ တိတ်ဆိတ်စွာ တွေးနေပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ဓားသိုင်းကနေတစ်ဆင့် လမ်းစဉ်ကို ဝင်ရောက်နိုင်ခဲ့ကြပြီး နတ်ဘုရားတွေ ဖြစ်လာကြတယ်.... အခု ဓားတာအိုကြောင့် ခင်ဗျားတို့ရဲ့မျိုးရိုးကို စွန့်ပစ်ပြီး မြောက်ဝင်ရိုးစွန်းကနေ ထွက်သွားကြတော့မယ်.... ဒါကြောင့် ခင်ဗျားတို့ကို ကျန်းလို့ ခေါ်မယ်”
ဓားနတ်ဘုရားတို့၏ ခေါင်းဆောင်က ပြုံးလိုက်၏။ “ဒါဖြင့် ကျွန်တော့်နာမည်က ကျန်းဝူကျိပါ”
“ကျွန်တော်က ကျန်းစန့်ရှန်း”
“ကျွန်တော်က ကျန်းယွီထန်”
....
အားလုံး တဟားဟား ရယ်မောလိုက်ကြ၏။ နတ်မင်းရွှမ်းက မနေနိုင်တော့ဘဲ ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ငါ့တပည့်တွေက ပင်ကိုယ်စိတ်ထားကောင်းကြပြီး အတွေ့အကြုံ မရှိကြဘူး... လောကကြီးရဲ့ မာယာတွေကိုလည်း နားမလည်ကြတာမလို့ ကောင်းကင်နတ်အရှင် သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ တောင်းဆိုပါတယ်”
ချင်မူ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “စိတ်အေးအေးထားပါ နတ်မင်းရွှမ်း.... ကမ္ဘာဦးဘုံမှာ ကျွန်တော့်ဂုဏ်သတင်းက ကြီးမားပါတယ်... ကျွန်တော့်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စိတ်နှလုံးသားလို့ ခေါ်ကြတယ်.. ကျွန်တော့်နာမည်ပြောလိုက်တိုင်း ဘယ်သူမဆို လက်မထောင်ပြီး တော်လိုက်တဲ့ ကောင်လေးလို့ ချီးကျူးတတ်တာပါ... ကျွန်တော် သူတို့ကို မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး”
နတ်မင်းရွှမ်းက ပြောသည်။ “အေးပါ အေးပါ ငါ မင့်အကြောင်း ကြားဖူးပါတယ်”
သူက ထိုသို့ပြောပြီးနောက် ကျန်းဝူကျိအား ခပ်တိုးတိုး ကပ်ပြော၏။ “သတိထား... သူ မင်းတို့ကို သစ္စာဖောက်ရင် သူ ခိုင်းတာ မလုပ်ကြနဲ့တော့”
ကျန်းဝူကျိမှာ မှင်သက်သွားသည်။
ချင်မူက ကျန်းဝူကျိထံ စာတစ်စောင် ပေးသည်။ “အရင်ဆုံး ကမ္ဘာဦးဘုံရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားနှင့်ပြီး ကျွန်တော့်စာကို ဧကရာဇ်ယန်ရှို့ဆီ ဆက်သလိုက်ပါ... သူက အကုန်စီစဉ်ပေးလိမ့်မယ်... နတ်မင်းရွှမ်း၊ သူတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ယူသွားလို့ရအောင် မိုးကြိုးငါးသွယ်အိုး အလုံး တစ်ရာ ထည့်ပေးလိုက်ပါ့လား”
နတ်မင်းရွှမ်းသည် ခေါင်းညိတ်၏။ “ကျန်းဝူကျိ၊ မိုးကြိုးငါးသွယ်အိုးတွေ ထုတ်ပြီးသွားရင် အစစ်အမှန်ဓားသိုင်းတက္ကသိုလ်ဆီ သွားပြီး လိပ်နက်ကျင့်စဉ်စာလိပ် ခြောက်လိပ်နဲ့ မီးခေါင်းလောင်းကောင်းကင်လက်နက် စာလိပ်တွေ ယူလိုက်... သူတို့ကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ယူသွားပြီး ဧကရာဇ်ယန်ရှို့ဆီ ဆက်သရမယ်”
ကျန်းဝူကျိက အမိန့်နာခံသည်။
နတ်မင်းရွှမ်းမှာ သူတို့ကို ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းချ၏။ “မင်းက တကယ် ရက်စက်တယ် ကောင်းကင်နတ်အရှင်မူ... အခု ငါ့ရဲ့ စိတ်ရင်းကို မင်း မြင်သင့်ပါပြီ ဟုတ်တယ်မလား”
ချင်မူ လက်သီးဆုပ်ကာ မြေကြီးနှင့် ထိသည့်တိုင်အောင် အရိုအသေပေးရင်း လေးနက်စွာ ဆိုလိုက်သည်။ “ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ ရာထူးအာဏာအပေါ် အထင်သေးမယ့်အစား နတ်မင်းက ကျွန်တော့်ကို ဒီလိုကြီးလေးတဲ့ တာဝန်တွေ ယုံယုံကြည်ကြည် အပ်နှံပေးလိုက်လို့ အင်မတန် ကျေးဇူးတင်မိပါတယ်”
နတ်မင်းရွှမ်းက သူ့ကို အရိုအသေပြန်ပေးကာ ပြုံးသည်။ “ဒီလိုမလုပ်ပါနဲ့ ကောင်းကင်နတ်အရှင်မူရယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတုန်း မင်း လုပ်ခဲ့တဲ့အရာတွေကြောင့် ငါ မင်းကို တန်ဖိုးထားတယ်... ခိုင်ဧကရာဇ်ကပ်ဘေးတုန်းက ခိုင်ဧကရာဇ်က သူ့ရဲ့ လက်ရွေးစင်တွေနဲ့အတူ ထွက်သွားပြီး ပြည်သူပြည်သားတွေကို စွန့်ပစ်ခဲ့တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးမှာတော့ မင်းက သေတဲ့အထိ တိုက်ခိုက်ပြီး အသက်ရှင်နိုင်မယ့် နည်းလမ်းတွေ့ရဖို့ အစွမ်းကုန် ကြိုးပမ်းပေးခဲ့တယ်.. အဆုံးသတ်မှာ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးနိုင်ခဲ့တယ်လေ... အဲဒါကြောင့် ငါ သူတို့ကို မင်းလက်ထဲ ယုံယုံကြည်ကြည် အပ်တာပါ”
ချင်မူလည်း စိတ်ရင်းဖြင့် ပြောလိုက်၏။ “အခုလို ယုံကြည်ပေးတဲ့အတွက် ပြန်ကျေးဇူးဆပ်ပါ့မယ် နတ်မင်းရွှမ်း”
နတ်မင်းရွှမ်းက ရယ်ပြီး ပြောလေသည်။ “ငါ့လူတွေကို စားပွဲသောက်ပွဲ ပြင်ခိုင်းထားတယ်.... မင်းက ငါ့ရဲ့ မိတ်ဆွေဖြစ်သွားပြီပဲကွာ အမူးမှောက်တဲ့အထိ သောက်ကြစို့လား”
ချင်မူလည်း ရယ်လိုက်သည်။ “နတ်မင်းကို ဒုက္ခပေးရတော့မှာပေါ့ဗျာ”
စားသောက်ပွဲတွင် ချင်မူနှင့် နတ်မင်းရွှမ်းသည် မူးသည့်တိုင်အောင် သောက်ကြ၏။ သူတို့က တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ ညီအစ်ကိုဟု ခေါ်နေကြသည်။ နဂါးချီလင်၊ ယန်အာနှင့် ရွှမ်းကောင်းကင်နန်းဆောင်၏ အရာရှိများလည်း သူတို့ကို အဖော်ပြုပေးကြပြီး သူတို့နှစ်ယောက်၏ အပြုအမူများကို မြင်လျှင် သဘောမကျကြပေ။ “နတ်မင်းရွှမ်းနဲ့ ကောင်းကင်နတ်အရှင်မူက တစ်ယောက်ကို တစ်ယောက် တာအိုညီအစ်ကိုလို့ ခေါ်နေကြတယ်... ခိုင်ဧကရာဇ်နဲ့ တွေ့ရင် ငါတို့ဘယ်လို ခေါ်ရတော့မလဲ”
နတ်မင်းရွှမ်းက ချင်မူ့ကို လိုက်ပို့ရင်း ပြောသည်။ “ငါ့ညီ ဟိုစုန်းမနဲ့ သွားတွေ့ရင် သတိထားနော်... သူက ပြောရဆိုရ သိပ်လက်ပေါက်ကပ်တာ... မင်း ရောက်လာရင် ငါ့ကို အရင်လာတွေ့တာ သူ သိကိုသိမှာပဲ... အဲဒါကြောင့် မနာလိုဖြစ်ပြီး မင်းကို ပြဿနာရှာလိမ့်မယ်”
ချင်မူ ပြုံးလိုက်သည်။ “သူက အဲဒီလိုလူမျိုး ဖြစ်မယ်မထင်ပါဘူး အစ်ကိုကြီးနတ်မင်းရွှမ်းကလည်း... ကျွန်တော် အစ်ကိုကြီးကို မေးစရာတချို့ ရှိသေးတယ်... ဒီမှာ နေရာယူထားတဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဘယ်သူ့အပိုင်လဲ”
“နတ်အရှင်မချန်း”
ချင်မူ ခေါင်းညိတ်ပြီး သေသေချာချာ မှတ်ထားသည်။ “ပြီးတော့ မြောက်ဝင်ရိုးစွန်းမှာ ပြောင်းပြန်ဘက်ခြမ်း ရှိလား အစ်ကိုကြီး”
နတ်မင်းရွှမ်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ပြုံးကာ မေးလေသည်။ “ဘာလို့ ဒါကို မေးတာလဲ ငါ့ညီ”
ချင်မူ ပြန်ဖြေလိုက်၏။ “ကျွန်တော် မဟာလေဟာနယ်မှာ ဖန်ဆင်းရှင်တွေနဲ့ တွေ့ခဲ့ပြီး သူတို့မှာ ဘိုးဘေးနန်းတော်လို့ ခေါ်တဲ့ ဘိုးဘေးမြေတွေ ရှိတာ သိခဲ့ရတယ်... အဲဒါ ဘယ်နေရာမှာ ရှိလဲ သိလား အစ်ကိုကြီးနတ်မင်းရွှမ်း”
နတ်မင်းရွှမ်း မျက်နှာပျက်သွားပြီး မျက်နှာထားတင်းတင်းဖြင့် ပြောသည်။ “ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်”
ချင်မူ ကြောင်သွားသည်။ သူ လက်ယှက်နှုတ်ဆက်ပြီးနောက် ထွက်သွားတော့မည့်အချိန် နတ်မင်းရွှမ်းက သက်ပြင်းချသည်။ “ငါက ရက်စက်တာတော့ မဟုတ်ပါဘူးကွာ... မင်း ပြောနေတဲ့ကိစ္စက တုန်လှုပ်စရာကောင်းလွန်းတာ ကြောင့်ပဲ... ကောင်းကင်နတ်အရှင်မူ၊ မင်း သမိုင်းကြောင်းကို တူးဖော်ရတာ ကြိုက်မှန်း ငါ သိပေမယ့် တချို့အရာတွေဟာ မထိဘဲ ထားတာ ပိုကောင်းတယ်ကွ”
ချင်မူလည်း ခေါင်းညိတ်၍ နဂါးချီလင်နှင့် ယန်အာကို ခေါ်ကာ ရထားလှည်းအား ဝူနိုင်ငံတော်ဆီ မောင်းနှင်လိုက်သည်။
နတ်မင်းရွှမ်းက သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါတို့အတွက် ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်ကို ခိုးယူဖို့ ခက်ခဲခဲ့တယ်... မင်း သမိုင်းကြောင်းကို မဖော်ထုတ်တာပဲ ကောင်းပါတယ်...”
“နတ်မင်းရွှမ်းက ငါတို့ကို အများကြီး ပြောပြသွားခဲ့တယ်... ကမ္ဘာဦးဘုံ၊ ရွှမ်တု၊ ဝင်ရိုးစွန်းလေးခုနဲ့ ကောင်းကင်နတ်ဘုံလို နေရာတွေမှာ ပြောင်းပြန်ဘက်ခြမ်း မရှိပေမယ့် ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်နဲ့ ပတ်သက်နေတဲ့အကြောင်း သူ ကွေ့ဝိုက်ပြီး အတည်ပြုပေးခဲ့တာပဲ”
ချင်မူက လက်ရမ်းကို ခေါက်ရင်း တစ်ယောက်တည်း ရေရွတ်နေသည်။ “ဒါပေမဲ့ ဒီနေရာတွေက ဘိုးဘေးနန်းတော် မဟုတ်ဘူး... မဟုတ်ရင် နတ်ဘုရင်လန်ဝူ သိမှာပေါ့... ဒါပေမဲ့လည်း ဘိုးဘေးနန်းတော်က ဒီနေရာတွေရဲ့ ပြောင်းပြန်ဘက်ခြမ်းနဲ့ ပတ်သက်နေတာလေ... အဲဒါက ထူးဆန်းနေတယ်....”
ယန်အာက အရှေ့နတ်မင်း ပေးလိုက်သော သစ်သီးများအား ချင်မူ့ကို ခွံ့ပေးနေ၍ ချင်မူမှာ အလိုလိုပါးစပ်ဟကာ စားနေမိသည်။ “ယွမ်တုတို့၊ ရွှမ်တုတို့က သေးလည်း မသေးပါဘူး... ဘိုးဘေးနန်းတော်ပျောက်နေတာနဲ့ ဒီနေရာတွေရဲ့ ပြောင်းပြန်ဘက်ခြမ်း ပျောက်နေတာရဲ့ ကြားမှာ ဘယ်လိုအချိတ်အဆက် ရှိနေမလဲ”
နဂါးချီလင်သည် ရုတ်တရက် ထပြော၏။ “မဟာမြို့ပျက်ကို မှတ်မိလား ဂိုဏ်းသခင်”
ချင်မူ ကြောင်သွားစဉ် နဂါးချီလင်က ဆက်ပြောသည်။ “မဟာမြို့ပျက်ရဲ့ မာန်ဟုန်မြစ်အစမှာ နေရာဟင်းလင်းပြင်တွေ လေးခုငါးခုလောက် ထပ်နေတာ မတွေ့ခဲ့ရဘူးလား.... နောက်ပိုင်း ကမ္ဘာဦးဘုံ ပွင့်လာတော့ ထပ်နေတဲ့ နေရာဟင်းလင်းပြင်တွေလည်း သီးသန့်စီ ကွဲထွက်သွားပြီး ဒီနေ့ခေတ်ရဲ့ ကမ္ဘာဦးဘုံ ဖြစ်လာခဲ့တယ်... ဘိုးဘေးနန်းတော်ကို ပိတ်ထားတာကလည်း အဲဒီသဘောများ ဖြစ်နိုင်မလား”
ချင်မူလည်း တွေးကြည့်ပြီးနောက် ပြောလိုက်၏။ “ဖက်တီးနဂါး၊ ဆက်ပြောကြည့်ကွာ”
ယန်အာက နဂါးချီလင်ဘေးသို့ ခုန်သွားကာ အရှေ့ဝင်ရိုးစွန်းမှ သစ်သီးများ ခွံ့ရင်း အားပေးနေသည်။
နဂါးချီလင် ဆက်ပြောလိုက်သည်။ “ဝင်ရိုးစွန်းလေးခု၊ ကောင်းကင်နတ်ဘုံ၊ ကမ္ဘာဦးဘုံ၊ ရွှမ်တုနဲ့ ယိုတုလို နေရာတွေရဲ့ ပြောင်းပြန်ဘက်ခြမ်းက တည်ရှိနေပေမယ့် ရှေးဟောင်းနတ်ဘုရားတွေက သူတို့ရဲ့ မှော်စွမ်းအင်တွေ သုံးရင်း တစ်ခုအပေါ် တစ်ခုထပ်ပြီး ပရမတ္တလှေကို ပိတ်လှောင်ထားတဲ့ သုံးဖက်မြင်ကုဗတုံးလို ဟင်းလင်းပြင်အစီအရင်တစ်ခုနဲ့ ဘိုးဘေးနန်းတော်ကို ပိတ်ထားတာ မဖြစ်နိုင်ဘူးလား”
ချင်မူ့မျက်ဝန်းများ လင်းလက်သွားပြီး နဂါးချီလင်အား ချီးကျူးလိုက်သည်။ “ဖက်တီးနဂါး၊ မင်းက တယ် ဉာဏ်ကောင်းတာပဲကွ”
နဂါးချီလင်က ယန်အာ ခွံ့နေသော သစ်သီးများကို ဂုဏ်ယူမှုအပြည့်ဖြင့် စားနေသည်။ ယန်အာသည် သစ်သီးများအတွင်း၌ စွမ်းအင်ဆေးလုံးများပင် သေသေချာချာ ထည့်ပေးထားရာ နဂါးချီလင် ရင်ထဲပင် ထိသွားမိ၏။
ချင်မူက ထရပ်လိုက်ကာ လက်ခုပ်တီးနေသည်။ “အဲဒီလိုလည်း ဖြစ်နိုင်တာပဲ... ကောင်းကင်နတ်သိုင်းတွေဆိုတာ လက်ဆင့်ကမ်း သုံးကြတဲ့ ပညာရပ်ပဲ မဟုတ်လား... ကမ္ဘာဦးဘုံနဲ့ ပရမတ္တလှေကို ချိတ်ပိတ်ထားဖို့ သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေက ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ဖို့ သုံးထားတဲ့ ကောင်းကင်နတ်သိုင်းနဲ့ တူချင်မှ တူမယ်... ဒါပေမဲ့ တူညီမှုတချို့တော့ ရှိနေမှာပဲ”
ချင်မူက လက်ဝါးနှစ်ဖက်ကို ပူးကပ်၍ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ချက်ချင်းပင် နဂါးဟန်ကောင်းကင်နတ်ဘုံ၊ ကမ္ဘာဦးဘုံ၊ ယိုတု၊ ရွှမ်တု၊ ဝင်ရိုးစွန်းလေးခု၊ ကောင်းကင်ယင်ကမ္ဘာနှင့် အဆုံးသတ်မြို့ပျက်တို့၏ အခင်းအကျင်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ သုံးဖက်မြင် စကြဝဠာမြေပုံကြီးအဖြစ် ဖွဲ့တည်သွားသည်။
ကမ္ဘာဦးဘုံက ဝင်ရိုးစွန်းလေးခုနှင့် ချိတ်ဆက်လျက် အလယ်၌ တည်ရှိနေပြီး ယိုတုက အပေါ်မှ ထပ်နေသည်။ ရွှမ်တုသည် ကမ္ဘာဦးဘုံ၏ အပေါ်တွင် ပျံဝဲနေ၏။ ချင်မူ ဝင်ရိုးစွန်းများဆီ ကြည့်ကာ အတွေးပေါ်လာသည်။ “ကောင်းကင်နတ်မြစ်က ဝင်ရိုးစွန်းလေးခုနဲ့ ကောင်းကင်နတ်ဘုံကို ဆက်သွယ်ထားပေမယ့် သူတို့က မျက်နှာပြင်တစ်ခုတည်းရဲ့ အပေါ်မှာ ရှိတာမဟုတ်ဘူး... အဆုံးသတ်မြို့ပျက်ကလည်း ကမ္ဘာဦးဘုံထဲမှာ မဟုတ်ဘဲ တခြားနေရာနဲ့ အချိန်မှာ ရှိတယ်... အစ်ကိုကြီးဝေစွေ့ဖုန်း ချန်ထားခဲ့တဲ့ ဟင်းလင်းပြင်သင်္ချာနဲ့မှ အဆုံးသတ်မြို့ပျက်ကို ရှာတွေ့ခဲ့တာ... သူ့သင်္ချာက အခြားနေရာဟင်းလင်းပြင်ကို မှတ်သားထားတာမျိုးပဲ....”
ချင်မူ မြေပုံကို ပတ်၍ လျှောက်ကာ တွက်ချက်ကြည့်နေသည်။
ရုတ်တရက် သူက လက်ဝါးကို ဆန့်တန်းကာ မြေပုံကို အောက်သို့ ဆွဲချလိုက်၏။ ထိုအခါ ကမ္ဘာဦးဘုံ၏ အောက်တွင် ကတော့ပုံသဏ္ဍာန် အဆုံးသတ်မြို့ပျက် ပေါ်လွင်လာသည်။
ချင်မူ့မျက်ဝန်းများ တောက်ပသွားသည်။ “ယိုတုက ကမ္ဘာဦးဘုံအပေါ်မှာ လုံးဝ ထပ်နေတာမဟုတ်ဘူး.... အဲဒီအစား ယိုတုက ဝင်ရိုးစွန်းလေးခုနဲ့ အခြားကောင်းကင်ဘုံအမျိုးမျိုးကို ဆက်သွယ်ပေးထားတာပဲ... ဆက်မနေတာဆိုလို့ ရွှမ်တုပဲ ရှိတယ်... ဆိုလိုတာက ရွှမ်တုနဲ့ ယိုတုကို တွဲကြည့်လိုက်ရင် စက်ဝန်းတစ်ခု ဖြစ်ပေါ်လာမယ်”
ချင်မူသည် ယိုတုကို ချဲ့ကြည့်နေ၏။ သူ အကြံရသွား၍ မြေအောက်ဘုံအရှင်သခင်တစ်ယောက်အား ချီစွမ်းအင်ဖြင့် ချက်ချင်း ဖန်ဆင်းလိုက်သည်။ မြေအောက်ဘုံအရှင်သခင်က ဦးခေါင်းထက်တွင် အဝါရောင်စမ်းချောင်းများဖြင့် ဧရာမခန္ဓာကိုယ်ကြီးနှင့်အတူ ယိုတု၏ အလယ်၌ ရပ်နေသည်။
ချင်မူ မျက်မှောင်ကြုတ်ကာ မြေအောက်ဘုံအရှင်သခင်၏ အောက်ရှိ မြေထုအား ကြည့်သည်။ ထိုမြေထုသည် အဆုံးသတ်မြို့ပျက်၏ချောက်နက်နှင့် ထပ်နေ၏။
ချင်မူမှာ မှင်သက်သွားတော့သည်။
“ကောင်းကင်နတ်မြစ်က အဆုံးသတ်မြို့ပျက်ရဲ့ အသူရာချောက်နက်ထဲ စီးဝင်တယ်ဆိုပေမယ့် မြေအောက်ဘုံအရှင်သခင်ရဲ့ ခြေထောက်အောက်မှာ ရှိတယ်လို့ရော ယိုတုကနေ ဖြတ်သွားတယ်လို့ရော မပြောထားဘူး.... အကယ်လို့ မြေအောက်ဘုံအရှင်သခင်ရဲ့ ခြေထောက်အောက်မှာ ရှိနေပြီး ယိုတုကနေ ဖြတ်သွားတယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ”
ချင်မူသည် ကောင်းကင်နတ်မြစ်ရေများ ယွမ်တုနှင့် ယိုတုကို ဖြတ်စီးသွားအောင် ကောင်းကင်နတ်မြစ်ကို လိုက်ညှိရင်း မျက်ဝန်းများ တောက်ပသထက် တောက်ပလာ၏။ ယွမ်တုနှင့် ယိုတုသည် နေရာဟင်းလင်းပြင်ထဲ၌ ထပ်နေသောကြောင့် ကောင်းကင်နတ်မြစ်အနေဖြင့် ယိုတုသို့ စီးဆင်းဝင်ရောက်နိုင်ရန် ကမ္ဘာဦးဘုံ၏ ကုန်းမြေထုမှ ဖြတ်သွားစရာ မလိုအပ်ပေ။
ကောင်းကင်နတ်မြစ်သည် တစ္ဆေမြစ်တစ်စင်း ဖြစ်လာကာ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီးအား လှည့်ပတ်နေ၏။
ချင်မူမှာ မြေအောက်ဘုံအရှင်သခင်၏ လက်ဝါးပြင်ထက်သို့ လှမ်းကြည့်လိုက်သည့်အခါ မှင်သက်သွားသည်။
မြေအောက်ဘုံအရှင်သခင်၏ လက်နက်က ကြာပွတ်ဖြစ်သည်။ ထိုကြာပွတ်ဖြင့် တျန်းရှုအား ချည်နှောင်ခဲ့ဖူးသည်ကိုလည်း မြင်ခဲ့ဖူး၏။ သို့သော် ကောင်းကင်နတ်မြစ်ကား တစ္ဆေမြစ်အသွင် ပြောင်းလဲ၍ ယိုတုထဲ စီးဆင်းလာပြီးနောက် မြေအောက်ဘုံအရှင်သခင်၏ လက်ဝါးအား ဖြတ်စီးသွားနေသည်။
ထို့ကြောင့် တစ္ဆေမြစ်က မြေအောက်ဘုံအရှင်သခင်၏ ကြာပွတ်ဖြစ်၏။
“ငါ ယိုတုကို သွားတိုင်း မြေအောက်ဘုံအရှင်သခင်မှာ တစ်ခုခု လိုနေသလို ခံစားခဲ့ရတာ ဘာကြောင့်လဲ သိပြီ... လိုနေတာက ဒီတစ္ဆေမြစ်ကြာပွတ်ပဲ”
ချင်မူ သူ့စိတ်ကို ငြိမ်အောင် ထိန်း၍ တစ္ဆေမြစ်ကို ထပ်ညှိကြည့်လိုက်သည့်အခါ အဆုံးသတ်မြို့ပျက်ထဲ စီးကျသွားကြောင်း မြင်တွေ့လိုက်ရ၏။
“တစ်ခုခု လွဲနေသေးတယ်”
ချင်မူ အပေါ် မော့ကြည့်လိုက်သည့်အခါ ရွှမ်တုနှင့် ဝင်ရိုးစွန်းလေးခုကို မြင်ရသည်။ “ဝင်ရိုးစွန်းလေးခုရဲ့ အမြင့်တွေက မှားနေတယ်... ဝင်ရိုးစွန်းတွေက ကမ္ဘာဦးဘုံထက် မြင့်သင့်ပြီး ကောင်းကင်နတ်ဘုံထက် နိမ့်သင့်တာ... ကောင်းကင်နတ်မြစ်ကလည်း ရွှမ်တုကို ဖြတ်စီးသွားသင့်ပေမယ့် မစီးသွားဘူး... အဲဒီအစား ကောင်းကင်နတ်ဘုံကို ဖြတ်စီးသွားပြီး ကြိုးကွင်းကြီးလို ယိုတုထဲ ကျဆင်းလာတယ်”
သူသည် သွေးရူးသွေးတန်း တွက်ချက်ကြည့်နေပြီး အတန်ကြာသော် လက်ဆန့်၍ မြစ်လမ်းကြောင်းအား ညှိရင်း ပြုံးလိုက်၏။ “ကောင်းကင်နတ်မြစ်ရဲ့ မြစ်ရေက အပေါ်က စီးကျလာတာပဲဟာ... ရွှမ်တုက လာတာပဲ ဖြစ်မှာပေါ့”
ရွှမ်တုထဲတွင် ကောင်းကင်နတ်မြစ်တစ်စင်းသည် အရှိန်ပြင်းပြင်း စီးကျလာပြီး မူလကောင်းကင်နတ်မြစ်၏ လမ်းကြောင်းအား ပြောင်းလဲလိုက်၏။ မြစ်လမ်းကြောင်းက အပေါ်မှ စီးကျလာကာ မြောက်ဝင်ရိုးစွန်းထဲသို့ ဝင်သည်။ ထို့နောက် အနောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းနှင့် အရှေ့ဝင်ရိုးစွန်းသို့ စီးဆင်းပြီးနောက် ကောင်းကင်နတ်ဘုံထဲ ဝင်ရောက်သွားသည်။
ကောင်းကင်နတ်ဘုံသို့ ရောက်သည့်အခါ ကောင်းကင်နတ်မြစ်သည် ကမ္ဘာဦးဘုံသို့ နိမ့်ဆင်းသွား၏။ ကမ္ဘာဦးဘုံက ယိုတုနှင့် ထပ်နေသောကြောင့် တစ္ဆေမြစ်အသွင်ဖြင့် ယိုတုထဲ ဝင်ရောက်သွားသည်။ ထိုမှတစ်ဆင့် မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်ရှိ အဆုံးသတ်မြို့ပျက်သို့ ရောက်သွားတော့သည်။
ချင်မူက စကြဝဠာမြေပုံကို ကြည့်ရင်း အငြိမ်မနေနိုင်ဘဲ ပတ်လျှောက်နေသည်။ သူ ထိုအတိုင်း တွက်ချက်လျှင် ဝင်ရိုးစွန်းလေးစွန်းသည် ကမ္ဘာဦးဘုံ၏ မျက်နှာပြင်နှင့် ထောင့်မတ်ကျကာ ထောင်နေသင့်သည်။
ချင်မူမှာ လက်များဖြင့် မျဉ်းကြောင်းများဆွဲကာ ကမ္ဘာများအား ဆက်သွယ်ကြည့်သော်လည်း ကမ္ဘာအားလုံးနှင့် ဆက်နေသည့် နေရာတစ်နေရာကို ရှာမတွေ့ပေ။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ “နဂါးဟန်ကောင်းကင်နတ်ဘုံက အစတုန်းက အခုလက်ရှိနေရာမှာ မဟုတ်ဘူး.. ကမ္ဘာဦးဘုံအပေါ်မှ ရှိခဲ့တာ... ဒီတော့ ငါ အောက်ချလိုက်ရင်”
သူက မြေပုံထဲရှိ ကောင်းကင်နတ်ဘုံကို ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်သို့ ရွှေ့လိုက်သည်။
ကောင်းကင်နဂါးတစ်ကောင်၏အသံက ရထားလှည်းအပြင်မှ ထွက်လာသည်။ “ဝူနိုင်ငံတော်ဆီ ရောက်ပါပြီ ကောင်းကင်နတ်အရှင်”
ချင်မူက အသံကို အရေးမစိုက်ဘဲ ကောင်းကင်နတ်ဘုံ၏ လတ္တီကျု၊ လောင်ဂျီကျုများအား ဖြည်းဖြည်းချင်း ညှိနေသည်။ မျဉ်းကြောင်းအားလုံး ဆက်သွားပြီး အလင်းစက်တစ်စက် ပေါ်လာသည့်အခါ ချင်မူမှာ တုန်လှုပ်သွားတော့သည်။
သူ့မှာ ဝမ်းသာအားရ အော်ဟစ်လိုက်မိ၏။ “ဒါက ဒါက ဘိုးဘေးနန်းတော်ပဲ... ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်က ဒီနေရာမှာပဲ... သင်္ချာကျွမ်းတာ တော်တော်အသုံးတည့်လိုက်တာ”