မဟာမျိုးနွယ်ကြီးသုံးခု
Vol. 63 Ch. 872
"ငါက မင်းတို့အတွက် ထိုင်စရာနေရာတစ်ခု ရှာပေးမယ်"
စီတုနန်သည် ထိပ်ဆုံးစင်မြင့်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း စိတ်ကို ထိန်းချုပ်ကာ အောက်မှလှေကားထစ်များတွင် နေရာတစ်ခု ရှာဖွေလိုက်သည်။ သူက ထိပ်ဆုံးအဆင့် ကြယ်သခင်တစ်ယောက် ဖြစ်သောကြောင့် ကြယ်ကြည့်စင်မြင့်တွင် ကျင့်ကြံရန် မလိုအပ်တော့သော်လည်း အတိတ်တွင် အခြားမျိုးနွယ်များ၏ အေးစက်စက် အကြည့်များက မည်မျှခံရခက်ကြောင်း နားလည်ခဲ့ရသည်။ သူက သူတို့၏လည်ပင်းကို ဆုပ်ကိုင်၍ ဟိန်းဟောက်ပစ်လိုက်ချင်သော်လည်း လူသားမျိုးနွယ် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် မည်မျှနာကျင်ပါစေ၊ သည်းခံခဲ့ရသည်။ ရှောင်လင်းနှင့် လင်ရွဲ့သည် တိတ်ဆိတ်နေပြီး ထိပ်ဆုံးစင်မြင့်သို့ တက်လှမ်းပြီး ကျင့်ကြံချင်နေပါသော်လည်း နာကျင်စွာဖြင့် ကြိတ်မှိတ်နေကြရသည်။
"အစ်ကိုစီတု ကျုပ်အတွက် ရှာပေးဖို့ မလိုပါဘူး။ ကျုပ်က အပေါ်ကို တစ်ချက်လောက် တက်ကြည့်ချင်တယ်"
ယဲ့ချန်က ခေါင်းမော့၍ စင်မြင့်ငယ်ကို တစ်ချက်လှမ်းကြည့်ကာ တစ်လှမ်းချင်း တက်သွားခဲ့သည်။
"ယဲ့ချန်"
စီတုနန်က စိုးရိမ်တကြီးဖြင့် တားမြစ်လိုက်သည်။
"ကျုပ်လုပ်နေတာကို ကျုပ် သိပါတယ်"
သို့သော် သူက ပြတ်သားစွာဖြင့် ဆက်လက်တက်သွားသောကြောင့် ကျန်ပါရမီရှင်များက ကျောပြင်ကို ငေးနေမိသည်။ သူ၏ခွန်အားက လက်ရှိတွင် သူတို့ကို မကျော်လွန်နိုင်သေးသော်လည်း ထိုကျောပြင်က အားကိုးအားထားပြုစရာ ဖြစ်လာခဲ့သည်။
"အစ်ကိုယဲ့ ညီမလေးလည်း လိုက်ခဲ့မယ်"
လင်ရွဲ့က ဦးဆောင်၍ လိုက်ပါသွားသောအခါ လင်လုံ၏ တိုက်ရိုက်တပည့်များ အားလုံးလိုက်ပါလာကြပြီး နှစ်ထောင်ပေါင်းများစွာအတွင်း လှေကားထစ်များအထက်သို့ လူသားမျိုးနွယ် ခြေချခြင်းဖြစ်သည်။ ထိုအချိန်တွင် အခြားမျိုးနွယ်ဝင်များ၏ အကြည့်များ ကျရောက်လာပြီး အံ့သြခြင်း၊ ရှုပ်ထွေးခြင်း၊ လှောင်ပြောင်ခြင်းနှင့် အထင်သေးခြင်းတို့ ရောစွက်နေသည်။ စင်မြင့်၏ လှေကားထစ်တိုင်းတွင် လူပြည့်နေသော်လည်း အလယ်၌ ထိပ်ဆုံးစင်မြင့်သို့တက်ရန် လမ်းတစ်ခု ဖြစ်ပေါ်နေပြီး အစွမ်းအထက်ဆုံး ပါရမီရှင်များအတွက် ဖြစ်သည်။ အဆင့်သုံးမျိုးနွယ် တစ်ခုဖြစ်သော လူသားမျိုးနွယ်တွင် ယဲ့ချန်က နှစ်ထောင်ချီအတွင်း ပထမဆုံးအကြိမ် ခြေချရဲသူ ဖြစ်သည်။
စီတုနန်နှင့် ကျန်လူများမှာ အလွန်စိတ်လှုပ်ရှားနေပြီး ရင်ဘတ်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသောကြောင့် အော်ဟစ်ပစ်ချင်နေကြသည်။ သို့သော် သူတို့က ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြီး များပြားလှသော မျိုးနွယ်များကြားတွင် ရင်ဆိုင်ရမည့် အဖြစ်ကို မခန့်မှန်းနိုင်ခဲ့ပေ။ မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်ပါစေ၊ ကြယ်ကြည့်စင်မြင့်၏ အထက်သို့ တက်လှမ်းနိုင်ခြင်းမှာ လူသားမျိုးနွယ်၏ အောင်ပွဲခြေလှမ်း ဖြစ်သောကြောင့် ထိုက်တန်ပေသည်။
"ဘယ်အရာက ကောင်းတယ်ဆိုတာကို သိရင် ထွက်သွားစမ်း။ သေချင်နေတာလား။ ဒီနေရာက မင်းတို့လူသားတွေ ခြေချသင့်တယ် ထင်နေတာလား"
ပိုင်ကျီမျိုးနွယ်မှ ဧရာမအရွယ်အစား ပြောင်းလဲထားသော အဆင့်မြင့် ကြယ်သခင်တစ်ယောက်က ငေါက်ငမ်းလိုက်ခြင်း ဖြစ်သည်။ ယဲ့ချန်က ထိုကျင့်ကြံသူကို အေးစက်စက် ပြန်ကြည့်လိုက်ပြီး တစ်ဖက်လူမှာ မင်သက်၍ ကြောက်စိတ်များ ဖြစ်ပေါ်လာကာ နေရာ၌ ပြန်ထိုင်ချလိုက်ရသည်။
"ဒီလူသားက ဘယ်သူလဲ။ လူသားမျိုးနွယ်က ငါတို့ကို ဘာကြောင့် အရေးမစိုက်ရတာလဲ။ သူ့မျက်လုံးထဲက အေးစက်မှုက ငါ့ကိုတောင် ကြောက်လန့်စေတယ်"
ဤနေရာ၌ ကျင့်ကြံသူများစွာ ရှိသောကြောင့် သူက ရှေ့မထွက်ရန် ဆုံးဖြတ်လိုက်သည်။ ပိုင်ကျီမျိုးနွယ်က အဆင့်နှစ် မျိုးနွယ်တစ်ခု ဖြစ်သော်လည်း စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေသဖြင့် လူသားမျိုးနွယ်နှင့် မရှုပ်ရဲပေ။ အကယ်၍ ဤလူသားများက အထက်သို့ ဆက်တက်သွားလျှင် တားမြစ်ရန် တစ်ယောက်ယောက် ထွက်ပေါ်လာပေလိမ့်မည်။ စင်မြင့်၏ လှေကားထစ်များတွင် မျိုးနွယ်ပေါင်းရာချီမှ ကျင့်ကြံသူထောင်ချီ တင်ပျဥ်ခွေထိုင်နေကြပြီး ဖြည်းဖြည်းမှန်မှန် တက်လှမ်းရင်း စင်မြင့်ငယ်သို့ ဦးတည်နေသော လူသားအုပ်စုကို စောင့်ကြည့်နေကြသည်။
"မောက်မာလှချည်လား။ ဒီလူသားတွေတော့ အထက်ကိုရောက်ရင် သေချာပေါက် ဆိုးဆိုးဝါးဝါး အဆုံးသတ်ရလိမ့်မယ်။ ဒီလုပ်ရပ်အတွက် သူတို့က သေချာပေါက် နောင်တရနေတော့မှာပဲ"
စင်မြင့်ငယ်တွင် မည်သို့သော ဖြစ်တည်မှုများ ရှိနေကြောင်း သိထားသူများက လှောင်ပြောင်လိုက်ကြသည်။ သူတို့ပင်လျှင် ရောက်ရာနေရာ၌ ရိုရိုကျိုးကျိုး ထိုင်နေရသည်ဖြစ်ရာ နိမ့်ကျသော လူသားများအတွက် စင်မြင့်ငယ်၌ နေရာမရှိပေ။ လှေကားထစ်ပေါင်း တစ်ထောင်ကျော်သို့ ရောက်လာသောအခါ စီတုနန်တို့က တုံ့ဆိုင်းနေပြီး ဆက်တက်လျှင် ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်။ သို့သော် ဤနေရာအထိ ရောက်လာပြီးမှ နောက်ပြန်ဆုတ်သွားလျှင် မျိုးနွယ်တိုင်း၏ အလှောင်ခံ ဖြစ်ရပေလိမ့်မည်။ သူတို့ကသာ ကြောက်ရွံ့တုံ့ဆိုင်းနေဟန် ပြသမိလျှင် ထိုမောက်မာသူများ၏ အမြင်၌ ငကြောက်များ ဖြစ်သွားပေလိမ့်မည်။ မျိုးနွယ်တိုင်းမှ ရန်လိုသော အကြည့်များကြောင့် ရှောင်လင်းနှင့် လင်ရွဲ့က စိုးရွံ့နေသော်လည်း နောက်ပြန်ဆုတ်ရန် လမ်းမရှိကြောင်း နားလည်ထားသည်။
လှေကား၏ ဘေးတစ်ဖက်တစ်ချက်တွင် ကျင့်ကြံသူများ ပြည့်နှက်နေသောကြောင့် သူတို့က နေရာရလိုလျှင် အချို့ကို မောင်းထုတ်ရမည်ဖြစ်ရာ ပဋိပက္ခများကို ရှောင်လွှဲမရနိုင်ချေ။ ယဲ့ချန်ကမူ အထက်သို့ ဖြည်းဖြည်းမှန်မှန် တက်နေသောကြောင့် သူတို့၏ရင်ထဲ၌ လေးစားစိတ်များ ဖြစ်ပေါ်လာကြသည်။ များပြားလှသော ကျင့်ကြံသူများက စိုက်ကြည့်နေသော်လည်း သူက တစ်စက်မျှ ကြောက်ပုံမရချေ။ ထိုအချိန်၌ သူ၏စိတ်နှလုံးက အလွန်အမင်း တည်ငြိမ်နေပြီး လှေကားထစ်များကို ဘဝသဖွယ် သဘောထားလိုက်သည်။ လှေကားထစ်များ၏ ဘေးဘက်တွင် နေရာယူခြင်းက အားနည်သူများအတွက်သာဖြစ်ပြီး အနှေးနှင့်အမြန် အဆင့်ကျသွားပေလိမ့်မည်။ တစ်ခုတည်းသော အရာမှာ ထိပ်ဆုံးသို့ မရောက်မချင်း ဆက်တက်နေရန်ဖြစ်ကာ မည်သူမှ မရောက်နိုင်သော နေရာအထိ သွားနိုင်လျှင် ထိုကျင့်ကြံသူများက လေးစားကြောက်ရွံ့လာကြပေလိမ့်မည်။ ထို့အပြင် လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိပေ။
ယဲ့ချန်တို့အုပ်စုသည် စင်မြင့်ငယ်နှင့် ဖြည်းဖြည်းချင်း နီးကပ်လာသောအခါ ထိုနေရာရှိ ကျင့်ကြံသူများက ကောင်းကင်သို့ မော့ကြည့်နေရာမှ သူတို့ထံ အကြည့် ရောက်လာကြသည်။ ထိုအကြည့်များကြောင့် အခြားလူများက တုန်လှုပ်သွားကြသော်လည်း ဆက်လက်တက်လှမ်းနေသည့် ယဲ့ချန်ကြောင့် အလျင်အမြန် တည်ငြိမ်သွားကြသည်။ သူက နောက်ဆုံးလှေကားထစ်ကို တက်လှမ်းကာနီးတွင် စင်မြင့်ငယ်ထက်ရှိ ကျင့်ကြံသူတစ်ယောက်က စကားပြောလာသည်။
"လူသား ဒီမှာ မင်းအတွက် နေရာရှိမယ်လို့ ထင်နေတာလား"
သူက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားသဖြင့် လေသံမှာ အေးစက်တင်းမာနေသည်။ သူ၏ရုပ်ခန္ဓာက လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေသဖြင့် ယဲ့ချန်၏မျက်နှာသို့ပင် အပူရှိန်ဟပ်နေခဲ့သည်။ သူက မီးနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီအရ မီးနှင့်ပတ်သက်သော ဧရာမမျိုးနွယ်ကြီးနှစ်ခုအဖြစ် မီးတောက်နီ နတ်ဘုရားမျိုးနွယ်နှင့် မီးနတ်ဘုရားမျိုးနွယ်ဟု ရှိခဲ့ဖူးသည်။ တစ်ကိုယ်တော်ခွန်အားတွင် မီးတောက်နီမျိုးနွယ်က ပို၍သန်မာသော်လည်း အရေအတွက်အရာ၌ မီးနတ်ဘုရားမျိုးနွယ်က လုံးဝသာလွန်သည်။ ၎င်းက စကြဝဠာတစ်ခွင် ပျံ့နှံ့နေပြီး ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားသောကြောင့် ရှင်းဟွမ်မျိုးနွယ်ပင် ရန်မစရဲပေ။
ယဲ့ချန်က စကားတစ်ခွန်းမှ ပြန်မဖြေဘဲ နှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုံးလှေကားထစ်ကို ကျော်ဖြတ်လိုက်၏။ စင်မြင့်ငယ်ထက်တွင် ရှုခင်းက အကောင်းဆုံးဖြစ်ကာ သူက စစ်ဆေးလိုက်သောအခါ ကျင့်ကြံသူခြောက်ယောက်ကိုသာ တွေ့ခဲ့ရသည်။ ထိုခြောက်ယောက်က မျိုးနွယ်ကြီးသုံးခုမှဖြစ်ပြီး အရှိန်အဝါများ ထုတ်လွှတ်၍ ပိုင်နက်ကိုယ်စီ ခွဲခြားထားသည်။ အရေအတွက်အများဆုံးက မီးနတ်ဘုရားမျိုးနွယ်ဖြစ်ကာ သုံးယောက်ရှိပြီး ယဲ့ချန်ကို တားမြစ်လိုက်သူမှာ ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်ကာ မင်ဟောင်ဟု ခေါ်သည်။ သူက ကြယ်ကြည့်စင်မြင့်တွင် ဆယ်နှစ်ကျော်ကျင့်ကြံခဲ့ပြီး ထိပ်တန်းကြယ်သခင် အဆင့်သို့ရောက်ရန် နီးကပ်နေသည်။ ကျန်နှစ်ယောက်၏ မီးတောက်များက အနီရောင်ဖျော့ဖျော့ ဖြစ်သော်လည်း သူ၏မီးတောက်က ခရမ်းရောင်ဖြစ်ကာ လွန်ခဲ့သော နှစ်ရာချီအတွင်း မျိုးနွယ်တစ်ခုလုံး၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သည်။ မမျှော်လင့်ထားသော မတော်တဆမှုမျိုးသာ မဖြစ်လျှင် အနာဂတ်၌ အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာပေလိမ့်မည်။ ထိုအချိန်၌ သူ၏မျက်နှာက အလွန်အရုပ်ဆိုးနေပြီး ယဲ့ချန်ကို မျက်ဝန်းများ ကျဥ်းမြောင်း၍ စိုက်ကြည့်နေခဲ့သည်။ သူ၏စကားကို မည်သူမှ လျစ်လျူမရှုရဲသည့်အပြင် တစ်ဖက်လူမှာ လူသားမျိုးနွယ်ဝင် ဖြစ်နေသောကြောင့် စိတ်ထဲတွင် သေလူအဖြစ် သတ်မှတ်လိုက်သည်။
"ကြယ်ကြည့်စင်မြင့်က ပြန်ထွက်သွားရင် အသက်မရှင်နိုင်စေရဘူး"
မင်ဟောင်က အေးစက်စက် ရေရွတ်လိုက်၏။ ယဲ့ချန်ကမူ သူ့ကို လျစ်လျူရှုထားပြီး ကျန်မျိုးနွယ်များကို အကဲခတ်လိုက်သည်။ တစ်ကိုယ်လုံးက မိုးပြာရောင် မီးလျှံများ ဝန်းရံကာ မျောလွင့်နေပြီး အစွမ်းထက်အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ရှိနေ၍ ရေလိပ်ပြာမျိုးနွယ်မှဖြစ်သည်။ သူက ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်ပင် ဖြစ်သော်လည်း ခွန်အားအရာ၌ စီတုနန်ပင် ယှဥ်နိုင်မည် မဟုတ်ပေ။ ထိုမျိုးနွယ်က ဒဏ္ဍာရီလာ ရေနတ်ဘုရား၏ မျိုးဆက်များဖြစ်ပြီး အဆုံးမဲ့ကြယ်ပင်လယ်၌ နေထိုင်ကာ အရေအတွက် နည်းပါးသော်လည်း အဆင့်တစ်မျိုးနွယ် အချို့အောက် မနိမ့်ကျပေ။ ရေလိပ်ပြာမျိုးနွယ်ဝင်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု ထင်မထားသော ယဲ့ချန်က ယဲ့အိမ်တော်တွင် ကျန်ရစ်ခဲ့သော ရေလိပ်ပြာလေးကို အမှတ်ရလိုက်မိသည်။
မီးတောက်များကြားမှ ကျိရင်သည် မျက်လုံးကို ယဲ့ချန်ထံ တစ်ချက်ဝေ့ကြည့်ကာ ကောင်းကင်သို့ ချက်ချင်းအကြည့်လွှဲလိုက်သည်။ သူ၏အမြင်၌ ဤလူသားက သူ၏ပိုင်နက်ကို ကျူးကျော်မလာလျှင် ပြဿနာမရှိချေ။ စင်မြင့်၏ ကျန်တစ်ဖက်ခြမ်းတွင် ရွှေနတ်သားမျိုးနွယ်မှ ကျင့်ကြံသူနှစ်ယောက် ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်က လူသားများနှင့် ဆင်တူပြီး ရွှေရောင်အကြေးခွံများ ဖုံးအုပ်နေကာ အရပ်နှစ်မီတာကျော် မြင့်မား၍ ကျောဘက်တွင် လေးငါးမီတာရှိသော တောင်ပံတစ်စုံ ပိုင်ဆိုင်ထားသည်။ ၎င်းက ကောင်းချီပေးခံထားရသော မျိုးနွယ်တစ်ခုဖြစ်ကာ နတ်အစေခံအဆင့်ဖြင့် မွေးဖွားလာပြီး မဟာခွန်အားကို ပိုင်ဆိုင်ကြ၏။ သူတို့၏ကျင့်ကြံမှုက လမ်းလျှောက်နေရသကဲ့သို့ လွယ်ကူပြီး နှစ်တစ်ထောင်အတွင်း စိတ်ကူးမရလောက်အောင် မြင့်မားသော အဆင့်သို့ ရောက်နိုင်ကြသည်။ သို့သော် ကောင်းကင်တာအိုက မျှတသဖြင့် အခြားမျိုးနွယ်များနှင့်ယှဥ်လျှင် သူတို့၏သက်တမ်းက နိမ့်ကျပြီး နှစ်တစ်ထောင်ခန့်သာ ရှိပေသည်။
မဟာမျိုးနွယ်ကြီးသုံးခုတွင် ရွှေနတ်သားမျိုးနွယ်က အစွမ်းအထက်ဆုံး ဖြစ်သော်လည်း အင်အားအရာ၌ ရှင်းဟွမ်မျိုးနွယ်အောက် နိမ့်ကျသောကြောင့် ကိုယ်ပိုင်နတ်တိုင်းပြည် မရှိပေ။ ဤသို့ဆိုလျှင်တောင် ထိုမျိုးနွယ်သုံးခုက ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ အလွန်အမင်း အစွမ်းထက်ကြပေသည်။ သူတို့က ထိပ်ဆုံးစင်မြင့်ကို နှစ်ပေါင်းသောင်းချီ သိမ်းပိုက်ထားကာ အခြားမျိုးနွယ်များက ခြေမချရဲပေ။
ယနေ့တွင် ယဲ့ချန် ဦးဆောင်သော အုပ်စုက ဤနေရာသို့ ရောက်ရှိလာသောအခါ မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ မဟာမျိုးနွယ်သုံးခုက ပိုင်နက်ကိုယ်စီ ထုတ်ဖော်ထားသောကြောင့် သူတို့က ကျင့်ကြံရန်အတွက် နေရာယူလိုက်လျှင် မျိုးနွယ်တစ်ခုကို စော်ကားရပေလိမ့်မည်။ မည်သည့်နေရာတွင် ထိုင်သည်ဖြစ်ပါစေ၊ မဟာမျိုးနွယ်ကြီးသုံးခု၏ ကျင့်ကြံသူများက ခွင့်ပြုမည် မဟုတ်ပေ။