← Chapters

ရွှေနတ်သားမျိုးနွယ်

Vol. 63 Ch. 873

ရွှေနတ်သားမျိုးနွယ်

Vol. 63 Ch. 873

"ဒီလူသားတွေက ကိုယ့်နေရာကို မသိကြဘဲ စင်မြင့်ငယ်ကို အမှန်တကယ် တက်သွားရဲတယ်ပေါ့။ နောက်ဆုံးမှာ ဘယ်လိုအသတ်ခံရမယ်ဆိုတာ ကြည့်ရဦးမယ်"

လှေကားထစ်ပေါ်ရှိ ကျင့်ကြံသူများက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထိပ်ဆုံးစင်မြင့်ထက်မှ လူသားများ မောင်းထုတ်ခံရမည်ကို စောင့်ကြည့်နေကြသည်။ စင်မြင့်ထက်တွင် ရေလိပ်ပြာမျိုးနွယ်၏ ကျိရင်မှလွဲလျှင် ငါးယောက်က လူသားများကို အေးစက်စက် စိုက်ကြည့်နေကြသဖြင် စီတုနန်တို့မှာ တွန့်ဆုတ်နေကြ၏။

"အစ်ကိုယဲ့ ပြန်ဆင်းကြရအောင်"

လင်ရွဲ့၏ မျက်လုံးများတွင် စိုးရိမ်စိတ်တို့ ထင်ဟပ်နေပြီး အသံချင်း ဆက်သွယ်လာခဲ့သည်။ မည်သည့်မျိုးနွယ်ကို စော်ကားမိသည်ဖြစ်ပါစေ၊ ထိပ်တန်းမဟာမိတ်အတွက် ကပ်ဘေးကြီး ဖြစ်ပေါ်လာပေလိမ့်မည်။

"ဒီအထိ ရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်သွားလို့ ဘယ်ဖြစ်မလဲ"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ရွှေနတ်သားမျိုးနွယ်နှစ်ယောက်ထံ ဦးတည်လိုက်သောအခါ တစ်ဖက်လူ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

"ဒီကောင်က ဘာလုပ်ချင်နေတာလဲ။ သူတို့ကို ရန်စမလို့လား"

မီးနတ်ဘုရားမျိုးနွယ်ဝင်များက နှာခေါင်းရှုံ့၍ ဤသို့တွေးမိလိုက်သည်။ သူတို့က စင်မြင့်ငယ်ထက်တွင် တစ်နေရာရထားသော်လည်း ထိုမျိုးနွယ်အား ရန်မစရဲပေ။ ဤမြင်ကွင်းကို မျက်လုံးထောင့်မှ မြင်နေရသော ကျိရင်သည်လည်း ယဲ့ချန် မည်သို့တွေးနေသည်ကို မသိသောကြောင့် စိတ်ရှုပ်သွားခဲ့သည်။ ရွှေနတ်သားမျိုးနွယ်ဝင်နှစ်ယောက်တွင် ပို၍သန်မာသူမှာ ပန်ရိဖြစ်ပြီး ရွှေရောင်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသဖြင့် တစ်ကိုယ်လုံး ပျိုးပျိုးပြက်ပြက် တောက်ပနေ၏။ ကျောဘက်မှ တောင်ပံများကို ရုတ်သိမ်းထားသော်လည်း ဖြန့်ထုတ်လိုက်လျှင် အလွန်ကြီးမားကာ ရွှေရောင်ငှက်မွှေးများက သတ္တုရောင် ပြောင်လက်နေပြီး ရွှေစင်ရွှေသားနှင့် ပြုလုပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ စင်မြင့်ငယ်ထက်ရှိ ကျင့်ကြံသူခြောက်ယောက်တွင် သူ၏ကျင့်ကြံဆင့်က ပို၍သန်မာသည်။ ရွှေနတ်သားမျိုးနွယ်က အခြားမျိုးနွယ်များနှင့် ကွာခြားပြီး အချိန်လေဟာနယ် ရုန်းတစ်ခုကိုသာ နားလည်နိုင်သည်။ သို့သော် ထိုအဆင့်ကပင် အဆင့်ငါးအထိ နားလည်ထားသူများထက် ပို၍သန်မာသည်။ ပန်ရိ၏ ခန္ဓာကိုယ်ပတ်လည်၌ အဝါရောင်ချီတစ်မျိုးသာ လည်ပတ်နေသော်လည်း အလွန်တောက်ပ၍ နတ်ဘုရားပမာ ခမ်းနားနေသည်။ ယဲ့ချန်က သူ့ထံ လျှောက်လာသောအခါ နက်မှောင်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေခဲ့သည်။

"စိတ်ဝင်စားစရာကောင်းသားပဲ"

ယဲ့ချန်၏ကိုယ်ထက်တွင် အချိန်လေဟာနယ်ချီ ခုနစ်ရောင် လည်ပတ်နေသောကြောင့် ပန်ရိ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားခဲ့သည်။

"ခွေးကောင် သေချင်နေတာလား၊ ထွက်သွားစမ်း"

ပန်ရိ၏နောက်တွင် ထိုင်နေသော ပန်ယွမ်ဆိုသူက ဒေါသတကြီး အော်ငေါက်လိုက်ခြင်းဖြစ်သည်။ သူက ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်ဖြစ်ကာ ကြီးမားပြင်းထန်သော အရှိန်အဝါကို ယဲ့ချန်ထံ ထုတ်ဖော်လိုက်သည်။ ယဲ့ချန်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အချိန်လေဟာနယ်ချီ ခုနစ်ရောင်ကို အသုံးပြုကာ ထိုဖိအားကို တွန်းလှန်လိုက်သည်။ သူက ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်၏ ပြိုင်ဘက် မဟုတ်သော်လည်း ဖိအားသက်သက်ဖြင့် အရှုံးပေးရန် မဖြစ်နိုင်ပေ။

"ငါ မင်းနဲ့ စကားပြောချင်တယ်"

သူက ပန်ရိကို တစ်ချက် စိုက်ကြည့်လိုက်သည်။

"ရွှေနတ်သားမျိုးနွယ်ရှေ့မှာ လာပြီး မောက်မာနေတယ်။ မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ်"

ပန်ယွမ်၏ မျက်နှာက ချက်ချင်းအရုပ်ဆိုးသွားကာ ဒေါသတကြီးဖြင့် တိုက်ခိုက်ရန် ရှေ့တက်လိုက်သော်လည်း ပန်ရိက လက်ကာပြ၍ တားမြစ်လိုက်၏။

"မင်းက ဘာပြောချင်လို့လဲ"

သူက တည်ငြိမ်စွာ မေးလိုက်၏။

"ငါတို့က ကြယ်ကြည့်စင်မြင့်ရဲ့ ထိပ်ဆုံးနေရာမှာ ရက်အနည်းငယ်လောက် ကျင့်ကြံဖို့ မင်းဆီက နေရာနည်းနည်း ငှားရမ်းချင်တယ်။ ကျေးဇူးပြုပြီး နည်းနည်းလောက် ဖယ်ပေးပါ။ ရက်အနည်းငယ်ကြာရင် ထွက်သွားပေးမှာပါ"

ယဲ့ချန်က မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိသော လေသံဖြင့် ပြောလိုက်သည်။

"လူသားတစ်ယောက်က ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ။ မင်းကများ ငါတို့ကို နေရာရွှေ့ခိုင်းနေတယ်။ ကိုယ့်နေရာကို မသိဘူး"

ပန်ယွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ဖက်လူကို သင်ခန်းစာပေးရန် မတ်တပ်ထရပ်လိုက်သော်လည်း ပန်ရိက ပြန်ထိုင်ခိုင်းလိုက်သည်။

"ငါတို့ကို နေရာရွှေ့ပေးဖို့ ပြောရဲတာ မင်းက ပထမဆုံး ဖြစ်တယ်။ ဒီစင်မြင့်ပေါ်မှာ မျိုးနွယ်သုံးခုရှိနေတာတောင် ဘာကြောင့် ရွှေနတ်သားမျိုးနွယ်ကို ဘေးဖယ်ခိုင်းရတာလဲ"

သူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ယဲ့ချန်ထံ အရှိန်အဝါဖြင့် ဖိအားပေးလိုက်သည်။

"မင်းတို့က အသန်မာဆုံးဖြစ်လို့"

ယဲ့ချန်က တစ်လုံးချင်း ​ဖြေလိုက်သော်လည်း အကြောင်းပြချက်က ရယ်စရာကောင်းနေခဲ့သည်။ ပန်ယွမ်က မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ပန်ရိသာ တားမြစ်မထားလျှင် သေချာပေါက် သင်ခန်းစာပေးပြီး ဖြစ်ပေလိမ့်မည်။ ပန်ရိနှင့် ယဲ့ချန်က အကြည့်ချင်း အားပြိုင်နေကာ ယဲ့ချန်၏ မျက်လုံးများအတွင်း ကြယ်ကိုးလုံး လည်ပတ်နေသကဲ့သို့ တစ်ဖက်လူ၏ မျက်လုံးများအတွင်း၌လည်း ရွှေရောင်အလင်းများ တလက်လက်ထနေသည်။ ပတ်ဝန်းကျင်က တင်းမာနေပြီး နှစ်ဖက်လုံး၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။

"ဒီလူသားက သေတော့မှာပဲ"

လှေကားထစ်ပေါ်ရှိ သက်ရှိတစ်ယောက်က လှောင်ရယ်လိုက်သည်။ ပန်ရိ၏ တိုက်ခိုက်လိုစိတ်က သူ့ကို ထိန်းချုပ်မရလောက်အောင် တုန်ခါစေသည်။ အခြားကျင့်ကြံသူများလည်း ဤသို့တွေးနေကြပြီး အချို့က ယဲ့ချန်ကို သနားစရာသဖွယ် ရှုမြင်နေကြသည်။ မောက်မာသော လူသားများက ပန်ရိကို ရန်စမိလျှင် သေလမ်းတစ်ခုသာ ရှိပေလိမ့်မည်။ သူက ထိပ်ဆုံးစင်မြင့်သို့ ရောက်လာရုံသာမက ရွှေနတ်သားမျိုးနွယ်ကိုလည်း ရန်စနေသောကြောင့် မီးနတ်ဘုရားမျိုးနွယ်ဝင် သုံးယောက်က နှာခေါင်းရှုံ့လိုက်ကြသည်။ စီတုနန်တို့ကလည်း ချွေးစို့နေကြပြီး စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားလျှင် ထိုမျိုးနွယ်၏ စွမ်းအားအရ ယဲ့ချန်ကို ဆက်လက်အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။ ယဲ့ချန်နှင့် ပန်ရိက အကြည့်ချင်းပြိုင်နေပြီး ထောင်ချီသော စစ်သည်တော်များ တိုက်ခိုက်နေသကဲ့သို့ ထင်မှတ်ရပြီး စင်မြင့်ကြီးတစ်ခုလုံး အပူချိန်က မြင့်တက်လာသည်။ ထိုအချိန်၌ ပန်ရိက ရုတ်တရက် ထရယ်လိုက်ပြီး ရယ်သံက ကောင်းကင်ကို တုန်ခါသွားစေကာ စင်မြင့်ထက်ရှိ ကျင့်ကြံသူတိုင်း ကြားလိုက်ရသည်။ ယဲ့ချန်သည် တစ်ဖက်လူက သူ့ကို တိုက်ခိုက်တော့မည်ဟု တွက်ထားပြီး ကြိုတင်ပြင်ဆင်ထားသော်လည်း တစ်ဖက်လူက ရယ်မောနေသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ရွှေနတ်သားမျိုးနွယ်ကို ဒီလိုပြောရဲတာ မင်းက ပထမဆုံးပဲ။ ငါက လူသားတွေကို အထင်သေးပေမယ့် မင်းရဲ့သတ္တိကိုတော့ သဘောကျတယ်။ ပန်ယွမ် ငါတို့က နှစ်ယောက်တည်းရှိတာဆိုတော့ သူတို့အတွက် နေရာနည်းနည်းဖယ်ပေးလည်း ပြဿနာ မရှိပါဘူး"

ပန်ရိက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်ကာ ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။ သူ၏ဆုံးဖြတ်ချက်က ပန်ယွမ်ကို အံ့အားသင့်သွားစေခဲ့သော်လည်း အမိန့်ကိုနာခံ၍ အရှိန်အဝါကို ရုတ်သိမ်းကာ ယဲ့ချန်တို့အတွက် နေရာဖယ်ပေးခဲ့သည်။ ထို့ကြောင့် ယဲ့ချန်လည်း အံ့သြနေပြီး ပန်ရိက အစွမ်းထက်သူတစ်ယောက် ဖြစ်သော်လည်း ဤမျှပြောဆိုရလွယ်ကူမည်ဟု ထင်မထားပေ။

"ကျေးဇူးတင်ပါတယ်"

သူက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်ပြီးနောက် စီတုနန်တို့ကို ဦးဆောင်ကာ ထိပ်ဆုံးစင်မြင့်တွင် တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ ရေလိပ်ပြာမျိုးနွယ်ဖြစ်စေ၊ မီးနတ်ဘုရားမျိုးနွယ်ဖြစ်စေ၊ ကျင့်ကြံသူတိုင်း အံ့သြသွားကာ ပန်ရိက နေရာဖယ်ပေးလိုက်သော အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေကြသည်။ သို့သော် ရွှေနတ်သားမျိုးနွယ်တွင် ပန်ရိက ထူးခြားပြီး ထင်ရာလုပ်တတ်သူဖြစ်ကြောင်း သူတို့ ကြားဖူးထားကြသည်။ ပန်ရိ၏ဆုံးဖြတ်ချက်ကို ပန်ယွမ်က မကန့်ကွက်ရဲသည်မှာ သူ၏ဖခင်က ရွှေနတ်သားမျိုးနွယ် ခေါင်းဆောင်ဖြစ်ပြီး မျိုးနွယ်တစ်ခုလုံး၏ သခင်လေး ဖြစ်နေသောကြောင့်ပင်။ မီးနတ်ဘုရားမျိုးနွယ်မှ မင်ဟောင်သည် ယဲ့ချန်နှင့် ပန်ရိကို တစ်လှည့်စီကြည့်လိုက်ပြီး စိတ်အတွင်းရှိ သတ်ဖြတ်လိုစိတ်များ ဖြည်းဖြည်းချင်း လျော့နည်းလာခဲ့၏။

ထိပ်ဆုံးစင်မြင့်မှ ကျင့်ကြံသူများအပြင် ကျန်သူများကလည်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး ဤလူသားများ သေချာပေါက် အသတ်ခံရမည်ဟု တွက်ထားသည်။ သို့သော် အခြေအနေက ပြောင်းလဲသွားကာ ယဲ့ချန်တို့က တိုက်ခိုက်ခြင်း မခံရရုံသာမက ထိုင်၍ကျင့်ကြံနေပြီဖြစ်သည်။ ဤအဖြစ်ကို မမျှော်လင့်ထားသော်လည်း ပန်ရိကို နေရာဖယ်ပေးအောင် လုပ်နိုင်စွမ်းရှိသူက မရိုးရှင်းသောကြောင့် ယဲ့ချန်အပေါ် သူတို့၏အမြင်များ ပြောင်းလဲသွားကြသည်။

ပန်ရိက နေရာဖယ်ပေးသည့်အတွက် ယဲ့ချန်က ထူးထူးခြားခြား ဖြစ်မနေသော်လည်း အခြားလူများအတွက် တည်ငြိမ်ရန် အချိန်ကြာမြင့်စွာ လိုအပ်နေသည်။ ယနေ့တွင် ယဲ့ချန်က သူတို့ကို သင်ခန်းစာတစ်ခုပေးခဲ့ပြီး မျက်ကန်းသည်းခံနေခြင်းသည် ပို၍အထင်သေးခြင်းကိုသာ ဖြစ်စေခဲ့ပြီး အောင်ပွဲရရန်အတွက် ကိုယ်တိုင်အားထုတ် ကြိုးပမ်းရပေလိမ့်မည်။ နေရာဖယ်ပေးပြီးနောက် ပန်ရိသည် ယဲ့ချန်တို့ကို လျစ်လျူရှုကာ သူ၏ကျင့်ကြံခြင်းကို ပြန်လည်အာရုံစိုက်လိုက်၏။

ယဲ့ချန်က တင်ပျဥ်ခွေထိုင်ပြီးနောက် ကောင်းကင်ကို ကြယ်ကြည့်စင်မြင့်မှ ပထမဆုံးအကြိမ် မော့ကြည့်လိုက်၏။ ကြယ်များက တောက်ပနေ၍ ကြယ်မြေပုံက ရှုပ်ထွေးနေပြီး တစ်ခုချင်းစီ၏ တည်နေရာက အထူးအဓိပ္ပါယ်တစ်မျိုးစီ ဖော်ဆောင်ကာ စကြဝဠာ၏ မဟာတာအိုအား ရှင်းပြနေသယောင် ထင်မှတ်ရသည်။ ကောင်းကင်၌ ကြယ်များအပြင် အလင်းနှင့် အမှောင် တည်ရှိပြီး အလင်းက အားနည်းသည်ဟု ထင်မှတ်ရသော်လည်း ၎င်း၏အပူချိန်က အရာရာကို လောင်ကျွမ်းပစ်နိုင်သည်။ အမြဲတမ်း အားပြိုင်နေတတ်သော အလင်းနှင့် အမှောင်ကြောင့် သူက ဉာဏ်အလင်းရလိုက်ပြီး နှလုံးသားက ထူးခြားစွာ တည်ငြိမ်နေပြီး ယခင်ကဲ့သို့ အခြေအနေမျိုး ပြန်လည်ဖြစ်ပေါ်လာသည်။

အချိန်လေဟာနယ်ချီ ခုနစ်မျိုးကြားတွင် နောက်ထပ်နှစ်မျိုးက ခပ်ရေးရေး ထွက်ပေါ်လာကာ တစ်မျိုးက နွေးထွေး၍ ကျန်တစ်ခုက အေးစက်မည်းမှောင်နေသည်။ ၎င်းတို့က အချင်းချင်းအားပြိုင်နေကြပြီး တစ်ခုကို တစ်ခု သိမ်းပိုက်ရန် ကြိုးစားနေကြသည်။ စွမ်းအားအရာတွင် ၎င်းတို့က သာမန်အချိန်လေဟာနယ်ချီများထက် ကျော်လွန်ပြီး နွေးထွေးသော အချိန်လေဟာနယ်ချီက အရာရာကို အရည်ဖျော်ပစ်နိုင်သော အပူရှိန်တစ်ခု ထွက်ပေါ်နေကာ ကျန်တစ်ခုက မှောင်မိုက်နေပြီး အရာအားလုံးကို အေးခဲပစ်နိုင်စွမ်း ရှိနေသည်။ ထိုစွမ်းအားနှစ်မျိုးက ယဲ့ချန်၏ကိုယ်တွင်း၌ ဖြည်းဖြည်းချင်း ဖြစ်တည်လာနေသည်။

အချိန်လေဟာနယ် ချီခုနစ်ရောင်က ယဲ့ချန်၏ ခန္ဓာကိုယ်ပတ်လည်၌ ဆက်တိုက်ပြောင်းလဲနေသော သက်တန့်ရောင်အလင်းများက တည်ကြည်သော မျက်နှာကို ထင်ဟပ်နေသည်။ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကြောင့် ပန်ရိ၏အကြည့်က ကြယ်များထံမှ ယဲ့ချန်ထံ ရောက်ရှိလာသည်။ ဤလူသားက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်သည့်အပြင် သူက အာရုံစိုက်၍ ကြည့်ရှုလိုက်မိသောအခါ စိတ်နှလုံးပင် တုန်ခါသွားရသည်။ အချိန်လေဟာနယ် ချီခုနစ်ရောင်ကြားတွင် အလွန်အစွမ်းထက်သော ချီနှစ်မျိုး တည်ရှိနေပြီး ရွှေနတ်သားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သော သူ့ကိုပင် ကြောက်လန့်သွားစေခဲ့လေသည်။

All Chapters