နင်အာ၏ ပြောင်းလဲခြင်း
Vol. 63 Ch. 874
အဆင့်တစ်မျိုးနွယ်များကြားတွင် ရွှေနတ်သားမျိုးနွယ်သည် ပါရမီအရှိဆုံးများအနက်မှ တစ်ခုဖြစ်ပြီး ပန်ရိ၏ စိတ်နှလုံးကို တုန်ခါစေနိုင်သော လူသားဟူ၍ တစ်ယောက်တလေပင် မမြင်ဖူးခဲ့ပေ။ လူသားတစ်ယောက်ဖြစ်သော ယဲ့ချန်၏ ပါရမီနှင့် သတ္တိကို သူက အလွန်လေးစားသွားမိပြီး မည်မျှဝေးဝေးသွားနိုင်မည်ကို သိချင်နေခဲ့သည်။ ကောင်းကင်သခင်ခြောက်ပါး၏ ခေတ်တွင် လူသားမျိုးနွယ်၌ အစွမ်းထက်ကျင့်ကြံသူများစွာ ထွက်ပေါ်ခဲ့ဖူးပြီး အအောင်မြင်ဆုံးအချိန်လည်း ဖြစ်သည်။ သူတို့က ရှင်းဟွမ်များ၏ ထိန်းချုပ်မှုမှ လွတ်မြောက်အောင် စွမ်းဆောင်၍ ကိုယ်ပိုင်နတ်ပြည်ထောင်တစ်ခု တည်ထောင်နိုင်ခဲ့ကာ ကောင်းကင်နတ်ဆိုးများ၏ ပိုင်နက်များစွာကို သိမ်းယူပြီး အစွမ်းထက်မျိုးနွယ်ထောင်ချီကို အညံ့ခံစေခဲ့သည်။
သို့သော် လူသားမျိုးနွယ်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့သောကြောင့် ကောင်းကင်သခင်ခြောက်ပါးတွင် သုံးပါးက သတ်ဖြတ်ခံလိုက်ရပြီး ကျန်သုံးပါးမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ဒဏ္ဍာရီကို သီချင်းများအဖြစ် စကြဝဠာတစ်ခွင် သီဆိုခဲ့ကြသော်လည်း လူသားမျိုးနွယ်၏ခေတ် ကျော်လွန်သွားကာ ရှင်းဟွမ်မျိုးနွယ်၏ ကျွန် ဖြစ်ခဲ့ရသည်။ အစွမ်းအထက်ဆုံး ပါရမီရှင်များကို ထိုမျိုးနွယ်က ထိန်းချုပ်ခဲ့ပြီး ထိပ်တန်းကြယ်သခင်အဆင့်မှ အဆင့်မတက်နိုင်စေရန် အကြံပက်စက်ခဲ့ကြသည်။ အတိတ်တွင် ကောင်းကင်သခင်များနှင့် ရွှေနတ်သားမျိုးနွယ်၏ ကျင့်ကြံသူများက တာအိုကို ဆွေးနွေးခဲ့ကြပြီး ရင်းနှီးသူများ ဖြစ်ကြသည်။ အခြားမျိုးနွယ်များက လူသားမျိုးနွယ်ကို အလွန်အထင်သေးသော်လည်း သူတို့က ကောင်းကင်သခင်များကို အလွန်လေးစားကြသည်။ မည်သည့်ကျင့်ကြံသူက မဟာလမ်းစဥ် ကောင်းကင်သခင်အတွက် သင်္ချိုင်းတစ်ခု တည်ဆောက်ပေးခဲ့ကြောင်း မသိရသော်လည်း ရှင်းဟွမ်မျိုးနွယ်က ၎င်းကို ဖျက်ဆီးချင်ခဲ့ပြီး ရွှေနတ်သားမျိုးနွယ်နှင့် အစွမ်းထက်မျိုးနွယ်အချို့က ကာကွယ်ပေးခဲ့ကြသည်။ ၎င်းက လူသားမျိုးနွယ်၏ အောင်မြေဖြစ်သကဲ့သို့ ကောင်းကင်သခင်များ၏ ဂုဏ်သိက္ခာဖြစ်ကာ မျိုးဆက်များအနေဖြင့် အမှတ်ရနေရန် လိုအပ်သည်။ နောက်ဆုံးတွင် လူသားမျိုးနွယ်က ရှင်းဟွမ်၏ အသုံးချခံ ဖြစ်လာခဲ့ပြီး ပိုင်နက်ချဲ့ထွင်ရာ၌ ခိုင်းစေခံခဲ့ရသည်။
ပန်ရိသည် ယဲ့ချန်ကို လေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ပါရမီအရှိဆုံးလူသားမှာ အချိန်လေဟာနယ် အဆင့်ငါးအထိသာ နားလည်ခွင့်ရှိပြီး အဆင့်ခြောက်အထိ နားလည်သူများကို ကောင်းကင်သူတော်မျိုးနွယ်က ထာဝရပြည်ထောင်၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားတတ်သည်။ သူကောင်းပြုရန်ဟု အသံကောင်းဟစ်ထားသော်လည်း လမ်းတစ်ဝက်၌ သုတ်သင်ရန်ဖြစ်ကြောင်းကို ရွှေနတ်သားမျိုးနွယ်နှင့် အခြားမျိုးနွယ်အချို့သာ သိထားကြသည်။ သူ သိထားသော သတင်းအရ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်လာသော ကောင်းကင်သူတော်သုံးယောက် ဆန်းကျယ်စွာ ပျောက်ကွယ်နေသောကြောင့် သတ်ဖြတ်ခံလိုက်ရပုံပေါ်သည်။ ဤအချက်အလက်များကို သူက ဆက်စပ်တွေးတောမိလိုက်သောအခါ လင်လုံသည် ယဲ့ချန်ကို ကြယ်ကြည့်မျှော်စင်သို့ စေလွှတ်လိုက်ခြင်းက မရိုးရှင်းကြောင်း နားလည်လိုက်၏။ သူမက ကြယ်အဖွဲ့အစည်းတစ်ခုလုံးသို့ လူသားမျိုးနွယ်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာကြောင်း သိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိပ်တန်းမဟာမိတ်သည် ကြယ်သခင်များကို ဆန့်ကျင်ရန် ရည်ရွယ်ထားသဖြင့် အနာဂတ်က ခန့်မှန်းမရနိုင်ပေ။
ထိုအချိန်၌ ယဲ့ချန်သည် ကျင့်ကြံနေရင်း ကောင်းကင်မှ အချိန်လေဟာနယ်ချီများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဘက်ပေါင်းစုံမှ စီးဝင်လာကြသည်။ မရေမတွက်နိုင်သော ချီစီးကြောင်းများက စကြဝဠာအတွင်းမှ ဆွဲယူခံလိုက်ရပြီး ဖြည်းဖြည်းချင်း ကြီးမားလာကာ ပင်လယ်အတွင်း စီးဝင်သော မြစ်များသဖွယ် ဒန်တန်အတွင်း အရှိန်ပြင်းစွာ စီးဝင်လာကြ၏။ ၎င်းက သားရဲကြီးတစ်ကောင်သဖွယ် ဝင်ရောက်လာသမျှကို စုပ်ယူနေသောကြောင့် ကြယ်ကြည့်မျှော်စင်ရှိ ချီများ ခြောက်ကပ်ကုန်သည်။ ပန်ရိနှင့် ပန်ယွမ်ဖြစ်စေ၊ ကျိရင်ဖြစ်စေ၊ မီဟောင်နှင့် အပေါင်းအပါများဖြစ်စေ အလန့်တကြားဖြစ်သွားပြီး မည်သို့သော ကျင့်စဥ်မျိုးဖြစ်ကြောင်း အံ့အားသင့်နေကြသည်။
ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ချီများသာမက သူတို့၏ကိုယ်တွင်းမှ ချီများပင် လှုပ်ရှားနေကြပြီး ဆက်လက်ကျင့်ကြံနေလျှင် မတိုးတက်ရုံသာမက အားနည်းသွားနိုင်ချေပင် ရှိသည်။ ဤမျှများပြားသော ပမာဏကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဒန်တန်က အလွန်ကြီးမားနေရမည် ဖြစ်သောကြောင့် လူတိုင်း တုန်လှုပ်နေကြသည်။ ယဲ့ချန်၏ဒန်တန်က ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသော်လည်း စုပ်ယူခံထားရသော ချီများက ပြန်လည်စိမ့်ထွက်မသွားခဲ့ပေ။
"ဘုန်း"
သူ၏ကိုယ်တွင်း၌ ဆန့်ကျင့်ဘက်ချီနှစ်မျိုး ထွက်ပေါ်လာသောကြောင့် အတွင်းကမ္ဘာက ပြိုကျလုနီးပါး ဖြစ်လာသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ အံကြိတ်၍ သည်းခံနေလိုက်၏။ ချီနှစ်မျိုးက အချင်းချင်းဆွဲငင်လိုက် ဆန့်ကျင်လိုက်ဖြင့် ပိုမိုများပြားလာကာ စုပ်ယူနိုင်သော အချိန်လေဟာနယ် ချီပမာဏလည်း တိုးတက်လာခဲ့၏။ အချိန်လေဟာနယ်ချီများအကြားတွင် နောက်ဆုံး၌ အဆင့်ရှစ် နှင့် ကိုးက ဖြစ်ပေါ်လာပြီး အဖြူရောင်နှင့် အနက်ရောင်ဖြစ်ကာ ဧရာမ ယင်ယန်စက်ဝိုင်းတစ်ခုကို ဖန်တီးနေခဲ့သည်။ အဖြူရောင်က အလင်း၊ နွေးထွေးမှုနှင့် ယန်စွမ်းအင်ကို ကိုယ်စားပြု၍ အနက်ရောင်က အမှောင်၊ အေးစက်ခြင်းနှင့် ယင်စွမ်းအင်အား ကိုယ်စားပြုသည်။ ထိုအချိန်၌ အဆင့်ခုနစ်ချီထက် ထိုနှစ်မျိုးက ပို၍မြင့်မြတ်ကြောင်း ယဲ့ချန်က နားလည်သွားခဲ့သည်။ ၎င်းတို့က မူလတရားနှင့် နီးကပ်ကာ ကျန်အချိန်လေဟာနယ်ချီများ မြစ်ဖျားခံရာလည်း ဖြစ်သည်။ ၎င်းတို့ကို ဆင်ခြင်ပြီးနောက် သူ၏ကျင့်ကြံဆင့်က အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကာ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ကိုယ်တွင်း၌ ယင်ယန်စက်ဝိုင်းတစ်ခု လည်ပတ်နေကြောင်း တွေ့လိုက်ရ၏။
စီတုနန်တို့သာ အံ့သြတကြီး ကြည့်နေရုံသာမက မဟာမျိုးနွယ်ကြီးသုံးခုမှ ကျင့်ကြံသူများပင် ယဲ့ချန်ကို အာရုံစိုက်နေကြသည်။
"မင်းနာမည် ပြောပြနိုင်မလား"
ပန်ရိက တစ်လုံးချင်း မေးလိုက်ခြင်းဖြစ်သည်။
"ယဲ့ချန်"
သူက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ကောင်းပြီ။ လူသားမျိုးနွယ်မှာ အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ။ အခွင့်အရေးရှိရင် လက်ရည်ချင်း ဖလှယ်ကြတာပေါ့"
ပန်ရိက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူက ကောင်းကင်ကြယ်သခင်အဆင့် ရောက်နေသော်လည်း တစ်ဖက်က အဆင့်တစ်ဆယ် နတ်အစေခံသာ ဖြစ်သောကြောင့် အချိန်အခါက မသင့်တော်ပေ။
"ကောင်းပါပြီ"
ထိုအချိန်၌ ပန်ရိ၏နောက်တွင် ရှိနေသော ပန်ယွမ်၏ အမြင်သည်လည်း ပြောင်းလဲသွားခဲ့သည်။ ယဲ့ချန်က နတ်အစေခံတစ်ယောက်သာ ဖြစ်သော်လည်း အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထက်တွင် အဆက်မပြတ် လည်ပတ်နေသော စက်ဝိုင်းအကြောင်းလည်း သူ နားမလည်နိုင်ခဲ့ပေ။ သို့သော် ယဲ့ချန်၏ခွန်အားက အံ့သြစရာကောင်းလွန်းပြီး ထူးချွန်၍ ရိုးရှင်းပုံမရသောကြောင့် သူ၏သခင်လေးက နေရာဖယ်ပေးခဲ့ခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ကျန်ကျင့်ကြံသူများကလည်း ယဲ့ချန်၏အမည်ကို မှတ်သားထားလိုက်ကြပြီး သက်ဆိုင်ရာမျိုးနွယ်များသို့ ပြန်ရောက်လျှင် အကြီးအကဲများအနေဖြင့် သူ၏အမည်ကို သိသွားကြပေလိမ့်မည်။
ကျင့်ကြံဆင့် တည်ငြိမ်စေရန်အတွက် ရက်အနည်းငယ် အချိန်ယူပြီးနောက် ယဲ့ချန်သည် အချိန်လေဟာနယ်ချီ ကိုးမျိုးလုံးကို လုံးဝကျွမ်းကျင်သွားခဲ့သည်။ နတ်အစေခံအဆင့်တွင် သူက သာမန်လူများ စိတ်ကူးမရနိုင်လောက်သော အင်အားမျိုးကို ပိုင်ဆိုင်နိုင်ခဲ့၏။ ၎င်းချီများ၏ အားဖြည့်မှုအောက်တွင် ပုံရိပ်ယောင်ပုလဲက တဖြတ်ဖြတ်တောက်ပလာပြီး လရောင်ကဲ့သို့ အဖြူရောင်အလင်းများ လှပစွာ ထွက်ပေါ်လာသည်။ တဖိတ်ဖိတ် လင်းလက်နေသော လရောင်အောက်တွင် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ဖြစ်ပေါ်လာပြီး အလွန်လှပသော မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်။ ထိုမြင်ကွင်းကြောင့် ယဲ့ချန်မှာ မင်သက်သွားပြီး သူ မျှော်လင့်ထားသည့်အတိုင်း နင်အာက ပုံရိပ်ယောင်ပုလဲအတွင်း လိုက်လာခြင်း ဖြစ်သည်။
လက်ရှိ၌ နင်အာသည် အရင်ထက် ပို၍လှပလာပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရေက အပြစ်ကင်းစင်၍ အနက်ရောင်ဆံပင်ရှည်များမှာ ရေတံခွန်ပမာ ဖြာကျနေ၏။ သူမ၏ နားရွက်နှင့် အမြှီးများ ပျောက်ကွယ်သွားသောအခါ တင်းကျပ်သော ဝတ်စုံအောက်တွင် လှပသော ကောက်ကြောင်းများ အထင်းသား ထွက်ပေါ်နေသည်။ သူမက ပြောင်းလဲမှုတစ်မျိုး ကြုံတွေ့ခဲ့ပြီး နတ်သမီးတစ်ပါးနှင့် ဆင်တူနေကာ အင်မော်တယ် အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။ အတိတ်တွင် သူမက အလွန်လှပသော်လည်း ဤသို့သော အရှိန်အဝါမျိုး မပိုင်ဆိုင်ဖူးချေ။
သူမ၏အလှက လူတိုင်းကို အံ့သြမင်သက်စေခဲ့ပြီး စီတုနန်တို့မှာ ယဲ့ချန်၏နောက်တွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည့် အကြောင်းအရင်းကို စဥ်းစားနေမိသည်။ ကမ္ဘာပျက်လောက်အောင် လှသည်ဟူသော စကားကပင် နင်အာ၏အလှကို ချီးကျူးရန် ထိုက်တန်ခြင်း မရှိပေ။ လင်ရွဲ့နှင့် လင်လုံသည် ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် အလှပဂေးများ ဖြစ်သောကြောင့် ရုပ်ရည်အရာတွင် လင်ရွဲ့က အမြဲတမ်း ယုံကြည်မှုရှိသည်။ သို့သော် နင်အာနှင့် ယှဥ်လိုက်သောအခါ သူမ၏ယုံကြည်မှုများ အနည်းငယ် လျော့ကျသွားခဲ့သည်။ သူမ၏အလှက ပြစ်မျိုးမှဲ့မထင် သန့်စင်နေပြီး မြင်လိုက်ရသူတိုင်း၏ စိတ်နှလုံးကို သန့်စင်ပေးနိုင်စွမ်း ရှိလေသည်။
"နင်အာလား"
ယဲ့ချန်သည် မယုံနိုင်ဖြစ်နေသောကြောင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နင်အာ၏ ပြောင်းလဲမှုက ကြီးမားလွန်းသောကြောင့် မွေးရပ်မြေမှ ရှေးဒဏ္ဍာရီတစ်ပုဒ်ကို သတိရမိလိုက်သည်။ လှပသော မြေခွေးဖြူတစ်ကောင်က ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များကို စုပ်ယူကာ နောက်ဆုံးတွင် တာအိုကို ဆင်ခြင်၍ အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့၏။ အတိတ်တွင် နင်အာသည် အလွန်လှပ၍ မရေမတွက်နိုင်သူများကို ဆွဲဆောင်နိုင်ခဲ့သော်လည်း သားရဲမျှသာဖြစ်သည်။ သို့သော် လက်ရှိ နင်အာ၌ နတ်သမီးကဲ့သို့ သန့်စင်အပြစ်ကင်းမှုမျိုး ပိုင်ဆိုင်နေသဖြင့် သူမကို မရေမတွက်နိုင်အောင် မြင်ဖူးသော ယဲ့ချန်ပင် ရင်တဒိန်းဒိန်းခုန်နေခဲ့သည်။
"ညီမက နင်အာမဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ"
နင်အာက ယဲ့ချန်ကို မျက်လုံးတစ်ချက် ဝေ့ကြည့်၍ မေးလိုက်သည်။ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ယဲ့ချန်က ပျော်ရွှင်စွာ ပြုံးလိုက်မိသော်လည်း သူမ၏အလှကြောင့် မင်သက်နေခဲ့သည်။ အမြှီးနှင့် နားရွက်များ ပျောက်ကွယ်သွားသော်လည်း သူမ၏အလှက လျော့နည်းမသွားသည့်အပြင် ပို၍တိုးတက်လာခဲ့သည်။
"နင််အာက ပိုပြီးလှလာတာလား၊ ရုပ်ဆိုးသွားတာလားဟင်"
နင်အာက နှုတ်ခမ်းဆူ၍ မျှော်လင့်တကြီး မေးလိုက်သည်။ အလွန်ချစ်စရာကောင်းသော အမူအရာကြောင့် ယဲ့ချန်က အိပ်မက်မက်နေသကဲ့သို့ ထင်မှတ်နေမိသည်။
"အစ်ကိုကြီး"
အချိန်ကြာမြင့်သည်အထိ အဖြေ ပြန်မကြားရသောကြောင့် နင်အာက နောက်တစ်ကြိမ် မေးလိုက်၏။
"အဟမ်း ဒါပေါ့။ မင်းက ပိုပြီးလှလာတယ်"
ထိုအခါမှ သတိပြန်ဝင်လာသော ယဲ့ချန်က အရှက်ပြေ ချောင်းဟန့်၍ တစ်ချက်ပြုံးလိုက်မိသည်။ နင်အာက တခစ်ခစ် ရယ်မောလိုက်သောအခါ လှပလွန်းသောကြောင့် ရေခဲများ အရည်ပျော်ပြီး ပန်းများပွင့်လင်း၍ လူတိုင်းကို ရင်ခုန်မြန်သွားစေခဲ့လေသည်။