← Chapters

လောကပုံရိပ်ယောင်သားရဲ

Vol. 63 Ch. 875

လောကပုံရိပ်ယောင်သားရဲ

Vol. 63 Ch. 875

ယဲ့ချန် တစ်ယောက်တည်းသာမက အခြားကျင့်ကြံသူများသည်လည်း နင်အာ၏အလှကြောင့် အိပ်မက်အတွင်း မိန်းမောနေကြသည်။ ဒွိလိင်ဖြစ်သော ရေလိပ်ပြာမျိုးနွယ်၌ အလှအပ သတ်မှတ်ချက်များ မရှိသောကြောင့် ကျိရင်က တစ်ချက်သာကြည့်သော်လည်း ရွှေနတ်သားမျိုးနွယ်နှင့် မီးနတ်ဘုရားမျိုးနွယ်ဝင်များမှာ တွေဝေငေးမောနေကြသည်။

"ဒါက ဘယ်နေရာလဲ။ ဘာကြောင့် ရင်းနှီးသလို ခံစားနေရတာလဲ"

နင်အာသည် အကြည့်တိုင်းကို လျစ်လျူရှုထားပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ မျက်ဝန်းများ ရှုပ်ထွေးသွားခဲ့၏။

"နင်အာက ဒီကို ရောက်ဖူးတာလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သောအခါ သူမသည် လေးလေးနက်နက် စဥ်းစားသော်လည်း မည်သည်မှ သတိမရသောကြောင့် ခေါင်းယမ်းပြလာခဲ့သည်။ ဤနေရာက တော်ဝင်သင်္ချိုင်း၏ ကြယ်ကြည့်စင်မြင့် ဖြစ်သောကြောင့် ကောင်းကင်မူလကြယ်၌သာ တစ်ချိန်လုံးရှိနေသော နင်အာက ရောက်ဖူးရန် အကြောင်း မရှိပေ။

"ခန္ဓာကိုယ်က ပြောင်းလဲမှုတွေ ဖြစ်လာပြီး သွေးမျိုးဆက်အတွင်းမှာ လျှို့ဝှက်ကျင့်စဥ်တွေ အများကြီးရှိနေတာကို သိခဲ့ရတယ်။ ဒါတွေက အလွန်အစွမ်းထက်ပြီး အပိုင်းအစတွေအဖြစ် ပြန့်ကြဲနေတဲ့ မှတ်ဉာဏ်တွေလည်း ရှိတယ်။ ဒါပေမယ့် ဒီအရာတွေကို ဘယ်လိုမှဆက်စပ်လို့ မရဘူး"

နင်အာသည် သူမ၏ခန္ဓာကိုယ်၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသော အကြောင်းအရင်းကို သိချင်နေမိသည်။

"မီးတောက်နီ နတ်ဆိုးသန္ဓေသားလိုလား"

"မင်း မမှတ်မိဘူးဆိုရင် မစဥ်းစားနဲ့တော့။ ဒီမှတ်ဉာဏ်တွေ အလိုလိုပေါ်လာတာကို စောင့်ကြတာပေါ့"

ယဲ့ချန်က ဤသို့တွေးမိလိုက်သော်လည်း သူမကို နှစ်သိမ့်လိုက်၏။

"ဟုတ်ကဲ့။ ဒါနဲ့ နင်အာ ခိုးလိုက်လာတာကို အစ်ကိုကြီးက စိတ်မဆိုးဘူးမလား"

သူမက ခေါင်းညိတ်၍ လှပစွာ ပြုံးပြ၍ မေးလိုက်ခြင်းဖြစ်သည်။

"မဆိုးပါဘူးကွာ"

လှပလွန်းသော အပြုံး​ကြောင့် ယဲ့ချန်က စိတ်ဆိုးဒေါသထွက်ရန် မဖြစ်နိုင်ပေ။

"မင်းကို မိတ်ဆက်ပေးရဦးမယ်"

ဤသို့ဖြင့် သူက လင်လုံ၏ တပည့်များနှင့် နင်အာကို မိတ်ဆက်ပေးလိုက်သည်။

"သူတို့ကို ပုံရိပ်ယောင်ပုလဲထဲကနေ မြင်ဖူးထားပါတယ်။ အားလုံးပဲ ငါက နင်အာပါ"

သူမက ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သောအခါ စီတုနန်တို့ကလည်း ပြန်၍မိတ်ဆက်ခဲ့ကြသည်။ နင်အာရှေ့မှောက်တွင် သူတို့က အလိုအလျောက် ကိုယ့်ကိုကိုယ် ထိန်းသိမ်းလိုက်ကြသည်။ သူမက နတ်သမီးပမာ လှပသော​ကြောင့် ကိုယ့်ကိုကိုယ် အရှက်ခွဲမိမည်ကို စိုးရိမ်နေကြသည်။

"အမနင်အာက အရမ်းလှတယ်နော်"

လင်ရွဲ့က ဝိုင်းစက်သော မျက်လုံးများဖြင့် နင်အာကို ကြည့်နေရင်း ချီးကျူးလိုက်သည်။

"ရွဲ့အာကလည်း လှပါတယ်"

နင်အာက တစ်ချက်ပြုံး၍ ပြန်လည်ချီးကျူးလိုက်၏။

"အမြီးဆယ်ချောင်းမြေခွေး ပုံရိပ်​ယောင်လောကသားရဲ"

"ပုံရိပ်ယောင်လောကသားရဲက ဘာလဲ သခင်လေး"

သူမကို စိုက်ကြည့်နေသော ပန်ရိက ခပ်တိုးတိုး ရေရွတ်လိုက်သောအခါ ပန်ယွမ်က စပ်စုလိုက်သည်။

"ကောင်းကင်သားရဲတွေကိုလည်း ရှင်းဟွမ်က ဖန်တီးခဲ့ပြီး အဆင့်သုံးမျိုးနွယ် ဖြစ်တယ်။ အတိတ်တုန်းက သူတို့မှာလည်း အစွမ်းထက်သူတွေ ထွက်ပေါ်လာဖူးပြီး တစ်ယောက်က အမြီးဆယ်ချောင်းမြေခွေး ဖြစ်တယ်။ သူက ပုံရိပ်ယောင်ပညာမှာ တစ်ဖက်ကမ်းခတ်ပြီး လူသားတွေနဲ့ တစ်ဖက်တည်းက တိုက်ခိုက်ပေးခဲ့ကြတယ်။ သူမကို လောကပုံရိပ်ယောင်သားရဲလို့ ခေါ်ပြီး ဝိညာဥ်အသိစိတ်က ကမ္ဘာတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်တဲ့အပြင် ရှင်းဟွမ်အချို့ကိုတောင် ထိန်းချုပ်နိုင်တယ်"

ရွှေနတ်သားမျိုးနွယ်၏ သခင်လေးဖြစ်သော ပန်ရိက စကြဝဠာ၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ များစွာသိထားသည်။

"ရှင်းဟွမ်က သူ မထိန်းချုပ်နိုင်တဲ့ မျိုးနွယ်တွေကို ဘာကြောင့် ဖန်တီးရတာလဲ"

"ဒါက စကြဝဠာရဲ့ သဘာဝဖြစ်တယ်။ တကယ်လို့ သူတို့ကသာ အဆင့်သုံးမျိုးနွယ်တွေကို မဖန်တီးရင် လက်ရှိအခြေအနေကို ရောက်လာမှာ မဟုတ်ဘူး။ နတ်မြေခွေးမျိုးနွယ်မှာ လောကပုံရိပ်ယောင်သားရဲအမွေကို ဆက်ခံနိုင်သူ ထပ်မပေါ်လာတာ နှမြောစရာပဲ"

ပန်ရိ၏အမြင်အရ နင်အာသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်သော လူသားပါရမီရှင်နှင့် အတူရှိနေခြင်းက ထူးဆန်းလှပေသည်။

"ဖြစ်နိုင်တာက ပျောက်ဆုံးနေတဲ့ ကောင်းကင်သခင်သုံးပါးရဲ့ တပည့်တွေ ပြန်လည်ထွက်ပေါ်လာတာလား"

ကောင်းကင်သခင်များက အလွန်အစွမ်းထက်သောကြောင့် ပါရမီရှင်တပည့်များ ရှာဖွေရန်မှာ မခက်ခဲပေ။ သို့သော် သူတို့ကိုယ်တိုင်ပင် လူသားမျိုးနွယ်၏ ကံတရားကို မပြောင်းလဲနိုင်သောကြောင့် ပါရမီရှင်အနည်းငယ် ထွက်ပေါ်လာလျှင်လည်း အကျိုးသက်ရောက်မှု မရှိချေ။ အကယ်၍ သူသာ ယဲ့ချန်က အချိန်လေဟာနယ် အဆင့်ကိုးအထိ နားလည်ထားကြောင်းသိလျှင် အတွေးများ ပြောင်းလဲသွားပေလိမ့်မည်။ နင်အာနှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် ယဲ့ချန်က ဝမ်းသာနေပြီး အမြှီးနှင့် နားရွက်များ ပျောက်ကွယ်သွားသောအခါ ပိုမိုရင့်ကျက်လာပုံပေါ်သည်။ သူကိုယ်တိုင်လည်း ကြီးပြင်းလာပြီး များစွာရင့်ကျက်နေပြီ ဖြစ်သည်။ လင်ရွဲ့သည် နင်အာအကြောင်း စပ်စုနေပြီး မိန်းမလှလေးနှစ်ယောက်က အသံချင်းဆက်သွယ်၍ စကားတွတ်ထိုးနေကြရာ အလှချင်းပြိုင်နေသကဲ့သို့ ထင်မှတ်ရသည်။

ထို့နောက် ယဲ့ချန်သည် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး သွေးနတ်သစ်သီးကို သန့်စင်ရမည့် နည်းလမ်းအား မှတ်တမ်းတင်ထားသည့် စာလိပ်ကို လေ့လာလိုက်၏။ လက်ရှိတွင် သူက နတ်အစေခံ အဆင့်တစ်ဆယ်သို့ ရောက်နေပြီး အချိန်လေဟာနယ် အဆင့်ကိုးအထိ နားလည်ထားသောအခါ သွေးသစ်သီးကို သန့်စင်၍ ကြယ်သခင်အဆင့်တက်ရန် အရာရာ အသင့်ဖြစ်နေခဲ့သည်။ သူ၏ လက်ရှိအခြေအနေဖြင့် ကြယ်သခင်အဆင့် ရောက်သွားလျှင် အထူးတည်ရှိမှုတစ်ခု ဖြစ်လာပြီး အဆင့်နိမ့် ကြယ်သခင်အဆင့်ဖြင့် ကောင်းကင်ကြယ်သခင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။

ကြယ်ကြည့်စင်မြင့်ပေါ်တွင် ရက်အနည်းငယ် နေထိုင်ခဲ့သောကြောင့် ယဲ့ချန်နှင့် ပန်ရိက စကားစမြည် ပြောဖြစ်ခဲ့ကြသည်။

"မင်းရဲ့ပါရမီနဲ့ဆိုရင် လူသားမျိုးနွယ်မှာ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ကျင့်ကြံရေးလမ်းကြောင်းမှာ ပါရမီတစ်ခုတည်း အရေးပါတာ မဟုတ်ဘူး။ မင်းတို့ရဲ့ လူသားရုပ်ခန္ဓာက သိပ်ပျော့လွန်းတယ်"

ပန်ရိက အားနည်းချက်ကို ယဲ့ချန်အား ထောက်ပြလိုက်ခြင်းဖြစ်သည်။ ရုပ်ခွန်အားအရာ၌ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသော ယဲ့ချန်က အချို့အဆင့်တစ် မျိုးနွယ်ဝင်များအောက် မနိမ့်ကျသော်လည်း လျှို့ဝှက်ထားလိုက်၏။

"မင်းတစ်ယောက်တည်းနဲ့တော့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ခက်ခဲတယ်"

ပန်ရိက သက်ပြင်းတစ်ချက် ချလိုက်သည်။ လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ လင်လုံနှင့် ခေါင်းဆောင်များ ကြိုးစားနေသည့် အရာဖြစ်ပြီး အချိန်ကျရောက်လာလျှင် သူက ပါဝင်တိုက်ခိုက်ရန်အတွက် ကျင့်ကြံဆင့်ကို မြှင့်တင်နေခဲ့သည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူတစ်ယောက်ရှိကြောင်း မသိစိတ်မှ ပြောနေသော်လည်း မည်သည့်အချိန် ထွက်ပေါ်လာမည်ဖြစ်ကြောင်း မသိနိုင်ပေ။ ဖြစ်နိုင်သည်မှာ ယုလုနှင့် ချန်းယွမ်တို့ ပြောခဲ့သော နတ်သခင်ဆိုသူ ဖြစ်နိုင်ပြီး အနှေးနှင့် အမြန် တိုက်ခိုက်ရမည်ဟု သူက ခံစားမိနေသည်။ တစ်ဖက်လူက မည်မျှသန်မာကြောင်း မသိရသောအခါ ခွန်အားကို ကြိုးကြိုးစားစား မြှင့်တင်ရန် အားကုန်ထုတ်နေရသည်။

"မင်းက လောကကြီးကို ပြောင်းလဲနိုင်တဲ့ အစွမ်းအစမရှိရင် ဘာကြောင့် အတွေးများနေမှာလဲ"

ယဲ့ချန်က တည်ငြိမ်စွာ ပြုံး၍ တုံ့ပြန်လိုက်သည်။

"မင်းပြောတာလည်း အကျိုးအကြောင်း သင့်ပါတယ်"

ယဲ့ချန်၏စကားကြောင့် ပန်ရိက ခဏတာ မင်သက်သွားသော်လည်း သဘောတူလက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မျိုးနွယ်၏ ကံတရားကို ပြောင်းလဲရန်အတွက် သူ၏ လက်ရှိခွန်အားဖြင့် မစွမ်းဆောင်နိုင်သေးသောအခါ ကျင့်ကြံဆင့် မြှင့်တင်ရန်သာ အာရုံစိုက်ထားရပေလိမ့်မည်။

ယဲ့ချန်က ကြယ်ကြည့်စင်မြင့်တွင် ကျင့်ကြံနေစဥ် အနက်ရောင်ကိုယ်စီ ဝတ်ဆင်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားသော ကြယ်သခင်ခြောက်ယောက်က ပျံသန်းရောက်ရှိလာသည်။

"ဘယ်သူတွေလဲကွ။ ဒီနေရာမှာ ပျံသန်းခွင့်မရှိတာကို မသိဘူးလား"

ပန်ရိက အေးစက်စက် ဟိန်းဟောက်၍ ချက်ချင်းထရပ်လိုက်ကာ လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်သောအခါ ဧရာမ ရွှေရောင်အလင်းကြီး ဖြစ်ပေါ်လာသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ထိုခြောက်ယောက်တွင် ထိပ်တန်းအဆင့် တစ်ယောက်၊ ကောင်းကင်အဆင့် လေးယောက်နှင့် အဆင့်မြင့် ကြယ်သခင်တစ်ယောက်ဖြစ်​ကြောင်း သိလိုက်ရသည်။ အဆင့်မြင့်ကြယ်သခင်၏ အရှိန်အဝါက ရင်းနှီးနေသောကြောင့် သူက အာရုံစိုက်လိုက်သောအခါ ချန်းယွမ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တစ်ဖက်လူက နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးခဲ့ပုံရပြီး မူလထက် ပို၍အရပ်မြင့်နေသည်။ ကြေးခွံနက် ဝိညာဥ်မြွေများက တစ်ကြိမ် ခန္ဓာပြောင်းလဲပြီးလျှင် ဆက်တိုက်ပြောင်းလဲနေရပြီး သို့မဟုတ်ပါက အသက်အားများ ယုတ်လျော့၍ ဝိညာဥ် ပျက်ပြယ်သွားနိုင်သည်။ ချန်းယွမ်သည် မည်သည့်နေရာမှ ရုပ်ခန္ဓာများ ရနေကြောင်း မသိရသော်လည်း နတ်သခင်နှင့် ပတ်သက်နေပေလိမ့်မည်။ ချန်းယွမ် ပါဝင်သောကြောင့် ထိုဝတ်စုံနက်များမှာ သူ့ကို ပစ်မှတ်ထားရောက်လာကြောင်း သိသာနေသည်။

"ရွှေနတ်သားမျိုးနွယ် မဆိုင်တာကို ဝင်မရှုပ်နဲ့၊ ဘေးဖယ်စမ်း"

ထိပ်တန်းအဆင့် ကြယ်သခင်က အေးစက်စက်ပြော၍ ပန်ရိ၏ လက်သီးကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ပန်ရိက ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသဖြင့် မျက်နှာပျက်သွားခဲ့သည်။ သူက ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်ဖြစ်ပြီး သန်မာသော ရွှေနတ်သားမျိုးနွယ် ဖြစ်သော်လည်း သာမန်ထိပ်တန်းကြယ်သခင်များအောက် မနိမ့်ကျပေ။ သို့သော် တစ်ဖက်လူက သူ၏ခွန်အားကို ထိမ်ချန်ထားသဖြင့် ပို၍သန်မာကြောင်း သိနိုင်သည်။ ရွှေနတ်သားမျိုးနွယ်၏ သခင်လေးကို သတ်ဖြတ်ခြင်းက အလွန်ပြင်းထန်သောကြောင့် ဝတ်စုံနက်က ပန်ရိကို တိုက်ခိုက်ပြီးသောအခါ လူအုပ်ကြားရှိ ယဲ့ချန်ထံ ဦးတည်လိုက်သည်။

"ထိပ်တန်းအဆင့်ကြယ်သခင်"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ကျင့်ကြံဆင့်က ရန်သူကို မယှဥ်နိုင်သော်လည်း သတ္တိရှိရှိ ရင်ဆိုင်ရန် ကောင်းကင်ဓားပျံများ ဖန်တီးလိုက်သည်။

"ညီလေးယဲ့ ထွက်သွား"

ထိုအချိန်တွင် စီတုနန်က လျှပ်တပြက် ရောက်ရှိလာပြီး ဝတ်စုံနက်ကို ကြားဖြတ်တိုက်ခိုက်လိုက်၏။ တန်ပြန်အားက ပတ်ဝန်းကျင်သို့ ပြန့်ထွက်သွားကာ အချိန်လေဟာနယ်ချီများ ပေါက်ကွဲကုန်သည်။ လူသားများအကြားတွင် သူက အသက်လေးရာနှင့် ထိပ်တန်းကြယ်သခင်အဆင့် ရောက်ခဲ့သည့် အထူးပါရမီရှင်ဖြစ်ကာ လင်လုံ၏တပည့် ဖြစ်သောကြောင့် ကောင်းကင်တာအိုစည်းကျင့်စဥ်ကို လေ့ကျင့်ထားသည်။ သူက တာအိုစည်းများ ဆက်တိုက်ဖန်တီး၍ ဝတ်စုံနက်ကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။ ထိပ်တန်းမဟာမိတ်မှ ကျန်ပါရမီရှင်များကလည်း ရှေ့ထွက်လာကြသဖြင့် ဝတ်ရုံနက်များနှင့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

"သေစမ်း"

ချန်းယွမ်က ဒေါသတကြီး အော်ဟစ်၍ အချိန်လေဟာနယ်ချီများ ဖန်တီးကာ ယဲ့ချန်ကို ဖိနှိပ်လိုက်လေသည်။

All Chapters