← Chapters

တော်ဝင်သင်္ချိုင်းအတွင်း ဝင်ရောက်ခြင်း

Vol. 63 Ch. 876

တော်ဝင်သင်္ချိုင်းအတွင်း ဝင်ရောက်ခြင်း

Vol. 63 Ch. 876

"ဘုန်း"

ချန်းယွမ်က တိုက်ခိုက်လာသောအခါ ယဲ့ချန်၏မျက်လုံးများ အေးစက်သွားကာ ခြေထောက်အောက်၌ ယင်ယန် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာ၍ အချိန်လေဟာနယ်ချီ ခုနစ်ရောင် မြင့်တက်လာခဲ့သည်။ ပြင်းထန်စွာ ထိမှန်သွားသော ချီများ​ကြောင့် ၎င်းစက်ဝိုင်းက လှိုင်းထသွားသော်လည်း ခန္ဓာကိုယ်က တစ်ချက်ပင် ယိမ်းယိုင်ခြင်း မရှိပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်က နတ်အစေခံအဆင့် ဖြစ်နေတာတောင် ကြယ်သခင်အဆင့်မြင့်ရဲ့ ခွန်အားကို ဘယ်လိုလုပ် ခုခံနိုင်နေတာလဲ။ ဒီကောင်က စွမ်းအားရှင်ရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်းကို ရထားတဲ့ ရှောင်လင်းကိုတောင် သတ်နိုင်ခဲ့မှတော့ အစွမ်းအစရှိတာ မဆန်းပါဘူး။ ဒါပေမယ့် ငါက ကြိုတင်ပြင်ဆင်လာခဲ့တယ်"

လေထဲတွင်ရှိနေသော ချန်းယွမ်က မျက်လုံးပြူးသွားသော်လည်း အေးစက်စက် နှာခေါင်းရှုံ့၍ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အချင်းဝက် မီတာထောင်ချီရှိသော ဧရာမဓားအစီအရင်ကြီးတစ်ခု ထွက်ပေါ်လာကာ သောင်းချီ၍ မီးများစွဲလောင်နေသော ဓားရှည်များက ယဲ့ချန်ထံ တဖွဲဖွဲ ကျဆင်းလာသည်။

"ကြေးခွံနက်မြွေမျိုးနွယ်ရဲ့ မီးဓားအစီအရင်ကို ဘယ်လိုခုခံမလဲ ကြည့်ရအောင်"

သူ၏မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအစီအရင်ကို ခုခံရန် မလွယ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ သူက မျက်မှောင်ကြုတ်၍ အခြေအနေကို အကဲခတ်လိုက်သောအခါ ဂိုဏ်းတူမောင်နှမများမှာလည်း ဝတ်စုံနက်များနှင့် တိုက်ခိုက်ရာ၌ အောက်စည်းသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

"အစ်ကိုစီတု ရွဲ့အာ နင်အာ သွားကြစို့"

ဆက်လက်တိုက်ခိုက်နေလျှင် ဒုက္ခရောက်သွားနိုင်သောကြောင့် သူက အားလုံးထံ အသံချင်း ဆက်သွယ်လိုက်သည်။ နင်အာ၏ ကြည်လင်သော မျက်လုံးများ တောက်ပလာကာ ကမ္ဘာကြီးတစ်ခုလုံး ဝေဝါးသွား၍ ပရမ်းပတာ ဖြစ်သွားခဲ့သည်။ သူမက နတ်အစေခံ အဆင့်တစ်ဆယ်သာဖြစ်ပြီး အချိန်လေဟာနယ်အဆင့်များကို နားမလည်သေးသော်လည်း ပုံရိပ်ယောင်ပညာ၌ ကျင့်ကြံဆင့်ထက် များစွာသာလွန်နေသည်။ ဝတ်ရုံနက်များက ခဏတာ မင်သက်နေချိန်၌ သူတို့အားလုံးက လေပေါ်သို့ ခုန်တက်၍ ထွက်ပြေးနိုင်ခဲ့ကြသည်။

"လွယ်လွယ်နဲ့ ထွက်ပြေးနိုင်မယ် ထင်နေတာလား"

ဝတ်စုံနက်ခေါင်းဆောင်က ပုံရိပ်ယောင်အတွင်းမှ ပထမဆုံး လွတ်မြောက်လာပြီး နောက်လိုက်များကို ဦးဆောင်ကာ ချက်ချင်းလိုက်ဖမ်းခဲ့ကြသည်။ ထိုအချိန်၌ ရွှေရောင်ပုံရိပ်များက တောင်ပံကိုယ်စီဖြင့် ပျံသန်းရောက်ရှိလာကာ သူတို့၏လမ်း၌ ပိတ်ဆို့နေခဲ့သည်။ ကြယ်ကြည့်စင်မြင့်၏ လှေကားထစ်များတွင် ကျင့်ကြံနေသော ရွှေနတ်သားမျိုးနွယ်ဝင်များကို ပန်ရိက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ရွှေနတ်သားမျိုးနွယ် မင်းတို့က ဘာလုပ်ချင်နေတာလဲ"

ဝတ်စုံနက်ခေါင်းဆောင်က ပန်ရိကို ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

"မင်းတို့က ကြယ်ကြည့်စင်မြင့်ပေါ်မှာ တိုက်ခိုက်ပြီး ဘိုးဘေးတွေကို မရိုမသေလုပ်ခဲ့တယ်။ ငါတို့က ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး"

ပန်ရိက တစ်ချက်ပြုံး၍ တုံ့ပြန်လိုက်သည်။

"သေချင်နေတာလား"

ဤသိုဖြင့် ရွှေနတ်သားမျိုးနွယ်ဝင်များနှင့် ဝတ်စုံနက်များကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာကာ ပေါက်ကွဲသံများ တဘုန်းဘုန်း မြည်ဟီးနေသည်။ သို့သော် ဝတ်စုံနက်များက တစ်ဖက်လူကို မသတ်ဝံ့သဖြင့် နောက်ဆုတ်သွားစေရန်သာ ဖိအားပေးတိုက်ခိုက်နေကြသည်။ ပန်ရိက ဝင်ရောက်ကူညီမည်ဟု ယဲ့ချန်က ထင်မထားပေ။ သူတို့က တစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း တစ်ဖက်လူက မိတ်ဆွေဖြစ်ထိုက်သူတစ်ဦးပင်။

စီတုနန်သည် မိုးတိမ်နတ်လှေကို ထုတ်ယူအသုံးပြုချင်သော်လည်း အခြေအနေမပေးပေ။ သူတို့၏ လက်ရှိတည်နေရာက တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက်နှင့် အလွန်တရာ နီးကပ်နေသောကြောင့်ပင်။ ထိုနေရာ၌ အာကာသထောင်ချောက်များရှိပြီး အတွင်းသို့ ရောက်သွားလျှင် သိုလှောင်ရတနာများကိုပင် အသုံးပြုမရသောကြောင့် သူက စိုးရိမ်နေသည်။ တစ်ဖက်လူ၌လည်း ယာဥ်များ ရှိနေနိုင်သည့်အပြင် စကြဝဠာအတွင်း ထွက်ပြေးလျှင်လည်း ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသူများ ရှိနိုင်သည်။ အကယ်၍ သူတို့သာ မိုးတိမ်နတ်လှေဖြင့် စကြဝဠာအတွင်း ထွက်ပြေးလျှင် ပို၍ပင်အန္တရာယ်များနေသည်။ ဝတ်စုံနက်များက ပို၍သန်မာသောကြောင့် ရွှေနတ်သားမျိုးနွယ်ဝင်များကို ကျော်ဖြတ်ကာ သူတို့ထံ လိုက်လာနေကြပြီဖြစ်သည်။

"သခင်လေး ကျုပ်တို့ လိုက်သွားပြီး ကူညီပေးရဦးမလား"

ပန်ယွမ်က အဝေးသို့ရောက်သွားသော ဝတ်ရုံနက်များနှင့် လူသားများကို တစ်ချက်ကြည့်ကာ ပန်ရိထံ အမိန့်တောင်းလိုက်သည်။

"ငါတို့က တတ်နိုင်သလောက် ကူညီပြီးပြီ။ သူတို့ကိုယ်သူတို့ အားကိုးပါစေ"

ပန်ရိက ခေါင်းယမ်း၍ ကျင့်ကြံရန်အတွက် ကြယ်ကြည့်စင်မြင့်ထံ ပြန်သွားခဲ့လေသည်။

ဝတ်စုံနက်များက အလွန်မြန်သောကြောင့် ယဲ့ချန်တို့ထံ တဖြည်းဖြည်း လိုက်မီလာခဲ့သည်။ ရှေ့တည့်တည့်တွင် တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက်ရှိနေပြီး စကြဝဠာအတွင်းမှ ကျင့်ကြံသူများက အချိန်တိုင်း ဝင်ရောက်နေကြသည်။ သင်္ချိုင်း၏အတွင်းပိုင်းမှ ခေါ်သံတစ်ခုကို ယဲ့ချန်က ကြားနေရပြီး ထိုနေရာ၌ သွေးနီရောင်မြူများ ထူထပ်စွာ ရှိနေသည်။

"သွားကြစို့။ မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်းထဲကို ဝင်ကြမယ်"

လိုက်မီလာတော့မည့် ရန်သူများကြောင့် သူက ဆုံးဖြတ်ချက်တစ်ခုကို ရဲတင်းစွာ ချလိုက်သည်။

"ဒါပေမယ့် မင်းတို့အများစုက နတ်အစေခံအဆင့်ပဲ ရှိသေးတာလေ။ သင်္ချိုင်းထဲကို ဝင်သွားရင် အန္တရာယ်များလွန်းတယ်"

စီတုနန်က စိုးရိမ်တကြီး ပြောလိုက်သည်။

"ကျုပ်တို့မှာ ရွေးချယ်စရာ မရှိဘူး"

ယဲ့ချန်က ရှေ့ဆုံးမှဦးဆောင်ကာ ဝင်ပေါက်ထံ ပျံသန်းသွားသောကြောင့် လူတိုင်း လိုက်ပါသွားသောအခါ စီတုနန်သည် ခဏတာစဥ်းစား၍ နောက်ဆုံးခံစစ်အဖြစ် ကာကွယ်ရင်း လိုက်သွားခဲ့သည်။ ဝတ်စုံနက်များက တုံ့ဆိုင်းနေသော်လည်း ပစ်မှတ်ကို အလွတ်မပေးလိုသောကြောင့် တော်ဝင်သင်္ချိုင်းအတွင်း လိုက်ပါလာကြသည်။ ဝင်ပေါက်ကို ကျော်ဖြတ်လိုက်သောအခါ အခြားလောကတစ်ခုသို့ ရောက်သွားသကဲ့သို့ ထင်မှတ်ရပြီး အချိန်လေဟာနယ်ချီများက သိပ်သည်းစွာဖြင့် ကောင်းကင်တွင် ရောင်စုံအလင်းများပမာ တောက်ပနေကြသည်။ ကောင်းကင်သို့ မော့ကြည့်လိုက်လျှင် နတ်ဘုံနှင့် ဆင်တူသော်လည်း မြေပြင်အခြေအနေက ဆန့်ကျင်ဘက်ဖြစ်ကာ သွေးမြူခိုးများအကြား၌ အမည်မသိသတ္တဝါများကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။ ရှေးဟောင်းကျောက်စာကြီးများက ထိုနေရာ၌ ရှေးဟောင်းခေတ်၏ အောင်ပွဲကို ဖော်ကျူးနေသော အစောင့်အကြပ်များသဖွယ် မားမားမတ်မတ် ရှိနေကြသည်။

ကောင်းကင်သခင်၏ သင်္ချိုင်းအတွင်း ဧရာမနန်းတော်ကြီးများ ရှိသည်ဟု ကောလဟာလများရှိပြီး ကျောက်စာများကပင် မြင့်မြတ်နန်းတော်၏ နန်းဆောင်များထက် ပို၍ကြီးမားနေသည်။ ကောင်းကင်သခင်အတွက် ဤသင်္ချိုင်းကို စကြဝဠာအတွင်း တည်ဆောက်ပေးခဲ့သူအကြောင်း မည်သူမှ မသိကြပေ။

"လူတိုင်း ဂရုစိုက်ကြပါ"

နောက်မဆုတ်တမ်းလိုက်ပါလာသော ဝတ်စုံနက်များကြောင့် ယဲ့ချန်က သတိပေးလိုက်ပြီး မြူခိုးများအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လိုက်ကြ၏။ ၎င်းတို့က မည်သည့်အရာများဖြစ်ကြောင်း မသိရသော်လည်း ဝိညာဥ်အသိစိတ်ပင် မထိုးဖောက်နိုင်ပေ။ မြူခိုးများအတွင်း ရောက်သွားသောကြောင့် သူတို့၏တည်နေရာကို ဝတ်စုံနက်များက အာရုံမခံနိုင်တော့ပေ။

"ချန်းယွမ် ပစ်မှတ်ရဲ့ အရှိန်အဝါကို တွေ့ပြီလား"

ခေါင်းဆောင်ဖြစ်သူက ချန်းယွမ်ကို အေးစက်စက် မေးလိုက်ခြင်းဖြစ်သည်။ ချန်းယွမ်သည် အရှိန်အဝါကို အာရုံခံရာ၌ ကျွမ်းကျင်ပြီး အပူချိန်ကိုပင် အခြေခံပြီး ရှာဖွေနိုင်သည်။ သူနှင့် ယဲ့ချန်က ရန်သူများဖြစ်သောကြောင့် အရှိန်အဝါကို အလွန်ရင်းနှီးသဖြင့် ဤစစ်ဆင်ရေးတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူ၏ကျင့်ကြံဆင့်ဖြင့် လိုက်ပါရန် အဆင့်မမီချေ။

"ဒီနေရာမှာ အရှိန်အဝါက ပရမ်းပတာဖြစ်ပြီး ရှုပ်ထွေးလွန်းတယ်။ ပစ်မှတ်ကို အာရုံခံလို့ မရဘူး"

ချန်းယွမ်က ခေါင်းယမ်းပြလိုက်ပြီး ဝတ်စုံနက်များသည် ဆက်တိုက်ရှာဖွေခဲ့သော်လည်း ပစ်မှတ်ကို လုံးဝမတွေ့ပေ။ သွေးမြူများအတွင်း ရောက်သွားလျှင် ဝိညာဥ်အသိစိတ်ကို အသုံးမပြုနိုင်ဘဲ ရုတ်တရက် အမြင်ကန်းသွားပေလိမ့်မည်။ သာမန်လူတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင် တစ်မီတာနှစ်မီတာကိုသာ မြင်တွေ့နိုင်သည်။

အခြားလူများကို မရှာနိုင်သော်လည်း ဝိညာဥ်အသိစိတ်ချင်း ဆက်နွယ်နေသည့် နင်အာကိုမူ ယဲ့ချန်က ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။

"အစ်ကိုကြီး"

နင်အာကလည်း သူ့အနားသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ယဲ့ချန်၏ တည်နေရာကို အာရုံခံနိုင်ပုံရသည်။

"အခြားလူတွေကို တွေ့မိသေးလား"

ယဲ့ချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူကိုမှ မတွေ့ချေ။

"ညီမလည်း မသိဘူး။ မြူခိုးတွေထဲ ရောက်ရောက်ချင်း အားလုံး ပျောက်ကွယ်သွားတယ်"

နင်အာက ခေါင်းယမ်းပြလိုက်ပြီး မြူခိုးများအတွင်း ရောက်ရောက်ချင်း စိုးရိမ်မိသော်လည်း ယဲ့ချန်ကို တွေ့ရသောကြောင့် ပြန်လည်တည်ငြိမ်သွားမိသည်။

"အခြားလူတွေကို လိုက်ရှာရအောင်"

အကယ်၍ စီတုနန်တို့သာ လူကွဲသွားပြီး ဝတ်စုံနက်များနှင့် ရင်ဆိုင်တွေ့နေလျှင် အသတ်ခံရရန် သေချာနေသောကြောင့် ယဲ့ချန်က စိုးရိမ်နေသည်။

"အစ်ကိုကြီး အများကြီး မစိုးရိမ်ပါနဲ့။ မြူခိုးတွေကြောင့် ညီမတို့လူကွဲသွားရင်တောင် ရန်သူတွေလည်း ရှာမတွေ့လောက်ပါဘူး။ ဒီကိစ္စက ထင်သလောက် မဆိုးပါဘူး"

နင်အာက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"ဒီလိုပဲမျှော်လင့်ရတာပေါ့။ ဒါပေမယ့် မြူခိုးတွေထဲမှာ ဝတ်စုံနက်တွေအပြင် အမည်မသိအရာတွေလည်း ရှိနေတယ်။ သေချာပေါက် သတိထားပါ"

မြူခိုးအတွင်း အချိန်ကြာမြင့်စွာ ရှာနေသော်လည်း ယဲ့ချန်နှင့် နင်အာက အခြားလူများ၏ သဲလွန်စကိုပင် မတွေ့ခဲ့ချေ။ ဝိညာဥ်အသိစိတ်ကို အသုံးမပြုနိုင်သောကြောင့် မည်သည့်နေရာသို့ ရောက်နေကြောင်းပင် မသိချေ။ အော်ဟစ်လိုက်လျှင်လည်း ဝတ်စုံနက်များ ကြားသွားမည်ကို စိုးရွံ့သောကြောင့် မဖြစ်ပေ။ မည်သည့်အရပ်မျက်နှာသို့ ဦးတည်နေကြောင်း မသိရသဖြင့် သူတို့က အကျပ်ရိုက်နေစဥ် အဝေးမှ တိုက်ခိုက်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ အခြားလူများကို ရှာရင်းရှာရင်းဖြင့် သူတို့က တော်ဝင်သင်္ချိုင်း၏ သစ်တောကြီးအတွင်း ချင်းနင်းဝင်ရောက်သွားခဲ့မိသည်။ ထိုနေရာ၏ အတွင်းပိုင်းမှ တစ်စုံတစ်ခုက ခေါ်ဆောင်နေကြောင်း ယဲ့ချန်က ခံစားနေရသဖြင့် မည်သူ့ကိုမှ ရှာမတွေ့သောအခါ စိတ်စေရာအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

အချိန်တစ်ခုကြာအောင် ခရီးသွားပြီးနောက် ယဲ့ချန်နှင့် နင်အာသည် ကျောက်စာကြီးတစ်ချပ်ထံ ရောက်ရှိလာကြသည်။ ၎င်းက ကြီးမား၍ ရိုးရှင်းသော်လည်း ဆန်းကျယ်ကာ ရှုပ်ထွေးသော အမည်မသိအက္ခရာများကို ထွင်းထုထားသည်။

"ဟမ်"

ယဲ့ချန်သည် ကျောက်စာ၏ ထောင့်တစ်နေရာရှိ သင်္ကေတတစ်ခုကို မြင်ဖူးကြောင်း သတိထားမိလိုက်သည်။ သူက ခဏတာစဥ်းစား၍ မျက်ကန်းကြီး၏ကိုယ်ပေါ်ရှိ ဆေးမင်များနှင့် ဆင်တူကြောင်း သိသွားခဲ့သည်။ မျက်ကန်းကြီး၏ ဇစ်မြစ်က ထူးဆန်းပြီး သူ့ကို တော်ဝင်သင်္ချိုင်းသို့သွားရန် တိုက်တွန်းခဲ့သူ ဖြစ်သည်။ ကျောက်စာပေါ်ရှိ အမှတ်အသားတစ်ခုက မျက်ကန်းကြီးနှင့် သက်ဆိုင်နေသော ထိုလူ၏ရည်ရွယ်ချက်ကို ယဲ့ချန်က စိတ်ထဲတွင် မေးခွန်းထုတ်နေမိလေသည်။

All Chapters