ဒန်တန်၏ အတွင်းလောက
Vol. 63 Ch. 878
ယဲ့ချန်သည် အိပ်မောကျနေသော အရှိန်အဝါအကြောင်း မသိသဖြင့် ရင်ထိတ်သွားခဲ့သည်။ အခြေအနေက ပို၍ရှုပ်ထွေးလာပြီး မျက်ကန်းကြီး၏ ရည်ရွယ်ချက်က ခန့်မှန်းရခက်ခဲလာသည်။ သို့သော်လည်း ဤနေရာ၌ ထွက်ပေါက်မရှိသောကြောင့် ဂိတ်တံခါးအတွင်း မဝင်ရောက်နိုင်လျှင် အပြင်သို့ ထွက်နိုင်မည် မဟုတ်ပေ။ အချိန်လေဟာနယ်ချီများက သိပ်သည်းနေသောကြောင့် တံခါးဖွင့်ရန် အလျင်မလိုသော ယဲ့ချန်က တင်ပျဥ်ခွေထိုင်ချ၍ အန္တရာယ်နှင့် အမည်မသိအရာများ ပြည့်နှက်နေသော တော်ဝင်သင်္ချိုင်းတွင် ခွန်အားကို အရင်ဆုံး မြှင့်တင်ချင်ခဲ့သည်။ သူက ထူးဆန်းသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည့် သွေးနတ်သစ်သီးကို ထုတ်ယူလိုက်ပြီး တစ်ချက်တည်း မျိုချလိုက်သည်။ ၎င်းက ပါးစပ်အတွင်း အရည်ပျော်သွားကာ အစာအိမ်ထံ စီးဝင်သွား၍ တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များ ပွင့်သွားသကဲ့သို့ ထင်မှတ်ရသည်။ ပတ်ဝန်းကျင်မှ ချီများက သူ့ထံ စီးဝင်လာကြပြီး အရောင်ခုနစ်ရောင်အဖြစ် အလိုအလျောက် ပြောင်းလဲသွားကြသည်။ ချီခုနစ်ရောင်ကြားတွင် အဖြူနှင့် အနက် ချီနှစ်မျိုး ပါဝင်နေသော်လည်း ကောင်းစွာပုန်းကွယ်နေကြသဖြင့် သာမန်လူများ မြင်နိုင်စွမ်း မရှိပေ။
အချိန်လေဟာနယ် ချီကိုးမျိုးက ယဲ့ချန်၏ဒန်တန်အတွင်း စီးဝင်လာကာ သွေးနတ်သစ်သီး၏ အာနိသင်က ခြေလက်များနှင့် သွေးကြောများသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းက တော်ဝင်သင်္ချိုင်း၏ အပြင်ပိုင်းတွင် ပေါက်ရောက်ပြီး မဟာလမ်းစဥ် ကောင်းကင်သခင်၏သွေးများမှ မွေးဖွားလာခြင်းဖြစ်ကာ နတ်အစေခံများကို ရှင်းဟွမ်၏ အကူအညီမလိုအပ်ဘဲ ကြယ်သခင်အဆင့်သို့ ရောက်အောင် လုပ်ပေးနိုင်သည်။ မျက်ကန်းကြီး၏အဆိုအရ ကောင်းကင်သခင်သည်လည်း အသက်ရှင်စဥ်က သုညပိုင်ရှင်တစ်ယောက် ဖြစ်သောကြောင့် သူ၏သွေးချီက တစ်နည်းတဖုံ ထူးခြားပေလိမ့်မည်။
နတ်အစေခံတစ်ယောက်က ကြယ်သခင် အဆင့်တက်ရန်အတွက် သူ နားလည်ထားသော အချိန်လေဟာနယ်ချီများကို ရုပ်ခန္ဓာနှင့် ပေါင်းစပ်ရသည်။ အဆင့်နိမ့်ကြယ်သခင့် အဆင့်ရောက်ရန် ၎င်းတို့ကို သန့်စင်ရသော ဖြစ်စဥ်ကို မူလပြန်ခြင်းဟုခေါ်ကာ စကြဝဠာ၏စွမ်းအားကို ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ လူသားရုပ်ခန္ဓာက မီးဖိုတစ်ခုနှင့် ဆင်တူပြီး ချီများကို သန့်စင်ကာ စုပ်ယူပေါင်းစပ်ရသည်။ ဤဖြစ်စဥ်က ရိုးရှင်းပုံရသော်လည်း အချိန်လေဟာနယ်ချီများအကြားတွင် ပြင်းထန်သော တွန်းကန်အားရှိသောကြောင့် အလွန်တရာခက်ခဲသည်။ ကျင့်ကြံသူတစ်ယောက်က သတိမထားလျှင် သန့်စင်နေရင်း ခန္ဓာကိုယ်ပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။
သို့သော် ယဲ့ချန်သည် သာမန်လူများ စိတ်ကူးမရလောက်အောင် အစွမ်းထက်သော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် စိုးရိမ်စရာ မလိုအပ်ပေ။ သူက အချိန်လေဟာနယ်ချီများကို နားလည်သည်နှင့်တပြိုင်နက် ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ပြီးဖြစ်သည်။ သူ၏ မူလပြန်ခြင်းက အခြားကျင့်ကြံသူများထက် များစွာပို၍လွယ်ကူသည်။ ထို့အပြင် သွေးနတ်သစ်သီး၏ အစွမ်းကြောင့် ချီကိုးမျိုးက အလင်းတန်းများအဖြစ် ပေါင်းစပ်သွားကာ ရုပ်ခန္ဓာကို အားဖြည့်ပေးနေသောကြောင့် တဖိတ်ဖိတ်တောက်ပပြီး သလင်းကျောက်ပမာ ကြည်လင်လာခဲ့သည်။ ကြယ်သခင်အဆင့်တက်ရန် အခက်အခဲက သူ့အတွက် ပြောပလောက်သော ပြဿနာမဟုတ်ပေ။ ဒန်တန်အတွင်း လောက၌ အချိန်လေဟာနယ်ရုန်း အရေအတွက် တိုးပွားလာပြီး အရွယ်အစား ကြီးမားလာသည်။ ကြယ်ကိုးလုံး၏ အလယ်ရှိ ပုံရိပ်ငယ်တွင် ခုနစ်ရောင်ခြယ်ချီများ ရစ်ပတ်နေပြီး ခြေထောက်အောက်၌ အဖြူနှင့် အနက် ရောစွက်နေသော ယင်ယန်စက်ဝိုင်းတစ်ခု ဖြစ်တည်လျက် ရှိ၏။ ၎င်းက ယဲ့ချန်၏ နတ်သန္ဓေဖြစ်ကာ ထောင်သောင်းချီသော အထူးပါရမီရှင်အရေအတွက်၌ အနည်းငယ်သာ ဖန်တီးနိုင်စွမ်း ရှိသည်။
"ဘုန်း"
ဒန်တန်က ပေါက်ကွဲသွားသကဲ့သို့ ထင်မှတ်ရပြီး အတွင်းလောကသည် နောက်တစ်ကြိမ် ကျယ်ပြန့်လာသည်။ ၎င်းက လုံးဝထူးခြားသော လောကတစ်ခုဖြစ်ပြီး အလယ်၌ ပြိုင်ဘက်ကင်းကြီးမားသော ကြယ်ကြီးကိုးလုံး လည်ပတ်နေကြသည်။ ၎င်းတို့၏အလယ်တွင် အစွမ်းထက်သော အရာများ မွေးဖွားနေပုံရပြီး မျက်နှာပြင်ထက်ရှိ ဝိညာဥ်ကောင်များ၏ အသိဉာဏ်ကလည်း တိုးတက်လာ၍ ဆက်တိုက်ကျင့်ကြံရင်း အချိန်လေဟာနယ်ချီများကို စုပ်ယူနေကြသည်။ အဆုံးမရှိသော စကြဝဠာအတွင်း သေးငယ်သော ကြယ်များပင် ဖြစ်ပေါ်လာကာ ၎င်းတို့က ဆက်တိုက်ကြီးထွားလာနေသဖြင့် ယဲ့ချန်၏အမြင်၌ ဒန်တန်လောကသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကဲ့သို့ ကြီးမားလာနေကြောင်း နားလည်လိုက်သည်။
သူက အတွေးတစ်ချက်ဖြင့် မိုးကြိုးလက်စွပ်ကို အတွင်းလောကထံ ပို့ဆောင်လိုက်သောအခါ အမှန်တကယ် ရောက်ရှိသွားသောကြောင့် အစစ်အမှန် လောကတစ်ခု ဖြစ်နေခဲ့သည်။ အပြင်လောကမှ အရာများကို ၎င်း၌ သိမ်းဆည်းထားနိုင်ပြီး မိုးကြိုးလက်စွပ်အတွင်းမှ ကောင်းကင်နတ်လှေအချို့ပင် ထွက်ပေါ်လာခဲ့သည်။ ဤလောက၌ ယဲ့ချန်က အကြီးမြတ်ဆုံးသခင်ဖြစ်ကာ အရာရာကို ထိန်းချုပ်နိုင်စွမ်းရှိပြီး သိုလှောင်ရတနာများကိုပင် မလိုအပ်တော့ချေ။ သူ၏အတွေးတစ်ချက်ဖြင့် ရတနာများကို ဤနေရာ၌ သိမ်းဆည်းနိုင်ပြီး သက်ရှိအချို့ကိုပင် ထည့်သွင်းနိုင်ချေရှိသည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်သည် ဤသို့သော လောကတစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်သောကြောင့် အစွမ်းက အံ့မခန်းပင်။
ယဲ့ချန် ကျင့်ကြံနေစဥ် နင်အာနှင့် လင်ရွဲ့က စောင့်ကြပ်ပေးနေသဖြင့် သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်အရှိန်အဝါများ အချိန်တိုင်း ထွက်ပေါ်လာသည်ကို အာရုံခံမိခဲ့သည်။ ၎င်းက ပြင်းထန်လွန်းပြီး မီးတောက်ပေါက်ကွဲနေသကဲ့သို့ ထင်မှတ်ရကာ သူတို့ကိုပင် အနားမကပ်နိုင်စေရန် တားဆီးထားသည်။ သွေးနတ်သစ်သီးကို သန့်စင်ပြီး အဆင့်နိမ့်ကြယ်သခင်ဖြစ်သွားလျှင် ယဲ့ချန် မည်မျှအစွမ်းထက်လာမည်ကို သူတို့က သိချင်နေကြ၏။ ယဲ့ချန်၏ကျင့်ကြံခြင်းက သာမန်လူများနှင့် ခြားနားကြောင်း သိထားသော နင်အာက စိုးရိမ်စိတ်များနေသည်။ သူ၏ရုပ်ခန္ဓာမှ အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး အင်မော်တယ်ပမာ အလင်းရောင်များ တောက်ပ၍ လေထဲတွင် မျောလွင့်နေသည်။
ယဲ့ချန်သည် သွေးနတ်သစ်သီးကို အပြည့်အဝသန့်စင်လိုက်သောအခါ ၎င်း၏အာနိသင်က နည်းပါးသော်လည်း သူ၏ရုပ်ခန္ဓာမှ စွမ်းအင်များဖွင့်ထုတ်နိုင်ရန် ကြားခံတစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ အချိန်လေဟာနယ် ချီကိုးမျိုး၏ တိုက်စားမှုကြောင့် ကျင့်ကြံဆင့်အတားအဆီး ပျက်ပြယ်သွားပြီး သူက တင်ပျဥ်ခွေထိုင်ရင်း ကျင့်ကြံဆင့် အခြေတည်စေရန် ပြုလုပ်နေခဲ့သည်။ စကြဝဠာ၏ မဟာတာအိုနှင့် အတွင်းလောက၏ တာအိုများကို သူက ခံစားသိရှိနေပြီး ပြောင်းလဲမှုတိုင်းက တာအိုနှင့်ပတ်သက်နေပြီး သန်းချီသော အရေအတွက်အထိ ရှိသည်။ ကျင့်ကြံသူအများစုက တစ်ဘဝလုံး ကျင့်ကြံခဲ့သော်လည်း တာအို၏ အပေါ်ယံကိုသာ ထိတွေ့နိုင်ခဲ့ကြသည်။ သို့သော် ယဲ့ချန် ဉာဏ်အလင်းပွင့်ထားသော ထောင်သောင်းချီ တာအိုသဘောတရားများက အတွင်းလောက၌ ဖြစ်ပေါ်လာသည်။
အချိန်တစ်ခု ကုန်ဆုံးသွားသောအခါ အဝေးတစ်နေရာမှ ဝတ်စုံနက်နှစ်ယောက် ရောက်ရှိလာပြီး တစ်ယောက်က ချန်းယွမ်ဖြစ်ကာ ကျန်တစ်ယောက်မှာ ကောင်းကင်ကြယ်သခင် ဖြစ်သည်။ ထိုနှစ်ယောက်က ကျောက်စာချပ်များအကြား လမ်းပျောက်နေစဥ် ထူးဆန်းသော စွမ်းအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်း၏လမ်းပြမှုဖြင့် သူတို့က လိုက်ပါလာသောအခါ နောက်ဆုံး၌ ယဲ့ချန်၊ နင်အာနှင့် လင်ရွဲ့ထံ ရောက်ရှိလာခဲ့သည်။
"အခုရော ဘယ်ကို ထွက်ပြေးဦးမလဲ"
ချန်းယွမ်က ဒေါသတကြီးကြုံးဝါး၍ အချိန်လေဟာနယ်ချီများဖြင့် မြွေကြီးတစ်ကောင် ဖန်တီးလိုက်သည်။ ၎င်းက လျှာတလှစ်လှစ်ထုတ်၍ အစိမ်းရောင်အဆိပ်ငွေ့များ မှုတ်ထုတ်နေသည်။ ယဲ့ချန်က ဆက်လက်ကျင့်ကြံနေသောကြောင့် နင်အာနှင့် လင်ရွဲ့က သူ့ကို ကာကွယ်ရန်အတွက် အချိန်လေဟာနယ်ချီကိုယ်စီ ထုတ်ဖော်လိုက်သည်။ နင်အာ၏ နက်မှောင်သော မျက်ဆံများက ရုတ်တရက် တောက်ပလာကာ ဝတ်စုံနက်နှစ်ယောက်ကို ခဏတာ မင်သက်သွားစေပြီးနောက် မရေမတွက်နိုင်သော သားရဲများ ပြေးဝင်လာသည်ကို မြင်ယောင်စေခဲ့သည်။
"အစွမ်းထက်ပုံရိပ်ယောင် ဒီလောက်လေးနဲ့ ငါတို့ကို ခြောက်ထုတ်နိုင်မယ် ထင်နေရင်တော့ အထင်သေးလွန်းသွားပြီ"
ချန်းယွမ်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစဥ် ကောင်းကင်ကြယ်သခင်က အေးစက်စက် နှာခေါင်းရှုံ့၍ ညာလက်ဖြင့် ကျိန်စာရုန်းများ ဆက်တိုက်ဖန်တီးကာ သားရဲများထံ ပစ်ခတ်ဖောက်ခွဲလိုက်သည်။ ၎င်းတို့နှင့်အတွေ့၌ ပုံရိပ်ယောင်များက တဘန်းဘန်း ပေါက်ကွဲသွားကြသော်လည်း နွယ်ပင်များ ထွက်ပေါ်လာ၍ သူတို့ကို ရစ်ပတ်လိုက်သည်။
"နတ်ဆိုးပုံရိပ်ယောင်ပညာ"
ကောင်းကင်ကြယ်သခင်၏ မျက်နှာက အေးစက်သွားပြီး တစ်ဖက်လူ၏ ကျင့်စဥ်က ပျောက်ဆုံးနေသော ဒဏ္ဍာရီလာပညာရပ် ဖြစ်နေသောကြောင့် သူ၏ကျိန်စာရုန်းများပင် လုံးဝမဖျက်ဆီးနိုင်ခဲ့ပေ။ ဤပညာရပ်က ရန်သူ၏အမြင်၌ ပုံရိပ်ယောင်လောကတစ်ခု ဖန်တီးနိုင်စွမ်းရှိပြီး ကောင်းကင်ကြယ်သခင်အဆင့်ပင် မချိုးဖျက်နိုင်ပေ။ ၎င်းကို ထိန်းသိမ်းထားရန်အတွက် နတ်အစေခံခွန်အားဖြင့် မလုံလောက်သော်လည်း ပုံရိပ်ယောင်ပုလဲ၏ စွမ်းအားကို နင်အာက အသုံးပြုနိုင်၏။ ပုံရိပ်ယောင်လောကအတွင်း ချန်းယွမ်က ပိတ်မိနေသော်လည်း မြွေကြီးအား ထိန်းချုပ်ပြီး ယဲ့ချန်ကို တိုက်ခိုက်နိုင်နေသည်။ ယဲ့ချန်ကို သူက မမြင်ရသော်လည်း မူလနေရာ၌ ရှိနေဆဲဖြစ်ကြောင်း သိထားသည်။
"သေစမ်း"
ချန်းယွမ်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် အေးစက်တင်းမာနေသည်။
"အစ်ကိုကြီး ဘေးဖယ်"
နင်အာက ယဲ့ချန်ထံ ပြေးဝင်သွား၍ တွန်းဖယ်ချင်သော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါလှိုင်းများကြောင့် အနီးမကပ်နိုင်ခဲ့ပေ။ ဝိညာဥ်မြွေက ခုန်အုပ်ရန် နီးကပ်လာချိန်တွင် သူမက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်၏။ လင်ရွဲ့၏ခန္ဓာကိုယ်ကလည်း ကျောက်စိမ်းရောင် တောက်ပနေပြီး အဖြူရောင်အလင်းများ ထုတ်ဖော်၍ ယဲ့ချန်အား ကာကွယ်ပေးရန် ဝင်ရောက်လာပြန်သည်။ ထိုအချိန်၌ စွမ်းအားတစ်ရပ်က သူတို့ကို ညှင်သာစွာဖြင့် ဘေးသို့ တွန်းဖယ်လိုက်သည်။
"ဘန်း"
ဝိညာဥ်မြွေက ယဲ့ချန်နှင့် မီတာအနည်းငယ်အကွာ၌ တစ်ခုခုကြောင့် ရပ်တန့်သွားပုံရသည့်အပြင် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ ၎င်းပေါက်ကွဲမှုက သူ၏အဝတ်အစားများကိုပင် မထိခိုက်စေနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ပွင့်လာကာ မတ်တပ်ထရပ်လိုက်သောအခါ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်လာသည်။ ၎င်းတွင် အချိန်လေဟာနယ်ချီ ကိုးမျိုးနှင့် ထောင်သောင်းချီသော တာအိုတရားများ၏ စွမ်းအားတို့ ပါဝင်လေသည်။