ကောင်းကင်ကြယ်တာရာရုန်း
Vol. 63 Ch. 879
အပိုင်း - ကောင်းကင်ကြယ်တာရာရုန်
ယဲ့ချန်သည် လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေပြီး တာအိုပေါင်းသောင်းချီ ပါဝင်သော အချိန်လေဟာနယ်ချီ ကိုးမျိုးကို ထုတ်ဖော်ထားသည်။ ထိုအချိန်၌ သူ၏စိတ်က ရှင်းလင်းနေပြီး လောက၏ မဟာတာအိုနှင့် အနီးဆုံးသို့ ရောက်နေခဲ့သည်။ စိတ်အတွင်းရှိ ဓားပျံက ဆက်တိုက်တုန်ခါနေပြီး နှလုံးသားမှတဆင့် တာအိုတစ်ခုကို ထွင်းဖောက်သိမြင်ခဲ့ပြီး ဓားပျံထံမှ ကျင့်စဥ်တစ်ခုကို အမွေရရှိခဲ့သည်။ သူ၏မျက်လုံးများ ဖြတ်ခနဲလက်လာပြီး ချီများအတွင်း ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ သောင်းချီသော တာအိုသဘောတရားများ စုဝေးလာ၍ ဖြည်းညှင်းစွာဖြင့် ရှုပ်ထွေးသော ရုန်းတံဆိပ်တစ်ခု လက်ဝါးအတွင်း၌ ဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်း၏အမည်မှာ ကောင်းကင်ကြယ်တာရာရုန်းဖြစ်ကြောင်း သူက သိလိုက်ရသည်။ ၎င်းကျင့်စဥ်ဖြင့် ခြင်္သေ့ကြီးနှင့် အမည်မသိ အစွမ်းထက်အရာတစ်ခုကို ဖမ်းချုပ်ခဲ့ကြောင်း သူက နားလည်လိုက်သည်။ ၎င်းက ဓားပျံ၏အမွေခံ ကျင့်စဥ်တစ်ခုဖြစ်ကာ အဆင့်နိမ့်ကြယ်သခင် ဖြစ်လာသောအခါ အဆပေါင်းထောင်ချီ ပိုမိုသန်မာလာ၍ နတ်ဘုရားတစ်ပါးမှ ကူညီပေးနေသကဲ့သို့ ကျင့်ကြံနိုင်ခဲ့သည်။
ဓားပျံအတွင်း၌ ကောင်းပင်ကြယ်တာရာ ရုန်းကျင့်စဥ်ကို မှတ်တမ်းတင်ထားသောကြောင့် ယဲ့ချန်က ၎င်း၏ နောက်ထပ်လျှို့ဝှက်ချက်များကို ပို၍သိချင်လာသည်။ သို့သော် လက်ရှိတွင် သူက ဉာဏ်အလင်းပွင့်ခဲ့သဖြင့် ဤအကြောင်းတွေးရန် အချိန်မရှိဘဲ လက်ထဲမှ တာအိုရုန်းထံမှ ခက်ခဲနက်နဲမှုကို ခံစားနေရသည်။ သူက ဘယ်လက်ကို ဆန့်ထုတ်လိုက်သောအခါ တာအိုနှင့် ချီများ စီးဆင်းလာ၍ နောက်ဆုံးတွင် နောက်ထပ် ရုန်းတံဆိပ်တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။ တာအိုတံဆိပ်နှစ်ခုက သူ၏လက်အတွင်း ဆက်တိုက်တိုးတက်နေကာ ရှုပ်ထွေးခက်ခဲသော ရုန်းများ တဖြတ်ဖြတ်လင်းလက်ပြီး အစွမ်းထက်ဟန်ဖြင့် တောက်ပနေကြ၏။
ကောင်းကင်ကြယ်တာရာရုန်းသည် ဓားပျံထံမှ သူက အမွေရခဲ့ခြင်းဖြစ်ပြီး အဆင့်သုံးဆင့် ခွဲခြားထားသော်လည်း အလျင်အမြန် ကျွမ်းကျင်နိုင်ခဲ့သည်။ သူ၏လက်ရှိခွန်အားဖြင့် အဆင့်တစ်၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်နေသည်။ ဒုတိယတစ်မျိုးကိုမူ သူက ထိုကျင့်စဥ်ကို အခြေခံ၍ ဖန်တီးလိုက်ခြင်း ဖြစ်သောကြောင့် နာမည်မပေးရသေးချေ။ ၎င်းအတွင်း၌ ကြယ်ကြီးကိုးလုံးက ဖြည်းညှင်းစွာ လည်ပတ်နေပြီး အဆုံးမဲ့ကံတရားကို ဖော်ဆောင်နေသည်။
"ဒါကို ကောင်းကင်ဖန်တီးရုန်းလို့ ခေါ်လိုက်မယ်"
သူက ခဏတာစဥ်းစား၍ ၎င်းကို အမည်ပေးလိုက်သည်။ လက်နှစ်ဖက်မှ တာအိုတံဆိပ်များကြောင့် သူက ကျေနပ်နေပြီး ကောင်းကင်ဖန်တီးရုန်းကို ကျွမ်းကျင်သွားလျှင် မူလကျင့်စဥ်ထက် ပို၍အစွမ်းထက်ကြောင်း ခံစားနေရ၏။ သို့သော် ၎င်းကို ကျင့်ကြံရန် အလွန်ခက်ခဲပြီး သူ၏လက်ရှိကျင့်ကြံဆင့်အရ အသက်သွင်းရန်ပင် အခက်တွေ့နေရသည်။ နှိုင်းယှဥ်ကြည့်ပါက ကောင်းကင်ကြယ်တာရာ ရုန်းကျင့်စဥ်ကို သူက အချိန်ကြာမြင့်စွာ ကျင့်ကြံထားသကဲ့သို့ အသားကျနေပြီး ဖန်တီးရန် အားစိုက်ရခြင်း မရှိပေ။ သူက တာအိုရုန်းနှစ်ခုကို ဖန်တီးနေသောကြောင့် အချိန်ကြာသွားသည်ဟု ထင်မှတ်ရသော်လည်း အမှန်တကယ်၌ မျက်တောင်တစ်ခတ်စာသာ ဖြစ်သည်။
ယဲ့ချန်က ဘယ်လက်ကိုယမ်း၍ တံဆိပ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကောင်းကင်ကြယ်တာရာ ရုန်းများကို ဆက်တိုက်ဖန်တီးခဲ့သည်။ ထိုအချိန်၌ လောကတစ်ခွင် ငုံ့ကြည့်နိုင်သော အရှိန်အဝါမျိုးက သူ၏ကိုယ်တွင်းမှ ထွက်ပေါ်နေသည်။ သူက ပေါ့ပေါ့ပါးပါးဖြင့် ခြေလှမ်းလိုက်သော်လည်း ဟင်းလင်းပြင် ကွဲထွက်သွားသောကြောင့် နင်အာနှင့် လင်ရွဲ့က မျက်လုံးပြူးသွားကြသည်။ ထိုအချိန်တွင် သူ၏အရှိန်အဝါက အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်များလည်း ဖျက်ဆီးခံလိုက်ရ၏။ ချန်းယွမ်နှင့် ဝတ်စုံနက်က လွတ်မြောက်လာသော်လည်း ကွဲပြားခြားနားနေသည့် ယဲ့ချန်ကြောင့် မင်သက်သွားလေသည်။
"ဒီကောင်က အဆင့်တက်သွားပြီး တာအိုတံဆိပ်တစ်မျိုးမျိုးကို ကျင့်ကြံနိုင်ခဲ့တာလား"
လေထဲတွင် မျောလွင့်နေသော ရုန်းများကြောင့် ချန်းယွမ်၏စိတ်က တင်းကြပ်သွားခဲ့သည်။ ကြယ်သခင်အဆင့် ရောက်သည်တိုင်အောင် ဘိုးဘေးအမွေအနှစ် သို့မဟုတ် အစွမ်းထက်ဆရာတစ်ယောက် မရှိလျှင် ၎င်းတို့ကို ထုတ်ဖော်နိုင်စရာ မရှိပေ။ သူကိုယ်တိုင်လည်း အမွေခံကျင့်စဥ်များ ရှိသောကြောင့် နတ်သခင်၏ နောက်လိုက်ဖြစ်လာရန် အရည်အချင်းပြည့်မီခြင်း ဖြစ်သည်။ ကောင်းကင်မူလကြယ်တွင် ယဲ့မျိုးနွယ်က လျင်မြန်စွာ မြင့်တက်လာသောကြောင့် သူက ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရပြီး အချိန်တိုင်း အသက်အန္တရာယ် ရှိခဲ့သည်။ ရုတ်တရက် စကြဝဠာအတွင်းမှ အသိစိတ်တစ်ခုက သူ့ကို ရှာတွေ့သွားခဲ့သည်။ ၎င်း၏လားရာကို မသိသော်လည်း တစ်ဖက်လူက မည်မျှအစွမ်းထက်ကြောင်း သူက ခံစားနိုင်ခဲ့သဖြင့် အခွင့်အရေးရောက်လာပြီဟု သတ်မှတ်ကာ ပိုမိုသန်မာလာစေရန်အတွက် လက်ခံခဲ့သည်။
ချန်းယွမ်က နတ်သခင်၏ နောက်လိုက်အဖြစ် ကျိန်ဆိုခဲ့ပြီး သူ၏ကျင့်စဥ်များကို မချွင်းမချန် ပြသခဲ့သည်။ စကြဝဠာအတွင်း၌ နတ်သခင်၏ နောက်လိုက်အရေအတွက် မည်မျှရှိကြောင်းကို သူ မသိသော်လည်း သေချာပေါက် များပြားပေလိမ့်မည်။ နတ်သခင်၏လက်အောက်၌ ဧရာမ အင်အားစုကြီးတစ်ခုရှိရန် သေချာသည်။
"ဒီကောင်က ဘာကြောင့် အစွမ်းထက်အမွေအနှစ်ကို ရသွားတာလဲ။ ဒီတစ်ကြိမ်ရော ငါက သူ့ကို မသတ်နိုင်တော့ဘူးလား"
ချန်းယွမ်က ယဲ့ချန်ကို မလိုလားသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ဒီကောင်က အဆင့်ထပ်တက်သွားပြီ။ ကျုပ်က မယှဥ်နိုင်မှာ စိုးရိမ်ရတယ်"
လေထဲရှိ တာအိုရုန်းများကြောင့် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသော ချန်းယွမ်က နောက်ဆုတ်သွားကာ တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။ ဝတ်စုံနက်က သူ့ကို အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အချိန်လေဟာနယ်ချီသုံးမျိုးကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ကြယ်သခင်အဆင့်တွင် ၎င်းတို့က အလွန်အစွမ်းထက်နေပြီး မီးတောက်မီးလျှံများကဲ့သို့ တောက်ပနေရင်း ဧရာမလက်သီးအလင်း အသွင်ပြောင်းကာ ယဲ့ချန်ထံ ကျဆင်းလာသည်။
"ငါ့ရဲ့ ကမ္ဘာဖျက်လက်သီးအောက်မှာ သေဆုံးရတာ မင်းအတွက် ဂုဏ်ယူစရာ ဖြစ်လိမ့်မယ်"
ဝတ်စုံနက်က လက်သီးချက်၏ ဖျက်ဆီးနိုင်စွမ်းကို ယုံကြည်သောကြောင့် မောက်မာနေသည်။ ယဲ့ချန်ကမူ တည်ငြိမ်နေပြီး လက်နှစ်ဖက်ဖြင့် တာအိုရုန်းများကို ထိန်းချုပ်ကာ ပစ်ခတ်လိုက်သည်။ ၎င်းတို့က မြှားမိုးများ ရွာကျလာသကဲ့သို့ လက်သီးချက်ထံ တဖွဲဖွဲ ဝင်ရောက်သွားသည်။
"ဘန်း"
ရုန်းတစ်ခုက လက်သီးချက်နှင့် အတွေ့တွင် ပေါက်ကွဲသွားကာ ၎င်း၏တစ်စိတ်တပိုင်းကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။ အဆင့်နိမ့်ကြယ်သခင် ဖြစ်လာသော ယဲ့ချန်၏ခွန်အားကို မမျှော်လင့်ထားသဖြင့် ဝတ်စုံနက်က မျက်နှာပျက်သွားခဲ့သည်။ ထို့နောက် ရုန်းများက ဆက်တိုက်ဝင်ရောက်လာနေပြီး ပေါက်ကွဲနေသဖြင့် ပတ်ဝန်းကျင်က ဟင်းလင်းပြင်ဖြစ်သွားကာ လက်သီးချက်မှာ ပျက်စီးသွားပြီး ပစ်မှတ်အနားပင် မကပ်နိုင်ခဲ့ချေ။ သူ ဂုဏ်ယူရသော ကမ္ဘာဖျက်လက်သီးကျင့်စဥ်ကို ယဲ့ချန်က အလွယ်တကူ ဖျက်ဆီးလိုက်မည်ဟု ထင်မထားသော ဝတ်စုံနက်က မယုံနိုင်ဖြစ်နေသည်။ နောက်ဆုတ်သွားသော ချန်းယွမ်မှာ ယဲ့ချန်က ကြယ်သခင်အဆင့် တက်သွားလျှင် အလွန်အစွမ်းထက်လာမည်ဟု မျှော်လင့်မထားသောကြောင့် တုန်လှုပ်နေသည်။ သူကိုယ်တိုင်ပင် ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်၏ တိုက်ကွက်ကို အလွယ်တကူ မခုခံနိုင်ပေ။ သူတို့နှစ်ယောက်တည်းဖြင့် ပစ်မှတ်ကို မသတ်နိုင်သည့်အပြင် ဆက်လက်တိုက်ခိုက်နေလျှင် ပြောင်းလဲမှု ဖြစ်သွားနိုင်သောကြောင့် အခြားဝတ်စုံနက်များနှင့် ပူးပေါင်းရပေလိမ့်မည်။
"ပြေးကြစို့"
ချန်းယွမ်က အော်ဟစ်၍ ဝတ်စုံနက်နှင့်အတူ ခြေကုန်သုတ် ထွက်ပြေးလိုက်သည်။ ယဲ့ချန်သည်လည်း ချက်ချင်းလိုက်ပါလာပြီး အလွန်ကောက်ကျစ်၍ ထပ်ကာထပ်ကာ လွတ်မြောက်နိုင်ခဲ့သော ချန်းယွမ်ကို အလွတ်မပေးလိုတော့ပေ။ သူ၏လက်များက လျင်မြန်စွာ လှုပ်ရှားနေပြီး တာအိုရုန်းများ ဖြစ်ပေါ်လာကာ အလင်းတန်းများအလား ပစ်ခတ်လာသည်။ ဝတ်စုံနက်၏ အရှိန်က မြန်ဆန်သောကြောင့် နောက်တွင် ကျန်နေခဲ့သော ချန်းယွမ်၏ နောက်ကျောထံ ရုန်းများက ဖြည်းဖြည်းချင်း နီးကပ်လာသည်။ သူက အံကြိတ်၍ ခုခံရန်အတွက် လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် ပြန်လည်တိုက်ခိုက်လိုက်သော်လည်း ရုန်းများက အထိအခိုက် မရှိချေ။
"ဘန်း ဘန်း ဘန်း"
သို့သော် ထိုရုန်းများက တစ်ခုခုဖြင့် တားဆီးခံလိုက်ရသကဲ့သို့ လေထဲတွင် တဘန်းဘန်း ပေါက်ကွဲသွားကြသည်။ အကြောင်းအရင်းကို ချန်းယွမ်ကိုယ်တိုင် မသိသော်လည်း အသက်ဘေးမှ ထွက်ပြေးရန်အတွက် စဥ်းစားရန် အချိန်မရှိသဖြင့် မရပ်တန့်ခဲ့ပေ။ နင်အာနှင့် လင်ရွဲ့က လိုက်သွားချင်သော်လည်း ယဲ့ချန်က လက်ကာပြ၍ တားမြစ်လိုက်သည်။ သူ၏မျက်ခုံးများက တင်းကြပ်စွာ မျက်မှောင်ကြုတ်နေပြီး တာအိုရုန်းများမှာ ကြားဖြတ် နှောင့်ယှက်ခံလိုက်ရပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ချန်းယွမ်၏အသက်ကို ကယ်တင်ရန်အတွက် အမှောင်ထဲ၌ တစ်ယောက်ယောက်ရှိနေပြီး ထိုလူက ကောင်းကင်ကြယ်တာရာရုန်းများကို အလွယ်တကူ ဖျက်ဆီးနိုင်လျှင် ခွန်အားက သေချာပေါက် မရိုးရှင်းပေ။ တစ်ဖက်လူ၏ တည်နေရာကို ယဲ့ချန်က မသိသကဲ့သို့ ထွက်ပေါ်လာလျှင်လည်း ယှဥ်ပြိုင်ရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။
"ဒီဆန်းကျယ်သူက ချန်းယွမ်ကို ဘာကြောင့် ကယ်ချင်ရတာလဲ။ သူက စစ်ကူလား။ ဒါဆိုရင် ဘာကြောင့် လူလုံးထွက်မပြတာလဲ"
ယဲ့ချန်က အလွန်စိတ်ရှုပ်စွာဖြင့် အချိန်ကြာမြင့်စွာ စောင့်ကြည့်ခဲ့သော်လည်း တစ်ဦးတလေပင် ထွက်ပေါ်မလာခဲ့ချေ။
"အစ်ကိုကြီး"
နင်အာက တစ်ခုခုပြောမည်ပြုပြီးမှ အခြေအနေက မှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်။ ယဲ့ချန်က သူမကို တိတ်တိတ်နေရန် လက်ကာပြလိုက်သည်။ ဤကျောက်စာများနှင့် သစ်တောက အလွန်ထူးဆန်းနေပြီး မျက်ကန်းကြီး၏ အမှတ်အသားများကို သာမန်ကျင့်ကြံသူများ နားလည်ရန် မလွယ်သော်လည်း ချန်းယွမ်နှင့် ဝတ်စုံနက်တစ်ယောက် ရောက်ရှိလာခြင်းမှာ ပဟေဠိ ဖြစ်နေသည်။
"ဒီတံခါးထဲကို ဝင်ကြတာပေါ့"
ယဲ့ချန်၏အကြည့်က တင်းတင်းကြပ်ကြပ် ပိတ်ထားသော ဂိတ်တံခါးထံ ကျရောက်သွားသည်။
"ဒါပေမယ့် သော့ မရှိဘူးမလား"
လင်ရွဲ့က မေးလိုက်ခြင်းဖြစ်ပြီး နင်အာကလည်း စိတ်ရှုပ်နေပုံပေါ်သည်။
"ငါက သော့ကို သိထားပြီးပြီ"
ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဓားပျံအစိတ်အပိုင်းကို ထုတ်ယူလိုက်ပြီး တံခါးပေါ်ရှိ သော့ပေါက်နှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ သူက ၎င်းကို ဖြည်းညှင်းစွာ ထည့်သွင်းလိုက်သောအခါ ချောက်ခနဲ မြည်သံနှင့်အတူ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ၎င်း၏အနောက်တွင် နက်မှောင်နေသော ဟင်းလင်းပြင် ဝဲတစ်ခုရှိနေ၍ မည်သည့်နေရာသို့ ဦးတည်နေကြောင်း ခန့်မှန်းမရပေ။ ယဲ့ချန် ထင်ထားသည့်အတိုင်း ဓားပျံအစိတ်အပိုင်းက သော့ဖြစ်နေရာ ဓားပျံနှင့် တော်ဝင်သင်္ချိုင်းက ဆက်စပ်နေကြောင်း ပို၍သေချာသွားခဲ့သည်။
"အစ်ကိုကြီး အထဲကိုဝင်မှာ သေချာလား"
နင်အာက တွန့်ဆုတ်နေဟန်ဖြင့် ယဲ့ချန်ကို လှမ်းကြည့်လိုက်သည်။
"ဝင်ရလိမ့်မယ်။ အခုအချိန်မှ ထွက်သွားချင်ရင်တောင် မဖြစ်နိုင်တော့ဘူး။ အထဲကို မဝင်ရင် ငါတို့က ဒီကျောက်စာတွေကြားမှာ ပိတ်မိနေမှာပဲ"
ယဲ့ချန်၏အကြည့်က ပြတ်သားစွာ ဆုံးဖြတ်ထားကြောင်း ဖော်ပြနေသည်။
"တော်ဝင်သင်္ချိုင်းထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကောင်းကင်မူလကြယ်ရဲ့ သုညပိုင်ရှင်တစ်ယောက်နဲ့ တွေ့ခွင့်ရနိုင်မှာလား"
ကောင်းကင်မူလကြယ်၏ သမိုင်းတွင် ယဲ့ချန်နှင့် ရောင်ယွမ်အပြင် သုညပိုင်ရှင်သုံးယောက် ရှိခဲ့သည်။ ထိုသုံးယောက်အနက် တစ်ယောက်က တော်ဝင်သင်္ချိုင်းအတွင်း ဝင်ရောက်သွားပြီး ပြန်ထွက်မလာခဲ့ကြောင်းကို မျက်ကန်းကြီးသည် သူ့အား ပြောပြခဲ့လေသည်။