← Chapters

လင်ရွဲ့ ပျောက်ဆုံးသွားခြင်း

Vol. 63 Ch. 880

လင်ရွဲ့ ပျောက်ဆုံးသွားခြင်း

Vol. 63 Ch. 880

ယဲ့ချန်နှင့် နင်အာ စကားပြောနေစဥ် လင်ရွဲ့က တိတ်ဆိတ်နေပြီး လှပသော မျက်နှာလေးမှာ ပွင့်လန်းနေသည့် ကြာပန်းလေးပမာ လှပနေသည်။ သူမက တော်ဝင်သင်္ချိုင်း၏ အတွင်းပိုင်းသို့ မြင်နေသကဲ့သို့ တံခါးနောက်မှ ဟင်းလင်းပြင်ဝဲကို စိုက်ကြည့်နေသည်။

"အထဲကိုဝင်ကြစို့"

ယဲ့ချန်က ဆော်သြောလိုက်သောအခါ သုံးယောက်သား အတူတကွ ဝင်ရောက်သွားကြ၏။ သူက ဟင်းလင်းပြင်အတွင်း လွင့်ပါသွားပြီး အမြင်ရော ဝိညာဥ်အသိစိတ်ပါ အသုံးမဝင်တော့သဖြင့် ဦးတည်ရာ လုံးဝပျောက်ဆုံးသွားခဲ့သည်။ သူက နင်အာ၏တည်နေရာကို ခပ်ရေးရေး အာရုံခံမိသောကြောင့် အနိမ့်အမြင့် ဖြစ်နေသည့်ကြားမှပင် မရမက ကြိုးစားလိုက်သောကြောင့် လက်ကို ဖမ်းဆွဲလိုက်နိုင်သည်။ လင်ရွဲ့ကို ရှာဖွေချင်သော်လည်း ပရမ်းပတာ ဖြစ်လွန်းနေသဖြင့် ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူ၏အသိစိတ်က အမှောင်ထုအတွင်း ရောက်ရှိသွားကာ အချိန်မည်မျှကြားမှန်း မသိရသောအခါတွင်မှ နိုးထလာခဲ့သည်။

ယဲ့ချန်သည် မြေပြင်၌ လဲကျနေပြီး ရင်ဘတ်ပေါ်တွင် တစ်ခုခုရှိနေသာကြောင့် မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ နင်အာကို မြင်လိုက်ရသည်။ သူမသည်လည်း သတိလစ်နေပြီး မျက်လုံးများမှိတ်၍ အိပ်မောကျနေသည်နှင့် ဆင်တူနေရာ လှပလွန်းသဖြင့် မင်သက်သွားခဲ့သည်။ ထိုအချိန်တွင် သူမ၏ ရိုးသားအပြစ်ကင်းစင်သော အလှတရားက သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ လောကတွင် မိုးတိမ်များကို ဆင့်ခေါ်၍ လေပြင်းများကို အမိန့်ပေးနိုင်သူတစ်ယောက်သည်ပင် နိုးထလာချိန်၌ ချစ်မြတ်နိုးရသူများကို မတွေ့ရလျှင် ဘဝက အဓိပ္ပါယ်မရှိပေ။

နင်အာသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှည်များက ပိုးသားပမာနူးညံ့၍ ရင်ညွှန့်ရိုးလေးများသည် ကျောက်စိမ်းပမာ တောက်ပနေသည်။ ယဲ့ချန်၏အကြည့်က အောက်သို့ ရောက်သွားသောအခါ နင်အာ၏ အင်္ကျီကော်လာက ပွင့်နေသောကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။ ထိုနေရာ၌ ဖုဖောင်းလုံးဝိုင်းနေသော ယုန်နှစ်ကောင်က သူမြင်ဖူးသည်ထက် ပို၍ကြီးမားလာပြီး ခုန်ထွက်မယောင် ထင်မှတ်နေရသည်။ သူတို့က ရင်ဘတ်ချင်း ထိတွေ့နေသောကြောင့် ယဲ့ချန်က ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း ခံစားလိုက်ရပြီး နင်အာ၏ ကိုယ်သင်းနံ့ကလည်း သူ၏အာရုံကြောများကို လှုံ့ဆော်နေ၏။

ယဲ့ချန်က ခဲယဥ်းစွာဖြင့် အကြည့်လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ လင်ရွဲ့ကို မတွေ့ခဲ့ပေ။

"နင်အာ ထပါဦး"

"အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲဟင်"

သူက နင်အာကို ကြင်နာစွာ လှုပ်နိုးလိုက်သောအခါ သူမ၏မျက်လုံးလေးများ ပွင့်လာ၍ စိတ်ရှုပ်စွာ မေးလာခဲ့သည်။

"ရွဲ့အာ ပျောက်နေတယ်"

ယဲ့ချန်က စိုးရိမ်တကြီးဖြင့် ထလိုက်ပြီး ပျက်စီးယိုယွင်းနေသော နန်းတော်တစ်ခု၏ ခန်းမအတွင်း ရောက်နေကြောင်း တွေ့လိုက်ရကာ လူသူလေးပါး ကင်းရှင်းနေသည်။ သူတို့နှင့်အတူ လိုက်ပါလာသော လင်ရွဲ့က ပျောက်ဆုံးနေပြီး ထွက်ခွာသွားခြင်းလည်း ဖြစ်နိုင်သကဲ့သို့ အခြားနေရာတစ်ခုသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်နေသည်။

"ရွဲ့အာက ဘယ်ရောက်သွားတာလဲ"

နင်အာက မျက်လုံးလေးများကို လက်ဖြင့် ပွတ်သပ်ရင်း ပျောက်ဆုံးနေသူအတွက် စိုးရိမ်စွာ မေးလာခဲ့သည်။

"သူမကို လိုက်ရှာရအောင်"

"ဟုတ်ကဲ့"

ဤသို့ဖြင့် သူတို့က မတ်တပ်ထရပ်ကာ နန်းတော်၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ကြသည်။ ဝိညာဥ်အသိစိတ်ကို အသုံးချနိုင်သော်လည်း မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း မသိရသော နံရံများကို မကျော်ဖြတ်နိုင်သဖြင့် အတွင်းပိုင်းကိုသာ ရှာဖွေနိုင်ခဲ့သည်။ သူတို့က ခန်းမအတွင်း မည်သည်ကိုမှ မတွေ့ရသောကြောင့် အပြင်ထွက်လာသောအခါ နန်းတော်သည် ရှည်ကြာလွန်းသော သက်တမ်းကြောင့် ပျက်စီးနေကြောင်း သိလိုက်ရသည်။ နံရံများတွင် ရေညှိုများ၊ မှိုများ ကပ်တွယ်နေပြီး ကြမ်းပြင်ထက်တွင် ပရိဘောဂများက ဖုန်တက်လျက်ရှိသည်။ နန်းတော်၏ အပြင်ဘက်နံရံများတွင် ပန်းချီများ ရေးဆွဲထားသော်လည်း ထိခိုက်နေပြီ ဖြစ်သောကြောင့် ဝေဝေဝါးဝါးသာ မြင်တွေ့နိုင်သည်။ ပန်းချီများတွင် အစွမ်းထက် ခေါင်းဆောင်အချို့က သန်းချီသော လူသားကျင့်ကြံသူများကို ဦးဆောင်၍ စစ်ပွဲဆင်နွှဲနေကြောင်းကိုသာ တွေ့နိုင်သည်။

ယဲ့ချန်နှင့် နင်အာသည် နန်းတော်၏ ကျိုးပဲ့နေသော လှေကားထစ်များအတိုင်း ဆင်းလာကြသောအခါ အဆုံးမရှိရှည်လျားသော စင်္ကြံလမ်းတစ်ခုထံ ရောက်လာသည်။ ၎င်း၏ဘေးဘက်တွင် နန်းဆောင်များ၊ ဥယျာဥ်များနှင့် စမ်းချောင်းများရှိနေ၍ အတိတ်၌ မည်မျှလှပခဲ့ကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။ ကံမကောင်းစွာဖြင့် ၎င်းက အချိန်ကြောင့် ပျက်စီးသွားခဲ့သော်လည်း အနီရောင်ပန်းများက ကျောက်တုံးများထက်တွင် ပွင့်လန်းနေကြသည်။ ပန်းတစ်ပွင့်ချင်းစီက လူကြီးတစ်​ယောက်၏ လက်ဖဝါးအရွယ်ရှိပြီး အနီရောင်တောက်တောက်နှင့် လှပနေကြသည်။ လေထဲတွင် ယိမ်းနွဲ့နေသော ၎င်းတို့က စွမ်းအင်အချို့ကို ဆက်တိုက်စုပ်ယူနေပြီး စိတ်နှလုံးကိုပင် လန်းဆန်းစေသော ရနံ့မျိုး ထုတ်လွှတ်နေသည်။ အနံ့ရလိုက်ရုံဖြင့် ယဲ့ချန်က တစ်ကိုယ်လုံး ပေါ့ပါးသွားကာ ပန်းများအားလုံးမှာ သစ်ကိုင်းတစ်ခုတည်းပေါ်တွင် ပွင့်နေကြသည်။

"သွေးနတ်သစ်သီး"

သူက အနီရောင်ပန်းများကြားတွင် သစ်သီးတစ်လုံးကို ရုတ်တရက် မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ တော်ဝင်သင်္ချိုင်း၏ အပြင်ပိုင်းတွင် သွေးနတ်သစ်သီးများစွာ ရှိခဲ့သော်လည်း ၎င်း၏အသုံးဝင်မှုကြောင့် ကျင့်ကြံသူတိုင်းက တိုက်ခိုက်လုယူခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က လျင်မြန်စွာ ကုန်ခမ်းသွားကာ အပြင်ပိုင်းတွင် ရှာတွေ့ရန် ခက်ခဲလွန်းနေပြီဖြစ်သည်။ သင်္ချိုင်း၏အတွင်းပိုင်း၌ သွေးနတ်ပန်းများစွာ ပွင့်လန်းနေပြီး အနာဂတ်တွင် သွေးနတ်သစ်သီးများစွာ ဖြစ်ပေါ်လာမည်ကို မည်သူမှ ထင်ထားမည် မဟုတ်ပေ။

"နင်အာ ခဏစောင့်ပါဦး"

ယဲ့ချန်က ပြောပြောဆိုဆိုနှင့် ကျောက်တုံးတစ်ခုပေါ်သို့ ခုန်တက်သွားသောအခါ နောက်ထပ်သစ်သီးနှစ်လုံးကို တွေ့လိုက်ရသည်။ သူက သွေးနတ်သစ်သီးသုံးလုံးကို ဂရုတစိုက်ခူးယူ၍ ပြန်လည်ဆုတ်ခွာလာခဲ့သည်။

"ဒါက သွေးနတ်သစ်သီးတွေလား"

နင်အာက ပျော်ရွှင်စွာ မေးလိုက်သောအခါ သူက ခေါင်းညိတ်ပြလိုက်သည်။ ဤနတ်သစ်သီးများက ကောင်းကင်သခင်၏ သွေးချီများကို စုပ်ယူပြီး ဖြစ်တည်လာကြောင်း ကြားဖူးထားခဲ့သည်။ သူက ၎င်းကို စားသုံးလိုက်သောအခါ ဆေးအာနိသင်က များစွာမရှိသော်လည်း အလားအလာကို လှုံ့ဆော်၍ ကြယ်သခင်အဆင့် တက်သွားစေသောကြောင့် ခွန်အားများစွာ တိုးတက်လာသည်။

"သွေးနတ်သစ်သီးတစ်လုံးကို စားလိုက်၊ မင်းလည်း ကြယ်သခင်အဆင့် တက်နိုင်လိမ့်မယ်"

သူက သစ်သီးတစ်လုံးကို နင်အာထံ ကမ်းပေးလိုက်သည်။

"အရင်ဆုံး ရွဲ့အာကို ရှာကြရအောင်"

နင်အာကမူ ချစ်စရာကောင်းသော မိန်းမငယ်လေး လင်ရွဲ့ကို ရှာမတွေ့သဖြင့် အစိုးရိမ်ကြီးနေသည်။ ယဲ့ချန်က ခေါင်းညိတ်၍ သွေးနတ်သစ်သီးတစ်လုံးကို နင်အာအား သိမ်းဆည်းစေကာ ကျန်နှစ်လုံးကို ဒန်တန်အတွင်း သိုလှောင်လိုက်၏။ ထို့နောက် သူက ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဆက်လက်ထောက်လှမ်းခဲ့ပြီး ဥယျာဥ်က ထင်မထားလောက်အောင် ကျယ်ဝန်းကြောင်း သိခဲ့ရသည်။ အဝေးတွင် မြူခိုးများရစ်သိုင်းနေပြီး ၎င်း၏အဆုံးသို့သွားလျှင် ဖြတ်သန်းရန် လိုအပ်သောကြောင့် အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။ ကျန်တစ်ဖက်တွင် အစီအရင်တစ်ခု တည်ရှိနေပြီး အပြင်ထွက်လိုလျှင် ချိုးဖျက်ရပေလိမ့်မည်။

ယဲ့ချန်နှင့် နင်အာက အချိန်ကြာမြင့်စွာ လိုက်လံရှာဖွေခဲ့သော်လည်း လင်ရွဲ့ကို မတွေ့ခဲ့ပေ။ သို့သော် သူတို့က အစီအရင်တစ်ခုအတွင်း ပိတ်လှောင်ခံထားရပြီး အပြင်မထွက်နိုင်ကြောင်းကို စိတ်ဓာတ်ကျဖွယ် သိလိုက်ရသည်။ သူက အစီအရင်ကို ချိုးဖျက်ရန် ကောင်းကင်ဓားပျံနှင့် ဓားပျံအပိုင်းအစကို အသုံးပြုခဲ့သော်လည်း ၎င်းတို့က ထိုးဖောက်နိုင်စွမ်းသာရှိ၍ မဖျက်ဆီးနိုင်ခဲ့ပေ။

"နောက်ထပ်လမ်းတစ်ခု ရှိရမယ်"

သူတို့က လွတ်လမ်းကို ဆက်လက်ရှာဖွေခဲ့သော်လည်း ရက်အနည်းငယ် ကြာသည်အထိ အကြောင်းမထူးပေ။

"ဒါက ဘယ်သူလဲ"

ယဲ့ချန်သည် မျက်လုံးတစ်စုံမှ သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေကြောင်း ခံစားခဲ့ရပြီး ဤသို့သိရှိနေကြောင်းကို တစ်ဖက်လူက သိပုံမရချေ။ သူက အချိန်လေဟာနယ် အဆင့်ကိုးအထိ နားလည်ပြီးနောက် အာရုံခံနိုင်စွမ်းမှာ ဆက်တိုက်မြင့်တက်လာ၍ စကြဝဠာအတွင်းပိုင်းသို့ပင် အာရုံခံမိနေသည်။

"နင်အာ လောလောဆယ် ဒီမှာ ပိတ်မိနေမယ့်အတူတူ ကြယ်သခင်အဆင့် တက်လိုက်ပါ။ ငါက စောင့်ကြပ်ပေးထားမယ်"

အစီအရင်အတွင်းမှ မထွက်နိုင်လျှင် လင်ရွဲ့ကို ရှာဖွေရန် မဖြစ်နိုင်သောကြောင့် ယဲ့ချန်က ဤသို့တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ နင်အာကလည်း သဘောတူ၍ တင်ပျဥ်ခွေထိုင်ချကာ သွေးနတ်သစ်သီးကို သန့်စင်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။ အချိန်လေဟာနယ်ချီများက သူမ၏ပတ်ပတ်လည်၌ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာ၏။ ယေဘူယျသဘောပြောရလျှင် ယဲ့ချန်နှင့် ဆက်နွယ်မှုအရ သူမသည် အဆင့်ခုနစ်အထိ နားလည်သင့်သော်လည်း ချီတစ်မျိုးတည်းသာ ထွက်ပေါ်လာသည်။ သို့သော် ၎င်းက အရောင်ခုနစ်ရောင်တွင် မပါဝင်ဘဲ အရောင်ကင်းမဲ့၍ ကြည်လင်နေသည်။ အကြောင်းအရင်းမှာ အမြီးဆယ်ချောင်း နတ်မြေခွေးမျိုးနွယ်၏ သွေးမျိုးဆက်က တစ်ခုခု ထူးခြားနေသောကြောင့် ဖြစ်နိုင်သည်။

သွေးနတ်သစ်သီးကို သန့်စင်ပြီးနောက် နင်အာ၏ပါးပြင်လေးများက အနီရောင်သန်းလာသဖြင့် မက်မွန်ပန်းတစ်ပွင့်ပမာ လှပနေ၏။ အချိန်လေဟာနယ်ချီများက ရုတ်တရက် တုန်ခါလာ၍ အရောင်မဲ့ချီက အဖြူနှင့် အနက်အဖြစ် ကွဲထွက်သွားကာ နတ်သူငယ်သဏ္ဍာန်နှစ်ခု ဖြစ်လာခဲ့သည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်မှာ အလွန်တရာ အံ့အားသင့်နေပြီး အဆင့်ခုနစ်အထိ ဦးစွာနားလည်ရမည့်အစား နင်အာက နောက်ဆုံးအဆင့်နှစ်ခုကို တိုက်ရိုက် နားလည်သွားခြင်းမှာ ထူးဆန်းလွန်းလှသည်။

ယဲ့ချန်တွင် ဤချီနှစ်မျိုးက ယင်ယန်စက်ဝိုင်းကို ဖြစ်ပေါ်လာစေသော်လည်း နင်အာ၌ ၎င်းတို့က အသက်ရှိနေဟန်ဖြင့် လက်မအရွယ် ချစ်စရာ နတ်သူငယ်လေးနှစ်ယောက်ပုံစံဖြင့် လှည့်ပတ်နေကြသည်။ ၎င်းတို့၏ကျောဘက်တွင် သလင်းကျောက်ပမာ ကြည်လင်သည့် တောင်ပံတစ်စုံရှိနေပြီး ဆည်းလည်းသံပမာ အသံလေးများ ထွက်ပေါ်နေသည်။

နင်အာက မျက်လုံးများမှိတ်၍ ကျင့်ကြံရင်း အဆင့်နိမ့်ကြယ်သခင် ဖြစ်လာရန် ကြိုးပမ်းနေသည်။ နတ်သူငယ်များက သူမကို လှည့်ပတ်ပျံသန်းနေကာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ခဏအကြာ၌ ပြန်လည်ထွက်ပေါ်လာသည်။

"ဖြစ်နိုင်တာက နင်အာရဲ့ ကျင့်စဥ် ထူးခြားနေလို့လား"

ယဲ့ချန်က ဤသို့တွေးမိလိုက်ပြီး နတ်သူငယ်များအကြောင်း ခန့်မှန်းနေသည်။ အချိန်လေဟာနယ်ချီများ အသိစိတ်ရှိလာခြင်းက ဖြစ်နိုင်ပြီး လောကဝိညာဥ်များကဲ့သို့ အသက်ဝင်လာနိုင်ချေ ရှိသည်။ သို့သော် ဤအချက်က သူ၏ခန့်မှန်းချက်သက်သက်သာ ဖြစ်လေသည်။

All Chapters