← Chapters

လျှို့ဝှက်လမ်း

Vol. 63 Ch. 881

လျှို့ဝှက်လမ်း

Vol. 63 Ch. 881

နင်အာသည် မျက်လုံးမှိတ်၍ ကျင့်ကြံနေပြီး အနက်ရောင်ဆံပင်ရှည်များက ခါးပေါ်သို့ ဖြာကျနေကာ တည်ငြိမ်သော မျက်နှာလေးမှာ နတ်ဘုရားမတစ်ပါးသဖွယ် ဖြစ်သည်။ အချိန်လေဟာနယ်ချီများမှ ဖြစ်ပေါ်လာသော နတ်သူငယ်နှစ်ဦးက သူမကို လှည့်ပတ်ပျံသန်းနေသကဲ့သို့ ရုပ်ခန္ဓာက အလင်းရောင်များကို စုပ်ယူနေသည်။ ရက်အနည်းငယ်ကြာသည်အထိ သူမက အဆင့်မတက်သေးသောကြောင့် ယဲ့ချန်က တိတ်ဆိတ်စွာ စောင့်ကြပ်ပေးနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အလင်းရောင်များ ပို၍တောက်ပလာကာ ပတ်ဝန်းကျင်၌ ချီများက ပြင်းထန်စွာ တုန်ခါလာသောကြောင့် သူမက အဆင့်တက်တော့မည်ဟု ခံစားရလိုက်သည်။

ယဲ့ချန်နှင့် နင်အာသည် ဝိညာဥ်အသိစိတ်ချင်း ပေါင်းစပ်၍ နှလုံးသားချင်း ဆက်သွယ်နေသောကြောင့် သူမ၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးမှာ ပုံမှန်ထက်ပို၍ မြန်ဆန်စွာ လှည့်ပတ်လာကြ၏။ သူက သူမ၏ကိုယ်တွင်းရှိ ပြောင်းလဲမှုတိုင်းကို ခံစားသိရှိနေသည်။

"မကြာခင် အဆင့်တက်တော့မယ်"

ယဲ့ချန် မျှော်လင့်ထားသည့်အတိုင်း နင်အာ၏ကိုယ်ထက်ရှိ အလင်းရောင်များ တောက်ပလာပြီး အချိန်လေဟာနယ်ချီများမှာ ဝဲသဖွယ် စုဝေးလာကြသည်။ အနက်ရောင်နှင့် အဖြူရောင်ချီများမှ ဖြစ်ပေါ်လာသော နတ်သူငယ်များသည် ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားကာ ဘန်းခနဲမြည်သံနှင့်အတူ ကျင့်ကြံဆင့်အတားအဆီးက ပျက်စီးသွားသည်။ အဆင့်နိမ့် ကြယ်သခင်ဖြစ်လာသော်လည်း သူမက မျက်လုံးများမှိတ်၍ ကျင့်ကြံဆင့် တည်ငြိမ်စေရန်အတွက် ဆက်လက်ကျင့်ကြံနေသည်။ သူမ၏အဆင့်တက်မှု အောင်မြင်သွားသောကြောင့် ယဲ့ချန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး စိတ်အေးသွားခဲ့သည်။ အချိန်ခဏအကြာတွင် သူ၏မျက်လုံးများ ပွင့်လာပြီး ရေကန်ပမာ ကြည်လင်နေကာ အသားအရေက နှင်းပမာ ဖြူဖွေးနေသည်။ သူမ၏ ပန်းရောင်ပါးပြင်လေးက ပုလဲများပမာ တဖိတ်ဖိတ်တောက်နေ၏။ သူမ၏ကျင့်ကြံဆင့်က အဆင့်နိမ့်ကြယ်သခင်ဖြစ်သော်လည်း သွေးမျိုးဆက်အတွင်းရှိ ပုန်းကွယ်နေသော အရာများ အသက်ဝင်လာကြောင်း ယဲ့ချန်က ခံစားလိုက်ရသည်။ နင်အာ၏ပုံရိပ်ယောင်က အစစ်အမှန်လောကတစ်ခုကို ဖန်တီးနိုင်ရန် နီးကပ်လာနေပြီဖြစ်သည်။ နတ်သမီးပမာ လှပသော နင်အာ၏အလှကြောင့် ယဲ့ချန်က ကျေနပ်စွာပြုံးလိုက်ပြီး ဤသို့ဇနီးသည်မျိုး ရထားသောကြောင့် ဂုဏ်ယူနေမိသည်။

"ထွက်ပေါက်ကို သွားရှာရအောင်"

တော်ဝင်သင်္ချိုင်း၏ အတွင်းပိုင်းမှ မျက်လုံးတစ်စုံက အကြည့်လွှဲသွားကြောင်း ယဲ့ချန်က သတိထားမိလိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူက မသိသောကြောင့် သတိကြီးကြီးထားကာ ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူတို့က အစီအရင်အတွင်း ထွက်ပေါက်ကို လိုက်လံရှာဖွေပြီး နောက်ဆုံးတွင် မြူခိုးများအတွင်း ဝင်ရောက်လာရသည်။ ၎င်းက သင်္ချိုင်းအပြင်ဘက်ရှိ မြူထက် ပို၍သိပ်သည်းနေသောကြောင့် တစ်​ယောက်၏ တည်နေရာကို တစ်ယောက်က အာရုံမခံနိုင်လျှင် ချက်ချင်းလူကွဲသွားပေလိမ့်မည်။ မြူခိုးများအတွင်း အနီရောင်ပန်းများ ပေါက်ရောက်နေပြီး သွေးနတ်သစ်သီးများ ရှိနေမည်ဟု ယဲ့ချန်က မျှော်လင့်မထားပေ။ အချို့က အချိန်ကြာမြင့်စွာ ဖြစ်တည်နေပုံရပြီး သာမန်သစ်သီးများထက် လေးငါးဆမက ကြီးမားနေသည်။

ကြယ်သခင် ဖြစ်လာသူများအတွက် သွေးနတ်သစ်သီးက အရေးမပါသော်လည်း နတ်အစေခံများအတွက် အဖိုးတန်ရတနာ ဖြစ်သည်။ အကြောင်းအရင်းတစ်ခုကြောင့် ရှင်းဟွမ်တစ်ယောက်က ကျင့်ကြံသူတစ်ယောက်ကိုသာ ကြယ်သခင် ဖြစ်လာစေနိုင်သောကြောင့် အရေအတွက်က အကန့်အသတ်ရှိသည်။ သို့သော် သွေးနတ်သစ်သီးက ရှင်းဟွမ်၏ အကူအညီမလိုအပ်ဘဲ နတ်အစေခံကို ကြယ်သခင်အဆင့် ရောက်သွားစေနိုင်သည်။ သို့သော် ဤအစွမ်းက လူတိုင်းအပေါ် အကျိုးသက်ရောက်ခြင်းမရှိဘဲ ပါရမီနှင့် အရည်အချင်းအပေါ် မူတည်ကာ ပါရမီရှင်များအား ကြယ်သခင်အဆင့်ရောက်စေရန် သေချာပေသည်။

"ဒီနတ်သစ်သီးတွေနဲ့ဆိုရင် အမလင်အာနဲ့ အခြားသူတွေလည်း ကြယ်သခင်အဆင့် တက်နိုင်လိမ့်မယ်"

နင်အာက သွေးနတ်သစ်သီးများကို ပျော်ရွှင်စွာ ခူးယူနေသဖြင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ သူတို့က လမ်းတလျှောက် တွေ့သမျှကို ခူးယူခဲ့သောကြောင့် ယဲ့ချန်၌ အရေအတွက်တစ်ဒါဇင်ကျော်လာပြီး နင်အာ၌ အနည်းဆုံး ခြောက်လုံးခန့် ပိုင်ဆိုင်ခဲ့သည်။ ဤအရေအတွက်ဖြင့်ဆိုလျှင် ကောင်းကင်မူလကြယ်အတွက် ကြယ်သခင်များ ဖန်တီးနိုင်မည်ဖြစ်သောကြောင့် သူက ကျေနပ်ပျော်ရွှင်နေသည်။ သွေးရောင်မြူများအတွင်း အမြင်အာရုံက အလွန်နိမ့်ပါးပြီး တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်သော်လည်း သူတို့က တည်နေရာကို အချင်းချင်းအာရုံခံနိုင်ကြသည်။

မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်း၏ အတွင်းပိုင်း၌ အရာရာကို ကြေးသတ္တုတစ်မျိုးဖြင့် သွန်းလုပ်ထားသော ရှေးဟောင်းခန်းမတစ်ခု ရှိနေသည်။ ၎င်းက သက်တမ်းကြာမြင့်သော်လည်း တစ်စုံတရာ ပျက်စီးခြင်းမရှိဘဲ အချိန်တိုက်စားမှုဒဏ်အဖြစ် ဟောင်းနွမ်းနေရုံသာဖြစ်သည်။ ၎င်း၏အလယ်တွင် အစီအရင်တစ်ခုရှိနေပြီး အနက်ရောင်ဝတ်ရုံနှင့် အဖြူရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်လျက်ရှိသည်။ သူက အချိန်ကြာမြင့်စွာ ထိုင်နေသကဲ့သို့ ထင်မှတ်ရပြီး အစီအရင်နှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။ အကယ်၍ အခြားလူများသာ ဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်ကို မြင်လိုက်ရလျှင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပေလိမ့်မည်။ လက်အထက်တွင် အသားလုံးဝမရှိဘဲ အရိုးများသာ ဖြစ်သော်လည်း လှုပ်ရှားနိုင်စွမ်းရှိနေကာ တစ်ကိုယ်လုံးနီးပါး အရိုးကျနေသည်။ အရိုးအချို့မှာ တိုက်စားခံထားရသောကြောင့် ကျိုးပဲ့ဆွေးမြည့်နေကာ အချို့တွင် အသားစများ ကပ်တွယ်နေသော်လည်း အရောင်အဆင်းကင်းမဲ့နေ၏။ မျက်နှာထက်တွင် အသားအနည်းငယ်သာ ကျန်ရစ်ပြီး မျက်တွင်းဟောက်ပက်၌ ကြွက်သားများဖြင့် မျက်လုံးအစုံကို ထိန်းသိမ်းထားရာ အလွန်ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။

"ကျုပ်က မင်းတို့ကို စောင့်နေခဲ့တာ အရမ်းကြာနေပြီ။ ကောင်းကင်သခင်ရဲ့ မျိုးဆက်တစ်ယောက်၊ လောကပုံရိပ်ယောင်သားရဲရဲ့ မျိုးဆက်တစ်ယောက်နဲ့ သူတော်စင်ဘုရင် ကျုပ်စောင့်နေခဲ့တာ အချိန် ကြာလွန်းသွားပြီ ဟား ဟား"

အရိုးစုက ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ထရယ်လိုက်သောအခါ ရယ်သံက စူးရှအက်ကွဲနေသောကြောင့် ခန်းမတစ်ခွင် ပဲ့တင်ထပ်သွား၏။ အကယ်၍ တစ်ယောက်ယောက်သာ ခန်းမအနား ဖြတ်သွားလျှင် ထိုရယ်သံကြောင့် ကြောက်လန့်သွားပေလိမ့်မည်။

"ကောင်းကင်မူလကြယ်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ။ အဲ့ဒီကို ငါ ပြန်မရောက်တာ အရမ်းကြာနေပြီ။ လူတွေက အမြဲတမ်း ပြောင်းလဲနေတတ်တော့ ငါ့ကို အမှတ်ရတော့မယ် မထင်ဘူး"

ထို့နောက် သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီး အတိတ်ကို ပြန်လည်စဥ်းစားနေခဲ့သည်။ သို့သော် သူက ခဏအကြာတွင် ထပ်မံရယ်မောလိုက်သဖြင့် ခန်းမတစ်ခုလုံး တုန်ခါနေသည်။

"ဆရာ"

ပုံရိပ်သုံးခုက မနီးမဝေးတွင် ထွက်ပေါ်လာပြီး အလွန်ရိုသေလေးစားသော အမူအရာဖြင့် ဒူးတစ်ဖက် ထောက်လိုက်ကြသည်။ ရွှေနတ်သား၊ လူသားနှင့် ပိုဖန်းမျိုးနွယ်ဝင် တစ်ယောက်စီဖြစ်ပြီး ရွှေနတ်သားမျိုးနွယ်ဝင်က ကျင့်ကြံဆင့် အမြင့်ဆုံးဖြစ်၍ ကောင်းကင်အဆင့် ဖြစ်၏။

"ကလေးမလေးကို ခေါ်လာကြ"

ဝတ်ရုံနက် အရိုးစုလူက လှည့်ပင်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ပုံရိပ်သုံးခု ထွက်ခွာသွားသောအခါ သူက ယဲ့ချန်နှင့် နင်အာ၏ အရှိန်အဝါများကို အာရုံမခံနိုင်တော့သဖြင့် ရုတ်တရက် အံ့သြသွားခဲ့သည်။ သူက သွေးရောင်မြူခိုးကို ဖောက်ထွင်းမြင်နိုင်ပြီး တော်ဝင်သင်္ချိုင်းတစ်ခုလုံး စေ့စေ့စပ်စပ် ရှာဖွေလိုက်သော်လည်း သူတို့ကို မတွေ့ပေ။

ဥယျာဥ်အတွင်း သွေးနတ်သစ်သီးများကို ခူးဆွတ်နေသော ယဲ့ချန်သည် ဗွမ်းခနဲ အသံတစ်ခုကြားလိုက်ရပြီး နင်အာ၏ အရှိန်အဝါကို မရတော့ပေ။ သူက ရင်ထိတ်သွားပြီး ပတ်ဝန်းကျင်ရှိ ရေကန်ကို ကြည့်လိုက်သောအခါ မျက်နှာပြင်ထက်တွင် လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်နေကြောင်း မြင်လိုက်ရ၏။

"နင်အာက ရေကန်ထဲကို ဘယ်လိုလုပ်ကျသွားတာလဲ"

ပို၍ထိတ်လန့်စရာကောင်းသည်မှာ သူ၏ဝိညာဥ်အသိစိတ်က ရေကန်အတွင်း အလုပ်မလုပ်သောကြောင့် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ သူက ဒေါသတကြီးကြုံးဝါး၍ တိုက်ခိုက်လိုက်သော်လည်း အချိန်လေဟာနယ်ချီများမှာ ရေမျက်နှာပြင်နှင့် အတွေ့တွင် ပျောက်ကွယ်သွားသဖြင့် နောက်တစ်ကြိမ် အံ့သြသွားရပြန်သည်။ ရေကန်က တစ်ခုခု ထူးခြားနေသော်လည်း နင်အာကို ကယ်တင်ရန် နောက်ကျနေသဖြင့် သူက မစဥ်းစားနိုင်တော့ဘဲ ချက်ချင်းခုန်ချလိုက်သည်။ သူက ရေကန်အတွင်း ရောက်သောအခါ အောက်ခြေ၌ နင်အာ၏ပုံရိပ်လေးကို မြင်လိုက်ရ၏။ သူက ချက်ချင်းရေငုပ်၍ သူမကို ပွေ့ဖက်ကာ အထက်သို့ ကူးခတ်လာခဲ့သည်။

သတိလစ်နေပုံရသော နင်အာက မျက်လုံးများပွင့်လာသော်လည်း ရေကန်အတွင်း မည်သို့ပြုတ်ကျသွားကြောင်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အဆင့်နိမ့်ကြယ်သခင်တစ်ယောက် ရေနစ်ရန် မဖြစ်နိုင်သောကြောင့် ထာဝရ ခွဲခွာရလုနီးပါးဖြစ်သွားသောအခါ စိုးရိမ်နေသည့် ယဲ့ချန်၏စိတ်က သူမ သတိရလာသောအခါတွင်မှ တည်ငြိမ်သွားခဲ့၏။ သူတို့က ရေကန်အထက်သို့ တက်လာခဲ့သောအခါ ရေကန်အနီးရှိ ကျောက်တောင်အတွင်း ရောက်နေသောကြောင့် ယဲ့ချန်က သတိကြီးကြီးထားလိုက်သည်။ သူ၏ ရှေ့တည့်တည့်တွင် မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိရသော လမ်းကြောင်းတစ်ခု ရှိနေသဖြင့် ကျောက်တောင်အတွင်း ဖုံးကွယ်ထားသည့် လျှို့ဝှက်လမ်းကြောင်း ဖြစ်နိုင်သည်။

"နင်အာ အဆင်ပြေ....."

ယဲ့ချန်သည် တစ်ခုခုပြောရန် နင်အာကို ကြည့်လိုက်သောအခါ ဆွံ့အသွားပြီး အကြည့်မလွှဲနိုင်တော့ပေ။ နင်အာက တစ်ကိုယ်လုံး ရေစိုနေသောကြောင့် အဝတ်အစားများ ကပ်နေသဖြင့် ရင်ဘတ်မှ ယုန်နှစ်ကောင်ကို အထင်းသား မြင်နေရသည်။ ထို့အပြင် သူမ၏လှပသော ကောက်ကြောင်းများနှင့် ရှည်လျားသော ပေါင်တံအစုံက ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။ သူ၏အကြည့်ကြောင့် သူမက မျက်နှာလေးရဲသွားကာ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ချက်ချင်းကာထားလိုက်သော်လည်း အရွယ်အစားကြီးမားနေသဖြင့် ပို၍ဆွဲဆောင်အား ပြင်းသွားစေခဲ့လေသည်။

All Chapters