မျက်ကန်းကြီး ရောက်လာခြင်း
Vol. 63 Ch. 885
ပန်လိသည် ကြယ်သခင်အဆင့် တက်ကာစဖြစ်သော ယဲ့ချန်ကို အလေးအနက်မထားဘဲ လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်မည်ဟု ထင်နေခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာသော ကောင်းကင်ဓားပျံများက သူ၏လက်ဝါးကို တဖောက်ဖောက် ဝင်ရောက်သွားကာ အပေါက်များ ဖြစ်ပေါ်လာစေပြီး မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်ကြယ်တာရာရုန်းများ ပေါက်ကွဲသွားကြသည်။ ဘယ်လက်တစ်ခုလုံး ပျက်စီးသွားသော်လည်း ဓားပျံများက သူ၏ခေါင်းထံ ဆက်လက်တိုးဝင်လာနေသောအခါ ထက်ရှလွန်းသောကြောင့် ရင်ထိတ်သွားရသည်။ သူက ယဲ့ချန်ကို အထင်သေးမိကြောင်း သတိဝင်လာသောအခါ လှစ်ခနဲ ထွက်ပြေးလိုက်သဖြင့် ဓားပျံများမှာ နောက်ကျန်ပုံရိပ်ကိုသာ ထိုးဖောက်သွားကြ၏။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ ပုံရိပ်ယောင်ပုလဲက ထွက်ပြေးသွားရာ အလင်းတန်းပမာ ပျောက်ကွယ်တော့မည် ဖြစ်သည်။
၎င်းက မြန်လွန်းနေသည့်အပြင် ယဲ့ချန်၏ တိုက်ကွက်တစ်ခုတည်းဖြင့် နောက်ဆုတ်လိုက်ရသော အဖြစ်က ပန်လိအတွက် လက်မခံနိုင်စရာ ဖြစ်သည်။ သူ၏လက်ပြတ်မှ ရွှေရောင်အလင်းတစ်ချက် လက်သွားကာ အကောင်းအတိုင်း ပြန်ဆက်သွား၍ ပုံရိပ်ယောင်ပုလဲကို ဖမ်းဆီးချင်ခဲ့သည်။
"မင်းရဲ့ပြိုင်ဘက်က ဒီမှာ"
ယဲ့ချန်က ကြုံးဝါးလိုက်ပြီး ဝိညာဥ်နတ်ဘုရားကို မီတာသောင်းချီမြင့်သော ပုံရိပ်ပမာဖန်ဆင်း၍ ကောင်းကင်ကို ဖုံးအုပ်နိုင်လောက်သော လက်ဝါးကြီးနှင့် ရိုက်ချလိုက်သည်။ ၎င်းက ပုံရိပ်ယောင်နှင့် ဆင်တူမနေဘဲ အစစ်အမှန် ရုပ်ခန္ဓာဖြစ်နေပြီး ကျောက်စိမ်းပမာ တောက်ပနေသည်။
"ဘုန်း"
တောင်ကုန်းတစ်ခုပမာ ကြီးမားသော လက်ဝါးကြီးက ပန်လိကို ထိမှန်သွားကာ ကျောက်စာချပ်များအကြား ဦးစောက်ကျွမ်းပြန် ပြုတ်ကျသွားစေခဲ့သည်။ သူနှင့် တိုက်မိသော ကျောက်စာများမှာ တဝုန်းဝုန်းလဲပြိုနေသဖြင့် အခြားမျိုးနွယ်မှ ကျင့်ကြံသူများ၏အမြင်တွင် ဝိညာဥ်နတ်ဘုရားက ကြောက်စရာကောင်းလွန်းနေသည်။
"ဒါက သူ့ရဲ့ ဝိညာဥ်အသိစိတ်လား"
"ကြောက်စရာကောင်းလိုက်တာ"
"ဝိညာဥ်အသိစိတ်ကို အသုံးပြုပြီး ဒီလိုမျိုး တိုက်ခိုက်နိုင်တာလား"
ယဲ့ချန် ပထမဆုံး ထွက်ပေါ်လာသောအခါ သူတို့သည် သာမန်အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ဟု ထင်မှတ်ကြသည်။ သို့သော် သူ၏အစွမ်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ အထင်နှင့် အမြင် တက်တက်စင်အောင် လွဲမှားနေသည်။ ကံကောင်းစွာဖြင့် သူတို့က ယဲ့ချန်၏ရတနာကို လုယူရန်အတွက် မိုက်မဲစွာ မတိုက်ခိုက်ခဲ့မိကြပေ။ သို့မဟုတ်လျှင် အသတ်ခံလိုက်ရသည့်တိုင်အောင် အသက်ထွက်သွားကြောင်း သိမည် မဟုတ်ချေ။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသော ပန်လိက ကြုံးဝါးရင်း ကျောက်စာများအကြားမှ တိုးထွက်လာကာ ဝိညာဥ်နတ်ဘုရားကို ဒေါသဖြင့် ကြည့်နေခဲ့သည်။ ရွှေရောင်အလင်းက သူ၏ဒဏ်ရာများကို ရှေးနည်းအတိုင်း ကုသပေးခဲ့ပြီး အဆင့်တစ်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သောကြောင့် ဒဏ်ရာကုသနှုန်း အလွန်ကောင်းမွန်နေသည်။
"ဝေါင်း"
သူက အော်ဟစ်လိုက်ပြီး တောင်ပံများကို ဖြန့်ထုတ်လိုက်သောအခါ ရွှေရောင်ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာပြီး ဝိညာဥ်အသိစိတ်ကလည်း ခန္ဓာကိုယ်အား ဗဟိုပြု၍ စစ်နတ်ဘုရားပမာ ထွက်ပေါ်လာသည်။ အဆင့်သုံး မျိုးနွယ်ဝင်တစ်ယောက်ကြောင့် ရှုံးနိမ့်ရခြင်း က သူ့အတွက် သည်းမခံနိုင်စရာဖြစ်သည်။ ရွှေနတ်သား မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သောကြောင့် သူက အလွန်မောက်မာပြီး လေပေါ်သို့ ပျံတက်လာကာ ယဲ့ချန်ထံ ရွှေရောင်ငှက်မွေးများဖြင့် ပစ်ခတ်လိုက်၏။
"ဘန်း ဘန်း ဘန်း"
ယဲ့ချန်နှင့် ဝိညာဥ်နတ်ဘုရားကလည်း ရှေ့တိုးလာသောကြောင့် ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။ တိုက်ပွဲရောက်သွားသော နေရာတိုင်း၌ ကျောက်စာများ ပျက်စီးကုန်ပြီး သွေးရောင်မြူများပင် ပျက်ပြယ်သွားကြသည်။ တော်ဝင်သင်္ချိုင်းအတွင်း ရောက်နေသော ကျင့်ကြံသူများမှာ ခေါင်းနားပန်းကြီးသွားကာ အခင်းဖြစ်ပွားရာနှင့် အဝေးသို့ ခြေကုန်သုတ် ထွက်ပြေးခဲ့ကြသည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်နှင့် တိုက်ပွဲတွင် ယဲ့ချန်က ဖိအားပေးခံနေရပြီး ဝိညာဥ်နတ်ဘုရားက ပြိုကွဲလုနီးပါးဖြစ်နေသည်။ သို့သော် နင်အာအတွက် အချိန်ဆွဲရန် သူက ပြတ်သားစွာ တိုက်ခိုက်နေပြီး ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးက မြန်ဆန်စွာ လည်ပတ်နေ၍ ဝိညာဥ်ကောင်များထံမှ စွမ်းအင်များကို စုပ်ယူနေသည်။ ထို့ကြောင့် ဝိညာဥ်နတ်ဘုရားက ပိုမိုသန်မာလာကာ အချိန်နှင့် လေဟာနယ်ကို အက်ကွဲစေနိုင်သော လက်သီးချက်များ ထုတ်ဖော်နိုင်ခဲ့သည်။
ပန်လိသည် တစ်ဖက်လူ၏ လက်သီးကို ထိပ်တိုက်ရင်မဆိုင်ရဲသဖြင့် ဆက်တိုက်ရှောင်တိမ်းနေရပြီး အချိန်ကြာလေလေ ပို၍ထိတ်လန့်လေလေ ဖြစ်သည်။ တစ်ဖက်လူက အလွန်ထူးဆန်းနေကာ တာအိုရုန်းများ၊ ဓားပျံများ၊ အချိန်လေဟာနယ် အဆင့်ခုနစ်နှင့် ကြောက်မက်ဖွယ် ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်နေသည်။ အကယ်၍ ယဲ့ချန်သာ နောက်ထပ်အဆင့်တက်သွားလျှင် စိတ်ကူးမရလောက်အောင် အစွမ်းထက်လာပေလိမ့်မည်။ ပန်လိသည် ယဲ့ချန်၏ ဝှက်ဖဲများ ထပ်မံထွက်ပေါ်လာမည်ကို ကြောက်ရွံ့နေပြီး အထင်မသေးဝံ့တော့ပေ။ တစ်ဖက်လူ၏ ခွန်အားက ကြယ်သခင်အဆင့်နိမ့်ကို ကျော်လွန်ပြီး ထိပ်တန်းအဆင့် ကြယ်သခင်တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိနေသည်။
"မင်းသာ အလယ်အဆင့် ကြယ်သခင်ဖြစ်လာရင် ငါ မယှဥ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် အခုတော့ ငါ အရှုံးပေးဖို့ မဖြစ်နိုင်ဘူးကွ"
သူက အေးစက်စက် ရေရွတ်လိုက်သောအခါ ရွှေရောင်တောင်ပံများက ချက်ချင်းမည်းနက်သွားသည့်အပြင် မျက်ဝန်းများလည်း ထူးမခြားနားဖြစ်သည်။ အမှောင်စွမ်းအင်များက ကိုယ်တွင်းမှ ထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်လေထုကိုပင် မှိုင်းညို့သွားစေသည်။ သူ၏အရှိန်အဝါက ပြင်းထန်သထက် ပြင်းထန်လာပြီး ဝိညာဥ်နတ်ဘုရားကို လုံးဝဖိနှိပ်ထားသည်။
"ကောင်းပြီ။ မင်းရဲ့ဆရာနဲ့ လိုက်တွေ့မယ်။ မတိုက်ခိုက်တော့ဘူး"
ထိုအချိန်၌ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ရုတ်တရက် သိမ်းဆည်းလိုက်ပြီး တိုက်ပွဲအတွက် ဝှက်ဖဲကို ထုတ်ဖော်လိုက်သော ပန်လိအား ပြောလိုက်သည်။ နတ်ဆိုးစွမ်းအားကို အသက်သွင်း၍ အပြင်းအထန်တိုက်ခိုက်ရန် ပြင်ဆင်ထားသော ပန်လိမှာ သူ၏လုပ်ရပ်ကြောင့် ကြောင်အသွားသည်။ မူလတွင် သူက ယဲ့ချန်ကြောင့် ခံစားခဲ့ရပြီး လက်တစ်ဖက် ပျက်စီးသွားသည့်အပြင် ဝိညာဥ်နတ်ဘုရားထံမှ ရိုက်နှက်ခြင်းခံခဲ့ရသည်။ သူက ဒေါသဖြေဖျောက်ရန်အတွက် ဝှက်ဖဲကို ထုတ်ဖော်လိုက်သောအခါ တစ်ဖက်လူက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"ကောက်ကျစ်တဲ့လူသား သတ္တိရှိရင် နောက်တစ်ကြိမ် တိုက်ခိုက်မယ်"
ပန်လိ၏ ချီများက ယဲ့ချန်၏လည်ပင်းကို လက်အသွင်ဖြင့် ညှစ်၍ လေပေါ်မြှောက်လိုက်၏။
"မင်းရဲ့ဆရာက ငါ့ကို တွေ့ချင်တယ်မလား။ ဘာကြောင့် ခေါ်မသွားသေးတာလဲ"
ယဲ့ချန်သည် လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသော်လည်း ခုခံရန် ကြယ်ကိုးလုံးကိုသာ လည်ပတ်ပြီး အေးစက်စက် မေးလိုက်သည်။ ပန်လိသည် နတ်ဆိုးစွမ်းအင်ကို အသက်သွင်းပြီးနောက် ပြင်းထန်လွန်းသဖြင့် တိုက်ခိုက်ချင်နေပါသော်လည်း ဆရာဖြစ်သူ၏အမိန့်က အသက်ရှင်လျက် ခေါ်ဆောင်လာရန် ဖြစ်နေသည်။ သွေးဆာရက်စက်သော စွမ်းအင်များကို အတင်းအကြပ် ဖိနှိပ်လိုက်ရသောကြောင့် နတ်ဆိုးသဘာဝအရ ကိုယ်တိုင်းအင်္ဂါများ ထိခိုက်သွားကာ သွေးများ အန်ချနေရသည်။
"ငါ ဘာမှတောင်မလုပ်ရသေးဘဲ ဒီကောင်က ဘာကိစ္စ သွေးတွေ အန်နေတာလဲ။ ဝိညာဥ်နတ်ဘုရားရဲ့ တိုက်ကွက်တွေကြောင့် အတွင်းအင်္ဂါတွေ ထိခိုက်သွားတာများလား"
ဤမြင်ကွင်းကြောင့် ယဲ့ချန်ပင် ကြောင်အအ ဖြစ်နေခဲ့သည်။ သို့သော် ပန်လိ၏ သွေးဆာရက်စက်သော အနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်ခံနေရသောကြောင့် သူက သတိကြီးကြီး ထားနေရသည်။ တစ်ဖက်လူ၏ နတ်ဆိုးအရှိန်အဝါက သွေးပြည်ထောင်မှ သွေးနတ်ဆိုးများထက်ပင် ကျော်လွန်နေကြောင်း သူက နားလည်လိုက်သည်။
"ဒီကောင်ရဲ့ ဆရာက ဘယ်သူများလဲ။ ငါ့ကို တော်ဝင်သင်္ချိုင်းအတွင်းပိုင်းကနေ စောင့်ကြည့်နေတဲ့လူ ဖြစ်နိုင်တယ်"
ထိပ်တန်းကြယ်သခင်တစ်ယောက်၏ လက်မှ ထွက်ပြေးရန် အလွန်တရာ ခက်ခဲသောကြောင့် အပြင်းအထန်ဒဏ်ရာပြီး လိုက်သွားရမည့်အစား အေးအေးသက်သာ လိုက်သွားရန် ယဲ့ချန်က ရွေးချယ်လိုက်ခြင်းဖြစ်သည်။ မျက်ကန်းကြီး၏အဆိုအရ တော်ဝင်သင်္ချိုင်းအတွင်းပိုင်း၌ သုညပိုင်ရှင်တစ်ယောက်ရှိကြောင်း သိထားသဖြင့် ထိုလူမှာ ပန်လိ၏ဆရာနှင့် တစ်ယောက်တည်းလားဟု သိချင်နေသည်။ ပန်လိသည် ယဲ့ချန်ကို ချုပ်နှောင်၍ တောင်ပံများ ခတ်လိုက်သောအခါ သင်္ချိုင်းအတွင်းပိုင်းသို့ လှစ်ခနဲ ဦးတည်ပျံသန်းသွားခဲ့သည်။
ထိုအချိန်၌ ပုံရိပ်ယောင်ပုလဲသည် သင်္ချိုင်းအပြင်ရှိ ကြယ်တစ်လုံးပေါ်တွင် ရပ်နားလိုက်ပြီး နင်အာ ထွက်ပေါ်လာသည်။ သူမက တော်ဝင်သင်္ချိုင်းထံ နက်ရှိုင်းစွာ ကြည့်နေပြီး မျက်ရည်များ ဝဲနေသည်။ ထိုနေရာမှ ကျယ်လောင်လှသော တိုက်ခိုက်သံများကို ကြားခဲ့ရသော်လည်း ယဲ့ချန်၏စကားကို မပယ်ရှားလိုသဖြင့် သူမက အားတင်းကာ ထွက်ပြေးခဲ့ရ၏။ တော်ဝင်သင်္ချိုင်းအတွင်းမှ ရောက်လာသော ရန်သူများက အစွမ်းထက်လွန်းနေပြီး သူမသာ ပြန်လှည့်သွားလျှင် ယဲ့ချန်အတွက် အကူအညီမပေးနိုင်ရုံသာမက ဝန်ထုပ်ဝန်ပိုးပင် ဖြစ်စေနိုင်သည်။ ပုံရိပ်ယောင်ပုလဲ ရပ်တန့်လိုက်သော ကြယ်မျက်နှာပြင်အထက်တွင် နောက်ထပ်ကျင့်ကြံသူနှစ်ဦး ရှိနေသည်ကို သူမက သတိမထားမိခဲ့ပေ။
"ဒီကောင်မလေးက အတော်လှသဟ"
လူသားမျိုးနွယ်ဝင်က တဏှာမီးတောက်နေဟန်ဖြင့် နှုတ်ခမ်းကို လျှာသပ်လိုက်သည်။
"မင်း စိတ်ဝင်စားလို့လား"
ပိုဖန်းမျိုးနွယ်ဝင်က တစ်ချက်ပြုံး၍ မေးလိုက်သည်။
"ဒါပေါ့ကွ။ ဒီကောင်မလေးရဲ့ အလှကို လူသားမျိုးနွယ်မှာ လင်လုံနဲ့ မိုရွဲ့သာ ယှဥ်နိုင်လိမ့်မယ်"
လူသားကျင့်ကြံသူ၏ မျက်လုံးများတွင် ရမ္မက်ခိုးများ ထင်ဟပ်နေသည်။
"ဟား ဟား မင်းတို့က အသက်ရှင်ရတာ ပင်ပန်းနေရင် သူမကို ထိကြည့်လိုက်လေ။ သူမရဲ့သရုပ်မှန်ကိုသာ သိရင် အကြောက်လွန်သွားမယ့် ကောင်တွေ"
ထိပ်တန်းကြယ်သခင်နှစ်ယောက်က လှုပ်ရှားရန် ပြင်လိုက်စဥ် လှောင်ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က ထိတ်လန့်သွားကာ အသံထွက်ပေါ်လာရာသို့ လေးနက်စွာ ကြည့်လိုက်မိ၏။ သူတို့နှင့် မီတာအနည်းငယ် ဝေးကွာသော နေရာ၌ ခေါင်းတုံးပြောင်ပြောင်နှင့် အင်္ကျီဗလာလူတစ်ယောက် တင်ပျဥ်ခွေထိုင်နေကြောင်း မြင်လိုက်ရသည်။ တစ်ဖက်လူ၏ တစ်ကိုယ်လုံး ရှုပ်ထွေးသော ဆေးမင်များ ပြည့်နှက်နေကာ မျက်တွင်းဟောင်ပက်အတွင်း၌ မျက်ဆံမရှိသောကြောင့် မျက်ကန်းတစ်ယောက် ဖြစ်သည်။ မျက်ကန်းကြီးက ရယ်မောနေရင်း သူတို့ကို မျက်တွင်းဗလာနှင့် စိုက်ကြည့်နေသောအခါ တစ်ကိုယ်လုံး ကြောက်စိတ်များ စိမ့်တက်လာသည်။ သူတို့က မည်မျှကြိုးစားပါစေ၊ တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို အာရုံခံမရသည့်အပြင် ပို၍ကြောက်စရာကောင်းသည်မှာ သူတို့၏အနီးသို့ ရောက်နေသည့်တိုင်အောင် တည်ရှိမှုကို အာရုံမခံမိခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ။ ကိုယ့်လမ်းကို သွားကြစမ်း"
မျက်ကန်းကြီးက တစ်ချက်ပြုံး၍ ပေါ့ပေါ့ပါးပါး မောင်းထုတ်လိုက်သောအခါ ထိပ်တန်းကြယ်သခင်နှစ်ယောက်၏ စိတ်ထဲ၌ အကြောက်တရား ကြီးစိုးလာသည်။ သူတို့က အကြောက်လွန်နေပြီး မိဘများက ခြေထောက်နှစ်ချောင်းသာပါအောင် မွေးဖွားပေးခဲ့သည့်အပေါ် အပြစ်တင်ရင်း ထွက်ပြေးသွားကြလေသည်။