ခြိမ်းခြောက်! ချင်းလင်စံအိမ်မှာ ဖရဲသီးဘာလို့ဖြစ်? ၃
Vol. 23 Ch. 336
ထိုလယ်ယာသုံးစက်များကို ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်လက်မှတ်ထိုးထားသောစိုက်ခင်းများမှငှားယူထားခြင်းဖြစ်သည်။
လူ ၂၀ နှင့် မြေဧက ၁၀၀ ကိုပြုပြင်ဖို့မဖြစ်နိုင်။ အချိန်ဘယ်လောက်ကုန်လိုက်မလဲ?
ယနေ့ခေတ်တွင် လယ်ယာစိုက်ပျိုးခြင်းမှာ စက်ပစ္စည်းအပေါ်အားထားနေရဆဲပင်။ စက်သုံးကာ စိုက်ခင်းဖွင့်ပြီးနောက် အသစ်ခန့်ထားသောလူ ၂၀ ကျော်က မြေကိုအညီအမျှဖြန့်ပြီး မြေဩဇာကျွေးဖို့တာဝန်ယူကြသည်။
ဒါဆိုရင် ပိုမြန်လိမ့်မည်။
တစ်ရက်မကုန်ခင် မြေနေရာအကျယ်ကြီးကိုလှန်ပြီး မြေဩဇာထည့်ပြီးသွားသည်။
''ညီလေးချင်... မင်းရွေးထားတဲ့မျိုးစေ့တွေရဲ့ သန္ဓေ အမြစ် အတက်အလက်တွေက တခြားမျိုးစေ့တွေထက် ပိုကောင်းတယ်'' လီခိုင်က မြေလှန်ထားသောစိုက်ခင်းထဲတွင် မှန်ဘီလူးအကြီးကြီးတစ်လက်ကိုင်ပြီး သူ့လက်ထဲမှမျိုးစေ့ကိုလေ့လာသုံးသပ်နေသည်။
ချင်လင်ရွေးထားသော အရည်အသွေး ၂ မျိုးစေ့ပင်။
ထိုမြေလှန်ထားသောနေရာကို တခြားနေရာများနှင့်သီးခြားခွဲထားသည်။
မြေလှန်ထားသောစိုက်ခင်းတစ်ကွက်တွင် အရည်အသွေး ၂ ဖရဲသီးများစိုက်ပြီး တခြားစိုက်ခင်းများတွင် အရည်အသွေး ၁ ဖရဲသီးစိုက်ရန် စီစဉ်ထား၏။
နောက်ပြီး ပထမအသုတ်မျိုးစေ့တချို့တဝက်ကို ဖရဲသီးလုပ်ပြီး အတော်များများကိုဆက်လက်ပျိုးထောင်ဖို့စီစဉ်ထားသည်။
ဒီအရည်အသွေး ၁ ဖရဲသီးက သာမန်ဖရဲသီးတွေထက်ပိုအရသာရှိတယ်ဆိုမှတော့ ကျယ်ကျယ်ပြန့်ပြန့်မစိုက်စရာအကြောင်းမရှိ။
အခုသူလိုအပ်နေတာက မျိုးစေ့။
ချင်လင်က သူ့လက်ထဲမှမျိုးစေ့ကိုမြေပေါ်ချပြီး မြေကြီးနှင့်ဖုံးလိုက်သည်။
ဖရဲသီးစိုက်သောအခါ မြေကအရမ်းမာနေလို့မဖြစ်။ နည်းနည်းမွနေရမည်။
လီခိုင်က နောက်ထပ်အရည်အသွေး ၂ မျိုးစေ့ဆီ လက်လှမ်းနေသည်ကိုမြင်၍ သူကအလောတကြီးနှင့်_ ''အစ်ကိုလီ... ညှာညှာတာတာလုပ်ပါ... မျိုးစေ့ထုတ်တာ အများကြီးမရဘူး''


''အမ်... နောက်ဆုံးနှစ်စေ့ကိုဖြတ်လိုက်'' လီခိုင်က အောင့်သီးအောင့်သက်နှင့်ပြောပြီး အရည်အသွေး ၂ မျိုးစေ့နှစ်စေ့မက နှိုက်ယူလိုက်၏။
သူတို့ပတ်လည်တွင် ဝန်ထမ်းများက မြေပြုပြင်ရန် လယ်ယာသုံးစက်များနှင့်လုပ်နေဆဲပင်။ သူတို့ဘေးတွင် မြေဩဇာထည့်ထားသောမြေကြီးကိုဆွနေသောဝန်ထမ်းများလည်းရှိသည်။ တချို့ကလည်း အရည်အသွေး ၁ မျိုးစေ့များကို စစိုက်နေကြ၏။
စီရင်စုက ချင်းလင်စံအိမ်တွင် ဖရဲသီးစိုက်ရန် မြေဧက ၁၀၀ ပြုပြင်နေကြောင်း သတိထားမိသည်။
ဘာပဲဖြစ်ဖြစ် လက်ရှိစံအိမ်ခရီးသည်အရေအတွက်နှင့်ရုံချန်းစီရင်စုအပေါ်အကျိုးသက်ရောက်မှုအရ အာရုံမစိုက်မိဖို့ခက်သည်။
ချင်းလင်စံအိမ်က နောက်ထပ်မြေဧက ၅၀၀၀ စာချုပ်ချုပ်ထားသည်။ မွေးမြူရေးခြံဆောက်ထားသည့်အပြင် ကျန်မြေကိုဘယ်လိုဖွံ့ဖြိုးအောင်လုပ်မလဲ စီရင်စုကအမြဲနားစွင့်နေသည်။ စံအိမ်ကလှုပ်ရှားသည်နှင့် စီရင်စုကသိသည်။
ချန်လီကို စွန်းရှန်ကရုံးခန်းထဲဖုန်းဆက်ခေါ်လိုက်သည်။
စွန်းရှန်က သူ့ကိုမြင်သည်နှင့်_ ''ချင်းလင်စံအိမ်မှာ နောက်ထပ်ဧက ၁၀၀ ဖွံ့ဖြိုးအောင်လုပ်ထားတယ်''
''သူဌေးချင်က ဘာလုပ်ငန်းသစ်စနေပြန်ပြီလဲ?'' ချန်လီက အံ့ဩသံနှင့်မေးလိုက်သည်။ ဒီရက်ပိုင်းမှာ အစားအသောက်ပွဲတော်နှင့်အလုပ်ရှုပ်နေ၍ ဒီကိစ္စကိုအာရုံမစိုက်မိ။
စွန်းရှန်ကခေါင်းခါပြီး ရှင်းပြလိုက်သည်_ ''တခြားလုပ်ငန်းတော့မဟုတ်ဘူး... ဒီမြေဧက ၁၀၀ က ဖရဲသီးစိုက်ဖို့''
''ဘယ်လို?'' ချန်လီခဏတော့ ကြောင်သွားသည်_ ''ဘာလို့ဖရဲသီးစိုက်ရတာလဲ? မဟုတ်သေးဘူး... ဖရဲမျိုးစေ့တွေက မတ်လအလယ်မှစိုက်တာ အကောင်းဆုံး... အခုချိန်နည်းနည်းစောသေးတယ်... နောက်ပြီး အခုချင်းလင်စံအိမ်က ဖရဲသီးဧက ၁၀၀ စိုက်ဖို့မလိုပါဘူး... ဖရဲစိုက်တောင်သူတွေက သူတို့ဆီဖရဲသီးသွင်းချင်နေကြတာလေ''
စွန်းရှန်ကခေါင်းညိမ့်ပြီး_ ''မင်းပြောတာမှန်တယ်... အဲဒါကြောင့် ငါ့အထင် ဒီချင်းလင်စံအိမ်ရဲ့ဖရဲသီးက သာမန်တော့မဟုတ်လောက်ဘူး''
ချန်လီက ရုတ်တရက်တစ်ခုခုတွေးမိသွားသည်။ စံအိမ်မှာ ထူးရှယ်ဖရဲသီးအကြောင်း ချင်လင်ပြောပြတာ သွားသတိရသည်။ အဲဒီတုန်းက သူသတိမထားမိ။ အခုချင်းလင်စံအိမ်ရဲ့လှုပ်ရှားမှုအကြောင်းကြားမှ သတိလက်လွတ်အံ့အားသင့်သွားသည်_ ''မဖြစ်နိုင်တာ?''
သူထင်တာမှန်ရင် ဒီကိစ္စက ဆော့ကုန်ကြမ်းရတာထက် ပိုပြီးကောင်းတဲ့အကျိုးအမြတ်တွေ စီရင်စုမှာဖြစ်လာလိမ့်မည်။
''ဘာဖြစ်လို့လဲ?'' စွန်းရှန်ကချက်ချင်းမေးလိုက်သည်။
''စွန်းရှန်... ကျုပ်ချင်းလင်စံအိမ်ကိုချက်ချင်းသွားပြီး အတည်ပြုစရာရှိတယ်'' ချန်လီကပြောပြောဆိုဆို ရုံးခန်းထဲမှခပ်သုတ်သုတ်ထွက်သွားပြီး စွန်းရှန်ကို သို့လောသို့လောဖြစ်အောင်ထားခဲ့လေသည်။