ဒီဖရဲသီးက ကောင်းချီးမင်္ဂလာ? နှစ် ၄၀ သက်တမ်းဝိုင်! ၂
Vol. 23 Ch. 338
ချင်လင်ကရှင်းပြလိုက်သည်_ ''အထူးလိုအပ်ချက်မရှိပါဘူး... အဲဒီအပြင် အပင်ဖြစ်ပိုမြန်ပါတယ်... မျိုးစေ့ပျိုးမထောင်ဘူးဆိုရင် ၄၅ ရက်နဲ့မှည့်ပါလိမ့်မယ်''
''၄၅ ရက်?'' ချန်လီချက်ချင်းအံ့ဩသွားသည်။
သာမန်ဖရဲမျိုးက ဖရဲသီးဖြစ်လာဖို့ ရက် ၉၀ အချိန်ယူရ၏။
၄၅ ရက်ဆိုတော့ကာ တစ်ဝက်ပဲပေါ့။
စိုက်ပျိုးရေးထွက်ကုန်အတော်များများ၏ အကြီးမားဆုံးကန့်သတ်ချက်မှာ အပင်ဖြစ်ချိန်ကြာပြီး ဆုံးရှုံးနိုင်ချေများခြင်းပင်။ ထို့အပြင် သီးနှံများကောင်းကောင်းဖြစ်ထွန်းပြီး အပြည့်အဝရစေရန် မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း စသည်တို့မှာ လုပ်အားအများကြီးလိုအပ်သည်။
အပင်ဖြစ်ချိန်က တစ်ဝက်ပဲဆိုရင် ဆုံးရှုံးနိုင်ချေနည်းသွားပြီး တခြားကုန်ကျစရိတ်များလည်း အတော်အတန်ကျဆင်းသွားမည်။
ချန်လီကရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး_ ''သူဌေးချင်... ကျုပ်သတိရပြီ... မင်းခြံဝင်းထဲမှာ ဆောင်းတွင်းကြီးအပြင်ဘက်မှာစိုက်ထားတဲ့ ဖရဲသီးတွေရှိတယ် ဟုတ်တယ်မလား?''
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''အမှန်ပဲ... ဒီဖရဲမျိုးအသစ်က အအေးမကြောက်ဘူး... ဆောင်းတွင်းမှာ အစိမ်းရောင်မှန်လုံအိမ်အကူအညီမလိုဘဲ စိုက်ပျိုးနိုင်တယ်... ပြီးတော့ ရာသီမရွေးဘူး''
ချန်လီက ပိုတောင်အံ့ဩသွားသည်။
ဒါဆိုရင် ရာသီမရွေးတဲ့ဒီလိုဖရဲမျိုးစိုက်တာ ကုန်ကျစရိတ်အတွက် ပိုကောင်းသွားဦးမည်။
ဒီဖရဲသီးက အရသာလည်းပိုရှိသည်။ ဒီအားသာချက်တွေကို ဘယ်ဖရဲမျိုးမှမယှဉ်နိုင်။
ဒီဖရဲသီးကို ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာနိုင်ရင် ဖရဲသီးစျေးကွက်ကိုအလွယ်တကူသိမ်းပိုက်နိုင်လိမ့်မည်။
နောက်ပြီး ဒီစပ်မျိုးကို တခြားဖရဲသီးကုမ္ပဏီတွေ ပြန်မလှန်နိုင်။
မည်သို့ဆိုစေ တောင်သူများနှင့်သီးနှံစိုက်ပိုင်ရှင်များအတွက် ဒီဖရဲမျိုးမစိုက်ဘဲ တခြားဖရဲမျိုးစိုက်စရာအကြောင်းမရှိတော့ဘူးမဟုတ်လား?
''သူဌေးချင်... ဒီဖရဲသီးကို စီရင်စုတစ်ခုလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်မယ့်နည်းရှိလား?'' နောက်ဆုံး ချန်လီကသူအသိချင်ဆုံးမေးခွန်းကိုမေးလိုက်သည်။
ချင်လင်က ချန်လီ၏သဘောကိုနားလည်သဖြင့် ရှင်းပြလိုက်သည်_ ''ကျယ်ကျယ်ပြန့်ပြန့်စိုက်တာက ပြဿနာမရှိပါဘူး... အခုလိုနေတာက မျိုးစေ့ပဲ... မျိုးစေ့တွေထပ်ပြီးပျိုးထောင်ဖို့လိုသေးတယ်... နောက်ပြီး ရံပုံငွေပြဿနာရှိတယ်... စီရင်စုတစ်ခုလုံးကြော်ငြာဖို့ မြေစာချုပ်သက်သက်တင်ပဲ အလုံးအရင်းနဲ့ကုန်မယ်... ပြီးတော့ လုပ်အားခနဲ့ပစ္စည်းအသုံးက ဘယ်လောက်ကျမလဲမသိသေးဘူး''


ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက ကောင်းကောင်းဖွံ့ဖြိုးနေပြီ။ အပြင်လောကမှာ ချင်းလင်စံအိမ်ရဲ့တန်ဖိုးကလည်း အရမ်းမြင့်နေပြီ။
သို့သော် ဒီအချိန်တွင် ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ငွေပြန်ဆပ်နေဆဲအဆင့်သာရှိသေးသည်။ စီရင်စု၏ကြီးကြပ်ရံပုံငွေကို နောက်လဆပ်ပြီးမှသာ အကျေပြန်ပေးနိုင်မည်။ နောက်ပိုင်း စက်ရုံသစ်အစီအစဉ်ရှိသေးသဖြင့် အချိန်တိုအတွင်း ငွေပမာဏအများကြီးကိုလက်ဝယ်မထားနိုင်။
ချင်းလင်စံအိမ်တွင်လည်း စားသောက်ဆိုင်၊ ရွက်လွှင့်ခြင်းနှင့် သတို့သမီးခန်းကုန်ကျစရိတ်ကိုနှုတ်ယူပြီး အမြတ်ငွေအား ထောက်ပံ့ငွေအတွက်ပြန်ဆပ်ရသည်။
တခြားဆောက်လုပ်ရေးလုပ်ငန်းများနှင့် လုပ်အားခကုန်ကျစရိတ်ရင်းနှီးမြှုပ်နှံမှုမှလွဲ၍ စံအိမ်အကောင့်ထဲတွင် ယွမ် ၂၅ သန်းသာကျန်၏။
အချိန်တိုအတွင်း ရံပုံငွေ ၂၅ သန်းကျော်ရှိသည်။ ဒါချင်းလင်စံအိမ်အတွက် ဖွံ့ဖြိုးတိုးတက်ရင်း ငွေပေးချေရင်းနှင့် တလိမ့်လိမ့်တိုးတက်လာခြင်းပင်။
သို့သော် စီရင်စုတစ်ခုလုံးသာ ချင်းလင်ဖရဲသီးစိုက်မည်ဆိုလျှင် ဒီငွေပမာဏက မြေစာချုပ်ချုပ်ဖို့တောင်လောက်မည်မဟုတ်ပေ။
ထို့ကြောင့် ဖြည်းဖြည်းချင်းလုပ်သွားရမည်။
''သူဌေးချင်... မျိုးစေ့ပြဿနာကိုဖြေရှင်းနိုင်ရင် စိရင်စုတစ်ခုလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ဖို့ ထည့်စဉ်းစားပေးပါဦး... ရံပုံငွေအတွက်ကတော့ စီရင်စုက တချို့တဝက်ကူညီဖြေရှင်းပေးနိုင်ပါသေးတယ်'' ဒီဖရဲမျိုးအသစ်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ရင် ဘယ်လောက်ကုန်မလဲ ချန်လီသိသည်။
သို့သော် သူ့အနေအထားနှင့် ကတိအများကြီးမပေးနိုင်။ သူပြန်သွားမှ စွန်းရှန်နှင့်ဆွေးနွေးရမည်။
ထို့ကြောင့် ချင်လင်နှင့်စကားခဏပြောပြီးနောက် သူကနှုတ်ဆက်ပြီး စီရင်စုဆီအမြန်ပြန်သွားသည်။
စီရင်စုရောက်ရောက်ချင်း စွန်းရှန်၏ရုံးခန်းထဲသွားလိုက်၏။
စွန်းရှန်က ခရမ်းချဉ်သီးစိုက်ပျိုးရေးအကြောင်း အချက်အလက်များကြည့်နေသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်စာချုပ်ချုပ်ထားသောစိုက်ပျိုးရေးက စတင်စိုက်နေပြီ။
သူ့လက်ထဲရှိအချက်အလက်မှာ စိုက်ခင်းဥယျာဉ်အသီးသီး၏လုပ်ငန်းစဉ်၊ အလုပ်ခေါ်စာ၊ လစာစီမံချက်စသည်။
မည်သို့ဆိုစေ စီရင်စုက ဒီစိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေချထားပြီးပြီ။ မဖြစ်မနေ အာရုံစိုက်ရတော့မည်။
ပြည်သူတို့၏လူနေမှုဘဝမြှင့်တင်ပေးသော လူမှုဖူလုံရေးလုပ်ငန်းမှာ တစ်ခုခုဖြစ်ခဲ့ရင် စီရင်စု၏မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မည်။
ချန်လီဝင်လာသည်ကိုမြင်လျှင် စွန်းရှန်ကသူ့ဆီအချက်အလက်လှမ်းပေးရင်း_ ''ဒီစိုက်ခင်းမျိုးတွေရဲ့အချက်အလက်ကိုတစ်ချက်ကြည့်လိုက်ပါဦး... စိုက်ခင်းတိုင်းက အလုပ်စနေပြီ... ဝန်ထမ်းအသစ်တွေခေါ်နေတော့ မြို့အသီးသီးကလည်း တချို့အလုပ်အကိုင်ပြဿနာတွေဖြေရှင်းနိုင်သွားလိမ့်မယ်... ဒါကောင်းတဲ့ကိစ္စပဲ''
ချန်လီက အချက်အလက်ကိုယူပြီး အလောတကြီးပြောလိုက်သည်_ ''စွန်းရှန်... ကျုပ်တို့မှာ ဒီထက်ကောင်းတဲ့ကိစ္စရှိလာတော့မှာ... ချင်းလင်စံအိမ်မှာ သတင်းကောင်းရှိတယ်''
''ဖရဲသီးလား?'' စွန်းရှန်က ချက်ချင်းခန့်မှန်းလိုက်သည်။
ချင်းလင်စံအိမ်က ဖရဲသီးစိုက်ဖို့မြေဧက ၁၀၀ သုံးတာ ပုံမန်မဟုတ်။ စောစောကချန်လီ အလောတကြီးထွက်သွားသေးသည်။ သူဒီလောက်မအ။
ချန်လီကချက်ချင်းခေါင်းညိမ့်လိုက်ပြီး_ ''အင်း... ဖရဲသီးပဲ... ဒါပေမဲ့ သာမန်ဖရဲသီးမဟုတ်ဘူး... သူဌေးချင်က ထူးရှယ်ဖရဲသီးတွေကို ချင်းလင်စံအိမ်မှာ သူကိုယ်တိုင်ပျိုးထောင်ထားတာ... အခုသူ့ဧက ၁၀၀ မှာ အဲဒီဖရဲမျိုးတွေစိုက်နေတာ''
''သူဌေးချင်ကိုယ်တိုင်ပျိုးထောင်တာ?'' စွန်းရှန်က ထိုစကားကြားလျှင် သတိလက်လွတ်မတ်တပ်ထရပ်လိုက်သည်။
ချင်းလင်စံအိမ်ရဲ့ထူးရှယ်ဖရဲသီးအကြောင်း သူသိသည်။ ဘာပဲဖြစ်ဖြစ် ဒီထွက်ကုန်တွေကို သူတို့အတော်အတန်သိထားမှဖြစ်မည်လေ။
စီရင်စုက လူလွှတ်ပြီးဝယ်ခိုင်းဖူးသည်။ သူအပါအဝင် စီရင်စုခေါင်းဆောင်အားလုံး မြည်းဖူးကြ၏။
ထိုထူးရှယ်ဖရဲသီးက အမှန်ပင်အရသာအလွန်ရှိသည်။ စျေးထဲက သာမန်ဖရဲသီးတွေမယှဉ်နိုင်။


သို့သော် ချင်းလင်စံအိမ်မှာသူတို့ဘာသာပျိုးထောင်လိမ့်မည်ဟု စီရင်စုထဲကဘယ်သူမှမထင်မိချေ။
အခုဒီသတင်းကြားလိုက်ရတော့ သူမအံ့ဩဘဲနေနိုင်မလား?
နောက်ပြီး ဒီကိစ္စရဲ့တန်ဖိုးကိုချက်ချင်းသဘောပေါက်သဖြင့် အလောတကြီးမေးလိုက်သည်_ ''ဒီဖရဲသီးကို ကျယ်ကျယ်ပြန့်ပြန့်စိုက်လို့ရနိုင်လား?''
ချန်လီကပြန်ဖြေလိုက်၏_ ''စွန်းရှန်... သူဌေးချင်ရဲ့ဖရဲသီးက ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်ရုံတင်မကဘူး... ပုံမှန်ဖရဲသီးတစ်လုံးဖြစ်လာဖို့ ၄၅ ရက်ပဲအချိန်ယူရတယ်... ဒီအချိန်ကတစ်ဝက်ပဲ... အဓိကအချက်က ဆောင်းတွင်းစိုက်မယ်ဆိုရင် အစိမ်းရောင်မှန်လုံအိမ်မလိုဘူး... ရာသီကန့်သတ်ချက်မရှိဘူး''
''အမှန်ပဲလား?'' စွန်းရှန်ကကြားကြားချင်း မယုံနိုင်။
ဘယ်ထွက်ကုန်ဖြစ်ဖြစ် စိုက်ပျိုးချိန်တစ်ဝက်နှင့်ရာသီမရွေးဘူးဆိုရင် လုံးဝလန့်စရာဖြစ်နေပြီ။ အရသာကပိုကောင်းဦးမယ်ဆိုတော့ ကောင်းကင်ဘုံရဲ့ကောင်းချီးမင်္ဂလာပဲပေါ့။
ချန်လီက အသေအချာပြောလိုက်သည်_ ''စွန်းရှန်... ဒါသူဌေးချင်ကိုယ်တိုင်ပြောတာ... သူလိမ်စရာအကြောင်းမရှိဘူး... နောက်ပြီး ဆောင်းရာသီမှာစိုက်ရင်ဘာမှမလိုတာ ကျုပ်မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တယ်... ပြီးတော့ ဒီအားသာချက်တွေမရှိရင်တောင် အဲဒီဖရဲသီးကိုကျုပ်တို့အားလုံးမြည်းဖူးတာပဲ... သာမန်ဖရဲသီးတွေထက် ပိုပြီးအရသာရှိတယ်လေ''
''အခုလက်ရှိအကြီးမားဆုံးပြဿနာက ဖရဲမျိုးစေ့မရှိတာနဲ့ သူဌေးချင်ရဲ့ရံပုံငွေပဲ... မျိုးစေ့ပြဿနာက အခုဧက ၁၀၀ စိုက်လိုက်ရင် မကြာခင်ပြေလည်သွားလိမ့်မယ်... ဒါပေမဲ့ ကျုပ်တို့ကစိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာရဦးမယ်... သူဌေးချင်မှာရံပုံငွေမလုံလောက်ဘူး... ကုန်ကုန်ပြောရရင် ဒီကိစ္စကိုတခြားအာရုံစိုက်မယ့်သူရှိလား? နင်းမြို့တော်နဲ့ထျန်းမြို့တော်က ကျုပ်တို့ထက်ပိုပြီး စိုက်ပျိုးရေးမှာအားသာချက်ရှိတယ်''
စွန်းရှန်ကထိုစကားကြားလျှင် ပြတ်ပြတ်သားသားပြောလိုက်သည်_ ''တခြားသူတွေကိုအသိပေးလိုက်ပါ... စီရင်စုမှာ အခုချက်ချင်းအစည်းအဝေးလုပ်မယ်လို့''
ချန်လီပြောတာ မှန်သည်။ တခြားအားသာချက်တွေမှားမှားမှန်မှန် အရသာနှင့်၊ ဆောင်းတွင်းမှာအစိမ်းရောင်မှန်လုံအိမ်မလိုဘဲစိုက်ပျိုးနိုင်သည့်အချက်နှင့်တင် လုံလောက်ပြီ။
…
ချင်းလင်စံအိမ်၌_
ချင်လင်က အရည်အသွေး ၂ မျိုးစေ့တချို့စိုက်ပြီးနောက် လီခိုင်နှင့်မူလခန်းမဆီလိုက်လာခဲ့သည်။
နေ့လယ်ပိုင်း၌_
ဆရာလင်းမှာ စားကောင်းသောက်ဖွယ်ပြင်ဆင်နေစဉ် လီရှင်းကဝိုင်လုပ်ငန်းမှပြန်လာသည်_ ''ဒီတစ်သုတ်ရှန်းရွှေလက်ဆောင်ဆန်ကို သေချာကစော်ဖောက်ပြီးသွားပြီ... ချင်လင်... ကစော်ဖောက်ထားတဲ့အနံ့နဲ့တင် ငါ့ကိုယုံလိုက်တော့... အဲဒါဝိုင်ကောင်းဆိုတာ သေချာတယ်''
''လောင်လီ... မင်းရဲ့အစွမ်းကိုယုံပြီးသား'' ချင်လင်ကပြုံးပြီး ပြန်ပြောလိုက်သည်။ ထို့နောက် ရုတ်တရက်တစ်ခုခုတွေးမိပြီး လီခိုင်အား_ ''ဝိုင်အကြောင်းပြောမှ... အစ်ကိုလီ... နေ့လယ်ကျရင် ခင်ဗျားကိုဝိုင်ကောင်းနဲ့ဧည့်ခံမယ်''
သည်လိုနှင့် ခန်းမထဲမှပြန်ထွက်လာပြီး သူ့ရုံးခန်းဆီသွားလိုက်သည်။
ဓာတ်ခွဲခန်းအကြောင်းတွေးမိလို့ပဲပေါ့။ အရင်ဆုံး ဓာတ်ခွဲခန်းအတွက် သူပြင်ဆင်ထားသင့်သည်။ အစပိုင်းတော့ ဓာတ်ခွဲခန်းကိုသိပ်အကြီးကြီးမလို။ စင်တစ်စင်လောက်ဆို အလုပ်ဖြစ်ပြီ။
သို့သော် ဒီပစ္စည်းတွေအကြောင်း သူနားမလည်။ သူယုံကြည်စိတ်ချရမည့်သုတေသနသမားကမရှိ။ အခုတော့ လီခိုင်သူ့ဓာတ်ခွဲခန်းကိုလာဖို့ဆွဲဆောင်နိုင်မလား တစ်ချက်ကြည့်ရမည်။ နေ့လယ်ကျ အရင်ဆုံးနှစ် ၄၀ ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းနဲ့ လမ်းကြောင်းကြည့်လိုက်မည်။
ဂိမ်းထဲမှာ ပစ္စည်းကောင်းတွေအများကြီး။ လီခိုင်ကိုမကိုင်တွယ်နိုင်ဘူးဆိုတာ သူမယုံ။
ချင်လင်က ခန်းမထဲမှထွက်ရုံရှိသေး၊ လီရှင်းက ဆန္ဒပြသည်_ ''ဦးလေး... မဟုတ်သေးဘူး... ဝိုင်ကိုပင်ပင်ပန်းပန်းလုပ်ခဲ့ရတာ ကျွန်တော်လေ... သူကဘာလို့ ခင်ဗျားကိုဝိုင်ကောင်းနဲ့ဧည့်ခံမယ်လို့ပြောသွားတာလဲ? ကျွန်တော်က မရဘူးလား?''
သို့သော် လီခိုင်ကအတည်ပေါက်နှင့်_ ''ညီလေးချင်နဲ့ ဆက်ဆံရေးပိုကောင်းအောင်လုပ်ဖို့ ဘယ်သူပြောလဲ? ငါပြန်တော့ သက်လုံအားဖြည့်ဝိုင်ထည့်ပေးလိုက်တာ မင်းမတွေ့ဘူးလား?''
လီရှင်းက သဘောမတူ_ ''အဲဒါ ခင်ဗျားကဒီမှာရှိနေလို့လေ... ကျွန်တော်သာဆိုရင်လည်း သူသက်လုံအားဖြည့်ဝိုင်ထုတ်ပေးမှာပဲ''
လီခိုင်ကမေးလိုက်သည်_ ''ဒါဆိုရင် ငါ့ကိုပဲဧည့်ခံမယ်လို့ပြောပြီး မင်းကိုဘာလို့မပြောတာလဲ? ငါထင်တာတော့ ဒီနေ့လယ်ခင်းဝိုင်က မင်းအရင်ရဖူးတာတွေထက်ပိုကောင်းလိမ့်မယ်''
''မယုံဘူး'' လီရှင်းမှာ ဘာမှန်းမသိမတင်မကျခံစားလိုက်ရသည်_ ''ချင်လင်က ခင်ဗျားကိုဧည့်ခံမယ်ပြောမှတော့ လိပ်ခေါင်းဆေးဖက်ဝင်ဝိုင်ပဲဖြစ်ရမယ်... အဲဒီဝိုင်ကိုခင်ဗျားပဲလိုတာ... ကျွန်တော်မလိုဘူး... ဘာလို့ခင်ဗျားလိုရှူနာရှိုက်ကုန်းနဲ့ ဖက်ပြိုင်နေရမှာလဲ?''
လီခိုင်က မကျေနပ်_ ''လီရှင်း... မင်းအရမ်းမနာလိုဖြစ်နေတာပဲ... မင်းကိုယ့်ဦးလေးရဲ့ကိုယ်ရေးကိုယ်တာနဲ့ ကိုင်ပေါက်တယ်ပေါ့''
သူတို့နှစ်ဦးကအချင်းချင်းငြင်းခုံနေသော်လည်း ချင်လင်ပြောသောဝိုင်ကိုမျှော်လင့်စောင့်စားနေကြောင်း သိသာနေလေသည်။