တံခါးကို လာခေါက်သော ပြဿနာ
Vol. 19 Ch. 256
အပြင်ဘက်တောင် တပည့်များမှ အခြားသော တိုက်ကြီးများ၏ လက်ရွေးစင် တပည့်များကို ဇူယွမ် သိမ်းသွင်းလိုက်သည်ဟူသော သတင်းက အပြင်တောင်ကို ကြီးမားသော လှိုင်းလုံးကြီးအဖြစ် ရိုက်ခတ်သွားခဲ့သည်။
တကယ်တော့ ဇူယွမ် နောက်ထပ် ကြေညာလိုက်သော သတင်းက ပိုပြီးပင် ရိုက်ခတ် သွားသေးသည်။
ပထမဆယ်နေရာတွင် ရှန်ဇူတပည့် မဟုတ်သော သူများက နေရာခြောက်ခုယူပြီး ကျန်နေရာ လေးခုက ရှန်ဇူတပည့်များ ရရှိလိမ်မည်တဲ့…
ထိုစကားလုံးများက ရှန်ဇူတိုက်ကြီးမှာ တပည့်များကို မီးတောင်တစ်ခုလို ပေါက်ကွဲသွားစေပြီး သူတို့အားလုံးက ပြက်ရယ် ပြုသည့် စကားများ ဆိုနေကြပေသည်။
“ဟဟ ... ဒါက နှစ်တစ်ရာမှာ တစ်ခါကြားဖူးတဲ့ ဟာသတစ်ပုဒ်ပဲ။ ကန်ရွှမ်းကလန် တည်ထောင်ပြီး ကတည်းက ထောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ပထမဆယ်နေရာမှာ ရှန်ဇူတပည့်တွေက ငါးနေရာထက်လျော့ပြီး တစ်ခါမှ မရဖူးဘူး”
“ဇူယွမ်က မရှက်မရှိ ကြွားဝါ ပြောဆိုနေတာပဲ။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ ပထမဆယ်နေရာကို သူခွဲဝေရဲတာ စိတ်ကူး ကြည့်လို့ကိုမရဘူး”
“ကြည့်ရတာ သူ့အသိစိတ် ပျောက်ဆုံးသွားပြီး သူ့ကိုယ်သူ အစ်ကိုတော် လုဖန်းလို့ ထင်နေတာလား မသိဘူး”
“ဟမ် ငါတို့ ရှန်ဇူတပည့်တွေက ကောင်းကင်က ကောင်းချီးပေးထားတဲ့သူတွေပဲ။ ငါတို့ကို ကောင်းကောင်းပြုမူ ဆက်ဆံသင့်တယ်။ ဇူယွမ်ဆိုတဲ့ကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ။ ငါကြားခဲ့တာတော့ သူက ပထမနေရာအတွက် အစ်ကိုတော်လုဖန်းနဲ့ ယှဉ်ပြိုင်ဖို့တောင် စီစဉ်နေတယ်တဲ့။ ဘယ်လို ဟာသလဲ”
“ကြည့်ရတာ သူကျူးဖန်ကို အနိုင်ရလိုက်ပြီး နောက်ထပ် ကျူးယွဲ့ကို မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲမှာ အနိုင်ရလိုက်တာက ရှန်ဇူတပည့်တွေထဲက ဘယ်သူမှ သူ့လောက် အစွမ်းအစမရှိဘူးလို့ ထင်သွားပုံရတယ်။ ဘယ်လောက်တောင် ကြွစောင်းစောင်း နိုင်လိုက်လဲ”
“သည်တစ်ကြိမ်မှာ သူပြောခဲ့တဲ့ စကားတွေကို သူဘယ်လို တာဝန်ယူနိုင်မလဲ ကြည့်ရအောင်။ ကောင်းကင်ကြီး ဘယ်လောက် ကျယ်တယ်ဆိုတာ မသိတဲ့ အရူးတစ်ယောက်ပဲ”
“......”
အပြင်ဘက်တောင်၏ နေရာတိုင်တွင် ကြီးစွာ အရှက်ရနေသော ရှန်ဇူတပည့်များ၏ ဒေါသထွက်နေသည့် စကားသံများက ပျံ့နှံ့လျက်ရှိသည်။
ထိုအလွန်ကြီးမားသော ရန်ပွဲကြီးတွင် ရှန်ဇူတပည့် မဟုတ်သူများက အတွင်းကျိတ် ကျိတ် ပြုံးလျက် ရှိကြသည်။ ဒီကောင်တွေ တွန့်တိုစွာဖြင့် ပထမဆယ်နေရာထဲမှ ရှစ်နေရာယူပြီး ငါတို့ကို နှစ်နေရာ ပေးခဲ့တုန်းကကော တော်တော်လေး တရားမျှတတယ် ထင်နေခဲ့ကြတာလား…
ယခုချိန်တွင် တစ်စုံတစ်ယောက်က ရှန်ဇူတပည့်မဟုတ်သော သူများကြားထဲမှ ရပ်တည်လာခဲ့ပေပြီ သည်လူများသည် ယခင်က အရှက်မဲ့စွာ ပြုမှုနေခဲ့ကြသည်များကို ယခုအခါတွင်ပြုလုပ်၍ ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် ရှန်ဇူတပည့် မဟုတ် သူများသည် ဇူယွမ် ရဲဝံ့စွာဖြင့် အားလုံး၏ ရှေ့တွင် ရပ်တည်လိုက်ခြင်းကို စိတ်ထဲမှနေ၍ ကျိတ်ကာ ချီးကျူးကြပေသည်။ ဇူယွမ်အနေဖြင့် လုဖန်းကို မည်သည်ကြောင့် ရင်ဆိုင်ဝံ့မှန်းမသိပေမဲ့ လူတိုင်းက လုဖန်းကို ကြောက်ရွံ့နေကြပြီး ခေါင်းပင်မော်ကြည့်ဖို့ သတ္တိမရှိခဲ့သည့် အတိတ်ကထက်စာလျှင် အခုက ပိုကောင်းပေသည်။
သို့သော်လည်း သူတို့အားလုံး ကသိကအောက် ဖြစ်နေပေသည်။ သည်နည်းလမ်းက ရှန်ဇူတပည့်များ၏ တုံ့ပြန်မှုကို ကြမ်းတမ်းစေပေသည်။ ထိုအရာကို ဇူယွမ် မည်သို့ ရင်ဆိုင်မည်မှန်း သူတို့မသိပေ။ သူက ရှုံးနိမ့်ခဲ့လျှင် သူ၏ ရဲရင့်မှုမှာ ဟာသတစ်ပုဒ် အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့အားလုံး ရှန်ဇူတပည့်များရှေ့တွင် ခေါင်းပင် ဖော်ဝံ့တော့မည် မဟုတ်ချေ။
***
မူလတောင်…
သည်လေ့ကျင့်ရာနေရာတွင် ယောင်ယောင်မှ တစ်ပါး အပြင်ဘက်တောင်၏ တပည့်များထဲမှ တစ်ယောက်မကျန် ရောက်ရှိနေကြသည်…
သို့သော်လည်း သည်နေ့၏ ပတ်ဝန်းကျင်လေထုမှာ ခါတိုင်းနေ့များနှင့် ကွဲပြားနေပြီး ရန်လိုမှုများ တင်းမာမှုများက လေထုထဲတွင် ယှက်သန်းနေပေသည်။
မရေမတွက်နိုင်သော အကြည့်များက တောင်ထိပ်အနီးရှိ ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် မျက်စိမှိတ်ကာ ထိုင်နေသော ဇူယွမ်ထံသို့ ရောက်ရှိနေပေသည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မှ မရှိသည့်လား တည်ငြိမ်နေပေသည်။
များစွာသော အကြည့်များကလည်း ထိုနေရာအနီးတွင် ရှိသော အဖြူရောင် ဝတ်စုံနှင့် အမူအရာကင်းမဲ့စွာ ရှိနေသော လုဖန်းထိုင်နေသည့် နောက်ထပ်စင်မြင့် တစ်ခုပေါ်သို့ ရောက်ရှိနေသည်။
မူလတောင် တစ်ခွင်လုံးကို ထူးဆန်းသော ဖိအားများ ပါဝင်နေသည့် လေထုက လွှမ်းခြုံနေသည်။
အချိန် အတော်ကြာပြီးနောက် နောက်ဆုံးတွင် ပုံရိပ်တစ်ခုက ထရပ်လိုက်သည်။ ထိုသူက ရက်စက်သော မျက်လုံးအစုံနှင့် လူငယ်တစ်ယောက်ဖြစ်ပြီး ကြမ်းတမ်းသော မူလချီများက သူခန္ဓာကိုယ်ကို လည်ပတ်နေပေသည်။
ထိုသူမှာ ချင်းကျိန်းဖြစ်ပြီး ကြီးမြတ်သော တပည့်ဆယ်ရောက်တွင် ဆဋ္ဌမအဆင့်ရှိသော သူတစ်ယောက် ဖြစ်သဖြင့် သူအား မသိသူ မရှိကြပေ။
သူက ဇူယွမ်ဆီသို့ တည့်တည့် ကြည့်လိုက်ပြီး ခြေသံပြင်းပြင်း ဆောင့်နင်းကာ အရှေ့သို့ တက်လှမ်းလိုက်သည်။
ထိုအခါ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထရပ်လာကြပြီး သူ၏ နောက်မှ လိုက်လာကြသည်။ သူ့တို့၏ မျက်လုံးများက ဇူယွမ်ကို ကစားစရာ အရုပ်သဖွယ် ကြည့်နေကြသည်။
မကြာမီပင် လူတစ်ဒါဇင် အထိ စုမိသွားပြီ ဖြစ်သည်။
သူတို့အားလုံးမှာ ရှန်ဇူတိုက်ကြီးမှ ပထမတန်း တပည့်များဖြစ်သည်။ သူတို့အားလုံး အတူတကွ စုဝေးလိုက်လျှင် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသော အင်အားစု တစ်ခု ဖြစ်လာခဲ့သည်။
အချို့သော ရှန်ဇူတပည့် မဟုတ်သော သူများ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး စိတ်လှုပ်ရှား သွားကြသည်။ ကြည့်ရသည်မှာ ရှန်ဇူတိုက်ကြီးမှ တပည့်များက ဇူယွမ်ကို ပြဿနာရှာရန် သွားနေကြပုံ ရသည်။
“ဒါကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ခြောက်ထဲက ဆဋ္ဌမအဆင့်ရှိတဲ့ ချင်းကျိန်းမလား…”
“သူ့ရဲ့ နံဘေးက ငွေရောင် ဆံပင်နဲ့တစ်ယောက်ကို တွေ့လား။ အဲဒါ ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ထဲမှာ စတုတ္ထအဆင့်ရှိတဲ့ လေဟုန်းထောင် မလား။ သူကတောင်ပိုပြီး စွမ်းအား ကြီးသေးတယ်”
“အခြားသူတွေကလည်း တစ်ယောက်မှ သာမန် မဟုတ်ဘူး”
“ကြည့်ရတာတော့ သူတို့ မိတ်ဆွေဖွဲ့ဖို့ သွားတဲ့ပုံ မဟုတ်လောက်ဘူး”
“.....”
တီးတိုးပြောသံများ ထွက်ပေါ်လာပြီး အားလုံး၏ အကြည့်က မူလတောင်ဆီသို့ ရောက်ရှိသွားသည်။
လေဟုန်းထောင်နှင့် ချင်းကျိန်းတို့ လူစုက ဇူယွမ်ထံသို့ အန္တရာယ်ပြုမည့်ဟန်ဖြင့် ဇူယွမ်ထံသို့ လျှောက်လှမ်း လာသည်ကို မြင်လိုက်ရသော အချိန်တွင် ချောင်းရှိုး၊ ကျောင်းခွန်နှင့် စုန့်ဝမ်ရှီတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့အားလုံး အကြည့်ချင်း စုံသွားပြီး နောက်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု သူတို့ သုံးယောက်၏ နောက်တွင် လာရပ်ကြပြီးနောက် ဇူယွမ်၏ အရှေ့သို့ ရွေ့လိုက်ကြသည်။
များစွာသော သူများက အဖွဲ့နှစ်ဖွဲ့ ရင်ဆိုင်မိသည်ကို ကြည့်ပြီး သူတို့၏ နှလုံးများပင် ပုံမှန်တိုင်းမဟုတ်ပဲ ခုန်ပေါက်နေသည်ဟု ခံစား မိလိုက်ကြသည်။ သည်အဖွဲ့နှစ်ဖွဲ့လုံးမှာ အပြင်ဘက်တောင် တပည့်များမှ လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များ ဖြစ်သည်။
သူတို့သာ ရင်ဆိုင်တိုက်ပွဲဖြစ်ပါက ထိုအရာက ကမ္ဘာကို တုန်လှုပ်စေမည့် အခိုက်အတန့် ဖြစ်သွားပေလိမ့်မည်။
“လေဟုန်းထောင်၊ ချင်းကျိန်း မင်းတို့ကောင်တွေ ဘာလုပ်ဖို့ ကြံနေတာလဲ” ချောင်းရှိုးက အသံနိမ့်ကာ မေးလိုက်သည်။
“ချောင်းရှိုးနဲ့ ကျောင်းခွန် မင်းတို့ ထွက်သွားလိုက်…” ချင်းကျိန်း၏ မျက်လုံးများမျာ မကောင်းသော အငွေ့အသက်များ ရှိနေပြီး သူ၏ စကားလုံးမှာလည်း ယဉ်ကျေးခြင်း မရှိပေ။ စွမ်းအားပြည့်ဝသော မူလချီများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တွင် ဖိအားများ ပျံ့နှံ့လျက်ရှိသည်။
“ချင်းကျိန်း ငါ့ကို မင်းလုပ်ထားတဲ့ ရွှံ့ရုပ်များ မှတ်နေလား” ကျောင်းခွန်သည်လည်း မာနကြီးသူ တစ်ယောက် ဖြစ်သည်။ သူ၏ အကြည့်များမှာ ခက်ထန်သွားပြီး အရှေ့သို့ တက်လှမ်းလိုက်ကာ ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးအစုံဖြင့် ချင်းကျိန်းကို ကြည့်လိုက်သည်။
“အိုး မင်းက သောက်ရေးမစိုက်တော့ဘူးပေါ့ ဟုတ်လား ကျောင်းခွန်။ ယုံကြည်အားကိုးလို့ရတဲ့ နောက်ခံတစ်ခု ရှာတွေ့ပြီလို့ မင်းတကယ် ယုံကြည်နေတာလား”
“ဒါပေမဲ့ မင်းရဲ့ ကောင်းကင်ကုပ်ဆွဲခြင်းလက်က ငါနဲ့ယှဉ်နိုင်ဖို့ ဝေးသေးတယ်နော်။ နောက်ဆုံး အကြိမ်တုန်းက ငါမင်းကို သင်ခန်းစာ ပေးလိုက်တာ မင်း မေ့သွားပြီလား”
ကျောင်းခွန်၏ အကြည့်များက အေးစက်သွားသည်။ မူလချီအနည်းငယ်က သူ၏ လက်တွင် ဝဲကတော့သဖွယ် စီးဆင်းသွားပြီးနောက် ပြင်းထန်သော လှိုင်းလုံးများက ထိုမှ ထွက်ပေါ်လာသည်။
ချင်းကျိန်း၏ နံဘေးတွင် ငွေရောင်ဆံပင်နှင့် လေဟုန်းထောင်က ဂရုမထားသည့်ဟန်ဖြင့် ပြောလိုက်သည် “ကျောင်းခွန် သည်ကိစ္စက မင်းတို့နဲ့ မသက်ဆိုင်ဘူး။ ငါမင်းတို့ကို အမြင်နည်းနည်း ကျယ်ကျယ်ထားဖို့ အကြံပြုချင်တယ် အခြားသူတစ်ယောက်ရဲ့ လှည့်စားမှုကို လွယ်လွယ်မခံနဲ့။ လူတချို့က စွမ်းရည်မရှိပေမဲ့ သူတို့ရဲ့ လျှာကို အသုံးပြုပြီးတော့ ကျွမ်းကျင်စွာ လှည့်စားတတ်တယ်”
သူ၏ အကြည့်က အနောက်ဘက်တွင် ထိုင်နေသော ဇူယွမ်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုအကြည့်များတွင် အထင်သေးမှုများ ပါဝင်နေပေသည်။
စုန့်ဝမ်ရှီ၏ နှုတ်ခမ်းမှာ ချက်ချင်းပွင့်လာပြီး “ငါတို့ ဘာလုပ်လဲဆိုတာ ငါတို့ရဲ့ ကိစ္စပါ။ သည်အရာနဲ့ ပတ်သက်ပြီးတော့ အစ်ကိုတော်လေ စိုးရိမ်ပေးဖို့ မလိုပါဘူး”
လေဟုန်းထောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “ညီမလေး စုန့် ငါတို့ရဲ့ အရင်တိုက်ပွဲတုန်းက မင်းရဲ့ အနက်ရောင် ယင်သိုင်းကျမ်းက ငါ့ကို တကယ်ပဲ တားဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါအခု အနီရောင်ယန်ဥပဒေသကို နားလည်နေပြီ ငါတို့ ထပ်တိုက်ခိုက်ကြရင် ဘယ်လိုလဲ”
စုန့်ဝမ်ရှီက အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ သူမအနေဖြင့် ထိုအကောင်၏ အနီရောင်ယန်ဥပဒေသက သူမလေ့ကျင့်သော အနက်ရောင်ယင်သိုင်းကျမ်းနှင့် ရင်ဆိုင်နိုင်ကြောင်း ကောင်းကောင်းသိပေသည်။
ချင်းကျိန်းက အေးစက်စက် ရယ်မောလိုက်ပြီး သူတို့နှင့် ပတ်သက်ပြီး စိတ်ညစ်မခံတော့ပဲ ဇူယွမ်ဆီသို့သာ လှမ်းကြည့်လိုက်ပြီး “ဇူယွမ် ရှန်ဇူတပည့်တွေက ပထမဆယ်နေရာမှာ လေးနေရာပဲ ယူရမယ်လို့ မင်းပြောခဲ့တယ်မလား။ မင်းမှာ ဒီလို ပြောပိုင်ခွင့်ရှိလား ကြည့်ဖို့ ငါတို့ ဒီမှာရောက်နေပြီ”
သူ၏ အမူအရာမှာ လေးနက်သွားပြီး အရှေ့သို့ လှမ်းလိုက်ကာ သူ၏ အသံက မိုးခြိမ်းသံကဲ့သို့ အပြင်ဘက်တောင် တစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။
“မင်းရဲ့ဖင်ကို ကြွပြီး ဒီကို လာခဲ့”
“မင်းဒီနေ့ ငါတို့ကို အကြောင်းပြချက်ပေးနိုင်ရင် ဒီတစ်သက် မင်းမူလတောင်ကနေ ထွက်သွားရဖို့ မစဉ်းစားနဲ့တော့”