← Chapters

ဖိနှိပ်ခြင်း

Vol. 19 Ch. 257

ဖိနှိပ်ခြင်း

Vol. 19 Ch. 257

ချင်းကျိန်း၏ အသံက မိုးခြိမ်းသံတစ်ခုလိုမျိုး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြီးနောက် တပည့်များ၏ နှလုံးများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့် အလား ခုန်ပေါက်နေကြသည်။ ကြည့်ရသည်မှာ ရှန်ဇူတပည့်များက ဒီနေ့တွင် ဇူယွမ်ကို ထိုးကြိတ်ကြမည့် ရည်ရွယ်ချက်ရှိပုံ ပေါ်သည်။

အကြည့်များ အားလုံးက ဇူယွမ်ဆီသို့ ရောက်သွားသည်။

ချင်းကျိန်းက ဇူယွမ်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး “ဟမ့် … ဇူယွမ် ဒီနေ့မှာ မင်း ရှန်ဇူတပည့်တွေကို တောင်းပန်မယ် ဆိုရင် အစောပိုင်းက မင်းပြောခဲ့တဲ့ စကားတွေကို ငါတို့မကြားခဲ့သလို နေပေးမယ်”

“ဒီလို့မှ မဟုတ်ရင် ရှန်ဇူတပည့်တွေက မင်းကို သွားခွင့်ပေးမှာ မဟုတ်ဘူး”

ချင်းကျိန်း၏ ဗိုလ်ကျပြောဆိုမှုကြောင့် ကျောင်းခွန်မှာ ပေါက်ကွဲသွားပြီး ဒေါသထွက်စွာ တစ်ချက် ရယ်မောလိုက်ပြီး “မင်းက ကစားချင်နေတယ်ဆို ငါက မင်းနဲ့လိုက်ပါ ကစားပေးရမယ်”

စုန့်ဝမ်ရှီနှင့် ချောင်းရှိုးတို့၏ ခန္ဓာကိုယ်မှလည်း မူလချီများ တလိပ်လိပ် ထွက်ပေါ်လာခဲ့ပြီး သူတို့၏ မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

သူတို့နောက်မှ ရှန်ဇူတပည့် မဟုတ်သူများမှာလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ ချင်းကျိန်းတို့ လူစုမှာ တရားလွန်လာပြီ ဖြစ်သည်။ သူတို့အားလုံးကို ရှန်ဇူတပည့်များနှင့် ရင်ဆိုင်ရန် မျှော်လင့်ချက်များ ပြန်လည် ဖြစ်ပေါ်လာစေသည့် ဇူယွမ်ကို သူတို့စိတ်ရှိတိုင်း ပြောဆို တိုက်ခိုက်ခွင့် မပေးနိုင်ပေ။

“ပြဿနာတွေ ဖြစ်ပေါ်အောင် လုပ်တဲ့ ကောင်ကပဲ လာဖြေရှင်းသင့်တယ်။ ကျောင်းခွန် မင်းတို့ အမှားတွေ လုပ်နေတာကို ရပ်လိုက်သင့်ပြီ”

သို့သော်လည်း ကျောင်းခွန်တို့ လူစုမှ ထိုအတိုင်း ရှိနေစဉ်တွင် တိုးညင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုစကားသံတွင် ဖိအားများ ပါဝင်နေပြီး ကျောင်းခွန်တို့ လူစုထံမှ ထွက်ပေါ်နေသည့် မူလချီလှိုင်းများကို နှေးကွေး လေးလံသွားစေသည်။

ကျောင်းခွန်တို့ လူစု၏ အမူအရာမှာ ပြောင်းလဲသွားပြီး ခေါင်းမော့ကာ ကြည့်လိုက်လျှင် အနီးရှိကျင့်ကြံခြင်း စင်မြင့်ပေါ်၌ သူတို့အား ဂရုမထားဟန်ဖြင့် ကြည့်နေသော လုဖန်းကို တွေ့လိုက်ရသည်။

လုဖန်း၏ အကြည့်နှင့် ရင်ဆိုင်မိချိန်တွင် ကျောင်းခွန်တို့က မမြင်ရသည့် ဖိအားကို ခံစား မိလိုက်ကြသည်။ လုဖန်း၏ စွမ်းအားက သူတို့အား အမှန်တကယ်ကို ဖိအား ပေးနိုင်ပေသည်။

အပြင်ဘက်တောင် တပည့်များကြားတွင် ပထမနေရာတွင် ရှိသော ဇူယွမ်က အခြားသူများ အတွက် အလွန် သတိထားဖို့ ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။

“မင်းက အသည်းကြောင်တတ်တဲ့ တစ်ကောင်ပဲ။ မင်းကိုယ်တိုင်ကျ အနောက်မှာ နေနေခဲ့ပြီးတော့ တခြားသူတွေကို စေလွှတ်ပြီး လက်သီးပုန်းပဲ ထိုးတတ်တယ်။ မင်း ဒီလို အမှိုက်ကောင်တွေကို စေလွှတ်လိုက်ပြီးတော့ အောင်မြင်မှု ရလိမ့်မယ်လို့ တကယ် ယုံကြည်နေတာလား” ‌အေးဆေးပြီး တည်ငြိမ်သော အသံတစ်ခုက ကျောင်းခွန်တို့လူစု အကျပ်အတည်း ဖြစ်နေသော အခြေအနေကို ချိုးဖြတ် ပေးလိုက်သည်။

အကြည့်များ အားလုံးက စကားသံ ထွက်ပေါ်ရာဆီသို့ ရောက်ရှိသွားပြီး ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် မျက်လုံးဖွင့်ကာ ရှိနေသည့် ဇူယွမ်ကို ကြည့်လိုက်ကြသည်။ ယခုချိန်တွင် ဇူယွမ်က လုဖန်းကို စိုက်ကြည့်နေပြီး အစောပိုင်းက စကားသံက သူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လုဖန်း၏ အကြည့်က ခက်ထန်သွားပြီး “မင်းအတော်ကို လျှာစောင်း ထက်နေပါလား။ မင်းကို ငါကိုယ်တိုင် လာမတိုက်ခိုက်တာက ငါကိုယ်တိုင် လာရလောက်အောင် မင်းက အရည်အချင်း မပြည့်မီဖူးလို့ ငါခံစားရလို့ပဲ”

“မင်းပြောတဲ့ အမှိုက်ကောင်တွေ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ။ မင်းလို မူလစဦး ပထမအဆင့် ကောင်တစ်ကောင်လောက် ကတော့ လေထဲကို လွှင့်ပစ်လိုက်လို့ ရတယ်” ချင်းကျိန်း၏ အမူအရာက နက်မှောင်နေပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။ အစောပိုင်းက စကားလုံးများက သူ့ကို အလွန် ဒေါသ ထွက်စေပေသည်။

“မင်းကိုယ်မင်း အစ်ကိုတော်လုဖန်း လှုပ်ရှား စေရလောက်အောင် အစွမ်းရှိတယ်လို့ ထင်နေတာလား”

ဇူယွမ်၏ မျက်လုံးမှာ အနည်းငယ် အေးစက်သွားပြီး ချိန်းကျိန်းကို လှမ်းကြည့်ကာ ခေါင်းယမ်းလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည် “မဆင်မခြင်တတ်တဲ့ အရူးပဲ …”

“မင်း ဘာပြောလိုက်တယ်” ချင်းကျိန်း၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ဇူယွမ်က ငြင်းခုံနေခြင်းဖြင့် အချိန်မဖြန်းရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဒြပ်မဲ့အသွင်သဏ္ဌာန်သို့ ပြောင်းလဲသွားပြီး မြူခိုးကဲ့သို့ ချင်းကျိန်းဆီသို့ ရွေ့လျားလိုက်သည်။

“ငါ့ရှေ့က ဖယ်ကြစမ်း အဲဒီအကောင်ကို တစ်ချက်တည်းနဲ့ ဒီနေ့မှာ သတ်ပြမယ်” အော်သံနှင့်အတူ ရုန့်ရင်းသော မူလချီများက ချင်းကျိန်းထံမှ ပေါက်ကွဲ ထွက်လာခဲ့သည်။ သူ၏ လက်တွင် မှုန်ဝါးသော မှော်စာလုံးများ ပေါ်လာခဲ့ပြီး စွမ်းအားပြည့်ဝပြီး ခိုင်မာသော အဆုံးမဲ့ အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

သူ၏ မျက်ဝန်းအိမ်များမှာ ဝင်းလက်သွားပြီး မှုန်ဝါးသော ပုံရိပ်အသွင်သို့ ပြောင်းလဲသွားကာ ဇူယွမ် ထံသို့ တိုးဝင်လာခဲ့သည်။

“သေစမ်း …”

ကြမ်းကြုတ်သော အော်သံနှင့်အတူ သူ၏ လက်ဝါးစောင်းက အောက်သို့ ကျဆင်းလာခဲ့ပြီး တစ်ဒါဇင်ပေမျှ နက်သည့် အက်ကွဲကြောင်းကြီး တစ်ခု မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း သူ၏ နက်ရှိုင်းသော လက်ဝါးစောင်းက လေကိုသာ ရိုက်မိသွားသည်။ မြူခိုးနှင့်တူသော ပုံရိပ်က သူ၏ အနားတွင် တစ်ပတ်မျှ လှည့်ပတ်လိုက်ပြီး မည်သူမှ ရှင်းလင်းစွာ မမြင်နိုင်ခင်မှာပဲ ဇူယွမ်က သူ၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“ငါမျှော်လင့် ထားသလိုပါပဲ မင်းက ပြေးပဲပြေးတတ်တဲ့ ယုန်တစ်ကောင်ပါပဲ” ချင်ကျိန်း၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်မှုများ ယှက်သန်းနေသည်။ ဇူယွမ်က အလွန် လျင်မြန်သော်လည်း လျင်မြန်ရုံလေးနှင့် ချင်းကျိန်းကို ခြိမ်းခြောက်လို့ ရမယ်လို့ ထင်နေတာလား။

သူက ထိုစကားများကို ပြောလိုက်သော်လည်း ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သူခံစား မိလိုက်သည်။ သူ့ဘေးနားမှ လူများအားလုံးက တုန်လှုပ်နေဟန်ဖြင့် အပေါ်သို့ မော့ကြည့်နေကြသည်။

“ဘာဖြစ်လို့လဲ” ချင်းကျိန်းလည်း ရုတ်တရက် တုန်လှုပ်သွားကာ သူလည်း ဆတ်ခနဲ ခေါင်းမော့ ကြည့်လိုက်သည်နှင့် ခက်ခဲရှုပ်ထွေးသော လှိုင်းများနှင့် ပြည့်နှက်နေသည့် မူလ မှော်စာလုံးတစ်ခုက သူ့အပေါ်တွင် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

အံအားသင့်စရာ ကောင်းစွာပင် မူလမှော်စာလုံးက တအိအိ လှိုင်းထနေပေသည်။

ဒါအဆင့်လေး မူလ မှော်စာလုံးမလား။

“မူလ မှော်စာလုံးလား။ ဒါကို သူဘယ်အချိန်တုန်းက ဆွဲလိုက်တာလဲ” ချင်းကျိန်း၏ မျက်ဝန်းအိမ်များက ပြင်းထန်စွာ တုန်ခါသွားသည်။

စောင့်ကြည့်နေကြသူများ အားလုံးမှာ တုန်လှုပ်သွားခဲ့သည်။ ဇူယွမ်က အမူအရာ ကင်းမဲ့စွာ ရှိနေပြီး သူ၏ လက်ကို ဆန့်တန်းလိုက်ပြီး အလင်းတန်း တစ်ချက် လက်သွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ခု အသက်ဝင်သွားသော အသံက ဧရိယာ တစ်လျှောက်လုံး ပဲ့တင်ထပ်သွားပြီး …

“ဖိနှိပ်သော မှော်တောင် ချိပ်ပိတ်မှော်စာလုံး”

ဝုန်း …

အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး မူလမှော်စာလုံးက ပတ်ဝန်းကျင်ရှိ မူလချီများကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ အသက်ရှိုက်စာ အနည်းငယ် အတွင်းမှာပဲ မူလမှော်စာလုံးက ပေသုံးရာကျော် မြင့်မားသော မူလချီတောင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တောင်ကြီးက မြေပြင်သို့ ဆင်းသက်လာခဲ့ပြီး ချင်းကျိန်းကို နင်းချေလိုက်သည်။

အာ့ …

ချင်းကျိန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံခြင်းများ ဖြစ်ပေါ်လာပြီး သူ၏ လက်နှစ်ဖက်လုံးတွင် မူလချီများကို လည်ပတ်စေကာ ပြန်လည် တွန်းခံလိုက်သည်။

ဝေါ့ …

သို့သော်လည်း သူ၏လက်နှင့် တောင်တို့ ထိမိသွားချိန်တွင် ပါးစပ်အပြည့်နှင့် သွေးများ အန်ထုတ်လိုက်ရသည်။ ထိုအရာက အလွန်ပင် လေးလံလှပြီး သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ ဖိနှိပ်ထားခြင်း ခံနေရကာ အရိုးများထံမှ ပွတ်ကြိတ်သံများ စတင် ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်မောင်း တစ်လျှောက်တွင် ပြင်းထန်စွာ နာကျင်နေပြီး ထိုအရာများ ဖြောင်းခနဲ ကျိုးသွားမယောင် ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ ဖြည်းဖြည်းချင်း ဖိချခြင်းခံနေရပြီး အော်ဟစ်ဖို့၏ပင် အခွင့်အရေး မရှိတော့ပေ။

မူလချီတောင်ကြီးမှာ မူလချီများကိုပင် ဖိနှိပ်နိုင်စွမ်း ရှိပုံရပြီး ထိုအရာက ထိလိုက်သူများ၏ မူလချီများကိုပင် ကန့်သတ် ဖိနှိပ်နိုင်ပေသည် …

မူလတောင်ပေါ်မှ သူများက ချင်းကျိန်းကို လွယ်လွယ်လေး ဖိနှိပ်နေသော မူလချီတောင်ကြီးကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ ဇူယွမ်တွင် ထိုသို့ လုပ်နိုင်သော စွမ်းရည်ရှိမည်ဟု မည်သူမှ မထင်ထားကြပေ။

ထိုအရာက သူရောက်ရှိနေသည့် မူလမှော်စာလုံး ကျွမ်းကျင်မှု အဆင့်လား။

“ချင်းကျိန်း …”

လေဟုန်းထောင်တို့ လူစုမှာ သွေးဆုတ် ဖြူရော်သွားသည်။ ဇူယွမ်တစ်ချက်မျှ လှုပ်ရှားရုံဖြင့် ချင်းကျိန်း ဖိနှိပ်ခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူတို့အားလုံးမှာ အံကြိတ်ကာ အရှေ့သို့ လှမ်းသွားလိုက်ပြီး ကူညီရန်ပြင်လိုက်သည်။

ဖန်း ...

သို့သော်လည်း သူတို့အားလုံး ချင်းကျိန်း၏အနီး ပေအနည်းငယ် အကွာသို့ ရောက်သွားချိန်တွင် မြေပြင်မှ နောက်ထပ် မှော်စာလုံးများက မြောက်တက်လာခဲ့ပြီး အလွန်ပူလောင်သော မီးတောက်များ လောင်ကျွမ်းနေသည့် အမိုးခုံးကြီးတစ်ခု ဖြစ်ပေါ်လာကာ ချင်းကျိန်းနှင့် အပြင်လောကကြီးကို ကာဆီးထားလိုက်သည်။

ထိုအရာမှာ နောက်ထပ် မူလမှော်စာလုံး တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။

လေဟုန်းထောင်တို့ လူစုသည် မီးတောက် အမိုးခုံးအား တိုက်ခိုက်လိုက်ကြသော အခါ ထိုအရာမှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။  အထဲတွင်တော့ ချင်းကျိန်း၏ အခြေအနေမှာ ပို၍ဆိုးဝါးနေပြီး အံကြိတ်ကာ တောင့်ခံနေရသည် …

ဇူယွမ်က ခါးသီးစွာ တောင့်ခံနေရသည့် ချင်းကျိန်းကို ကြည့်လိုက်ပြီး ဂရုမထားဟန်ဖြင့် မေးလိုက်သည်။ “အခု မင်းလက်ခံပြီလား”

ချင်းကျိန်း၏ မျက်နှာမှာ ရှုံမဲ့နေပြီး သူ၏ စွမ်းအား အကုန်လုံးကို အသုံးပြုပြီး မူလချီတောင်ကြီးအား ထမ်းပိုးထားရပုံ ပေါ်သည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ချွေးများလည်း စိုရွဲနေကာ မည်သည့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

နံဘေးတွင် စုန့်ဝမ်ရှီ၊ ကျောင်းခွန်တို့ လူစုသည် ထိုမြင်ကွင်းကြောင့် တံတွေးများ မျိုချနေရသည်။ စွမ်းအား ပြည့်ဝလှသော ချင်းကျိန်းမှာ ဇူယွမ်ကြောင့် သည်လို သနားစရာ ကောင်းသည့် အခြေအနေမျိုး ရောက်ရလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးဖူးပေ …

ချင်းကျိန်းကြောင့် သာလျှင် သူတို့အားလုံး မှော်မှန်းထားသည်ထက် ကျော်လွန်သော ဇူယွမ်၏ မူလမှော်စာလုံး ကျွမ်းကျင်မှုကို တွေ့ရခြင်း ဖြစ်သည်။

သူတို့အားလုံး ဇူယွမ်ဆီသို့ လှမ်းကြည့်လိုက်လျှင် မတွေးတတ် လောက်အောင် ခက်ခဲသော ခံစားချက်ကို ခံစား လိုက်ရသည်။

သူတို့မှသာ မဟုတ်ဘဲ အခြားသော တပည့်များပင်လျှင် ဇူယွမ်ကို လေးစားစွာ လှမ်းကြည့် လိုက်ကြသည်။

“ဇူယွမ် သူ့ကို လွှတ်လိုက်ရင် ကောင်းမယ် …”

ချင်းကျိန်းမှာ သူ၏နောက်ဆုံး အကန့်အသတ်သို့ ရောက်ရှိနေသည့် အတွက် လုဖန်းမှာ အဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် မထားနိုင်တော့ပေ။ သူက ချင်းကျိန်းတို့ လူစုကို ဇူယွမ်အား အရှက်ရစေရန် ပြုလုပ်ပြီး အားနည်းသူနှင့် ပူးပေါင်းခြင်းက အရှုံးရလဒ်သာ ထွက်ပေါ်ကြောင်း လူအများကို ပြသရန် ရည်ရွယ်ခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် ဇူယွမ် ပြတ်ပြတ်သားသား တုံ့ပြန်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

လုဖန်းအနေဖြင့် ဇူယွမ်ကို မရှုံးနှိမ့်စေရုံသာမက အဆုံးတွင် ကြီးထွားပင် လာစေခဲ့သည်။

လုဖန်းသာ ချင်းကျိန်းအား သူ့မျက်စိရှေ့၌ပင် ဇူယွမ်က ဖိနှိပ်နေခြင်းကို ခွင့်ပြုပေးနေခဲ့ပါက ချင်းကျိန်းသာလျှင် အရှက်ကွဲမည် မဟုတ်ဘဲ လုဖန်းကိုပင် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။

သို့သော်လည်း ဇူယွမ်က လုဖန်း၏ အော်သံကို မည်သည့် တုံ့ပြန်ချက်မှ မပေးပေ။

“ဇူယွမ် ဒါ အရမ်းများသွားပြီ”

လုဖန်း၏ မျက်လုံးများမှာ အေးစက်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ သူ့အင်္ကျီ လက်မောင်းအိုးကို ခါယမ်းလိုက်သည်။ ဒါဇင်ချီသည့် မူလချီလေစီးကြောင်းများ ထွက်ပေါ်လာခဲ့ပြီး မူလချီတောင်ကြီး ဆီသို့ ဦးတည်လာခဲ့သည်။

နောက်ဆုံးတွင် သူလှုပ်ရှားလာခဲ့ပေပြီ။

ဇူယွမ်၏ မျက်လုံးအစုံမှာလည်း လင်းလက်သွားပြီး သူ့လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆတ်ခနဲ လှုပ်ရှားလိုက်သည်။

စုတ်တံမှာ ချက်ချင်းပင် ကြီးထွားလာခဲ့ပြီး နှင်းဖြူရောင် အမျှင်များက အဖြူရောင် စီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အရှေ့သို့ တိုးထွက်သွားသည်။ ရွှေရောင် မူလချီများက အမျှင်များ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေပြီး မူလချီစီးကြောင်း တစ်ခုလည်း ဖြစ်ပေါ်နေပေသည်။

ဘုန်း …

မူလချီများ ရင်ဆိုင်မိကာ ရုန့်ရင်းစွာ ပေါက်ကွဲပြီး ပျံ့နှံ့သွားသည်။

နှင်းဖြူရောင် အမျှင်များက ပြန့်ကျဲ သွားပြီးနောက် စုတ်တံထိပ်ဖျားတွင် ပြန်လည် စုစည်းလာခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဇူယွမ်၏ လက်တစ်ဖက်က အောက်သို့ ဖိနှိပ်ချလိုက်သည်။

ဝရုန်း …

မူလချီတောင်ကြီးက ရုတ်တရက် စွမ်းအားအပြည့်ဖြင့် အောက်သို့ ပိုပြီး ကျဆင်းသွားသည်။

အား …

ချင်းကျိန်း၏ အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။ မူလချီတောင်ကြီးက စွမ်းအား အပြည့်ဖြင့် အရှိန်ပြင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်အား ဖိနှိပ်ပြီး မြေပြင်နှင့် ရိုက်ခတ်သွားသည်။

“ငါအရှုံးပေးပြီ။ ငါ … အရှုံးပေးပြီ …”

ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့သည့် အတွက် ချင်းကျိန်းက အော်ဟစ်လိုက်တော့သည်။

ဝုန်း …

မူလ ချီစီးကြောင်းတစ်ခုက မူလ ချီတောင်ကြီးဆီသို့ တိုးဝင်သွားပြီးနောက် တောင်ကြီးမှ တစ်ခဏ အတွင်း ပျောက်ကွယ်သွားသည်။

မူလချီများမှ ပြောင်းလဲသွားသော အလင်းမှုန်များက ကောင်းကင်ယံ အပြည့် ကနေသယောင်ပင်။

မူလတောင်တစ်ခွင်လုံး တိတ်ဆိတ်နေပြီး လူတိုင်းက လုဖန်းကို လှမ်းကြည့်လိုက်ကြသည်။ လုဖန်း၏ ခန့်ညားသော မျက်နှာမှာ ဒေါသထွက်လွန်းသဖြင့် အစိမ်းရောင်ပင် ယှက်သန်းနေပြီ ဖြစ်သည်။ သူက ဇူယွမ်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ရုန့်ရင်းသော မူလချီများ စတင် ထွက်ပေါ်လာခဲ့သည်။

စက္ကန့်ဝက်မျှ အကြာတွင် အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အသံက သူ၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

“ဇူယွမ် မင်းသေရမယ်”

All Chapters