တူတူပုန်းတမ်း ကစားချင်တာလား
Vol. 97 Ch. 1339
အသံက လေထဲ ပဲ့တင်ထွက်လာသည့်အခါ အာသီသမြို့ထဲရှိ နေရာအသီးသီးမှ ကျင့်ကြံသူများက ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လာကြသည်။ သူတို့မျက်လုံးဖွင့်လာသည်နှင့် တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ထရပ်ပြီး မျက်စိတစ်မှိတ်အတွင်း အလင်းတန်းအဖြစ် ပြောင်းလဲကာ ဝဲကတော့ဆီ ရောက်ရှိလာကြ၏။
သူတို့၏ ပေါ်ထွက်လာမှုက စင်မြင့်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။ သူတို့က မော့ကြည့်ရင်းဖြင့် ဆွေးနွေးသံများ ထွက်ပေါ်လာလေ၏။
“အံ့ဖွယ်မီးဖိုပဲ”
“ဖုန်းတိ ဖုန်းတိ ဖုန်းတိ”
“ချန်လင်းကျစ်ပဲ”
ဆွေးနွေးသံများက နေရာအနှံ့မှ ပဲ့တင်ထွက်လာစဉ် ပုံရိပ်လေးခုက ပျံသန်းရောက်ရှိလာသည်။ သူတို့လေးဦးက လူထု၏ အာရုံစူးစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့၏။
တစ်ယောက်က ကတုံးပြောင်ပြောင် ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက အရပ်ရှည်ကာ ထွားကျိုင်းပြီး တခြားသော အစားကြူးတမန်တော်များဖြင့် ကွဲပြားနေသည်။ သို့သော်လည်း သူ့ပေါ်ထွက်လာမှုက သူ့သွင်ပြင်က မြေပြင်ပေါ်ရှိ တောင်များကိုပင် လှုပ်ခတ်နိုင်စွမ်းရှိလိမ့်မည်ဟု ခံစားချက်ကို ပေးစွမ်း၏။
သူက အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့အရှိန်အဝါကလည်း သက်တံလို ဖြစ်သည်။ သူက အံ့ဖွယ်မီးဖိုကလွဲ၍ တခြားသူ မဟုတ်ပေ။
သူ့ကိုယ်ထဲတွင် မီးဖိုတစ်ခု ကိန်းအောင်းနေသလိုမျိုး ကောင်းကင်အထက် မြင့်တက်လာသည့်အခါ ကောင်းကင်ယံက လောင်ကျွမ်းတော့မည့် ခံစားချက်ကို ပေးစွမ်း၏။ တခြားသော အစားကြူးတမန်တော်အများစုက သူ့ကြောင့် ဖိနှိပ်ခံလိုက်ရပြီး မယှဉ်ပြိုင်နိုင်ပေ။
တခြားသော ပုဂ္ဂိုလ်သုံးဦးကမူ သူ့အရှိန်အဝါအောက်တွင် တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်၏။
တစ်ယောက်ကမူ အစားကြူးနတ်ဘုရားလောက်ရှိသည့် ဧရာမ အသားတောင်ကြီး ဖြစ်ပေသည်။ အသားတောင်ကြီးက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အရှိန်အဝါက ကုန်းမြေကိုပင် လှုပ်ခတ်သွားနိုင်စွမ်းရှိ၏။ သူ့တစ်ကိုယ်လုံးက အားကောင်းကာ လွှမ်းမိုးတတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး သူ့အနောက်ဘက်တွင် ရှုပ်ထွေးသည့် သင်္ကေတများ ပါဝင်သည့် ရောင်ဝါတစ်ခု ရှိလေသည်။
သူက အံ့ဖွယ်မီးဖိုကဲ့သို့ အပူလှိုင်းကို ထုတ်လွှတ်နေခြင်း မရှိသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ချီနှင့်သွေးတို့က ပေါကြွယ်လွန်းသည့်အတွက် ကြည့်ရှုသူများ၏ အာသီသကို မြင့်တက်လာစေသည်။
ထိုသူကမူ လတ်တလောလေးက မြင့်တက်လာသည့် ဖုန်းတိကလွဲ၍ တခြားသူ မဟုတ်ပေ။
တခြားနှစ်ယောက်ကမူ တစ်ယောက်က လူငယ်လေး ဖြစ်၏။ အားလုံးနှင့် ယှဉ်လိုက်ပါက သူ့တည်ရှိမှုသည် အတော်လေး ထူးကဲလှသည်။ သူက သေလောက်အောင် ဆာလောင်နေသည့် တစ္ဆေကဲ့သို့ အင်မတန် ပိန်ချုံးချိနေ၏။ သူ့မျက်နှာအထက် ထူးဆန်းသည့် အပြုံးတစ်ပွင့်ရှိနေကာ သူက တခြားသော အစားကြူးတမန်တော်များကို ကြည့်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။ သူက အင်မတန်ဆာလောင်နေပြီး သူ့ဆာလောင်မှုကို ဖိနှိပ်ထားဖို့ အကောင်းဆုံး ကြိုးစားနေရဟန်ပေါ်သည်။
နောက်ဆုံးတစ်ယောက်ကမူ ဝမ်ပေါင်လဲ့ ဖြစ်၏။
တခြားသူများနှင့် ယှဉ်လိုက်ပါက သူ့ခန္ဓာကိုယ်က ပုံမှန်သာ ဖြစ်၏။ သူက ဝခြင်းလည်း မရှိသလို ပိန်ခြင်းလည်း မရှိပေ။ သူက အနောက်ဖက်တွင် ရောင်ဝါစက်ဝန်းလည်းမရှိသလို ခန္ဓာကိုယ်တွင် အပူလှိုင်းထုတ်လွှတ်နေခြင်းလည်းမရှိပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ရေခဲတမျှအေးစက်မှုတို့ ရှိနေလေ၏။ လျှောက်လှမ်းလာသည့်အခါ ထိုအရာက ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။
အေးစက်မှုက မီးဖိုကို အေးခဲသွားနိုင်ပြီး ချီနှင့်သွေးတို့ကို ဖိနှိပ်ထားကာ အရာအားလုံးကို လျစ်လျူရှုထားနိုင်ဟန်ပေါ်သည်။
ထိုသူများကလွဲ၍ တခြားသော အစားကြူးတမန်တော်များက အတော်လေး အားနည်းကြသည်။ တကယ်တော့ သူတို့၏ အရှိန်အဝါက တောက်ပသည့် လမင်း၏ ဘေးတွင်ရှိနေသည့် ကြယ်များကဲ့သို့ ဖြစ်၏။ သူတို့က တည်ရှိနေသော်လည်း မှေးမှိန်နေရုံမှအပ ရွေးချယ်စရာ မရှိပေ။
သို့သော်လည်း သူတို့က ဤအမဲလိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရမည်ဖြစ်ပြီး ငြင်းဆန်၍ မရပေ။ ထို့ကြောင့် အစားကြူးတမန်တော်များက အားတင်းလျက် ဝဲကတော့ဆီ ပျံသန်းလိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က သူတို့နီးကပ်ချင်သည့်သူများထံ ချဉ်းကပ်သွားလိုက်ကြ၏။ ဤအမဲလိုက်ပွဲအတွင်း တစ်ယောက်နှင့်တစ်ယောက်က စိတ်မချရသော်လည်း အသက်ရှင်သန်မှုကို အာမခံပေးနိုင်သည့် မဟာမိတ်ဖွဲ့သည့်အချိန်မျိုး ရှိလေသည်။
ဤသို့ဖြင့် လူထု၏ စောင့်ကြည့်နေသည့် အကြည့်အောက်တွင် အစားကြူးတမန်တော်များက အလင်းတန်းအဖြစ် ပြောင်းလဲကာ ဝဲကတော့အနီး ရောက်ရှိလာသည်။ သိပ်မကြာခင် အံ့ဖွယ်မီးဖိုက ပထမဆုံး ချဉ်းကပ်သွားလေ၏။ သူက တုံ့ဆိုင်ခြင်းမရှိဘဲ သူ့နောက်တွင်ရှိနေသည့် လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ဖုန်းတိနှင့် ဝမ်ပေါင်လဲ့တို့ကို တစ်ချက် ကြည့်လိုက်၏။ သူက ယုတ်မာစွာ ရယ်မောရင်းဖြင့် ဝဲကတော့အတွင်း ဝင်ရောက်သွားလေ၏။
ဖုန်းတိကလည်း လိုက်လံ ဝင်ရောက်လိုက်၏။ သူက အံ့ဖွယ်မီးဖို၏ အကြည့်ကို လျစ်လျူရှုထားပြီး အမူအရာကင်းမဲ့လျက်ရှိသည်။ သူ့နောက်တွင်ရှိနေသည့် အရောင်အဝါက ပိုမိုတောက်ပလာ၏။ သူ့ချီနှင့် သွေးတို့က ပိုမိုတောက်ပလာသည်။ အရှိန်က နည်းနည်းလေးမှ နှေးကွေးခြင်း မရှိဘဲ ဝဲကတော့တွင်း ပျံသန်းဝင်ရောက်သွား၏။
နောက်တစ်လှည့်က ဝမ်ပေါင်လဲ့နှင့် သေလောက်သည်အထိ ဆာလောင်နေဟန်ပေါ်သည့် ချန်လင်းကျစ်တို့ ဖြစ်ပေသည်။ သူတို့က ဝဲကတော့ဆီ တစ်ပြိုင်နက် ချဉ်းကပ်သွားကြ၏။ သူတို့ရောက်ရှိသွားသည့်ခါ ချန်လင်းကျစ်က ဝမ်ပေါင်လဲ့ကို ပြုံးလိုက်သည်။
“အဖေက မင်းကို အထဲမှာ စားဖို့ ပြောထားတယ်။ ဒါပေမဲ့ ငါကတော့ တူတူပုန်းတမ်း ဆော့ရတာ ကြိုက်တယ်။ မင်း ကောင်းကောင်းပုန်းနော်” ချန်လင်းကျစ်က ပြောရင်းလျှာကို သပ်ကာ ဝဲကတော့အတွင်း ဝင်ရောက်သွားတော့မည်ဖြစ်၏။
သူ့အသံက ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထွက်သွားစေကာ အနောက်ဘက်တွင်ရှိသည့် အစားကြူးတမန်တော်များက အနီးကပ်မလာရဲကြတော့ပေ။ စင်မြင့်ထက်ရှိလူများကလည်း ချန်လင်းကျစ်၏ စကားကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
ယခင်က ဝမ်ပေါင်လဲ့အတွက် ခက်ခဲအောင် ကြိုးစားခဲ့သော်လည်း ကျိုးဟော်၏ တားဆီးမှုကို ခံလိုက်ရသည့် ချန်လင်းကျစ်၏ အဖေဖြစ်သူ ထို့လင်းကျစ်ကသာ သဘောကျသည့် အမူအရာမျိုး ရှိနေလေ၏။
သူက တော်သည့်ကလေးများကို သဘောကျပြီး ချန်လင်းကျစ်က သူ့ကလေးများအနက် အားအကောင်းဆုံး ဖြစ်ပေသည်။ သူက ထိုသူသည် အစားကြူးနတ်ဘုရားအဖြစ် အဆင့်မြှင့်တင်ခြင်း မခံရလျှင်ပင် ဤတစ်ကြိမ် သူ့ကို ရန်စဖို့ မည်သူကမှ လုပ်ရဲမည် မဟုတ်ကြောင်း ယုံကြည်ထား၏။
အသစ်ရာထူးတိုးလာမည့် အစားကြူးနတ်ဘုရားပင် မဆင်မခြင်ပြုမူရဲမည် မဟုတ်ပေ။
ပင်လင်းကျစ်အတွက်မူ ထိုသူက အားကောင်းသော်လည်း သူ့ကလေးက ပိုမိုအားကောင်းသည်ဟု ယုံကြည်ထားသည့်အတွက် စိုးရိမ်နေခြင်း မရှိပေ။
သို့သော်လည်း ချန်လင်းကျစ်က ပြောသည့်အခါ အားလုံးက သူ့စကားကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်ကို လျစ်လျူရှုထားသည့် ဝမ်ပေါင်လဲ့ကလည်း မျက်ခုံးပင့်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်လေး၌ ချန်လင်းကျစ်အနောက်ဘက်၌ ပေါ်ထွက်လာသည်။
ချန်လင်းကျစ်၏ အမူအရာက ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်ကာ ချန်လင်းကျစ်ကို ရက်ရက်စက်စက် ဆွဲကိုင်လိုက်သည်။
“အမဲလိုက်ကွင်းအပြင်ဘက်မှာ တိုက်ခိုက်ရဲတယ်လား။ မင်း သေချင်နေတာပဲ” ထို့လင်းကျစ်က အေးစက်စက် အလင်းတစ်ချက်ဖြတ်ပြေးသွားလေ၏။ သူက ရုတ်ချည်းဆိုသလို ညာဖက်လက်ကို မြှောက်ကာ ကောင်းကင်ဆီ ဆွဲယူဟန်ပြုလုပ်လိုက်သည်။
ထို့နောက် ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာလေ၏။ အသံကျယ်ကြီးနှင့်အတူ ထိုအရာက ကောင်းကင်အထက် ရောက်ရှိသွားပြီး သူ့ဘေးတွင်ရှိနေသည့် ကျိုးဟော်က မျက်မှောင်ကြုတ်လိုက်၏။ သူက တားဆီးတော့မည့်ဆဲဆဲတွင် ပထမ အစားကြူးနတ်ဘုရားဆီမှ အားပြင်းပြင်းစွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်လာကာ ကျိုးဟော်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တုန်ယင်သွားလေသည်။ သူက ထိုအရာကို မတားဆီးနိုင်တော့ပေ။
သူ့အမူအရာက ပြောင်းလဲသွားပြီး ထို့လင်းကျစ်၏ ဧရာမလက်ကြီးက ကောင်းကင်အထက် တိုးလာကာ ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့ကမူ ထိုဧရာမလက်ကြီးကို မကြည့်ပေ။ သူက ညာဖက်လက်ကို မြှောက်ကာ ချန်လင်းကျစ်ကို ဆွဲကိုင်ထား၏။
“ရူးလိုက်တာ” ချန်လင်းကျစ်က ယုတ်မာစွာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အာသီသစည်းမျဉ်းများက ပေါက်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကြီးက ပေရှစ်ရာ မြင့်မားလာသည်။ သူက ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုဖို့ ပြင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ဝါးမျိုနိုင်သည့် အနေအထားသို့ ရောက်ရှိလာလေပြီ။
သူ့မျက်ဝန်းအထက် ရက်စက်မှုတို့ ဖြတ်ပြေးသွားလေ၏။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏အနောက်ဘက်တွင် ထို့လင်းကျစ်၏ လက်က ကျရောက်နေပြီ ဖြစ်၏။ ချန်လင်းကျစ်၏ အကဲဖြတ်မှုအရ ဤတစ်ကြိမ် တစ်ဖက်လူက မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။ ထိုအခါ သူက ကစားပွဲကို ပြောင်းပြန်လှန်ကာ အာသီသစည်းမျဉ်း တစ်စိတ်တစ်ပိုင်းကို ဝါးမျိုနိုင်မည် ဖြစ်၏။
“မင်းက ငါ့ဆီ ကိုယ့်ဘာသာကိုယ် ရောက်လာတာပဲ” ချန်လင်းကျစ်က သူ့ဘာသာသူ ကျေနပ်နေပြီး သူ့မျက်ဝန်းထဲရှိ အလင်းရောင်က ပိုမိုတောက်ပလာသည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ် တုံ့ဆိုင်းသွားစေသည့် မြင်ကွင်းမျိုး ဖြစ်ပျက်လာကာ သူ့မျက်ဆံပင် ထွက်ကျလုမတတ် ဖြစ်လာသည်။
ပိုမိုကြီးကျယ်ကာ ခမ်းနားသည့် အာသီသစည်းမျဉ်းက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ မုန်တိုင်းသဖွယ် ထွက်ပေါ်လာလေ၏။
သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အရွယ်အစား ကြီးမားလာပြီး ပေသုံးရာ၊ ပေငါးရာ၊ ပေခုနစ်ရာမှ ပေကိုးရာအထိ ရောက်ရှိလာသည်။
နောက်အခိုက်အတန့်လေး၌ သူက ၉၉၀ မြင့်မားနေပြီဖြစ်၏။ သူက မိုးမြေကြားတွင် ဧရာမလူကောင်ကြီးသဖွယ် ရပ်နေပြီး အရာအားလုံးကို ထောက်ပံ့ပေးထားနိုင်ဟန်ပေါ်သည်။ သူ့ညာဖက်လက်ကလည်း အရွယ်အစား ကြီးမားလာလေ၏။ ဝမ်ပေါင်လဲ့က သူ့လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နိုင်ဟန်ဖြင့် ချန်လင်းကျစ်၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။
“မင်းက တူတူပုန်းတမ်း ကစားချင်တာလား”