တောင်ကုန်းသားရဲ
Vol. 97 Ch. 1341
“ချင်ယန်ကျစ်လား။” ဝမ်ပေါင်လဲ့က ထိုအမျိုးသမီး၏ ဦးခေါင်းကို ကြည့်ကာ ပြောလိုက်သည်။
ထိုအရာက ဦးခေါင်းမျှ ဖြစ်သော်လည်း သူမ၏ မျက်နှာက မပုတ်သိုးသေးပေ။ ထို့ကြောင့် သူမမျက်နှာ၏ အလှတရားကို မြင်တွေ့နိုင်ဆဲ ဖြစ်၏။ လွန်ခဲ့သည့်နှစ်များစွာခန့်က ထိုအမျိုးသမီးသည် အလှပဂေးလေးတစ်ယောက် ဖြစ်လိမ့်မည်။ ကံဆိုးစွာဖြင့် ကိစ္စများက ပြောင်းလဲသွားခဲ့၏။ အမုန်းတရားဖြင့် ပြည့်နှက်နေသည့် သူမ၏ အကြည့်ကသာ သေခြင်းရှင်ခြင်းကို ထိုးဖောက်ပြီး အချိန်လမ်းကြောင်းနှင့် ဆက်နွယ်ကာ ဝမ်ပေါင်လဲ့မျက်ဝန်းရှေ့ ပေါက်ကွဲထွက်သွားသည်။
“ချင်ယန်ကျစ် … နင်က ချင်ယန်ကျစ်ပဲ” ထိုအမျိုးသမီး၏ အသံက စူးရှလာသည်။ သူမက ပြောလိုက်ရင်းဖြင့် အနက်ရောင်ဆံပင်များက မြွေများသဖွယ် ဝမ်ပေါင်လဲ့ဆီ အဖက်ဖက်မှ ဦးတည်ဝင်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်ပြီး အေးစက်စက် သရော်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ အာသီသစည်းမျဉ်းဥပဒေသ ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်၌ ဆံပင်က ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့်အလား အားလုံးက ချက်ချင်းဆိုသလို အချင်းချင်း တိုက်ခိုက်ကုန်ကြသည်။ အာသီသစည်းမျဉ်းဥပဒေသ၏ လွှမ်းမိုးမှုအောက်တွင် တစ်ခုချင်းစီက ဝါးမျိုလိုသည့် စိတ်ဆန္ဒတို့ ထွက်ပေါ်လာလေ၏။
ထိုအမျိုးသမီး၏ ဦးခေါင်းအထက် ပြန်လည်ရောက်သွားသည့် ဆံပင်တချို့သာ ရှိလေသည်။ သို့သော်လည်း ထိုအမျိုးသမီးက နည်းနည်းလေးမှ သက်ရောက်မခံရပေ။ သူမ ခန္ဓာကိုယ်ရှိ အမုန်းတရားက အားကောင်းလွန်းပြီး အရာအားလုံးကို အစားထိုးထားသကဲ့သို့ ဖြစ်၏။ သူမက တခြားသော လိုအင်ဆန္ဒများကို သည်းမခံနိုင်ပေ။ ထိုအခိုက်အတန့်၌ သူမက အမုန်းတရားဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်လာသည်။
သူမ၏ ပါးစပ်မှ အသံတစ်သံထွက်ပေါ်လာ၏။
“ချင်ယန်ကျစ် .. နင်က ချင်ယန်ကျစ်ပဲ”
ဝမ်ပေါင်လဲ့က ခန္ဓာကိုယ်ကို အသာရွေ့လျားကာ ဦးခေါင်းဘေးတွင် ပေါ်ထွက်လာသည်။ သူက ညာဖက်လက်ကို မြှောက်ကာ အားပြင်းပြင်း ဖိချလိုက်၏။
ထို့နောက် ချက်ချင်းဆိုသလို စွမ်းအားပြင်း ခွန်အားတစ်ခု ထွက်ပေါ်လာကာ ဦးခေါင်းအထက် ကျဆင်းလာသည်။ ထိုအရာက အိပ်မက်ဆိုးများစွာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခေါင်းကို ရစ်ပတ်ထားလေသည်။ ထို့နောက် မြေကြီးပေါ် ရိုက်ချထားလိုက်၏။ ဦးခေါင်းက မည်မျှပင် ရုန်းကန်စေကာမူ မလွတ်မြောက်နိုင်ပေ။
ဆံပင်များကလည်း အချင်းချင်း ဝါးမျိုနေသည့်အတွက် တဖြည်းဖြည်း နည်းပါးလာ၏။
သို့သော်လည်း စူးစူးရှရှအသံက နည်းနည်းလေးမှ အားနည်းသွားခြင်း မရှိပေ။ ဆက်တိုက်ဆိုသလို ကြားနေရဆဲဖြစ်ကာ ဝမ်ပေါင်လဲ့က ထိုအမျိုးသမီးသည် ထိုစကားတစ်ခွန်းကိုသာ သိကြောင်း နားလည်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က အတွေးနက်နေရင်း ဦးခေါင်းကို မြေကြီးပေါ်ရိုက်ချလိုက်သည်။ ထို့နောက် သူက အနီးကပ်သွားပြီး ထိုအမျိုးသမီး၏ မျက်ခုံးကြား လက်ညှိုးထောက်လိုက်၏။ သူမက အော်ဟစ်နေသည်။
ဝိညာဉ် မရှိဘူးလား…
ဝမ်ပေါင်လဲ့က ကြောင်အမ်းသွား၏။ သူက သူ့ရှေ့တွင် ရှိနေသည့် ဦးခေါင်းကို သေသေချာချာကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်အရိပ်အယောင်ဟူ၍ မရှိပေ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အမုန်းတရားက တိုက်ခိုက်ဖို့နှင့် အော်ဟစ်ဖို့ တွန်းအားပေးထားသကဲ့သို့ ဖြစ်၏။
သူမက ငါ အာရုံမခံမိတဲ့ စိတ်ဆန္ဒတစ်ခုကြောင့် လွှမ်းမိုးခံထားရတာလား…
ဝမ်ပေါင်လဲ့က ခေါင်းကို မော့ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခေတ္တမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ထိုအမျိုးသမီး၏ ဦးခေါင်းကို လျစ်လျူရှုထားပြီး အဝေးတစ်နေရာဆီ ပျံသန်းသွားလိုက်သည်။
“ချင်ယန်ကျစ် … နင်က ချင်ယန်ကျစ်ပဲ”
သူ့အနောက်တွင် အမျိုးသမီး၏ စူးစူးရှရှအသံက ဆက်လက်ထွက်ပေါ်နေသည်။ ဖြည်းဖြည်းချင်းဖြင့် သူက အဝေးသို့ ရောက်သွားသည့်အခါ သူမ၏ အသံကလည်း အားပျော့သွားခဲ့၏။
သူမ၏ စကားကို မကြားရသည့်အခါမှ ဝမ်ပေါင်လဲ့က လက်ဝေ့ယမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏ ဦးခေါင်း ဝန်းကျင်တွင် ထားရှိခဲ့သည့် အိပ်မက်ဆိုးတို့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
အချုပ်အနှောင်လွတ်မြောက်သွားသည့် အမျိုးသမီး၏ ဦးခေါင်းက ယခုအခါ အမုန်းတရားဖြင့် ပြည့်နှက်လာသည်။ သို့သော်လည်း သူမ မျက်ဝန်းရှိ အမုန်းတရားက အလျင်အမြန် ပျောက်ကွယ်သွားသည်။ အဆုံးသတ်၌ လေဟာနယ်ထဲ မျောလွင့်နေသည့် တွင်းနက်ကြီးအသွင် ပြောင်းလဲသွားခဲ့သည်။
အချိန်အတော်ကြာ ဖြတ်သန်းသွားပြီးသည့်နောက်တွင် ထိုအမျိုးသမီး၏ ဦးခေါင်းမှ အပေါက်ကြီးမှ အလင်းတန်း ထွက်ပေါ်လာ၏။ ရုတ်ချည်းဆိုသလို ထိုအမျိုးသမီး၏ မျက်ဝန်းမှ အလင်းက ပိုမိုတောက်ပလာကာ အမုန်းတရားကလည်း ထပ်မံထွက်ပေါ်လာသည်။
“ချင်ယန်ကျစ်ပဲ နင်က ချင်ယန်ကျစ်ပဲ” အမျိုးသမီးက စူးစူးရှရှ အော်ဟစ်ရင်းဖြင့် ပုံရိပ်တစ်ခုဆီ ပြေးဝင်သွားသည်။ ထိုပုံရိပ်က အစားကြူးတမန်တော်တစ်ယောက် ဖြစ်၏။ သူ့မျက်နှာအထက် ကြောက်ရွံ့သည့် အမူအရာမျိုး ရှိနေသည်။ သူက သူ့နောက်မှ လူ လိုက်လာသည်ကို အာရုံခံမိသည့်အခါ ထွက်ပြေးလေ၏။ သို့သော်လည်း သူက ရုတ်ချည်းဆိုသလို ဦးခေါင်းနှင့် ရင်ဆိုင်ရသည့်အခါ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူက အချိန်မီရှောင်ရှားဖို့ အချိန်မရလိုက်ပေ။ ဦးခေါင်း၏ ဆံပင်ရှည်များက သူ့ကို ရစ်ပတ်လာပြီး ထိုအမျိုးသမီး၏ ပါးစပ်အတွင်း ဆွဲယူကာ ဝါးမျိုခံလိုက်ရသည်။
သူ ဝါးမျိုခံလိုက်ရသည့်အခါ သူက ကြောက်ရွံ့နေရုံသာမကဘဲ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်မျိုးလည်း ရှိလေသည်။ သူ မသေဆုံးခင် ထိုအမျိုးသမီးက သူ့ကို ချင်ယန်ကျစ်ဟု ခေါ်ဆိုကြောင်း နားမလည်လိုက်ပေ။
သူ့နောက်မှ လိုက်လာသည့် အာသီသမြို့တော်မှ တခြားသောသူကလည်း ထိုဖြစ်စဉ်ကို မြင်သည့်အခါ ထုံထိုင်းလာပြီး စတင်ထွက်ပြေးတော့သည်။
ထိုသူ ထွက်သွားသည့်အခါ အမျိုးသမီး၏ ဦးခေါင်းက စတင် ဝါးစားနေသည်။ သူမ၏ မျက်ဝန်းက သက်ဝင်မှုတို့ ဆုံးရှုံးသွားကာ ထုံထိုင်းသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ သူမ၏ ဆံပင်တစ်မွှေးက ကျွတ်သွားပြီး အိပ်မက်ဆိုးအသွင် ပြောင်းလဲသွားသည်ကိုပင် သတိမထားမိလိုက်ပေ။
အလိုဆန္ဒအိပ်မက်ဆိုးက ထိုအမျိုးသမီး၏ ဦးခေါင်းမှ ဖြည်းဖြည်းချင်း ဝေးကွာလာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းဆိုသလို အဝေးတစ်နေရာဆီ ပျံသန်းကာ ပတ်ဝန်းကျင်ကို လေ့လာနေသည့် ဝမ်ပေါင်လဲ့က အမူအရာပြောင်းလဲသွားခဲ့၏။ သူက ထိုအရာကို အာရုံခံမိခဲ့ပြီး သူ့သံသယ တစ်ဝက်ကျော် လျော့ပါးသွားလေသည်။
အဲဒါဆိုတော့ အားလုံးက ဒီစကားကိုပဲ အော်ဟစ်နေတဲ့ပုံပဲ…
ဝမ်ပေါင်လဲ့က ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။ ထိုအမျိုးသမီး၏ ဦးခေါင်းကို ယခင်တွေ့စဉ်အခါက သူမ၏ အမုန်းတရားနှင့် သူမ ပြောလိုက်သည့်စကားကြောင့် အံ့အားသင့်ခဲ့သည်။
ထိုစဉ် သူက ချင်ယန်ကျစ်က ဘယ်သူလဲဟု စဉ်းစားမနေတော့ပေ။
ဝမ်ပေါင်လဲ့က ခေါင်းကိုငုံ့ကာ ကုန်းမြေကို စစ်ဆေးကြည့်လိုက်၏။ သူက မြေအောက်ထဲ ဝင်ပေါက်ကို ရှာဖွေနေခြင်း ဖြစ်သည်။
သူ့ကျင့်ကြံဆင့်အရ မည်သည့်နေရာမဆို မြေအောက်၏ ဝင်ပေါက်အဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း သင်္ချိုင်းမြေကမူ အတော်လေး ထူးဆန်းလှ၏။ ဝမ်ပေါင်လဲ့က ဤသင်္ချိုင်းမြေတွင် ဖရိုဖရဲဆန္ဒတစ်ခု ရှိနေလိမ့်မည်ဟု ခံစားချက်ရနေသည်။ အကယ်၍ သူသာ ကြုံရာကျပန်းရွေးချယ်လိုက်ပါက မလိုလားအပ်သည့် ပြဿနာများကို ဖြစ်စေလိမ့်မည်။
ထို့ကြောင့် သူက အားနည်းသည့် စိတ်ဆန္ဒရှိသည့်နေရာကို ရှာဖွေနေခြင်းဖြစ်၏။
ထိုနေရာက ဝမ်ပေါင်လဲ့အတွက် မခက်ခဲပေ။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် အားနည်းသည့် ဆန္ဒရှိသည့် တောင်ကုန်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုတောင်ကုန်းက မဲနက်နေပြီး အတွင်းပိုင်းပုံစံက မီးတောင်တစ်ခုနှင့် တူလေသည်။ သို့သော်လည်း မီးတောက်ဟူ၍ မရှိပေ။ မြေကြီးနှင့် ဆက်နွယ်ထားသည့် လှိုဏ်ခေါင်းသာ ရှိ၏။ ဝမ်ပေါင်လဲ့က ထိုပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူက အနီးကပ်သွားသည့်အခါ မျက်မှောင်ကြုတ်မိသွား၏။ သူက ညာဖက်လက်ကို မြှောက်ကာ အသာဖိကပ်လိုက်သည်။ ထိုဖိကပ်မှုဖြင့် မြေကြီးက ချက်ချင်းဆိုသလို ပြိုလဲသွားပြီး ပေတစ်သောင်းရှည်လျားသည့် ပြွန်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာဝတ္ထုက အဝအားဖြင့် ပေရာချီ ကျယ်ပြော၏။
ထိုအရာက ဝမ်ပေါင်လဲ့၏ လက်နှင့် ထိတွေ့သွားသည့်အခါ အသံကျယ်ကြီးထွက်ပေါ်လာလေသည်။ ပြောရမည်ဆိုလျှင် ပုံသဏ္ဍာန်အရာဝတ္ထုက ရုတ်ချည်းဆိုသလို ကျုံ့သွားကာ မြေပြင်ပေါ် ကျရောက်လာသည်။ တစ်ချိန်တည်းဆိုသလို တောင်ကုန်းကလည်း ဆက်တိုက်ဆိုသလို တုန်ခါနေပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ရွေ့လျားနေလေ၏။
အနီးကပ်ကြည့်ပါက ထိုအရာသည် တောင်ကုန်း မဟုတ်ပေ။ တောင်ကုန်းနှင့်တူသည့် ထူးထူးဆန်းဆန်းသားရဲတစ်ကောင်သာ ဖြစ်၏။ ထိုပြွန်ပုံစံက သူ့ပါးစပ် ဖြစ်ပေသည်။ ထိုအရာက မြေအောက်ထဲ နစ်မြုပ်ထားသည့်အတွက် လူများအား လှိုဏ်ခေါင်းဟု အထင်မှားသွားစေနိုင်သည်။
ထိုအခိုက်အတန့်၌ ထိုအရာက ဝမ်ပေါင်လဲ့၏ ခြိမ်းခြောက်မှုကို အာရုံခံမိဟန်ပေါ်သည်။ ထူးထူးဆန်းဆန်းသားရဲက ထိုနေရာမှ ထွက်သွားဖို့ ရွေးချယ်ခဲ့သည်။ သို့သော်လည်း ဧရာမခန္ဓာကိုယ်ကြီးက ပေါ့ပါးသွက်လက်မှု ကင်းမဲ့နေသည်။ သူ့လှုပ်ရှားမှုက မိုးမြေကိုပင် လှုပ်ခတ်သွားစေကာ အားပြင်းသော်လည်း အင်မတန် နှေးကွေးလှသည်။
မူလစကြဝဠာတာအိုနေရာထဲ ထူးထူးဆန်းဆန်းအရာများစွာ ရှိလေ၏။ ဤသို့သော တည်ရှိမှုမျိုးကိုပင် မွေးဖွားနိုင်လေသည်။ ဝမ်ပေါင်လဲ့က အတော်လေး အံ့အားသင့်နေမိ၏။ သူက တောင်ကို လှည့်ပတ်ကြည့်ရင်း အကြည့်များ တောက်ပလာသည်။
သူ့ကျင့်ကြံဆင့်ဖြင့် ထိုအရာက သက်ရှိမှန်း မပြောနိုင်ခဲ့ပေ။ ဤကိုယ်ပွားက တောင်သားရဲ၏ ပုန်းအောင်းနိုင်စွမ်းကို အသိအမှတ်ပြုရပေမည်။
တောင်ကုန်းသားရဲက ရွေ့လျားလာစဉ် အားနည်းနေသည့် နေရာက အားကောင်းလာလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့အား အကြည့်များ တောက်ပလာစေသည်။ သူက ချက်ချင်းဆိုသလို ရွေ့လျားပြီး တောင်ကုန်းသားရဲအပေါ် တက်လိုက်၏။ တောင်ကုန်းသားရဲက ဒေါသတကြီးဖြစ်လာသည့်အလား မြေကြီးပင် လှုပ်ခတ်လာကာ ပြွန်ပုံစံအရာဝတ္ထုကိုပင် ထပ်မံဆွဲထုတ်တော့မည့်ဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်ပြီး သူ့နဂိုခန္ဓာမှ ရောက်လာသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝုန်း
တောင်ကုန်းသားရဲက တုန်တုန်ယင်ယင်ဖြစ်သွားပြီး မလှုပ်ရှားရဲတော့ပေ။