← Chapters

အခန်း (၁၃၄၂)

Vol. 97 Ch. 1342

အခန်း (၁၃၄၂)

Vol. 97 Ch. 1342

ဝမ်ပေါင်လဲ့၏ နဂိုခန္ဓာအတွက် ခက်ထန်သားရဲတချို့ကသာ သူ့အတွက် ခြိမ်းခြောက်မှုဖြစ်စေပြီး သူ့ဖိအားကို လျစ်လျူရှုထားနိုင်သူ နည်းပါးလွန်းလှသည်။

သေချာသည့် အနေအထားအရ ထိုသို့သော ခက်ထန်သားရဲမျိုးသည် အသိဉာဏ်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့က ဝမ်ပေါင်လဲ့နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို တိုက်ခိုက်ကြမည် မဟုတ်ပေ။

ထို့ကြောင့် လက်ရှိကိုယ်ပွားက ပင်မခန္ဓာကိုယ်လောက် အားကောင်းခြင်းမရှိသော်လည်း ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက ပင်မခန္ဓာကိုယ်၏ စွမ်းအားငှားယူကာ ထိုအရာကို ဖိနှိပ်ခြင်းက သာမန်အဖြစ်ဆုံး ရွေးချယ်မှုတစ်ခုသာ ဖြစ်၏။

ပင်မခန္ဓာကိုယ်က အိပ်စက်နေသည့်အတွက် သူက ပြဿနာများကို ဖြေရှင်းပေးနေရသည်။ ထိုသို့ဆိုလျှင် သူ့အတွက် စွမ်းအားကို ငှားယူသည်က အကျိုးအကြောင်းသင့်ပေသည်။

ဝမ်ပေါင်လဲ့က အေးစက်စက် သရော်လိုက်သည်။ သူက တောင်ကုန်းကို ထိုင်ရင်း ခေါင်းငုံ့လိုက်သည့်အချိန် အေးစက်စက်အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။

ထိုအေးစက်မှုက ဖိနှိပ်အားနှင့် ပေါင်းစည်းလိုက်သည့်အခါ ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့သည်။ ထိုအရာက တောင်ကုန်းသားရဲကို တုန်ယင်သွားစေ၏။ ထိုအရာက အတိတ်တွင် အသိဉာဏ်ပိုင်ဆိုင်သော်လည်း အိပ်စက်နေရင်းတွင် အများစုက ပျောက်ကွယ်သွားဟန်ပေါ်သည်။ ထိုအရာတွင် ကျန်ရှိနေသည်က ပင်ကိုအသိစိတ်သာ ဖြစ်၏။

ပင်ကိုအသိစိတ်သည် မသိစိတ်၏ လှုံ့ဆော်မှုတစ်ခုသာဖြစ်ပြီး သေခြင်းရှင်ခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ ပိုမိုတဲ့တိုးဆန်ပေသည်။

ထို့ကြောင့် ထိုအခိုက်အတန့်၌ တောင်ကုန်းသားရဲက တုန်ယင်လာပြီး တစ်ကိုယ်လုံးက အားပျော့သွားလေသည်။ ထိုအရာက တောင်ကုန်းမှ အသားစိုင်အဖြစ် ပြောင်းလဲသွားလေ၏။

“ထ … မင်းရဲ့ စွမ်းအားကုန်သုံးပြီး ဒီမြေကြီးကို ချိုးဖောက်လိုက်” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အသံက တောင်ကုန်သားရဲထံ အမိန့်တစ်ခုအလား ဖြစ်၏။ ထိုစဉ် ထိုအရာ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ ပြွန်ပုံသဏ္ဍာန်ရှိသည့် ပါးစပ်ကြီးက မြေကြီးကို ရူးရူးမူးမူး ထိုးစိုက်ကာ လမ်းကြောင်းတူးနေသည်။

ဝမ်ပေါင်လဲ့က နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ပြီး တောင်ကုန်သားရဲ၏ အားစိုက်ထုတ်မှုကို အာရုံခံလိုက်သည်။ သူတွေ့မြင်ရသလောက် တစ်ဖက်သူ၏ ပါးစပ်သည် မြေကြီးထဲ ပေတစ်သောင်းအထိသာ သွားနိုင်သော်လည်း ထိုအရာက ထိုက်တန်မှုကို ပြသဖို့ ကြိုးစားနေဟန်ပေါ်သည်။ သူ့အနေဖြင့် တောင်ကုန်းသားရဲက မည်သို့ လုပ်ဆောင်မှန်းမသိပေ။ ထိုအရာက ခန္ဓာကိုယ်အလျင်အမြန် ကျုံ့သွားသည့်အခါ ပါးစပ်အစိတ်အပိုင်းက ဆက်လက်ချဲ့ထွင်နေပြီး ဖြည်းဖြည်းချင်းဖြင့် ပေနှစ်သောင်းအထိ ရောက်ရှိသွားခဲ့သည်။

ဝမ်ပေါင်လဲ့က အတော်လေး ကျေနပ်နေမိ၏။ သူက တောင်ကုန်သားရဲ၏ ပါးစပ်လှိုဏ်ခေါင်းမှ ဆင်းကာ မြေကြီးအနက်ထဲ ဦးတည်လိုက်သည်။ သို့သော်လည်း သူလျှောက်လှမ်းလာသည်နှင့် မြေကြီးထဲမှ ပြန့်ကျဲနေသည့် စိတ်ဆန္ဒများက သမုဒ္ဒရာထဲမှ လှိုင်းလုံးသဖွယ် ရောက်ရှိလာသည်။

ထိုပြန့်ကျဲနေသည့် စိတ်ဆန္ဒများက အမြင်တစ်ခုတည်းဖြင့် တိုက်ခိုက်နိုင်စွမ်းရှိဟန်မပေါ်ပေ။ သို့သော်လည်း သူတို့က များပြားလွန်းလှ၏။ သူတို့က ကောင်းကင်ကိုပင် အုပ်စိုးကာ မြေကြီးကိုပင် လွှမ်းမိုးထားလေသည်။ သူတို့ကို အတူတကွပေါင်းစည်းလိုက်သည့်အခါ ဝိညာဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် အရင်းအမြစ်တစ်ခု ဖြစ်လာဟန်ပေါ်သည်။ သူတို့က ပေါက်ထွက်လာသည့်အခါ လှိုဏ်ခေါင်းအတွင်း ဝင်ရောက်လာစဖြစ်သည့် ဝမ်ပေါင်လဲ့က တုန်ယင်သွားလေ၏။

သူ့စိတ်ထဲ ဝိညာဉ်နှင့် မှတ်ဉာဏ်မြောက်များစွာ ဝင်ရောက်လာဟန်ပေါ်သည်။ သို့သော်လည်း ထိုအရာက ပြီးပြည့်စုံသည့် ပုံရိပ်များ မဟုတ်ပေ။ သေသေချာချာမမြင်ရဘဲ သူ့ဝိညာဉ်ကို ဆက်တိုက်တိုက်ခိုက်နေသည့် အပိုင်းအစများသာ ဖြစ်၏။

ဝမ်ပေါင်လဲ့ကဲ့သို့ အားကောင်းသည့် တစ်စုံတစ်ယောက်ကပင် ခေတ္တမျှ ယာယီ တွေဝေသွားလေသည်။

သူက အားကောင်းသည်မှာ မှန်ပေ၏။ သူ့နဖူးအထက် သွေးကြောများက ထောင်ထွက်လာကာ သူက ပထမလှိုင်းလုံးကို တောင့်ခံနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသက အလျင်အမြန် လှည့်ပတ်လာပြီး သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ဝေဝါးသည့် ပျက်ယွင်းမှုတစ်ခု ဖြစ်ပေါ်လာစေသည်။ ထိုအရာက အသိစိတ်ပင်လယ်ကို ဆက်တိုက်ကာကွယ်ပေးထား၏။

ဒီနေရာမှာ အသက်တွေ ဘယ်လောက်တောင် မြှုပ်နှံထားတာလဲ…

ဝမ်ပေါင်လဲ့၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားလေ၏။ သူက ပြန့်ကျဲနေသည့် စိတ်ဆန္ဒများကို ခံစားမိလိုက်သည်။ စိတ်ဆန္ဒပမာဏအရေအတွက်က ကျောက်ပြားကမ္ဘာတွင် နေထိုင်သည့် သက်ရှိများထက်ပင် ပိုမိုများပြားလှသည်။

ဤသည်က မြေအောက် ပေနှစ်သောင်းမျှသာ ရှိသေး၏။ ဝမ်ပေါင်လဲ့က သူသာ ပိုမိုနက်နက်သွားလေလေ ထိုစိတ်ဆန္ဒများက ပိုမိုများပြားလာလေလေဖြစ်ကြောင်း မှန်းဆမိလေသည်။

ဒီအောက်မှာ ဘယ်လောက်တောင် နက်မလဲမသိဘူး…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက အလျင်စလို မလှုပ်ရှားပေ။ ထိုအစား သူက အာသီသစည်းမျဉ်း၏ သက်ရောက်မှုကို ခံစားမိလိုက်သည်။ သူက အာသီသစည်းမျဉ်းကို အပြည့်အဝ အသက်သွင်းလိုက်သည့်အခါ မြေအောက် ပေနှစ်သောင်းအတွင်း မျှခြေကို ရောက်သွားလေသည်။ အသိစိတ်ပင်လယ်ထဲ ထိုးဖောက်ခံနေရသည့် နာကျင်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာက ဝမ်ပေါင်လဲ့ကို အနည်းငယ် စိတ်အေးသွားစေ၏။ တစ်ချိန်တည်းဆိုသလို အာသီသစည်းမျဉ်းဥပဒေနှင့် ပတ်သက်ပြီး ထူးကဲနေသည့်အရာကို ခံစားမိခဲ့သည်။ ထိုစည်းမျဉ်းဥပဒေသက ရန်သူများကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်၏။ ထိုအရာက တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိပြီး သူတို့အား ဆာလောင်မှုနှင့် လောဘကို ဖြစ်စေသည်။ သို့သော်လည်း လက်တွေ့တွင်မူ ထိုအရာက ဝိညာဉ်နှင့် စိတ်ဆန္ဒများအပေါ်ကိုလည်း သက်ရောက်နိုင်စွမ်း ရှိ၏။

တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် အာသီသစည်းမျဉ်းဥပဒေသက ပတ်ဝန်းကျင်ရှိ စိတ်ဆန္ဒပင်လယ်ကို ခုခံနိုင်လေသည်။

ထိုပြန့်ကျဲနေသည့် စိတ်ဆန္ဒများက နဂိုကတည်းက အင်မတန် အားပျော့နေပြီ ဖြစ်၏။ သူတို့က သဘာဝရန်သူနှင့် ရင်ဆိုင်ရသည့်အလား ဖြစ်နေသည်။ အာသီသစည်းမျဉ်းဥပဒေသက ဖြည်းဖြည်းချင်းဖြင့် အနည်ကျသွားလေ၏။

မျှခြေရောက်ရှိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေတ္တစဉ်းစားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ရွေ့လျားရင်းဖြင့် မြေကြီးအောက် တိုးဝင်လိုက်သည်။ သူ့အရှိန်က မြန်ဆန်နေခြင်း မရှိဘဲ အရှိန်ကို သူ တူးသည့်အချိန်၌ ပေတစ်ရာမျှသာ ရောက်အောင် ထိန်းချုပ်ထားလေသည်။

ဤသို့ဖြင့် သူက ဆက်လက်တူးနေရင်း ပေတစ်ရာ၊ ပေသုံးရာ၊ ပေရှစ်ရာမှ ပေခုနစ်ထောင်ကျော် တူးလိုက်နိုင်သည်။ သူ့တည်နေရာက မြေအောက်ပေနှစ်သောင်း ခုနစ်ထောင် ရောက်ရှိနေပြီဖြစ်၏။

အာသီသစည်းမျဉ်းဥပဒေသက ပြိုလဲကာ ဖရိုဖရဲဖြစ်တော့မည့် အရိပ်အယောင်များ စတင်ပြသလာသည်။ သူ့တည်နေရာအရ ပြန့်ကျဲနေသည့် အစဉ်အလာများမှ ဖွဲ့စည်းထားသည့် အသိစိတ်ပင်လယ်က ယခင်ထက် ပိုမိုပြင်းထန်လာလေ၏။ အရေအတွက်ကပင် ကြောက်ဖို့ကောင်းလှသည်။

ပို၍ အရေးကြီးသည်က ဝမ်ပေါင်လဲ့သည် ပြန့်ကျဲနေသည့် စိတ်ဆန္ဒများစွာကြား စတုတ္ထအဆင့် ကျင့်ကြံသူပိုင်ဆိုင်နိုင်သည့် နတ်ဘုရားအသိစိတ်ကိုပင် ခံစားမိလိုက်သည်။

ထိုနတ်ဘုရားအသိစိတ် တစ်ခုချင်းစီက စိတ်ခံစားချက် ကင်းမဲ့နေသော်လည်း သူတို့၏ အားသက်ရောက်မှုက အတော်လေး အားကောင်းနေဆဲ ဖြစ်၏။

ငါ ထွက်သွားရမလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်ချက်လောက် သွားကြည့်လိုက်ရမလား…

စိတ်ဆန္ဒပင်လယ်နှင့် ရင်ဆိုင်ရသည့်အခါ ပိုမိုပင် ထိတ်လန့်ဖို့ကောင်းလာသည်။

ဝမ်ပေါင်လဲ့က အနည်းငယ် တုံ့ဆိုင်းလာမိ၏။ သို့သော်လည်း သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ထွက်ပေါ်လာသည်။

ငါက ဒီရောက်နေပြီဆိုမှတော့ ဘယ်လိုလုပ် ဒီလိုထွက်သွားလို့ရပါ့မလဲ…

သူက မူလစကြဝဠာတာအိုနေရာမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် မြေအောက်ထဲတွင် အဘယ်ကြောင့် အိပ်စက်နေမှန်း သိလိုသည်။ ထိုနေရာတွင် မည်သည့်လျှို့ဝှက်ချက်မျိုး ကိန်းအောင်းနေသည်ကိုလည်း မြင်တွေ့လို၏။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသကလည်း အသံကျယ်ကြီးနှင့်အတူ ပျံ့နှံ့လာသည်။ ထိုအရာက သူ့ဝန်းကျင်တွင် ရစ်ပတ်နေရင်း သူ့ခန္ဓာကိုယ်က ထပ်မံတိုးဝင်လာသည်။

ဤတိုးဝင်မှုဖြင့် သူက ပေသုံးသောင်းအထိ ရောက်ရှိသွားခဲ့၏။

ဤသည်က သူ့ကန့်သတ်ချက်ဖြစ်၏။ ထို့အပြင် သူက မစွန့်စားလိုပေ။

သူက တမင်ကိုယ့်သေတွင်းကိုယ် တူးနေခြင်းမဟုတ်လျှင်ပင် စိတ်ဆန္ဒပင်လယ်ထဲမှ ပြင်းထန်မှုက ဝမ်ပေါင်လဲ့၏ စိတ်အား တုန်ယင်သွားစေသည်။ သူ့အသိစိတ်ပင်လယ်ကပင် စတင် ယောက်ယက်ခတ်လာ၏။

ကံကောင်းစွာဖြင့် သူ့နဂိုခန္ဓာ၏ အနေအထားကြောင့် သူသည် အသိစိတ်မျှင်တစ်ခုကို ထိန်းထားနိုင်ခဲ့သည်။

သူက ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းထဲ တုန်လှုပ်မှုက ပိုမိုကြီးမားလာပြီး အလျင်အမြန် နောက်ဆုတ်လိုက်တော့သည်။

သူက နောက်ဆုတ်နေသော်လည်း ပြန့်ကျဲနေသည့် စိတ်ဆန္ဒများက အရူးအမူး တိုးဝင်လာနေသည်။ ထိုအရာက သူ့ကို အပြီးတိုင် ရှင်းထုတ်ပစ်လိုသည့်အလား ဖြစ်၏။ ဝမ်ပေါင်လဲ့က အံ့မခန်းနှုန်းဖြင့် နောက်ဆုတ်နေသော်လည်း ထိုပြန့်ကျဲနေသည့် စိတ်ဆန္ဒများ ချီတက်လာနှုန်းက ကြောက်ဖို့ကောင်းလှသည်။

အဆုံးသတ်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်က ပြိုလဲတော့မည့်ဆဲဆဲတွင် သူက တောင်ကုန်းသားရဲ၏ ပါးစပ်လှိုဏ်ခေါင်းအတွင်းရှိရာဆီ ပြန်ရောက်လာသည်။ သူ အထဲ ဝင်ရောက်လိုက်သည်နှင့် ပြန့်ကျဲနေသည့် စိတ်ဆန္ဒပင်လယ်က သူ့ဆီ အရူးအမူး တိုးဝင်လာသည်။

“အားကုန်သုံးပြီး တားဆီး” ဝမ်ပေါင်လဲ့က အော်ဟစ်လိုက်သည်။

All Chapters