ဖိနှိပ်ခြင်း
Vol. 97 Ch. 1345
သူတို့အကြည့်ချင်းဆုံသည့်အခါ သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။ သို့သော်လည်း ဖုန်းတိ၏ သတ်ဖြတ်ငွေ့နှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့က ဖုန်းတိ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အာသီသစည်းမျဉ်းဥပဒေသကို ပိုမိုလောဘကြီးလေသည်။
သူတို့က အချင်းချင်း ကြည့်နေရင်းဖြင့် ဖုန်းတိ စုပ်ယူထားသည့် အစားကြူးတမန်တော်က နာကျင်မှုကြောင့် စူးစူးရှရှအော်ဟစ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူ့အသံ ထွက်ပေါ်လာသည့်အခါ ဝမ်ပေါင်လဲ့ဘေးတွင်ရှိနေသည့် လူငယ်လေးက တူညီစွာ ခံစားလိုက်ရပြီး အကြောက်တရားတို့ ထပ်မံ ကြီးစိုးလာပြန်သည်။
ဝမ်ဝေ့က ဖုန်းတိကို ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။
“မင်းလက်ထဲက အစားကြူးတမန်တော်က ငါ့အပိုင်ပဲ”
“မင်းဟာလား” ဖုန်းတိက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးတို့က သူ့စိတ်ခံစားချက်ကို ခံစားမိဟန်ပေါ်သည်။ သူတို့က ပိုမိုကြီးကျယ်ခမ်းနားလာ၏။ သူ့အနောက်ဘက်တွင်ရှိနေသည့် ရောင်ဝါကလည်း ပိုမိုတောက်ပလာသည်။ သူ့နှုတ်ခမ်းထောင့်မှ ရက်စက်သည့် အပြုံးတစ်ပွင့်အသွင် ကွေးညွှတ်သွား၏။
သူက ပြောရင်းဖြင့် အစားကြူးတမန်တော်၏ ညာဖက်လက်ကို ဆွဲကိုင်လိုက်သည်။ ထိုစဉ် အစားကြူးတမန်တော်က မိုးထိအောင် ရောက်နိုင်သည့် စူးစူးရှရှအော်သံမျိုး ထုတ်လွှတ်လာသည်။ ထို့နောက် ထိုအော်သံက ရုတ်ချည်းရပ်တန့်သွားလေ၏။ ထိုအစား သူ တမန်တော်၏ ခန္ဓာကိုယ်ရှိ အာသီသစည်းမျဉ်းဥပဒေသနှင့် အသက်ဓာတ်အားလုံးကို ဖုန်းတိက အတင်းအကြပ် စုပ်ယူသွားကြောင်း မြင်တွေ့နိုင်သည်။ သူက အစားကြူးတမန်တော်အား ခြောက်ကပ်နေသည့် အလောင်းအသွင်ပြောင်းပြီး ဝမ်ပေါင်လဲ့ထံ ပစ်ပေးလိုက်၏။
ဖုန်းတိက လျှာသပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါက မင်းအပိုင်ပဲ ဆိုတော့ မင်းရဲ့ လက်မောင်း တစ်ဖက်နဲ့လဲဖို့ ပြန်ပေးလိုက်မယ်”
ဝမ်ပေါင်လဲ့က ထိုအရာကို မြင်သည့်အခါ ပြုံးလိုက်၏။ သူက ချက်ချင်းဆိုသလို ပျော်ရွှင်လာမိသည်။ သူက သူ့ဆီ ပစ်ပေးလိုက်သည့် အလောင်းကို ဂရုမစိုက်ပေ။ ထိုအစား သူက ဖုန်းတိကို ကြည့်လေလေ ပိုပြီးပျော်ရွှင်လာလေလေဖြစ်၏။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက သူသည် တကယ့်အစစ်အမှန်ကိုယ်နှင့် ကွဲပြားကြောင်း အမြဲတမ်း ခံစားခဲ့မိသည်။ သူ့တကယ့်ကိုယ်သည် အောက်ခြေစည်းမျဉ်း မရှိသလို နိယာမဟူ၍လည်း မရှိပေ။ ထိုသူက သူ့ကိုယ်ပိုင် သုံးသပ်မှုအပေါ်မူတည်ပြီး ကိစ္စများကို လုပ်လေ့ရှိသည့်အတွက် သူ့အနေဖြင့် အရှက်မဲ့ကာ မျက်နှာပြောင်လေသည်။
သူနှင့် အစစ်အမှန်ကိုယ်ကြားက အကြီးမားဆုံးကွာဟချက်က သူ့တွင် နိယာမ ရှိသည်ဟု ယုံကြည်ထားလေ၏။ အကယ်၍ တခြားသောသူများက သူ့ကို ရန်မစပါက သူသည် ကြင်နာမှုနှင့် ရန်ငြိုးကြား သေချာပေါက်ခွဲခြားပြီး သူတို့ကို အနိုင်ကျင့်မည် မဟုတ်ပေ။
ထို့ကြောင့် သူက တစ်ဖက်လူကို သူ့အား ရန်စလာဖို့ နည်းလမ်းရှာဖွေလိမ့်မည်။ ဤနည်းဖြင့် သူက သူတို့ကို အနိုင်ကျင့်သည့်အခါ ဘာမှမခံစားရတော့ဘဲ သူ့နိယာမအတွင်း ရှိနေလိမ့်မည်။
ထိုအရာက ဖုန်းတိအား ယခုကဲ့သို့ ဖြစ်လာစေခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အပြုံးတစ်ပွင့်ထွက်ပေါ်လာပြီးသည့်နောက်တွင် လှုပ်ရှားလာ၏။ နောက်အခိုက်အတန့်လေးတွင် ဖုန်းတိက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားသည့် အခိုက်အတန့် ဝမ်ပေါင်လဲ့က ဖုန်းတိ ရှိနေခဲ့သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော်လည်း သူက ခေတ္တမျှထွက်ပေါ်လာပြီးသည့်နောက်တွင် ထပ်မံ ပျောက်ကွယ်သွားခဲ့သည်။ လေထုထဲ ရုတ်ချည်းဆိုသလို ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ၏။ နောက်အခိုက်အတန့်တွင် ဖုန်းတိ၏ သွင်ပြင်က အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်ဝန်းအထက် မယုံကြည်နိုင်မှုများ ရှိနေလေ၏။ သူ့လက်မောင်းတစ်ဖက်က ဆုံးရှုံးသွားပြီဖြစ်ကာ ဒဏ်ရာက သွေးသံရဲရဲ ဖြစ်နေသည်။
တခြားတစ်ဖက်တွင် လေဟာနယ်က ပျက်ယွင်းသွားပြီး ဖုန်းတိ၏ လက်တစ်ဖက်ကို ကိုင်ဆောင်သည့် ဝမ်ပေါင်လဲ့က တစ်လှမ်းချင်း ထွက်လာလေ၏။ သူ့မျက်နှာအထက် ပုံမှန်အတိုင်း အပြုံးတစ်ပွင့် ရှိလေသည်။ ဖုန်းတိလက်ကို ကိုင်ဆောင်ထားသည့်လက်မှ အနက်ရောင် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာပြီး ထိုအရာကို မြင်နိုင်လောက်သည့် နှုန်းထားဖြင့် ခြောက်သွေ့သွားစေသည်။ နောက်အခိုက်အတန့်လေး၌ ထိုအရာက ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
သိပ်သည်းသည့် အာသီသစည်းမျဉ်းဥပဒေသက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ ကျေနပ်မှုတို့ ဖြစ်ပေါ်လာစေသည်။ သူက နှုတ်ခမ်းကို သပ်ရင်း နတ်သုဒ္ဓါကို စားသုံးလိုက်ရသည့်အလား ဖုန်းတိကို ကြည့်လိုက်သည်။
ဖုန်းတိက မောပန်းနေပြီး အမူအရာပျက်ယွင်းနေ၏။ သူ့နှလုံးခုန်နှုန်းက အတော်လေး မြန်ဆန်နေကာ အကြောက်တရားတို့ ကြီးစိုးနေသည်။ ယခုလေးတွင် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံစဉ်အခါက ပင်လင်းကျစ်သည် တိုက်ခိုက်တော့မည်မှန်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သို့သော်လည်း ပင်းလင်းကျစ်အနေဖြင့် သူ့လှုပ်ရှားမှုများကို ကြိုသိနေဟန်ပေါ်သည်။ ထို့အပြင် သူ့အပေါ် ကျရောက်လာသည့် ဖိအားက ထိုသူရှေ့ သူ့ကျင့်ကြံဆင့်စွမ်းရည်အား အသုံးမဝင်အောင် ဖြစ်သွားစေ၏။
အကယ်၍ သူသာ ဆုံးဖြတ်ချက်မပြတ်သားခဲ့ပါက သူသည် လက်တစ်ဖက်မျှသာ ဆုံးရှုံးသွားမည် မဟုတ်ပေ။
“အဆင့်ဖိနှိပ်ခြင်း” ဖုန်းတိက မျက်နှာဖြူဖျော့လျက် ရေရွတ်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လိုက်၏။
“ခင်ဗျားက ဘယ်သူလဲ”
ဝမ်ပေါင်လဲ့က ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ထိုအစား သူက ဖုန်းတိဆီ လှည့်ကာ ရောက်ရှိလာသည်။ ထိုအခိုက်အတန့်လေး၌ ဖုန်းတိက အော်ဟစ်လိုက်ရ၏။ ဤတစ်ကြိမ် သူက နောက်ဆုတ်ခြင်းမရှိသလို ရှောင်ရှားခြင်းလည်း မရှိပေ။ သူ့အနေဖြင့် ထိုသို့လုပ်နိုင်မည့် နည်းလမ်း မရှိကြောင်း သိထားလေ၏။ ထွက်ပြေးဖို့အတွက်မူ သူက အင်မတန်ကြောက်ဖို့ကောင်းသည့် လူတစ်ယောက်၏ လက်ထဲတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိလေသည်။ ထိုသူကိုယ်ပိုင် အခွင့်အရေးမပေးသရွေ့ သူ့အနေဖြင့် လွတ်မြောက်နိုင်မည့် အခွင့်အရေး မရနိုင်ပေ။
ထို့ကြောင့် သူက နောက်ဆုတ်မနေတော့ပေ။ ထိုအစား သူက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ချီနှင့် သွေးတို့ကို ပေါက်ကွဲထွက်စေလိုက်သည်။ သူ့ဝန်းကျင်တွင် သွေးမြူတစ်ခု ဖြစ်တည်လာပြီး သူ့ရှေ့တွင် ပင်လင်းကျစ်ကို ဝါးမျိုဖို့ ဧရာမပါးစပ်ကြီးအသွင် ပြောင်းလဲသွားလေ၏။
လေဟာနယ်က ပျက်ယွင်းသွားကာ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုအရာမှ ထိုသွေးမြူကြီးသည် မည်မျှကြောက်ဖို့ကောင်းကြောင်း မြင်တွေ့နိုင်သည်။ သို့သော်လည်း ထိုအရာက မည်မျှပင် ကြောက်ဖို့ကောင်းစေကာမူ ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှုရှိဟန်မပေါ်ပေ။ သွေးမြူက သူ့ကို စုပ်ယူတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ပါးစပ်ဟကာ စုပ်ယူလိုကသ်ည်။
သူက စုပ်ယူလိုက်ရင်း သွေးမြူက အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွား၏။ ထိုအရာက အာသီသစည်းမျဉ်းအဖြစ် ပြောင်းကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။ သူက ခန္ဓာကိုယ်အတွင်း စုပ်ယူကာ သူ့အာသီသစည်းမျဉ်းဥပဒေသကို ပိုမိုအားကောင်းအောင် ပြုလုပ်လိုက်၏။
ဖုန်းတိက ထိုမြင်ကွင်းကြောင့် အတော်လေး အံ့အားသင့်သွား၏။ သူ့မျက်နှာက သွေးများဖြင့် စိုရွှဲနေပြီး မျက်လုံးအပြူးသားဖြစ်နေမိသည်။ သူ့မျက်နှာအထက် မယုံကြည်နိုင်မှုများက သိသာထင်ရှားနေ၏။ သူက သူ့အနောက်ဘက်တွင်ရှိနေသည့် ရောင်ဝါကို အရှိန်အလဲအလှယ်အနေဖြင့် အသုံးပြုလိုက်ပြီး ထွက်ပြေးရုံမှအပ ရွေးချယ်စရာမရှိပေ။
သူတို့က တကယ်ကို ကွဲပြားသည့်အနေအထားတွင် ရှိ၏။
“မင်းက ထွက်ပြေးချင်တာလား” ဝမ်ပေါင်လဲ့၏ မြင်ကွင်းအထက် စူးစူးရှရှအကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ဖုန်းတိနောက် လိုက်ဖမ်းလိုက်သည်။ သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် လေဟာနယ်ကိုပင် စွန့်ပယ်သွားစေသည်။
နောက်အခိုက်အတန့်လေး၌ သူက အမူအရာပြောင်းလဲနေသည့် ဖုန်းတိကို လိုက်မှီကာ ဖမ်းဆုပ်လိုက်သည်။
ဖုန်းတိ၏ နဖူးအထက် သွေးကြောများ ထင်းထွက်လာ၏။ ထိုအရေးကြီးသည့်အခိုက်အတန့်တွင် သူက တုံ့ဆိုင်းမှုမရှိ ဖောက်ခွဲပစ်ခဲ့သည်။ ထို့နောက် သူ့နောက်တွင်ရှိနေသည့် ရောင်ဝါကလည်း တစ်လက်မချင်းစီ ကြေမွသွားပြီး ပေါက်ကွဲထွက်သွားကာ အားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာစေသည်။ ထိုအားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူတို့ကြားမှ အကွာအဝေးကို ချဲလိုက်သည်။ သူ့လက်မှ လက်ဟန်စည်းတံဆိပ်များ ပြုလုပ်နေလေ၏။ ထိုစဉ် သူ့သွေးနှင့် ချီစွမ်းအားတို့က ကောင်းကင်အထက် မြင့်တက်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူက မလိုလားအပ်သည့် လှုပ်ရှားမှုများ မပြုလုပ်ခဲ့ပေ။ မြှောက်လက်စ ညာဖက်လက်ကိုပင် ပြန်လည်မပြောင်းရသေးပေ။ သို့သော်လည်း သူက စကားတစ်ခွန်း ရေရွတ်ရင်းဖြင့် အကြည့်တို့က ပိုမို မဲမှောင်သွားခဲ့၏။
“စုပ်ယူစမ်း”
ထိုစကား ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ညာဖက်လက်မှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက တွင်းနက်ကြီးသဖွယ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။
မြေကမ္ဘာတုန်လုမတတ် စုပ်ယူအားက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ဖုန်းတိ၏ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။
“ပင်းလင်းကျစ်” ဖုန်းတိက တုန်လှုပ်နေ၏။ ထိုစဉ် သူက ရှေ့မတိုးနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အလိုလိုနောက်ဆုတ်နေမိ၏။ အကယ်၍ ထိုအရာက ကြိုးမျှင်များစွာကို ရစ်ပတ်ကာ ဝမ်ပေါင်လဲ့ဆီ တစ်လက်မချင်းစီ ပြန်လည်ဆွဲယူနေသကဲ့သို့ ဖြစ်သည်။
ထိုဖြစ်စဉ်အတွင်း သူ့သွေးနှင့် ချီအပါအဝင် အာသီသစည်းမျဉ်းဥပဒေသကပင် မထိန်းချုပ်နိုင်တော့ဘဲ ဝမ်ပေါင်လဲ့ဘက်သို့ ဦးတည်ကာ ပျံ့နှံ့သွားခဲ့၏။
အဝေးမှကြည့်လျှင် ဝမ်ပေါင်လဲ့က ကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည်။ ထိုအခိုက်အတန့်လေး၌ သူ့လက်ဖဝါး လားရာတိုင်း မည်သည်မှ သူ့ကို မတားဆီးနိုင်ပေ။ မည်မျှပင် ရုန်းကန်စေကာမူ အသုံးမဝင်ပေ။ အသားတောင်ကြီးက မြင်နိုင်သမျှ အမြန်နှုန်းဖြင့် ကျုံ့လာလေ၏။
အဝေးမှ ကြည့်နေသည့် ချန်လင်းကျစ်က စိတ်အေးသွားသလို ခံစားလိုက်ရသည်။ ဖုန်းတိကို စုပ်ယူနေသည့်သူက ဝမ်ပေါင်လဲ့ မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေသကဲ့သို့ ဖြစ်၏။
“ပင်းလင်းကျစ် ငါက မြို့သခင်ရဲ့ တပည့်ပဲ။ မင်း ငါ့ကို သတ်မယ်ဆိုရင် အာသီသမြို့တော်မှာ မင်းအတွက် နေရာမရှိဘူး” ဖုန်းတိက တုန်လှုပ်ကာ ကြောက်လန့်နေမိသည်။ ယခင်က သူ့မာနက ပြိုလဲသွားပြီဖြစ်ကာ ယခုအခါ သူ့အသံက စူးရှနေ၏။
ဝမ်ပေါင်လဲ့က အမူအရာ နဂိုအတိုင်းကျန်ရှိနေကာ ပြုံးနေဆဲ ဖြစ်သည်။ သို့သောလည်း ထိုအခိုက်အတန့်လေး၌ သူက မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ အလျင်အမြန် နောက်ဆုတ်လိုက်တော့သည်။
ထို့နောက် ရုတ်ချည်းဆိုသလို အပြောင်းအလဲတစ်ခု ဖြစ်ပျက်လာခဲ့၏။