နတ်သက်ကြွေ နတ်ဘုရား၏ လက်ချောင်း
Vol. 97 Ch. 1346
ထိုအပြောင်းအလဲ၏ ဇစ်မြစ်က ဝေဟင်ထက်မှ တိမ်တိုက်များ ပြောင်းလဲသွားမှု ဖြစ်သည်။
ထိုပြောင်းလဲမှုအလယ်တွင် အနက်ရောင်လက်တံတစ်ခုက တိမ်တိုက်ကြားမှ ထွက်ပေါ်လာလေ၏။ ထိုအရာက စုပ်ယူအား၏ ဗဟိုချက်ဖြစ်သည့် ဝမ်ပေါင်လဲ့နှင့် ဖုန်းတိကြား ကျရောက်လာသည်။ ထိုနေရာတွင်ရှိနေသည့် စုပ်ယူအားက အားအကောင်းဆုံး ဖြစ်၏။ သို့သော်လည်း အနက်ရောင်လက်တံ ကျရောက်လာသည့်အခါ ထိုစုပ်ယူအားကြောင့် နည်းနည်းလေးမှ သက်ရောက်ခံရဟန်မပေါ်ပေ။
ထိုမျှသာ မကသေးဘဲ ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားကို တုန်ယင်သွားစေနိုင်သည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။
အနက်ရောင်လက်တံ၏ ဇစ်မြစ်သည် မသဲမကွဲ ဖြစ်နေသည်။ ထိုအရာက သူ့အနေနှင့် တုံ့ဆိုင်းမနေဘဲ ဖုန်းတိကို လက်လျှော့လိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။
သူက ချက်ချင်း နောက်ဆုတ်လိုက်သည့်အခါ မြူခိုးမှ အနက်ရောင်လက်တံ လေးခု ကျဆင်းလာလေသည်။ တစ်ခုက ဝမ်ပေါင်လဲ့ နဂိုရှိသည့်နေရာဆီ ကျရောက်သွားကာ ကျန်တစ်ခုကမူ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ဖုန်းတိဆီ ကျရောက်သွားလေ၏။ ဖုန်းတိက ခုခံမှုအားလုံး ဆုံးရှုံးသွားဟန်ပေါ်သည်။ သူက အနက်ရောင်လက်တံအား သူ့ကို ရစ်ပတ်ခွင့်ပြုထားလိုက်ရ၏။
စတုတ္ထမြောက် လက်တံကမူ လူငယ်လေး ချန်လင်းကျစ်ဆီ ကျရောက်လာ၏။ လူငယ်လေး၏ မျက်ဝန်းက ဗလာကျင်းသွားကာ သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ ဖုန်းတိကဲ့သို့ သူကလည်း ခုခံမှုအားလုံးကို လက်လျှော့ကာ လက်တံများဖြင့် ရစ်ပတ်ခံရတော့မည် ဖြစ်၏။
သို့သော်လည်း သူ့တည်ရှိမှုက ဝမ်ပေါင်လဲ့အတွက် တန်ဖိုးရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က လူငယ်လေးဘေးတွင် ပေါ်ထွက်လာကာ အနက်ရောင်လက်တံ ကျဆင်းလာသည်နှင့် လူငယ်လေး၏ ပုခုံးကို ဆွဲကိုင်ကာ ချက်ချင်းနောက်ဆုတ်လိုက်၏။
သူတို့နှစ်ဦးထွက်သွားသည့် အခိုက်အတန့်တွင် အနက်ရောင်လက်တံက ဗလာနတ္ထိဖြင့်သာ ထိတွေ့သွားလေသည်။ သို့သော်လည်း ထိုအရာက ဂရုစိုက်ဟန်မပေါ်ပေ။ ထိုအခိုက်အတန့်၌ ကောင်းကင်ထက်မှ လက်တံများစွာ ကျဆင်းလာပြီး တစ်ခုပြီး တစ်ခုဆိုသလို ပမာဏက ရာချီ ဖြစ်လာသည်။
အထဲတွင် ရှိနေသည့် ဖုန်းတိက ရစ်ပတ်ခံထားရ၏။ သူ့ခန္ဓာကိုယ်က ဝမ်ပေါင်လဲ့ စုပ်ယူစဉ် အခါကထက်ပင် ပိုမိုမြန်ဆန်စွာ ခြောက်သွေ့လာသည်။ ဖြစ်စဉ်တစ်ခုလုံးက အသက်ဆယ်ရှိုက်စာမျှသာ ကြာမြင့်ခဲ့ပြီး ဖုန်းတိ၏ ခန္ဓာကိုယ်က အလောင်းကောင်သဖွယ် ပြောင်းလဲသွားလေသည်။
သေချာအနီးကပ်ကြည့်မည်ဆိုပါက ထိုအနက်ရောင်လက်တံများအပေါ်တွင် အလောင်းရာချီကို မြင်တွေ့နိုင်သည်။ သူတို့ တစ်ခုချင်းစီကို သေသေချာချာ ရစ်ပတ်ထားပြီး နည်းနည်းလေးမှ လှုပ်ရှားမှု မရှိပေ။
သို့သော်လည်း သူတို့၏ အဝတ်အစားများက မပျက်ယွင်းသေးသည့်အတွက် သူတို့ ဝတ်စားထားပုံအရ တူညီသည့် ခေတ်ကာလမှ မဟုတ်ကြောင်း မြင်တွေ့နိုင်သည်။
ထိုအခိုက်အတန့်လေး၌ ကောင်းကင်က လှုပ်ခတ်နေကာ လက်တံများက ဆက်လက်ကျဆင်းနေဆဲသာ ဖြစ်၏။ သို့သော်လည်း အကြိမ်ရေက နဂိုထက် ပိုမိုနည်းပါးလာသည်။ ဝမ်ပေါင်လဲ့နှင့် ချန်လင်းကျစ်တို့က ဆက်လက် နောက်ဆုတ်နေရင်း အဝေးတစ်နေရာတွင် ပေါ်ထွက်လာလေ၏။ ဝမ်ပေါင်လဲ့က သူ့ရှေ့တွင်ရှိနေသည့် အနက်ရောင်လက်တံများကို ကြည့်ရင်း အကြည့်များ တောက်ပလာသည်။
သူ့ဘေးတွင် ရှိနေသည့် လူငယ်လေးကမူ ဖြည်းဖြည်းချင်း အသိပြန်ဝင်လာ၏။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးမှုတို့ ပျောက်ကွယ်သွားကာ အကြောက်တရားအပြည့် ဖြစ်လာသည်။
“နတ်သက်ကြွေ နတ်ဘုရားရဲ့ အကြွင်းအကျန်ပဲ”
“နတ်သက်ကြွေ နတ်ဘုရားလား” ဝမ်ပေါင်လဲ့က လူငယ်လေးကို ကြည့်လိုက်သည်။
လူငယ်လေးက တုန်ယင်နေပြီး ဝမ်ပေါင်လဲ့၏ မေးခွန်းကို အလျင်အမြန် သတိထားမိကာ အမြန်အဆန် ရှင်းပြခဲ့သည်။
နတ်သက်ကြွေ နတ်ဘုရားဟု ခေါ်ဆိုသည့်သူများက ရှေးဟောင်းခေတ်ကာလက စွမ်းအားကြီး ပုဂ္ဂိုလ်များသာ ဖြစ်၏။ သူတို့က နတ်ဘုရားတိုက်ပွဲအတွင်း သေဆုံးသွားကြကာ တချို့ကမူ အချိန်ကုန်ဆုံးမှုကြောင့် သေဆုံးသွားကြသည်။ သို့သော်လည်း အားလုံးကမူ မြို့သခင်အနေအထားတွင် ရှိကြပြီး မြင့်မားသည့် အဆင့်ကို ပိုင်ဆိုင်ထားကြသည်။
တချို့သော စွမ်းအားကြီးပုဂ္ဂိုလ်များက အိပ်စက်နေဆဲ ဖြစ်၏။ သို့သော်လည်း အများစုကမူ သေဆုံးသွားပြီဟု ကောလဟာလများ ရှိလေသည်။ သူတို့၏ ခြေလက်များက ဒီကမ္ဘာတွင် မကြာခဏ ပေါ်ထွက်လာလေ့ရှိသည်။
“အဖေ့ဆီကတော့ နတ်သက်ကြွေ နတ်ဘုရားထဲက အားကောင်းတဲ့သူတချို့က ကျုပ်တို့ကမ္ဘာမှာ အိပ်စက်နေတဲ့ နတ်ဧကရာဇ်နဲ့ အဆင့်တူတယ်လို့ ကြားဖူးတယ်။ နတ်ဧကရာဇ်ရဲ့ အိပ်စက်နေမှုကလည်း အဲဒီနတ်ဘုရားတွေနဲ့ ပတ်သက်နေတဲ့ပုံပဲ” ချန်လင်းကျစ်က တွေ့သမျှ အရာအားလုံးကို တုန်တုန်ယင်ယင်ဖြင့် ရှင်းပြလိုက်သည်။
ဝမ်ပေါင်လဲ့က ထိုစကားများကို နားထောင်နေသည်။ သူက မျက်မှောင်ကြုတ်ရင်း အနက်ရောင်လက်တံများ ကျဆင်းလာသည့်နေရာကို ကြည့်လိုက်သည်။ ကောင်းကင်က လှုပ်ခတ်နေပြီး ဧရာမလက်ချောင်းကြီး ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအရာက လက်ချောင်းတစ်ချောင်းမျှသာ ဖြစ်နေသော်လည်း အရွယ်အစားကမူ ပေတစ်သောင်းနီးပါး ရှိ၏။ ကျဆင်းလာသည့် အနက်ရောင်လက်များက ခန္ဓာကိုယ်မှ အမွေးအမျှင်များသာ ဖြစ်၏။
ဒါက ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်ထက် ပိုပြီးအားကောင်းနေတာပဲ…
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ထွက်ပေါ်လာသည်။ သူက လက်ချောင်းပိုင်ရှင်သည် မည်သူမှန်း မသိသော်လည်း ထိုအရာက စစ်သူကြီး ၁၀၈ ယောက်ထဲမှ တစ်ယောက်ဖြစ်မည်မှန်း ခံစားမိလိုက်သည်။
ထိုသူ အသက်ရှင်နေစဉ်အခါက အင်မတန် အားကောင်းခဲ့လိမ့်မည်။ သူက သေဆုံးသွားပြီး လက်တစ်ချောင်း ကျန်ရှိနေသည့်နောက်တွင်ပင် အရာအားလုံးကို ဖိနှိပ်ထားနိုင်စွမ်းရှိ၏။
ဖုန်းတိနှင့် လူငယ်လေးတို့က ထိုအရာကြောင့် ဆွံ့အသွားခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့က သက်ရောက်မခံရသည့် အကြောင်းအရင်းကမူ ခန္ဓာကိုယ်၏ အဆင့်အတန်းကြောင့် ဖြစ်၏။ သူ့နဂိုခန္ဓာကိုယ်က လက်ချောင်းပိုင်ရှင်လောက် အားမကောင်းသေးသော်လည်း အားနည်းမှု များများစားစား မရှိပေ။ ထို့ကြောင့် လက်ချောင်းက ဝမ်ပေါင်လဲ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာသော်လည်း ကြီးကြီးမားမား မဟုတ်ပေ။
အကြောင်းအရင်းကမူ တိမ်တိုက်ထဲတွင် လက်ချောင်းတစ်ချောင်းသာရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိ၍ ဖြစ်သည်။
“တစ်ချိန်တည်းဆိုသလို နတ်သက်ကြွေ နတ်ဘုရားတွေရဲ့ အကြွင်းအကျန်က အာသီသမြို့တော်ရဲ့ တကယ့်ထိပ်တန်း ပါဝင်ပစ္စည်းတွေပဲ။” လူငယ်လေးက အသက်ရှူနှုန်း မြန်ဆန်လာကာ ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် လောဘအရိပ်အယောင် ပေါ်ထွက်လာလေ၏။
“အလောင်းကို စားတာလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“ကျေးဇူးရှင် လူကြီးမင်း အဲ့လိုမဟုတ်ပါဘူး။ သာမန်ပစ္စည်းတွေက စားဖို့ လိုတယ်ဆိုပေမဲ့ ဒီလိုထိပ်တန်းအဆင့် ပါဝင်ပစ္စည်းတွေက စားဖို့ မလိုဘူး။ အဲဒီအစား အထဲမှာရှိနေတဲ့ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ တည်ရှိမှုကို စုပ်ယူရုံပဲ။ နတ်ဘုရားစိတ်ဝိညာဉ်က ကျဆုံးသွားပြီဆိုပေမဲ့လည်း တည်ရှိမှုက ရှိနေတုန်းပဲလေ။ အဲဒီတည်ရှိမှုကို စုပ်ယူတာက စည်းမျဉ်းဥပဒေသကို အဆများစွာ တိုးတက်သွားစေနိုင်တယ်” ချန်လင်းကျစ်က အလျင်အမြန်ရှင်းပြလိုက်သည်။
ဝမ်ပေါင်လဲ့က အတွေးနက်နေမိ၏။ သူက မနေနိုင်ဘဲ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ ဤသည်က ဒုတိယကမ္ဘာဆီ ဖြစ်၏။ အကယ်၍ သေချာအနီးကပ်ကြည့်ပါက ဝမ်ပေါင်လဲ့သည် ထိုအကြည့်၏ အဆုံးသတ်တွင် သူ့နဂိုခန္ဓာကိုယ် ပုန်းအောင်းနေသည့် နေရာကို ကြည့်နေခြင်းကို မြင်တွေ့ရလိမ့်မည်။
ငါ့နဂိုခန္ဓာကိုယ်က နတ်ဘုရားစိတ်ဝိညာဉ်လောက်တော့ ယူဆလို့ ရတယ်မလား။ အဲဒါဆိုရင် ငါလည်း သူ့အရှိန်အဝါကို စုပ်ယူနိုင်မလား…
အကြောင်းအရင်းတချို့ကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ဆိုးယုတ်သည့် အတွေးတစ်ခု ပေါ်ထွက်လာသည်။
ကံဆိုးစွာဖြင့် သူက အကျိုးအကြောင်းသင့်နေဆဲသာ ဖြစ်၏။ ဆိုးယုတ်သည့် အတွေးပေါ်ထွက်လာသည်နှင့် သူက ဖိနှိပ်ထားနိုင်လိုက်သည်။ သူက အကြည့်ရုတ်သိမ်းလျက် နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းရှိရာကို လှမ်းကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က လှမ်းကြည့်လိုက်သည့်အခါ မြူခိုးထဲမှ လက်ချောင်းများကို မသွားပြီဖြစ်ကာ လက်တံများကလည်း ဖြည်းဖြည်းချင်း မြင့်တက်သွားလေသည်။ သူတို့က မြူခိုးအတွင်း ပြန်လည်ရောက်ရှိသွားလေ၏။
ဝမ်ပေါင်လဲ့က ခေတ္တမျှ တွေးမိသွားသည်။ နောက်အခိုက်အတန့်လေး၌ သူက အနက်ရောင်လက်တံတစ်ခုဘေးတွင် ပေါ်ထွက်လာကာ ညာဖက်လက်ကို မြှောက်ပြီး သေသေချာချာ စုပ်ယူလိုက်သည်။ လက်တံမှလည်း စုပ်ယူအားက ချက်ချင်းဆိုသလို ပျံ့နှံ့လာသည်။ သို့သော်လည်း ထိုအရာ ရင်ဆိုင်ရသည့် အရာက ဝမ်ပေါင်လဲ့၏ အဆင့်အတန်းမှ ဖိအား ဖြစ်၏။
သူတို့က ချက်ချင်းဆိုသလို ထိပ်တိုက် တွေ့ဆုံသွားကြ၏။
ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်သွားကာ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက ထိုလက်ချောင်းအတွင်း ပါဝင်သည့် အရှိန်အဝါကို ခံစားမိလိုက်သည်။
သူတို့ မထိတွေ့မိခင်က ထိုအရာကို အာရုံမခံမိခဲ့ပေ။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ထိုလက်တံကို ကြားခံအနေနှင့် ထားကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသက ချက်ချင်းဆိုသလို ပေါက်ထွက်လာပြီး ပထမဦးဆုံး အကြိမ်အနေဖြင့် ရူးသွပ်မှုတို့ ထုတ်လွှတ်လာသည်။ သူက ထိုလက်ချောင်း၏ အရှိန်အဝါကို ဝါးမျိုလိုစိတ် ကြီးထွားလာ၏။