မှားယွင်းသော တွက်ချက်မှု
Vol. 97 Ch. 1348
ချန်လင်းကျစ်၏ စကားကို ကြားပြီးသည့်နောက်တွင် အံ့ဖွယ်မီးဖိုက မျက်မှောင်ကြုတ်လိုက်သည်။ သူက အနက်ရောင်လက်တံရာချီသည် ကောင်းကင်အထက် ဖြည်းဖြည်းချင်း မြောလွင့်နေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုသူများထဲတွင် ဝမ်ပေါင်လဲ့နှင့် ခြောက်ကပ်နေသည့် အလောင်းရာချီလည်း အပါအဝင်ဖြစ်သည်။ ထို့နောက် သူက ချန်လင်းကျစ်ကို ကြည့်ကာ အေးစက်စက် သရော်လိုက်သည်။
သူက ချန်လင်းကျစ်၏ စကားများသည် မစစ်မှန်ကြောင်း ပြောနိုင်လေ၏။ ချန်လင်းကျစ်က သူ့ကို ဖုန်းတိကို ပစ်မှတ်ထားဖို့ အသုံးချနေချင်မှန်း ပြောနိုင်သည်။ သို့သော်လည်း သူက ထိုအရာကို အာရုံများများစားစားမစိုက်ပေ။ ဤသည်က သူ့ရည်မှန်းချက်နှင့် တူညီနေ၏။
အကြံအစည်နဲ့ လှည့်ကွက်များအတွက်မူ အကြွင်းမဲ့အင်အားရှေ့တွင် ဘာမှမယှဉ်နိုင်ပေ။ တကယ်တော့ ချန်လင်းကျစ်၏ နောက်ခံကြောင့်သာ မဟုတ်ပါက ထိုသူကို ဖိနှိပ်ထားနိုင်လောက်ပြီ ဖြစ်၏။
ထို့အပြင် ချန်လင်းကျစ်၏ စကားထဲတွင် ပင်းလင်းကျစ်ကို ကူညီပေးဖို့ ရည်ရွယ်ချက်တချို့ ရောက်နေသည်။ ထိုအရာကို အံ့ဖွယ်မီးဖိုက ဂရုစိုက်လိုက်မိ၏။ ထို့ကြောင့် စိတ်ရှုပ်ထွေးလာမိသည်။ သို့သော်လည်း စိတ်ရှုပ်ထွေးမှုက လျှပ်တစ်ပြက်မျှသာ ပေါ်ထွက်လာပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူက ထိုအရာသည် မဖြစ်နိုင်ကြောင်း ယုံကြည်ထား၏။ သူက စောစီးစွာ ဝင်ရောက်ရှိလာပြီး ချန်လင်းကျစ်နှင့် ပင်းလင်းကျစ်တို့ကြားမှ တိုက်ပွဲကို မမြင်လိုက်ရလျှင်ပင် ချန်လင်းကျစ်၏ ဖခင်က ပင်းလင်းကျစ်ကို တိုက်ခိုက်ပြီး နှစ်ဖက်လုံးက မတည့်ကြောင်း ကောင်းကောင်းသိထားလေ၏။
တခြားတစ်ဖက်တွင် အမဲလိုက်ပွဲအတွင်း တခြားသော တပည့်များဆီမှ ဝမ်ပေါင်လဲ့၏ သတင်းအကြောင်းစုံစမ်းစဉ် အဝင်ဝတွင် ဖြစ်ပျက်ခဲ့သမျှအရာများကို ပြန်လည်ကြားခဲ့ရသည်။ ထို့ကြောင့် အကြောင်းအရင်းက မည်သို့ပင် ဖြစ်စေကာမူ ချန်လင်းကျစ်နှင့် ပင်းလင်းကျစ်ကြားတွင် မဟာမိတ်ရှိနေလိမ့်မည်ဟု မယုံပေ။
အံ့ဖွယ်မီးဖို၏ အကဲဖြတ်မှုအရ ကောင်းကင်ယံရှိ အနက်ရောင်လက်တံများကို ဖုန်းတိနှင့် ချန်လင်းကျစ်တို့က အတူတကွ တွဲလုပ်ကာ ပင်းလင်းကျစ်ကို ဖိနှိပ်ထားဟန်ပေါ်သည်။ ထိုသူက ဖိနှိပ်ခံထားရပြီးသည့်နောက်တွင် ချန်လင်းကျစ်နှင့် ဖုန်းတိတို့ကြား ပဋိပက္ခတစ်ခုဖြစ်ပေါ်လာသည့်အတွက် ချန်လင်းကျစ်က အမုန်းတရားထားခြင်းသာ ဖြစ်လိမ့်မည်။ ထိုသူက သူ့လက်ဖြင့် ဖုန်းတိကို ဖျက်ဆီးပစ်လို၏။
ထိုအတွေးအားလုံးက အံ့ဖွယ်မီးဖို၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး ကောင်းကင်အထက် ဦးတည်လိုက်သည်။ နောက်အခိုက်အတန့်လေးအတွင်း သူ့ပုံရိပ်က ရွေ့လျားနေသည့် အနက်ရောင်လက်တံတစ်ခုအနား ပေါ်ထွက်လာ၏။
သူက ချန်လင်းကျစ်က အံ့ဖွယ်မီးဖိုကို ကြည့်ရင်း စိတ်ထဲမှ အေးစက်စက် သရော်လိုက်သည်။
အရူးပဲ…
အမြင့်မားဆုံး လိမ်ညာမှုဆိုသည်မှာ အမှန်တရားထဲတွင် ဟာကွက်တချို့ ချန်ထားပြီး တစ်ဖက်လူကို ကိုယ်တိုင် တွေးထင်စေခြင်း ဖြစ်သည်။ ထို့နောက် ထိုသူက ဟာကွက်များကို ဖြည့်လိမ့်မည်။
ဤနည်းဖြင့် သူက လိမ်ညာသည့်သူ မဟုတ်တော့ပေ။ ထိုသူကိုယ်တိုင်သာ ကောက်ချက်ချခြင်းဖြစ်၏။
ချန်လင်းကျစ်က စိတ်ထဲမှ တွေးလိုက်သည်။ သူက ကမ္ဘာကြီးထဲတွင် လူတချို့ကသာ သူနှင့် ပုခုံးချင်း ယှဉ်နိုင်လိမ့်မည်ဟု ခံစားမိနေ၏။
သို့သော်လည်း အပေါ်ယံတွင် အတွေးများကို ထုတ်ဖော်မပြသပေ။ ထိုအစား သူက ဖုန်းတိ၏ ခြောက်ကပ်နေသော အလောင်းကို ကြည့်လိုက်၏။ သူ့မျက်ဝန်းက အမုန်းတရားကို ဖိနှိပ်ကို အကောင်းဆုံး ကြိုးစားနေရဟန်ပေါ်သည်။ ဤသည်က အံ့ဖွယ်မီးဖိုအား လေထုထဲ ရောက်ရှိသွားစေသည့် အချက်လည်း ဖြစ်၏။ သူက နေရာတစ်ဝိုက်ကို ဝေ့ဝဲကြည့်ပြီးသည့်နောက်တွင် သူ့ကိုယ်ပိုင်ကအကဲဖြတ်မှုကို ပိုမိုသေချာလာမိသည်။ သူက ချန်လင်းကျစ်အပေါ်မှ နတ်ဘုရားအသိစိတ်ကို ပြန်ရုတ်သိမ်းပြီးသည့်နောက်တွင် ဖုန်းတိ၏ အလောင်းကို အာရုံစိုက်လိုက်သည်။
တစ်ဖက်လူက အရှိန်အဝါ မရှိဘဲ အလောင်းကောင်နှင့် မခြားနားသော်လည်း အံ့ဖွယ်မီးဖိုကမူ ဝမ်ပေါင်လဲ့၏ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားမိနေဆဲ ဖြစ်သည်။ သို့သော်လည်း ချန်လင်းကျစ်က အံ့ဖွယ်မီးဖိုအား ဖုန်းတိကို အာရုံစိုက်အောင် လမ်းကြောင်းပေးနိုင်ခဲ့သည်။
ထို့နောက် အံ့ဖွယ်မီးဖိုက ရုတ်ချည်းဆိုသလို ညာဖက်လက်မြှောက်ကာ စွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုစွမ်းအားလှိုင်းက တစ်ဖက်သို့ ပျံ့နှံ့သွားလေ၏။ အံ့ဖွယ်မီးဖိုက ညာဖက်လက်ကို ဆုပ်ကာ လက်သီးအသွင် ပြောင်းလဲလိုက်သည်။ ပျံ့နှံ့သွားသည့် လှိုင်းလုံးအားလုံးက ချက်ချင်းဆိုသလို သိမ်းယူခံလိုက်ရ၏။ နောက်ဆုံးတွင် သူတို့က အနက်ရောင်ဘောလုံးအသွင် ပြောင်းလဲသွားလေသည်။
အနက်ရောင်ဘောလုံးက မီးခိုးအမြောက်အများ ထုတ်လွှတ်လာသည်။ ထိုအရာထဲတွင် အော်သံများပင် ထွက်ပေါ်လာ၏။ ပြောရမည်ဆိုလျှင် အသိဉာဏ် ပိုင်ဆိုင်နေသည့်အလား ဖြစ်သည်။
အံ့ဖွယ်မီးဖိုက ထိုအရာကို ဝှေ့ယမ်းရင်း အနက်ရောင်လက်တံရာချီဆီ ပြေးဝင်သွားလိုက်သည်။ ထိုအရာ ပြေးဝင်သွားသည့်အခါ အနက်ရောင်ဗုံးက စတင် ကျယ်ပြန့်လာ၏။ နောက်အခိုက်အတန့်လေး၌ ထိုအရာက ဧရာမအနက်ရောင် ပုရွက်ဆိတ်အသွင်ပြောင်းလဲသွားပြီး အနက်ရောင်လက်တံများထံ ခက်ထန်သည့် အမူအရာဖြင့် ချဉ်းကပ်လာသည်။
အကယ်၍ ဝမ်ပေါင်လဲ့ကသာ နတ်သက်ကြွေ နတ်ဘုရားကို မထိတွေ့ခဲ့ဖူးဆိုပါက အနက်ရောင်ပုရွက်ဆိတ်သည် ထိုအနက်ရောင်လက်တံများကြောင့် ဖိနှိပ်ခံထားရလိမ့်မည်။ သို့သော်လည်း နတ်သက်ကြွေနတ်ဘုရား၏ ဝါးမျိုရေးစွမ်းအား အားလုံးက ဝမ်ပေါင်လဲ့ဘက် ကျရောက်နေသည့်အတွက် မျှခြေညီမှု တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် အနက်ရောင်ပုရွက်ဆိတ် ရောက်ရှိလာမှုက အနက်ရောင်လက်တံများ၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။ ထိုအရာက အနက်ရောင်လက်တံများကို ကျော်ဖြတ်ပြီး ဖုန်းတိဆီ ရောက်ရှိလာလေ၏။ ထိုမြင်ကွင်းက အောက်ဖက်တွင်ရှိနေသည့် ချန်လင်းကျစ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ တစ်ချိန်တည်းဆိုသလို အံ့ဖွယ်မီးဖိုက သူ့အကဲဖြတ်မှုကို ပိုမိုသေချာလာမိသည်။
“ထင်ထားတဲ့အတိုင်းပဲ။ သူ့နတ်ဘုရားဝိညာဉ်က ရုပ်ခန္ဓာကနေ ထွက်ခွာသွားပြီးတော့ နတ်သက်ကြွေနတ်ဘုရားထဲမှာ ပေါင်းစည်းဖို့ အမည်မသိနည်းလမ်းတချို့ကို သုံးခဲ့တာပဲ။ တကယ်လို့ ငါသာ အဲဒီနည်းလမ်းကို ကျွမ်းကျင်သွားမယ်ဆိုရင်…”
အံ့ဖွယ်မီးဖို၏ မျက်ဝန်းအထက် လောဘအရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ အနက်ရောင်လက်တံများကို ထိန်းချုပ်ကာ ဖုန်းတိကို ရင်ဆိုင်လိုက်သည်။
နှစ်ဦးသားမှ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် အသံကျယ်ကြီး ထွက်ပေါ်လာသည်။ အနက်ရောင်ပုရွက်ဆိတ်က အလိုလိုပေါက်ကွဲထွက်သွား၏။
အံ့ဖွယ်မီးဖို၏ ကျင့်ကြံဆင့်က ထူးကဲနေပြီဖြစ်ကာ အစားကြူးနတ်ဘုရားဖြစ်လာဖို့ အနည်းငယ်မျှသာ လိုအပ်တော့သည်။ ထို့ကြောင့် သူ ထုတ်လွှတ်လိုက်သည့် လျှို့ဝှက်နည်းစနစ်က အင်မတန် အားကောင်းလှသည်။ သူ ဖန်တီးလိုက်သည့် တုန်ခါလှိုင်းများက ပေတစ်သောင်းလောက် ပျံ့နှံ့သွားပြီး နေရာတစ်ဝိုက် အဖျက်စွမ်းအားဖြင့် လွှမ်းခြုံသွားလေသည်။
ဖုန်းတိ၏ ခန္ဓာကိုယ်ကလည်း ထိုပေါက်ကွဲမှုကို ခံစားခဲ့ရသည်။ သူက အလောင်းကောင်ဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်၊ ချီ၊ စိတ်ဝိညာဉ်နှင့် အသွေးအားလုံးက စုပ်ယူခံလိုက်ရပြီဖြစ်ကာ ဗလာခွံသာ ကျန်ရှိတော့သည်။ အကယ်၍ နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းက ဝမ်ပေါင်လဲ့နှင့် မျှခြေညီအနေအထားသို့ မရောက်သေးပါက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ယခုအခါ အာရုံများနိုင်သည့် အနေအထား မဟုတ်ပေ။ ထို့ကြောင့် ဖုန်းတိ၏ အလောင်းက ချက်ချင်းဆိုသလို ပြိုကွဲသွားပြီး အပိုင်းပိုင်းအစစ ကွဲထွက်ကာ ပြာအဖြစ် ရောက်ရှိသွားသည်။
ပြိုကွဲသွားသည့်အလောင်းများ တစ်လျှောက် အနက်ရောင်လက်တံများလည်း ပါဝင်နေ၏။ ထိုလက်တံများက ထိုအလောင်းများနှင့် အနေအထား တူညီနေသည်။ သူတို့က အလောင်း၏ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ပြိုလဲသွားလေ၏။
ထိုအရာက အံ့ဖွယ်မီးဖိုကို မျက်လုံးအပြူးသား ဖြစ်သွားစေ၏။ သူက ကိစ္စများသည် ထိုသို့ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် ဖုန်းတိက အားနည်းလွန်းသည့်အတွက် တိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။ တကယ်တော့ နတ်သက်ကြွေ နတ်ဘုရားက ဤအခြေအနေတွင် ရှိနေခြင်း ဖြစ်၏။
ထိုအရာနှင့် ပတ်သက်ပြီး သံသယဖြစ်ဖို့ ကောင်းနေသည်။ သူက ချန်လင်းကျစ်ကြောင့် မည်မျှပင် လှည့်စားခံရစေကာမူ ယခုအခါ အသိဝင်လာမိသည်။
အံ့ဖွယ်မီးဖို၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူက နောက်ဆုတ်တော့မည့်ဆဲဆဲတွင် အနက်ရောင်လက်တံများကြောင့် မလှုပ်မယှက်ဖြစ်နေသည့် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာ၏။ သူက အံ့ဖွယ်မီးဖိုကို စိုက်ကြည့်လိုက်သည်။
အံ့ဖွယ်မီးဖိုကလည်း ခေါင်းမော့ကြည့်လိုက်၏။ သူက ဝမ်ပေါင်လဲ့၏ အကြည့်ချင်းဆုံသွားသည့်အခါ သူ့စိတ်ထဲ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ အမူအရာ ပြောင်းလဲသွားလေ၏။ အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့ ဝန်းကျင်တွင်ရှိနေသည့် အရာများသည် သူ့ကြောင့် မဖျက်ဆီးခံရသည်ကြောင့် မဟုတ်ဘဲ ကျန်ရှိနေသည့် အနက်ရောင်လက်တံဒါဇင်ချီသည် ယခင်ကဲ့သို့ မဟုတ်တော့ကြောင်း သတိထားမိလိုက်၍ ဖြစ်သည်။ ထိုအစား သူတို့က ဝမ်ပေါင်လဲ့အနား ရစ်ပတ်ကာ သခင်တစ်ယောက်အလား ခစားနေကြသည်။
သူ့ကို အံ့အားသင့်သွားစေသည်က ကောင်းကင်ယံတွင် ရှိနေသည့် ခပ်ဖျော့ဖျော့လက်ချောင်း ဖြစ်၏။ ထိုအရာက ဖိနှိပ်အား ထုတ်လွှတ်လာကာ ပိုမိုသိသာလှသည်။ ထို့အပြင် ထိုဖိနှိပ်အားက သူ့အပေါ် ကျရောက်လာလေသည်။
“မင်း နတ်သက်ကြွေ နတ်ဘုရားရဲ့ အကြွင်းအကျန်တွေကို ထိန်းချုပ်နေတာ ဖုန်းတိ မဟုတ်ဘဲနဲ့ မင်းပဲ”
“ချန်လင်းကျစ် မင်း လုပ်ရဲတယ်လား” အံ့ဖွယ်မီးဖိုက အော်ဟစ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့ ဝန်းကျင်ရှိ အနက်ရောင်လက်တံများက ရူးသွပ်လာသည့်အလား ဆက်တိုက်ထွက်လာကာ အံ့ဖွယ်မီးဖိုဆီ ရောက်ရှိလာသည်။
အောက်ဖက်တွင် ချန်လင်းကျစ်က ခေါင်းမော့ကာ စိတ်လှုပ်ရှားစွာ ကြည့်နေလေ၏။ သူက ဝမ်ပေါင်လဲ့သည် နိုးထလာသည်ကို သတိထားမိသည့်အခါ မျက်ရည်များပင် စီးကျလာလောက်အောင် စိတ်လှုပ်ရှားလာမိသည်။ ထို့နောက် သူက ချက်ချင်းဆိုသလို အော်ပြောလိုက်၏။
“ကျေးဇူးရှင် လူကြီးမင်း … နတ်သက်ကြွေ နတ်ဘုရားရဲ့ အကြွင်းအကျန်တွေကို ဖိနှိပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ အခု ဒီအမဲလိုက်ကွင်းကို ရှင်းလို့ရပြီ”