ရှာဖွေခြင်း
Vol. 97 Ch. 1352
ပေသုံးထောင် မြင့်မားသည့် ခန္ဓာကိုယ်ဖြစ်တည်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အာသီသလင်းကျောက်က အရည်ပျော်သွားကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ ထိုအရာက သူ့ရုပ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲပေးနေသော်လည်း သူ့ရုပ်ခန္ဓာဖြင့် အပြီးတိုင် ပေါင်းစပ်သွားဟန်ပေါ်သည်။
ထိုပေါင်းစည်းမှု ဖြစ်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ လှုပ်ခတ်သွား၏။ သူ့နတ်ဘုရားအသိစိတ်က ထူးဆန်းသည့် စွမ်းအားတစ်ခုဖြင့် ဆွဲခေါ်ခံလိုက်ရသည့်အလား ကောင်းကင်အထက် မျောလွင့်သွားသည်။ ထို့နောက် အဆုံးမဲ့အနီရောင်မြူခိုးကို ထိုးဖောက်ကာ ဒုတိယကမ္ဘာဆီ ရောက်ရှိလာ၏။
ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဒုတိယကမ္ဘာထဲတွင်ပင် သူ့နတ်ဘုရားအသိစိတ်က ဆက်လက်ဆွဲယူခံနေရဆဲ ဖြစ်၏။ ကောင်းကင်၏ ကန့်သတ်ချက်ကို ရောက်ရှိသည်နှင့် အတားအဆီးတစ်ခုကို ချိုးဖောက်လိုက်သလိုမျိုး သူက အဆုံးမဲ့အပြိုအပျက်ထဲတွင် တည်ရှိနေသည့် ကမ္ဘာတစ်ခုထံ ရောက်ရှိသွားသည်။
ထိုကမ္ဘာထဲတွင် ဝမ်ပေါင်လဲ့က တောင်တစ်လုံးကို မြင်လိုက်ရ၏။ ထိုတောင်က လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေရာမှ ဖြစ်ပေါ်နေခြင်း ဖြစ်၏။
ထိုတောင်ထိပ်တွင် လူတစ်ယောက်၏ ခေါင်းသဏ္ဍာန်၊ ဝေဝေဝါးဝါးမျက်နှာသွင်ပြင်နှင့် သူ့မျက်ခုံးအလယ်တွင် အနက်ရောင်ဆူးချွန်ကို မြင်တွေ့နိုင်သည်။
ထိုအရာက ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်ကို ဆွဲယူသွားသည့် တောင် ဖြစ်၏။
သို့သော်လည်း ထိုဆွဲယူအားက မလုံလောက်ခြင်းလား သို့မဟုတ် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်က သူ့ကို ဤနေရာတွင် ထောက်ပံ့ပေးထားဖို့ မလုံလောက်ခြင်းလား မသိရသော်လည်း ထိုတောင်ကို မြင်လိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ စိတ်က လှုပ်ခတ်သွားကာ နတ်ဘုရားအသိစိတ်က ပျောက်ကွယ်သွားခဲ့သည်။
သူက မျက်လုံး ပြန်ဖွင့်လာသည့်အခါ တတိယကမ္ဘာတွင် ရှိနေဆဲဖြစ်၏။ ချန်လင်းကျစ်နှင့် တခြားသောသူများ၏ ဂုဏ်ပြုစကားသံများက သူ့နားထဲ ပဲ့တင်ထွက်လာသည်။ သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။
ဒါက နတ်ဧကရာဇ်ပဲ…
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် သူ့လက်ရှိအခြေအနေသည် ယခင်နှင့် ကွဲပြားသွားကြောင်း ခံစားမိလိုက်၏။ အာသီသစည်းမျဉ်းဥပဒေသသည် သူနှင့်အပြီးတိုင် ပေါင်းစည်းသွားကာ သူတို့ကြားတွင် ခွဲခြားဖို့ မဖြစ်နိုင်ကြပေ။
ထိုအခြေအနေက သူ့အား အာသီသစည်းမျဉ်းဥပဒေသကို ပိုမိုနားလည်လာစေသည်။
အာသီသစည်းမျဉ်းဥပဒေသက ဝမ်ပေါင်လဲ့၏ အသိအမြင်ထဲတွင် အနားပြိုင်စတုဂံသဖွယ် ဖြစ်နေလေ၏။ အမြင့်ဆုံးနေရာက မြို့သခင် ဖြစ်လေသည်။ သို့သော်လည်း သူ့အသိအမြင်တွင် မြို့သခင်က အာသီသစည်းမျဉ်းဥပဒေသ၏ အဓိကဇစ်မြစ် မဟုတ်သေးပေ။ အဓိကဇစ်မြစ်က နတ်ဧကရာဇ် ဖြစ်၏။
ထို့ကြောင့် မြို့သခင်သည် အဓိကဇစ်မြစ်အောက်တွင် အကြီးမားဆုံးအခွဲတစ်ခု ဖြစ်လိမ့်မည်။
နတ်ဧကရာဇ်က အိပ်စက်နေသည့်အတွက် အခွဲဖြစ်သည့် မြို့သခင်များက ကြီးစိုးနေကြခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့က သူ့ကိုယ်သူတွေးရင်း အာသီသစည်းမျဉ်းဥပဒေသကို အာရုံခံလိုက်၏။ သူက နတ်ဧကရာဇ်၏ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါးတို့ကို ကျင့်ကြံထားသော်လည်း ဆိုးကျိုးတချို့ရှိလေသည်။ နမူနာအားဖြင့် သူသည် ထိုအရာမှ ဖိနှိပ်ခံနေရ၏။
သို့သော်လည်း အကျိုးကျေးဇူးများလည်း ရှိလေသည်။ သူက နတ်ဧကရာဇ်နှင့် ပိုမိုနီးကပ်သွားလေသည်။ ထိုအရာက မမြင်နိုင်ဖွယ်ကစားပွဲတစ်ခုနှင့် တူ၏။ ဤသည်က မှားသည် မှန်သည်မရှိဘဲ ကွဲပြားသည့် ရွေးချယ်မှုဟူ၍သာ ရှိသည်။
အစားကြူးနတ်ဘုရား၏ အဖွဲ့ခွဲသည် မြို့သခင်ဆီမှ ရောက်ရှိလာခြင်း မဟုတ်ပေ။ ထိုအစား အေးစက်နေသည့် နတ်ဧကရာဇ်ဆီမှ ဖြစ်၏။
မြို့သခင်၏ အဖွဲ့ခွဲနှင့် ယှဉ်လိုက်ပါက အစားကြူးနတ်ဘုရားတို့က ပိုမိုသေးငယ်ပေသည်။
အစားကြူးနတ်ဘုရားအဖြစ် အဆင့်တက်လှမ်းသွားတာက နတ်ဘုရားအသိစိတ်ကို လမ်းညွှန်ပေးခဲ့ပြီးတော့ နတ်ဧကရာဇ်နဲ့ မြင်တွေ့ခွင့်ရသွားတာပဲ။ တကယ်လို့ ငါသာ တခြားသော လိုအင်ဆန္ဒ(၆)ပါးလုံးကို မြို့သခင်အောက်က ဒုတိယအနေအထားလောက်သာ ရောက်လာမယ်ဆိုရင် စောစောလေးက မြင်တွေ့ခဲ့သလိုမျိုး နတ်ဧကရာဇ်ကို မြင်တွေ့နိုင်လောက်တယ်…
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ခတ်သွားပြီးသည့်နောက်တွင် ပေသုံးထောင်မှ နဂိုအရွယ်အစားသို့ ပြန်လည်ပြောင်းလဲလိုက်၏။ သူက သာမန်လူဖြစ်လာသည့်အခါ ချန်လင်းကျစ်နှင့် လူ(၆)ယောက်ကို ကြည့်လိုက်သည်။
လူ(၆)ယောက်က တုန်တုန်ယင်ယင် ဖြစ်နေကြ၏။ ယခုအခါ အစားကြူးနတ်ဘုရားအသစ်ပေါ်ထွက်လာပြီဖြစ်သည့်အတွက် သူတို့အနေဖြင့် အာသီသစည်းမျဉ်းဥပဒေသကို ဆက်လက်မျှဝေပေးဖို့အတွက် မလိုတော့သည့်အတွက် သူတို့က သေဆုံးသွားနိုင်ကြောင်း သိထားကြသည်။
သူတို့နှင့် ယှဉ်လိုက်ပါက ချန်လင်းကျစ်၏ စိတ်လှုပ်ရှားမှုက စိတ်နှလုံးသားအနက်ပိုင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး ဝမ်ပေါင်လဲ့ထက် စိတ်လှုပ်ရှားနေသည့် ဟန်ပန်ဖြင့်ပင် ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က ထိုအရာကြောင့် အံ့အားသင့်ခြင်း မရှိပေ။ သူက သူ့နဂိုခန္ဓာကိုယ်၏ ဘဝနှင့် မှတ်ဉာဏ်များထဲတွင် တူညီသည့်သူများနှင့် တွေ့ကြုံခဲ့ပြီးသား ဖြစ်၏။ ပုံမှန်အားဖြင့် သူ့နဂိုခန္ဓာသည် သူ့စိတ်ကို ဖျက်ဆီးပစ်မည်ဖြစ်သော်လည်း အမည်မသိ အကြောင်းအရင်းတချို့ကြောင့် ဤသို့သော အမှီအခိုကင်းမှုကို ဖန်တီးပေးထားသည်။
ငါ့ရဲ့ ပင်မခန္ဓာက အတော်လေးကို အရှက်မဲ့တာပဲ…
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူက ချန်လင်းကျစ်၏ စိတ်ကို ဖျက်ဆီးပစ်လိုက်သည်ဟု မထင်ပေ။ ထိုအစား သူက ထိုသူသည် သူ့ကို လေးစားသည့်အတွက် ကူညီပေးလိုကြောင်းသာ မှတ်ယူထားသည်။
ထိုအရာကို တွေးကာ ဝမ်ပေါင်လဲ့က ချန်လင်းကျစ်ကို သဘောကျစွာ ကြည့်လိုက်၏။
ချန်လင်းကျစ်အတွက် ထိုအကြည့်က အပြီးပြည့်စုံဆုံး စိတ်လှုံ့ဆော်မှုတစ်ခု ဖြစ်ပေသည်။
“ကျေးဇူးရှင်လူကြီးမင်း။ ကျုပ်တို့ ပြန်သွားကြတော့မလား” ချန်လင်းကျစ်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“အလျင်မလိုနဲ့” ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်သည်။ သူက အဝေးတစ်နေရာကို ကြည့်ကာ မျက်လုံးအသာမှိတ်လိုက်၏။
တတိယကမ္ဘာထဲတွင် အစားကြူးနတ်ဘုရားအဖြစ် အဆင့်တက်လှမ်းခြင်းအပြင် နောက်ထပ် လုပ်စရာနှစ်ခု ရှိနေသေး၏။ တစ်ခုက နတ်သက်ကြွေ နတ်ဘုရား၏ လက်ချောင်းကို ရှာဖွေဖို့ ဖြစ်၏။ ထိုအရာက သူ့အား အာသီသစည်းမျဉ်းဥပဒေသကို ပိုမို နားလည်သွားစေနိုင်သည်။ ထိုအရာက အထောက်အကူဖြစ်သည့်အတွက် သူ့အနေဖြင့် လက်မလျှော့နိုင်ပေ။
ဒုတိယကိစ္စကမူ မြေအောက်ထဲကို ထပ်မံသွားကာ ယခင်ကျရှုံးခဲ့သည့်အရာကို ပြန်လည်စုံစမ်းဖို့ ဖြစ်သည်။ သူက အကူအညီတောင်းခံနေသည့်သူကို တစ်ချက်လောက် သွားကြည့်ချင်သေးသည်။
ရှေ့တစ်ခုက သူ့စည်းမျဉ်းဥပဒေသအတွက် ကျေးဇူးရှိသလို နောက်တစ်ခုကမူ သူ့အား ကမ္ဘာကြီးကို နားလည်စေပြီး နတ်ဧကရာဇ်၏ လျှို့ဝှက်ချက်ကို သိဖို့ ပိုမိုကူညီပေးနိုင်သည်။
သူက ယခင်တုန်းက အစားကြူးနတ်ဘုရား ဖြစ်မလာသေးသည့်အတွက် လွတ်လပ်စွာ မလှုပ်ရှားနိုင်ပေ။ ယခုအခါ အခြေအနေက ကွဲပြားသွားပြီဖြစ်၏။ နတ်သက်ကြွေနတ်ဘုရား လက်ချောင်းဖြစ်စေ သို့မဟုတ် မြေအောက်ရှာဖွေရေးဖြစ်စေ ဝမ်ပေါင်လဲ့က ယုံကြည်မှုတစ်ခု ရှိလာမိသည်။
အဲ့လိုဆိုရင် အရင်ဆုံး နတ်သက်ကြွေနတ်ဘုရားရဲ့ လက်ချောင်းကို အရင်ရှာရမယ်…
ဝမ်ပေါင်လဲ့က မျက်လုံးအသာမှိတ်ပြီး သူ့နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်လိုက်သည်။ အသက်ရှိုက်စာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာခဲ့၏။
“ချန်လင်းကျစ် ဒီမှာစောင့်နေ” သူက ညွှန်ကြားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဆင်းသက်လာသည့်အချိန် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ မိုးမြေကြားရှိ တစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ကာ တိမ်တိုက်နှင့် မြူခိုးများကြား ရောက်ရှိနေသည်။
အနီရောင်မြူခိုးက တိုက်စားနိုင်စွမ်း ရှိ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသကို ထုတ်လွှတ်လိုက်သည့်အခါ တိုက်စားနိုင်စွမ်းက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ ထိုအစား အားဖြည့်နိုင်သည့် သက်ရောက်မှုတချို့ပင် ရှိလာလေ၏။
ထိုအရာက ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေ၏။ သူက အဆုံးမဲ့အနီရောင်မြူခိုး၏ ဇစ်မြစ်အကြောင်း မှန်းဆမိလာသည်။
သို့သော်လည်း သူက လိုအပ်သည့် သတင်းအချက်အလက် လစ်ဟာနေသေးသည့်အတွက် အနီရောင်မြူခိုး၏ အစစ်အမှန်ဇစ်မြစ်ကို မှန်းဆဖို့ရာ ခက်ခဲနေဆဲ ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ့အတွေးများကို ဖိနှိပ်ထားလိုက်သည်။ သူက အလျင်အမြန် ရွေ့လျားကာ ဖြည်းဖြည်းချင်းဖြင့် သူ့စိတ်ထဲ ပစ်မှတ်ထားသည့်နေရာသို့ နီးကပ်လာလေ၏။
အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သိပ်သည်းနေသည့် မြူခိုးကို ကြည့်လိုက်၏။ ထို့နောက် သူက လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အားကောင်းသည့် စွမ်းအားတစ်ခု ထုတ်လွှတ်လာပြီး ပတ်ဝန်းကျင်ကိုပင် လှုပ်ခတ်သွားနိုင်သည့် မုန်တိုင်းအသွင် ပြောင်းလဲသွားသည်။ သူ့ရှေ့တွင်ရှိနေသည့် မြူခိုးကပင် ဝေဝါးသွားပြီး မြူခိုးတစ်ဝက်ကျော်ကို ရှင်းထုတ်ပစ်လိုက်နိုင်၏။ ယခင်က သူ ရှင်းရှင်းလင်းလင်း မမြင်ရသည့်နေရာက ယခုအခါ မှုန်မှုန်ဝါးဝါး မြင်လာရသည်။
ထိုမှုန်မှုန်ဝါးဝါးထဲတွင် ဧရာမလက်ချောင်းကြီးကို မြင်တွေ့လိုက်သည်။ ထိုအရာက လှုပ်ရှားနေခြင်း မရှိပေ။ အနက်ရောင်လက်တံများက ဖြည်းဖြည်းချင်း လူးလွန့်နေ၏။
အဝေးမှကြည့်လျှင်လက်တံကြီးက ပေသုံးထောင်အရွယ်အစားရှိပြီး ဖိအားက အံ့မခန်း ဖြစ်၏။
ငါတွေ့ပြီ…
ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသက ပေါက်ထွက်လာကာ သူ့ခန္ဓာကိုယ်က ကြီးမားလာသည်။ သူကလည်း ပေသုံးထောင်အမြင့် ရောက်ရှိလာကာ ရှေ့တစ်လှမ်းတိုးလိုက်၏။