← Chapters

လျှပ်စီးဂဠုန်အရိုးများ

Vol. 40 Ch. 547

လျှပ်စီးဂဠုန်အရိုးများ

Vol. 40 Ch. 547

မြေကမ္ဘာမီးတောက်များကို တစ်ချက်ကြည့်ပြီးနောက်မှာ ဟန်လိသည် ခါးသီးစွာ ပြုံး၍သာ တုံ့ပြန်လိုက်ရသည်။

“ခုချိန်မှာ ရူးကြောင်ကြောင် အရာတွေ လုပ်ဖို့ စဉ်းစားနေတော့လဲ ဘာများ အသုံးတည့်မှာမလို့လဲ…”

“ရောင်းရင်းက ဒါကို သဘောပေါက်ထားရင် ကောင်းတာပေါ့…”

ဖန်ရှိသည် ထိုသို့ ပြောလိုက်သော်လည်း သူက နှာခေါင်းရှုံ့သည်။ သူက ဟန်လိ၏ စကားများကို မယုံကြည်သည့်ဟန် ပေါ်နေ၏။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူ့မျက်နှာထက်၌ ခါးသီးသည့်အပြုံးကို ဆက်ရှိနေစေသည်။ သို့ပင်ငြား သူ့စိတ်ထဲကမူ ကျိန်ဆဲ၏။

“သောက် မွန်းစတားကောင်ကြီး…”

ယင်းနောက်မှာ ဟန်လိသည် အခန်းထောင့်သို့ လျှောက်လာပြီး တင်ပလ္လင်ခွေ ထိုင်၏။

ဟန်လိက သူ ညွှန်ပြသည့်နေရာတွင် နာနာခံခံ ထိုင်နေတာ မြင်ရသည့်အခါ ဖန်ရှီက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး အခြားနတ်ဆိုးသားရဲနှစ်ကောင်ဘက်သို့ လှည့်၍ တယဉ်တကျေး ပြောသည်။

“ညီအစ်ကိုတို့…ကျုပ်တို့ အစီအရင်ထဲ ဝင်ပြီး ပြင်ဆင်ကြတော့…”

နတ်ဆိုးသားရဲနှစ်ကောင်သည် ထိုစကားကို ကြားသည့်အခါ၌ သူတို့သည် ငြင်းဆန်ခြင်း မရှိလေဘဲ ရှေ့သို့ လှမ်းလာပြီး အစောပိုင်းတုန်းက သူတို့ဆွေးနွေးတိုင်ပင်ခဲ့သည့်အတိုင်း အစီအရင်၏ ထောင့်များ၌ ရပ်နေသည်။

ဖန်ရှီက ခပ်ရေးရေး ပြုံးပြီး သူ့ခါးမှ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအိတ်သည် မြေကမ္ဘာမီးတွင်း ပတ်လည်သို့ ဖြေးဖြေးမှန်မှန် ပျံသန်းလာပြီးနောက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်၍ အလင်းဖြာထွက်သည်။ ထိုအလင်းဖြာထွက်မှုထဲသို့ ငွေရောင်အလင်းလုံးငယ်တစ်လုံးသည် ထွင်းဖောက်လာပြီး မကြာမီ၌ ပြန့်ကားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် သုံးမီတာလောက် အရှည်ရှိ အဖြူရောင် တလက်လက် တောက်ပလျက်ရှိသော တောင်ပံအရိုးတစ်စုံအဖြစ် လှစ်ဟပေါ်သည်။

ထိုတောင်ပံများထဲမှ တစ်ခု၏ ရှေ့ပိုင်းမှာ ပျောက်နေပြီး အခြားတောင်ပံတစ်ခုကမူ လုံးဝ တစစီ ဖြစ်နေ၏။ ၎င်းတို့သည် ကြည့်ကြည့်ချင်းတော့ အဖိုးမတန်လှပုံ ပေါ်သော်လည်း ထိုအရောင်တောက်တောက် အရိုးပိုင်းများထံမှ လူတစ်ယောက်ကို ကြောက်ရွှံ့ထိတ်ပြာသွားစေမည့် ကြီးမားသည့်ဖိအားတစ်ခုကို ထုတ်လွှတ်လျက် ရှိပေသည်။ ရေနဂါးက ထိုအရိုးများကို တစ်ချက်ကြည့်ပြီး အံ့အားသင့်ဟန်ဖြင့် လျှာသပ်၍ စကားဆိုလာသည်။

“ဒီတော့…ဒါက လျှပ်စီးဂဠုန်ရဲ့ တောင်ပံတွေပေါ့။ ဒါက ကြီးကြီးမားမား ထိခိုက်ထားပေမဲ့လို့ လုံးဝ အစစ်အမှန်ပဲ။ ကမ္ဘာဦးငှက်သားရဲဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်…”

ဖန်ရှီသည် ကျေနပ်အားရသည့်ဟန်ပန်ဖြင့် အရိုးများကို စိုက်ကြည့်နေလျက် ပြောသည်။

“ဒါက သဘာဝပါပဲ။ ဒီလျှပ်စီးဂဠုန်ငှက်ဟာ ကျင့်ကြံရင်းနဲ့ သေဆုံးသွားခဲ့တာ မဟုတ်ဘူး။ ၎င်းရဲ့ အရိုးတွေ ပျက်စီးသွားခဲ့ရတဲ့ အကြောင်းရင်းဟာ တစ်စုံတစ်ယောက်က ၎င်းကို ပိတ်လှောင်ပြီး အကြမ်းပတမ်း တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ၎င်းရဲ့ အမြန်နှုန်းရယ်၊ ဆင့်ကဲအသွင်ပြောင်းခြင်းအထွတ်အထိပ်အဆင့်နဲ့ဆို ကျိန်းသေပေါက် ထွက်ပြေးနိုင်ခဲ့မှာပဲ…”

ထိုအခိုက်တွင် ဟန်လိသည် လျှပ်စီးဂဠုန်၏ တောင်ပံအရိုးများကို အထင်ကြီးစွာ တစ်ချက်ကြည့်မိ၏။

နတ်ဆိုးသားရဲလိပ်သည် အရိုးများကို အထူးတလဲ စိတ်ဝင်စားနေပုံ မပေါ်ပေ။ ၎င်းအရိုးကို ခဏကြည့်ပြီးနောက်မှာ သူက စိတ်မရှည်ဟန်ဖြင့် ပြောလာသည်။

“ကဲ ကျုပ်တို့ ဒါကို စတင်ပြီး သန့်စင်ကြရအောင်။ ဒီဖြစ်စဉ်ဟာ လပေါင်း ဘယ်လောက်ကြာမလဲ ကျုပ်တို့ မသိနိုင်ဘူး…”

ဖန်ရှီသည် ထိုစကားကို ကြားရသည့်နောက်မှာ ခဏရပ်သည်။ သို့သော် သူက ချက်ခြင်းပင် တစ်စုံတစ်ခုကို တွေးမိသွားပြီး အားပါးတရ ရယ်မောကာ ပြောလာသည်။

“ဟားဟား…ညီအစ်ကိုကွေးက ဆင့်ကဲအသွင်ပြောင်းခြင်းအဆင့်ကို ရောက်ခဲ့တာ နှစ်ပေါင်းတစ်ရာ မပြည့်သေးဘူးဆိုတာကို ကျုပ် မေ့သွားလို့။ ခင်ဗျားက လျှပ်စီးနဲ့ ပတ်သက်တဲ့ အရာတွေအပေါ် စိတ်အဆင်မပြေတာ သဘာဝပါပဲ။ ကဲ ကောင်းပါပြီ။ ကျုပ်တို့ အချိန်ဆွဲမနေတော့ဘဲ စကြတာပေါ့…”

ရေနဂါးသည်လည်း မကန့်ကွက်ပေ။

သည့်နောက်မှာမူ နတ်ဆိုးသားရဲများ၏ ခန္ဓာကိုယ်တို့မှ အံ့ဩတုန်လှုပ်ဖွယ် သားရဲချီကို တဖြည်းဖြည်း ထုတ်လွှတ်လာ၏။ အခန်းထဲ၌ အဖြူ၊ အပြာနှင့် အဝါရောင်အလင်းတို့ဖြင့် ပြည့်နှက်လာခဲ့ပြီ။ ဟန်လိသည် သည်နတ်ဆိုးသားရဲချီဖြင့် အစီအရင်မန္တာန်ကို အသက်သွင်းမှာလား သို့တည့်မဟုတ် အခြားနည်းလမ်းတစ်ခုခုနှင့်လားကိုမူ သူ မသိချေ။ သို့ပင်မည့် အစီအရင်က စတင်တောက်ပလာခဲ့ပြီး လှုပ်ခါရမ်းကာ နောက်ဆုံး၌ စလည်ပတ်လာခဲ့ပြီ ဖြစ်၏။ အနှီအစီအရင်ကို ဝန်းရံထားသော အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်ခုသည် မျက်စိစူးလောက်အောင် စတင်တောက်ပလာခဲ့လေပြီ။

ထိုမြင်ကွင်းကို ကြည့်ကာ ဟန်လိသည် မသက်မသာ ခံစားရ၏။ ဖန်ရှီက အော်သံပြုကာ သူ့လက်နှစ်ဖက်ကို အတူတူ ပူးကပ်၏။ သူ့လက်နှစ်ဖက်ကို ပြန်ခွာသည့်အခါတွင်မူ လက်မောင်းလုံးခန့် အရွယ်အစားရှိ အဖြူရောင်အလင်းတန်းနှစ်ခုသည် အစီအရင်ထံ တိုးဝင်လာတော့သည်။ မြည်သံထွက်ပေါ်ခြင်းနှင့်အတူ မြေပြင်က ဤအခိုက်တွင် စတင် တုန်ခါလာ၏။ ယင်းနောက်မှာမူ မြေကမ္ဘာမီးသည် အခန်းအလယ်တွင် တဝုန်းဝုန်းစတင် လောင်ကျွမ်းလာတော့သည်။

ဖူး…။ မီးတောက်တွင်းထံမှ ဦးခေါင်းအရွယ်ခန့် မီးတောက်လုံးတစ်လုံး ထိုးထွက်လျက် အထက်ရှိ အဖြူရောင်အရိုးအပေါ်ထံ တိုက်ရိုက်လွင့်မြောလာသည်။ ထို့နောက်မှာ မီးတောက်လုံးသည် ပေါက်ကွဲထွက်ပြီး ခြစ်ခြစ်တောက်ပူသည့် အနီရင့်ရောင်မီတောက်များက အရိုးဖြူကို ခြုံလွှမ်းရစ်သိုင်းသည်။ ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏လက်များကို ပင့်မြှောက်ကာ အဝါရောင်နှင့် အပြာရောင်အလင်း အမျှင်တန်းတို့ကို ထုတ်လွှတ်သည်။ အလင်အမျှင်တန်းများကား မီးတောက်များကို ထွင်းဖောက်လျက် အရိုးများ ပတ်ပတ်လည်၌ ရစ်သိုင်းသည်။ ထို့နောက်တွင်မူ အရိုးများသည် အလင်းများ ရောထွေးယှက်လိမ်မှုကြား၌ စတင်၍ ပျော့ပြောင်းလာသည်။

ခဏအကြာတွင် ထိုနှစ်ယောက်သည် စိတ်ဝိညာဉ်အမျှင်တန်းများကို အသုံးပြုပြီး အရိုးများကို ပိုပြီးပြည့်စုံသော ပုံစံရစေရန် ပုံသွင်းကြသည်။ ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ သူ့အတွက် အမြင်ကျယ်ပြောသွားသည့်နှယ် ခံစားမိရလေ၏။

အခြားနတ်ဆိုးသားရဲနှစ်ကောင်က အရိုးများကို ပုံသွင်းနေစဉ် ဖန်ရှီ၏ မျက်လုံးထဲ၌ ထူးခြားသောအလင်းတစ်ခု တောက်ပသွားပြီး သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ သူ၏လက်ဆယ်ချောင်းလုံးသည် လျင်မြန်လှသောနှုန်းဖြင့် ထပ်ခါထပ်ခါ အသွင်ဟန်ပန် တရိပ်ရိပ် ပြောင်းလဲလျက် ရှိသည်။

လက်မအရွယ်လောက် ရှိမည့် အဖြူရောင်အလင်းလုံးဆယ်လုံး ဆက်တိုက်ပေါ်လာပြီး တောင်ပံအရိုးအပေါ်သို့ အတိအကျ ကျရောက်လာသည်။ ချက်ခြင်းပင် မီးတောက်များအတွင်းမှ မိုးကြိုးသံများကို ကြားရလေ၏။ ပုံပျက်နေသော အရိုးများသည် မရေမတွက်နိုင်သော လျှပ်စီးအစက်အပြောက်များကို စတင်ထုတ်လွှတ်လာသည်။ ၎င်းအစက်အပြောက်များသည် အလွန်သေးသွယ်ပြီး ငွေရောင်တောက်ပလျက် ရှိ၏။ ယင်းတို့သည် အပြာနှင့်အဝါ စိတ်ဝိညာဉ်အမျှင်တန်းများနှင့် ပေါင်းစပ်လာကြသည်။

စိတ်ဝိညာဉ်အမျှင်တန်းများက လျှပ်စီးကို စုပ်ယူပြီးနောက်မှာ ၎င်းသည် ငွေရောင်အလင်းဖြင့် ရစ်သိုင်းစီးဆင်းနေသည်။

ဖန်ရှီက ထိုသည်ကို မြင်သည့်အခါ သူက မြေပြင်ထက်သို့ အလေးအနက် ခြေစောင့်ချပြီး အစီအရင်ထံ မန္တာန်ချိန်ဟန်တစ်ခုဖြင့် ချိပ်ပိတ်လိုက်သည်။

ခပ်အုတ်အုတ်အသံများ ထွက်ပေါ်လာပြီးနောက်မှာ ရောင်စုံအလင်းတန်းများသည် မြေကမ္ဘာမီးတွင်းမှ ထိုးထွက်လာ၏။ ဆက်တိုက်ပင် အရိုးဖြူ၏ အလင်းဖြာထွက်မှုသည် တောက်ပစူးရှသော အလင်းစက်တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသည်။ ဟန်လိသည် အလိုလို မျက်လုံးမှေးကျဉ်းမိသွား၏။ သူ့အမြင်အာရုံ ပုံမှန်ပြန်ဖြစ်သည့်အခါ၌ မြေကမ္ဘာမီးတွင်း၏ အထက်၌ သိပ်သည်းဖြာထွက်နေသော သက်တံအရံအတားတစ်ခု ရှိနေလေပြီ။

ဟန်လိ၏ အမူအရာသည် ထိုခဏ၌ တောင့်တင်းသွားမိသည်။ ထို့နောက်တွင်မူ သူ၏မျက်နှာအမူအရာမှာ မထုံတတ်တေး ပြန်ဖြစ်သွား၏။ အရိုးဖြူများကမူ အလင်းအရံအတားအတွင်း၌ မြေကမ္ဘာမီး၏ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခြင်းကို ခံနေရသည်။ သို့ပေမည့် ပြောင်းလဲမှုကမူ နည်းနည်းလေးမျှ မဖြစ်လာသေးချေ။ ထိုသည်ကို မြင်သည့်အခါ နတ်ဆိုးသားရဲသုံးကောင်သည် သက်ပြင်းရှည်ကြီး ချမိကုန်၏။

သန့်စင်ခြင်း၏ ပထမအဆင့်ကမူ အခက်အခဲမရှိ၊ အမှားအယွင်းမရှိ ပြီးမြောက်သွားခဲ့လေပြီ။ သည့်နောက်မှာ ဖန်ရှီသည် စိတ်အေးသက်သာ အမူအရာဖြင့် ထွင်းဖောက်မြင်ရသည့် မိုးပြာကျောက်မြက်ရတနာတစ်ခုကို ထုတ်ယူပြီး အလင်းအရံအတားထံ ၎င်းကို တွေဝေခြင်းမရှိ ပစ်လွှတ်လိုက်သည်။

ခဏအကြာတွင် ထိုကျောက်မြတ်သည် တဝက်တပျက် အရည်ပျော်သွား၏။ ဖန်ရှီသည် အဖြူရောင် စိတ်ဝိညာဉ်အမျှင်တန်းများကို အလျင်အမြန် ထုတ်လွှတ်ပြီး ထိုအရည်ပျော်သွားသော ကျောက်မြတ်ကို တောင်ပံအရိုး၏ မျက်နှာပြင်ပေါ် ညီတူမျှတူ ထပ်အုပ်စေသည်။ ထိုသို့ ပြုလုပ်ပြီးနောက်မှာ ဖန်ရှီသည် အလွန်သတိထားနေပုံ ပေါ်နေတုန်းပင်။ သူက အခြားနတ်ဆိုးသားရဲနှစ်ယောက်ထံ အချက်ပြသည့် သဘောဖြင့် တစ်ချက်လှမ်းကြည့်ပြီး ခပ်တိုးတိုး ဆိုလိုက်၏။

“လေ…” ထိုသို့ ပြောပြီးသည်နှင့် သူက လေတစ်ချက် ရှိုက်သွင်းကာ အဖြူရောင်ပုလဲတစ်လုံးကို ထွေးထုတ်ပြီး အလင်းအရံအတားထံ ချက်ခြင်းပင် စေလွှတ်သည်။

ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်သည် နှောင်နှေးမနေဝံ့ပေ။ သူတို့၏ ရှည်လျားစွာ ကျင့်ကြံထားသော နတ်ဆိုးအမြုတေများကိုလည်း ထုတ်လွှတ်သည်။ နတ်ဆိုးသားရဲအမြုတေများသည် တစ်ခုနှင့်တစ်ခု ယှက်လိမ်လျက် လေထဲ၌ တဝီဝီလည်ပတ်သည်။ ဖန်ရှီသည် သူ၏လက်ကို ပင့်မြှောက်လျက် သူ့နတ်ဆိုးသားရဲအမြုတေကို မန္တာန်ချိပ်ဟန်ဖြင့် တိုက်ခတ်သည်။ ထိုအခါ လေဓာတ်အမြုတေမီးတောက်သည် သူ၏ သားရဲအမြုတေထ့မှ ရုန့်ရင်းစွာ ပေါက်ကွဲထွက်သည်။

ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့၏ ထိန်းချုပ်မှုအောက်တွင် သူတို့သည် သူတို့၏ နတ်ဆိုးအမြုတေများကိုလည်း လက်တစ်ချောင်းစာလောက် အရွယ်ရှိ အမြုတေမီးတောက်အမျှင်တန်းတစ်ခုကို ထုတ်လွှတ်သည်။ အပြာနှင့် အဝါမီးတောက် အမျှင်တန်းများသည် အက်ကွဲသံတစ်ချက်မြည်ကာ ရောထွေးလျက် ငွေရောင်မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက်တွင် ငွေရောင်နှင့် အဖြူရောင်မီးတောက်များသည် ချက်ခြင်းပင် ဘေးပတ်ဝန်းကျင်ရှိ မြေကမ္ဘာမီးထံ စုပ်ယူခံရပြီး မြေကမ္ဘာမီးသည် ဖိအားပြင်းပြင်း တောက်ပလင်းထင်းလာသည်။ ယင်းနောက် စိတ်ဝိညာဉ်ပေါင်းစပ်ထားသော မီးတောက်များသည် တောင်ပံအရိုးများကို ထွေးခြုံလျက် ဖြည်းဖြည်းချင်း စတင်သန့်စင်သည်။

ဖန်ရှီသည် သူ့မျက်နှာထက်ရှိ ပျော်ရွှင်ကျေနပ်မှုကို မဖုံးနိုင်မဖိနိုင်တော့ပေ။ သူက အခြားနတ်ဆိုးသားရဲနှစ်ယောက်ကို လှမ်းပြောပြီး တင်ပလ္လင်ခွေချိတ်ကာ ထိုင်ကြသည်။ ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့ကလည်း သူ့နည်းအတိုင်း လိုက်ထိုင်၏။ ခဏအကြာတွင် မန္တာန်အစီအရင်ကြီးသည် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်း တိတ်တဆိတ် ထိုင်နေလျက် ဟန်လိ၏ မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခုသည် အကြိမ်ကြိမ် လင်းလက်တောက်ပသွားသည်။ သို့ပေမည့် သူ့ဘေးပတ်ပတ်လည်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက်မှာမူ သူသည် ခါးသက်စွာသာ ပြုံးရုံ တတ်နိုင်တော့၏။

အစီအရင်၏ အသွင်ပုံစံကြောင့် မြေကမ္ဘာမီးတွင်း၏ အထက်၌ သက်တံအရံအတား ပေါ်လာချိန်တွင် ဟန်လိ၏ ဘေးပတ်လည်၌လည်း ပုံစံတူအရံအတားတစ်ခု ပေါ်လာကာ သူ့အား အထဲ၌ ပိတ်လှောင်စေသည်။ ဟန်လိ၏ အရံအတားအတွင်း၌ မီးတောက်များ ရှိမနေခြင်းကြောင့်သာ မဟုတ်လျှင် သူလည်း သန့်စင်ခံရသည့် သတ္တုအမယ်တစ်ခုဟုပင် ထင်စရာ ဖြစ်ပေလိမ့်မည်။ ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ ပို၍ စိတ်မသက်မသာ ဖြစ်လာ၏။ သို့သော် တချိန်တည်းမှာ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာသည်။ အလင်းတစ်ချက် တောက်ပခြင်းနှင့်အတူ အလင်းအရံအတားသည် လှုပ်ခါလာသည်။

ဟန်လိသည် မျက်လုံးမှေး၍ ကြည့်နေမိသည်။ မည်သို့ဖြစ်ပျက်လာလိမ့်မည်ဟု သူ မခန့်မှန်းမိခင် သူ၏ခန္ဓာကိုယ်မှ တစ်ခုခုမူမမှန်တာကို ရုတ်တရက် ခံစားမိရ၏။ သူသည် သူ့ကိုယ်သူ အလန့်တကြားဖြင့် ခေါင်းငုံ့ကာ မကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။

သူ့ပတ်လည်ရှိ သက်တံအလင်းအရံအတားသည် လှုပ်ခါလာနေရင်း မိုးပြာအလင်းအမျှင်များသည် သူ၏ခန္ဓာကိုယ်မှ ထွက်လာနေတာကို ဝိုးတဝါး မြင်ရသည်။ ၎င်း ထွက်ခွာနှုန်းသည် အတော်လေး နှေးလှသော်ငြား သူ၏ စိတ်ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်ကနေ လျော့ပါးပြီး အလင်းအရံအတားထံ ဝင်ရောက်နေတာကမူ သံသယ ရှိရန် မလိုပေ။ ဟန်လိသည် မျက်စိမျက်နှာပျက်သွား၏။ ကြည့်ရတာ ထိုနတ်ဆိုးသားရဲသုံးကောင်သည် ရတနာသန့်စင်ခြင်း၏ အလယ်တည့်တည့်၌ သူ့ကို ထားထားဖို့ အစီအစဉ်တော့ ရှိပုံ မရပေ။ ထိုသို့ဖြင့် သူသည် စိတ်ဝိညာဉ်ကျောက်တုံးကြီးတစ်ခုနှယ် ပြုမူခံနေရ၏။

သို့သော် ခဏ စဉ်းစားပြီးနောက်မှာ သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွား၏။ သူက စိတ်ထဲကနေ ကြိတ်၍ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုနတ်ဆိုးသားရဲသုံးကောင်သည် သူ့ကို သည်အတိုင်း တစ်သက်လုံး ထားထားလိမ့်မည်ဟု သူ မယုံပေ။ သူတို့သည် သူ့ကို အနှေးနှင့်အမြန် သူတို့အား ကူညီခိုင်းလိမ့်မည်ဟု သူ ထင်၏။

All Chapters