လေနှင့်လျှပ်စီးကို ပေါင်းစည်းခြင်း
Vol. 40 Ch. 548
ဟန်လိသည် ရတနာသန့်စင်ခြင်းသည် ရက်အနည်းငယ်လောက်သာ ကြာမြင့်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း နတ်ဆိုးသားရဲသုံးကောင်သည် သူတို့၏ အမြုတေမီးတောက်များဖြင့် တောင်ပံအရိုးကို ငါးလလုံး တင်ပလ္လင်ခွေထိုင်ကာ သန့်စင်နေတာ တွေ့သည့်အခါတွင်မူ အတော်လေး တုန်လှုပ်ခဲ့ရပေသည်။
ထိုအချိန်ကာလငါးလအတွင်း သူတို့၏မှော်စွမ်းအားများကို ပြန်အားဖြည့်ရန် လေးကြိမ်လောက် ရပ်တန့်တာကလွဲ၍ သူတို့သည် သူတို့၏ သားရဲအမြုတေများကို လေထဲ၌သာ ထားရှိပြီး အမြုတေမီးတောက်များ ဆက်တိုက်ထုတ်ထားလျက် ရှိသည်။ အဆင့်ရှစ်နှင့် အဆင့်ကိုးဟူသည့် သူတို့၏ သားရဲအဆင့်အတန်းများကာ အယောင်ပြသပ်သပ် ဟုတ်မနေခဲ့ပေ။ သူတို့၏ မှော်စွမ်းအားများကား အမှန်တကယ် နက်ရှိုင်းလွန်းလှ၏။
ဟန်လိသည် တစ်ချိန်လုံး ချီသန့်စင်နိုင်နေသောကြောင့်သာ သူသည် သူ့မှော်စွမ်းအားအပြည့်အဝကို ထိန်းထားနိုင်တာ ဖြစ်၏။ အမြုတေမီးတောက်များအတွင်းရှိ အရိုးဖြူများသည် အဆက်မပြတ် ကြည်လင်ပြတ်သားလာခဲ့ပြီး တစ်နေ့ပြီးတစ်နေ့ ပို၍ တောက်ပလာသည်။ ၎င်း၌ မိုးကြိုးနှင့် ပြင်းရှသော လေသံတို့ကိုလည်း မသိမသာ ဆောင်ယူလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဖြစ်လာတာ မြင်သည့်အခါ ဖန်ရှီ၏မျက်လုံးထဲရှိ အပျော်က ပို၍ သိသာလာခဲ့သည်။
မိုးကြိုးမုန်တိုင်းတောင်ပံကို သန့်စင်သည့် နောက်ဆုံးအဆင့်မှာ နီးကပ်လာပြီမှန်း ဟန်လိ သိနေသည်။ သည်လများအတွင်း ဟန်လိသည် သူ့ခန္ဓာကိုယ်အတွင်း၌ အငြှိုးချီ၏ အရိပ်အယောင်ကို စိုးစိမျှ မတွေ့ရသည့်အပေါ် စဉ်းစားမရ ဖြစ်ခဲ့သေးသည်။ သို့ပေမည့် သူက သေချာထပ်စဉ်းစားကြည့်သည့်နောက်မှာ ထိုသို့ဖြစ်ရခြင်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးနှင့် တစ်ခုခု ပတ်သက်ရမည်ဟု ခံစားမိသည်။
၎င်းလျှပ်စီးတို့သည် မကောင်းဆိုးဝါး၊မိစ္ဆာ သဘာဝများကို ဆန့်ကျင်ရာ၌ သက်ရောက်မှု ရှိလှ၏။ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကများ ထိုအငြှိုးချီတို့ကိုများ ဖယ်ရှားပစ်ခဲ့တာများလား။ ထိုအတွေးဖြင့် ဟန်လိသည် စိတ်လက်ပေါ့ပါးသွားမိသည်။ အငြှိုးချီက အမှန်တကယ် ပေါ်လာခဲ့လျှင်လည်း သူသည် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို အသုံးပြု၍ ၎င်းအား ဖယ်ရှားမည်ဟု သို့မဟုတ် ရွှေဝါးမြိုခြင်း ပိုးတောင်မာများသုံးကာ စွန့်စား၍ ဖယ်ရှားမည်ဟု ကြံထားခဲ့သည်။
ထိုနည်းလမ်းတို့ဖြင့်ဆို လေချိုးဖျက်ခြင်းသားရဲက ထောက်လှမ်းမိသွားမှာကိုလည်း မစိုးရိမ်တော့ပေ။ ထိုနတ်ဆိုးသားရဲအိုသည် ဟန်လိ၌ သူ၏နိမ့်ပါးလှသော ကျင့်ကြံမှုအဆင့်ဖြင့် အံ့ချီးဖွယ်အဖိုးတန်သော မှော်ရတနာတစ်ခု ပိုင်ဆိုင်နေလိမ့်မည်ဟု မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။
ဟန်လိသည် သူ လွတ်မြောက်နိုင်မည့် အကြံအစည်များကို ကြို၍ စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ သူသည် အခြေအနေအချိန်အခါကို ကြည့်၍ အသင့်တော်ဆုံး အစီအစဉ်တစ်ခုကို အသုံးပြုနိုင်ရန် ပြင်ဆင်ထားသည်။ နောက်ထပ်တစ်လမပြည့်ခင်တွင် ဖန်ရှီသည် ထိုင်နေရာကနေ ထလာပြီး လှုပ်ရှားလာခဲ့လေပြိ။ သည်သန့်စင်ခြင်းဖြစ်စဉ်က အပြီးသပ်တော့မည်ဟု သူ ခံစားမိသည့်အလား။
သူ မျက်လုံးဖွင့်လာချိန်တွင် သူက လေထဲရှိ တောင်ပံအရိုးပိုင်းကို စိုက်ကြည့်သည်။ လေးလေးလံလံ သက်ပြင်းချပြီးနောက်မှာ သူက ရုတ်တရက် မန္တာန်ချိပ်ဟန်များ ဖြစ်စေပြီး ၎င်းထံသို့ စေလွှတ်ကာ သူ၏အမြုတေမီးတောက်ကို ငြှိမ်းသက်သည်။ ထိုအခါ နတ်ဆိုးသားရဲသုံးယောက်၏ အမြုတေများ ပေါ်လာပြီး တောင်ပံအရိုးနှစ်ခုသည်လည်း ၎င်းထဲ၌ ရှိနေပေသည်။
နတ်ဆိုးသားရဲအမြုတေများသည် အရင်နှင့်ယှဉ်လျှင် သိသိသာသာ မှိန်ဖျော့သွားသည်။ နတ်ဆိုးသားရဲအမြုတေများကို လပေါင်းများစွာ အသုံးပြုပြီးဖြစ်၍ သူတို့၏ချီကို ထိခိုက်စေပုံ ရသည်။ တောင်ပံအရိုးများသည် ရှည်ရှည်သွယ်သွယ် ပိုဖြစ်လာ၏။ ၎င်းတို့ထံမှ နို့နှစ်ဖြူရောင်အလင်းကို ထုတ်လွှတ်လျက် ရှိသည်။
တွေဝေမနေဘဲ ဖန်ရှီသည် သူ၏ ကိုယ်ပိုင်အမြုတေထံ လက်လှမ်းတောက်၏။ ၎င်းသည် လေထဲ၌ လည်ပတ်ပြီး သူ့လည်ချောင်းထဲသို့ ပြန်ဝင်လာသည်။ အခြားနတ်ဆိုးသားရဲနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ကြည့်ပြီး ဖန်ရှီကဲ့သို့ လုပ်ဆောင်၏။ ဘာစကားမှ မဆိုလေဘဲ နတ်ဆိုးသားရဲသုံးကောင်သည် ချက်ခြင်းပင် ကျင့်ကြံပြီး အနားယူသည်။ ရက်ပေါင်းအတော်အတန်ကြာပြီးနောက် နတ်ဆိုးသားရဲကျင့်ကြံသူသုံးယောက်သည် သူတို့၏ မှော်စွမ်းအားနှင့်မူလချီတို့ ပြန်ပြည့်တင်းလာသည်။
ထိုစဉ် ဖန်ရှီအကြည့်က ဟန်လိထံသို့ ကျရောက်သည်။ သူက ဟန်လိကို ပိတ်လှောင်ထားသော အလင်းအရံအတားထံ မန္တာန်ချိပ်ဟန်တစ်ခု စေလွှတ်၏။ အနီရောင်အလင်းသည် ၎င်းအလင်းအရံအတားထံ ရောက်ရှိကာ တလက်လက် တောက်ပလျက် ပျော်ဝင်သွားသည်။
ဟန်လိ၏ အမူအရာမှာ မထုံတတေး ဖြစ်နေ၏။ သူ့သဏ္ဌာန်၌ အံ့အားသင့်ဟန် ကင်းမဲ့သည်။
ဖန်ရှီ၏အမူအရာသည် စိတ်အေးသက်သာ ပိုဖြစ်လာ၏။ သူက ပြောလိုက်သည်။
“ပြီးရင်တော့ ကျုပ်တို့က ဒီတောင်ပံနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကြမယ်။ လေနဲ့လျှပ်စီး အတူတူ ပေါင်းစည်းမယ်။ ဒီတော့ ဓာတ်စွမ်းအား မျှခြေဖြစ်အောင် ကျုပ်တို့က ရောင်းရင်းလီရဲ့ သစ်သားဓာတ်မှော်စွမ်းအား လိုအပ်တယ်။ အသင့်ပြင်ထားပါ…”
“နားလည်ပါပြီ…” ထိုထက်ပို၍ မပြောတော့ဘဲ ဟန်လိက ထရပ်သည်။
ဖန်ရှီသည် ဟန်လိ၏ အမူအရာကို မြင်သည့်အခါ သူက မျက်မှောင်ကြုတ်၏။ သူ့မျက်လုံးထဲ၌လည်း တွေဝေသည့်ဟန် ဖြတ်ပြေးသွားသည်။
သူက ခေါင်းငုံ့ပြီး ခဏ တီးတိုးရေရွတ်သည်။ ရုတ်တရက် သတိမပေးဘာမပေးဘဲ သူ့လက်ချောင်းကို တောက်ထုတ်လိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခုသည် ဟန်လိထံ တန်းတန်းမတ်မတ် ဝင်ရောက်လာ၏။
ဟန်လိ၏ အမူအရာသည် ဖြူရော်သွားသည်။ သို့သော် ခဏ တွေဝေပြီးနောက်မှာမူ သူသည် မလှုပ်ရှားပေ။ ၎င်းအဖြူရောင်အလင်းက သူ၏ခန္ဓာကိုယ်ထဲ ဝင်လာခြင်းနှင့်အတူ ဟန်လိသည် မျက်စိမျက်နှာပျက်သွား၏။ ဟန်လိက သုန်မှုန်စွာဖြင့် ပြောလိုက်သည်။
“စီနီယာဖန်…ဒါက ဘာသဘောလဲ…”
“စိတ်အေးအေးထားပါ။ ဒီစိတ်ဝိညာဉ်စွမ်းအင်က မင်းကို အန္တရာယ် ပေးမှာ မဟုတ်ဘူး။ ခဏကြာရင် ဒါက ပျောက်သွားလိမ့်မယ်။ ဒါပေမဲ့ အဲ့အချိန်အတောအတွင်း ကျုပ်ကသာ မှော်စွမ်းအား နည်းနည်းလောက်နဲ့ အစပျိုးပေးလိုက်ရင် ရောင်းရင်းကတော့ သေလူ ဖြစ်သွားပြီ။ မင်း အကောင်းဆုံး လုပ်ဆောင်ပါ။ တခြား ဘာမျှ မတွေးလေနဲ့…”
ဖန်ရှီသည် ဆိုးယုတ်သည့်ဟန်ပန်ဖြင့် ပြောလေသည်။
ထိုစကားကို ကြားသည့်အခါ၌ ဟန်လိသည် စိတ်ထဲကနေ ကျိန်ဆဲမိတော့သည်။ သူ၏ ထွက်ပြေးမည့် အကြံအစည်များထဲမှ တစ်ဝက်ကျော်သည် ဖျက်စီးခံလိုက်ရပေပြီ။ ဖန်ရှီသည် ဟန်လိ၏ ဒေါသထွက်သွားသော အမူအရာကို မြင်သည့်အခါ ကျေနပ်သွားသည်။ ဟန်လိထံ ထပ်မံ အာရုံစိုက်မနေဘဲ သူက သူ့သိုလှောင်အိတ်ထဲမှ ဆေးပုလင်းသုံးလုံးကို ထုတ်ယူသည်။ ယင်းနောက်မှာ သူက အခြားနတ်ဆိုးသားရဲနှစ်ယောက်ထံ ၎င်းတို့ထဲမှ နှစ်လုံးကို ပစ်ပေးလိုက်သည်။
ဖန်ရှီက အလေးအနက် ပြောလိုက်၏။
“ညီငယ်တို့…ဂရုစိုက်ကြပါ။ လေနဲ့လျှပ်စီးစွမ်းအား ပေါင်းစည်းတာဟာ ကျုပ်တို့ရဲ့ မှော်စွမ်းအားအပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ ဒီဆေးပုလင်းတွေထဲမှာ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်တစ်စက်စီ ပါကြတယ်။ ခင်ဗျားတို့ မှော်စွမ်းအား ကုန်ခမ်းသွားတဲ့အခါကျရင် ဒါကို အသုံးပြုပါ။ ပေါင်းစည်းခြင်းဖြစ်စဉ်ဟာ အဆင်ပြေချောမွေ့မှ ရလိမ့်မယ်။ မဟုတ်ရင် မိုးကြိုးမုန်တိုင်းတောင်ပံတွေဟာ ဘယ်တော့မှ ဖြစ်တည်လာတော့မှာ မဟုတ်ဘူး…”
သည်ပုလင်းများထဲ၌ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ပါဝင်မှန်း ကြားသည့်အခါ ရေနဂါး၏မျက်လုံးထဲ၌ အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ ခဏအကြာ သူက သဘောတူ၏။
“ကျေးဇူးပြုပြီး စိတ်ချနေပါ။ ကျုပ် မခိုမကပ်ဘဲ ကျိန်းသေပေါက် အားစိုက်ထုတ်ပေးပါမယ်…”
ရေနဂါးဘေးမှ နတ်ဆိုးသားရဲလိပ်ကလည်း သူ့ရင်ဘက်ကို ပုတ်ပြီး အသေအချာ ပြောလာသည်။
“ကျုပ်လည်း အစွမ်းကုန် လုပ်ဆောင်ပေးမယ်။ ပြီးတော့ မိုးကြိုးမုန်တိုင်းတောင်ပံဟာ ပြီးပြည့်စုံပြီးသွားရင် ၎င်းရဲ့ စွမ်းရည်တွေဟာ ဘယ်လောက်ထိ နက်ရှိုင်းမလဲ ကျုပ် မြင်ချင်သေးတယ်…”
ဖန်ရှီသည် သူတို့နှစ်ယောက်၏ တုန့်ပြန်မှုကို ကြားရသည့်နောက်မှာ ကျေနပ်သွားသည်။ ထို့နောက်တွင် သူက စကားမဆိုလေဘဲ သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ ပွတ်သပ်ပြီး အဖြူရောင်အလင်းတန်းတစ်ခုကို သက်တံအလင်းအရံအတားထံ စေလွှတ်သည်။ အလင်းအရံအတားသည် တုန်ခါသွားပြီး ခဏအကြာတွင် မြည်သံတစ်သံ ထုတ်လွှတ်လာ၏။ အလင်းအရံအတားသည် တဖြတ်ဖြတ် တလက်လက် တောက်ပပြီး အဆက်မပြတ် အရောင်စုံ လင်းလက်ပြီး နောက်ဆုံး၌ တောက်ပသော အဖြူရောင်အလင်းဖြာထွက်မှုတစ်ခုအသွင် တောက်ပစူးရှသည်။
ရေနဂါးနှင့် သားရဲနတ်ဆိုးလိပ်တို့က ထိုသည်ကို မြင်သည့်အခါ သူတို့၏ အပြာရောင်နှင့် အဝါရောင်အလင်းတန်းများကိုလည်း အရံအတားထံ စေလွှတ်သည်။ အရံအတားထံ လမ်းတစ်ဝက်တွင် ထိုအလင်းတန်းများသည် လျှပ်စီးစိတ်ဝိညာဉ်စွမ်းအင် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် အရံအတားကို ထိရိုက်သည်။
ချက်ခြင်းပင် အလင်းသည် တုန်ခါသွားသည်။ အလင်းအရံအတားသည် နောက်ထပ် ပြောင်းလဲမှု ထပ်ဖြစ်သည်။ အရံအတားအတွင်းမှ မိုးကြိုးသံများကို စကြားရလေပြီ။ ၎င်းအရံအတားသည် ငွေရောင်အလင်း ဖြာထွက်လျက် လှုပ်ခါသည်။
ထိုအလင်းအရံအတားက လှုပ်ခါနေတာ မြင်သည့်အခါ ဖန်ရှီသည် ဟန်လိကို အေးစက်လှစွာ ချက်ခြင်း အမိန့်လှမ်းပေးသည်။
“ရောင်းရင်းလီ….ခင်ဗျားရဲ့ အဆင့်တစ်ဆယ်ကျင့်ကြံခြင်း စိတ်ဝိညာဉ်စွမ်းအားကို သွန်းလောင်းလိုက်ပါ…”
ဟန်လိသည် ခဏတော့ တွေဝေသွားသေးသည်။ သူ့အမူအရာလည်း တင်းမာသွားသေး၏။ သို့သော် ဖန်ရှီသည် သူ့ခန္ဓာကိုယ်တွင်းရှိ လေစိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်၍ သူ့အား အဆုံးသပ်ပစ်နိုင်သည် မဟုတ်လား။ ဟန်လိလည်း သူ့လက်ကို ပင့်မြှောက်ပြီး အရံအတားထံ မိုးပြာအလင်းတန်းတစ်ခုကို စေလွှတ်ရတော့သည်။ ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်သွားသည်။
အလင်းအရံအတားထံမှ မတည်ငြိမ်မှုနှင့် အသံများ ထုတ်လွှတ်မှုသည် ချက်ခြင်းလက်ငင်း လျော့ကျသွားသည်။ ၎င်း၏တောက်ပမှုမှာ မှိန်ဖျော့သွားပြီး အနည်းငယ်လည်း ပိုတည်ငြိမ်လာသည်။ ဖန်ရှီ၏ အမူအရာသည် စိတ်အေးလက်သာ ဖြစ်သွားဟန် ပေါ်ကာ စိတ်လှုပ်တရားဖြင့် ပြောသည်။
ကောင်းတယ်…စိတ်ဝိညာဉ်စွမ်းအား ဆက်ပြီး ထောက်ပံ့ပါ…”
လေနှင့်လျှပ်စီးစွမ်းအားကို ပေါင်းစည်းရန် ဟူသည့် သူ့အကြံအစည်မှာ အကောင်အထည် ပေါ်လာနေပုံ ရသည်။ အခြားနတ်ဆိုးသားရဲနှစ်ကောင်ကလည်း ဤသည်ကို မြင်သည့်အခါ သူတို့၏ယုံကြည်မှုသည် ကြီးစွာ တိုးတက်လာသည်။
သူတို့သည် များလှစွာသော ရှုပ်ထွေးသည့် မန္တာန်ချိပ်ဟန်များကို စတင် ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော မန္တာန်များသည် အလင်းအရံအတားကို ထိမှန်သည်။
ခဏအကြာတွင် အလင်းအရံအတားသည် အဖြူရောင်လေပြင်းများ စတင် ပေါ်ထွက်လာကာ ၎င်း၏အတွင်း၌လည်း ငွေရောင်လျှပ်စီးတန်းများ ပါဝင်နေသည်။ ထိုလျှပ်စီးနှင့်လေစွမ်းအင်တို့သည် တောင်ပံအရိုး ပတ်ပတ်လည်၌ ထွေးခြုံလျက် စတင်ပေါင်းစပ်နေလေပြီ။ ထို့နောက်တွင်မူ ဖန်ရှီသည် ဟန်လိကို သစ်သားဓာတ်စိတ်ဝိညာဉ်စွမ်းအား ထပ်သွန်းလောင်းပေးရန် လှမ်းပြောသည်။ သူက အလင်းအရံအတားကိုလည်း ကြည့်နေ၏။
နောင်လာသည့် အပတ်၌ ငွေရောင်လျှပ်စီးတန်းကြီးများနှင့် အဖြူရောင်လေပြင်းများသည် အရံအတားအတွင်း၌ တဝုန်းဝုန်း ဖြစ်နေလေသည်။
နတ်ဆိုးသားရဲသုံးကောင်သည် စိတ်ဖိအား များလာကြပြီး သူတို့၏ ချိပ်ဟန်များနှင့် အလင်းအရံအတားကို အဆက်မပြတ် ထိုးနှက်သည်။ အထူးသဖြင့် ဖန်ရှီသည် ဖိအားများနေသည်။ ဟန်လိသည် သူတို့ကို ဘေးမှ စောင့်ကြည့်နေလျက် သူ၏သစ်သားဓာတ် စိတ်ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သွန်းလောင်းပေးသည်။ သို့ပေမည့် သူ၏မျက်လုံးထဲ၌ ထူးခြားသည့် စိတ်လှုပ်ရှားဟန် အမူအရာ လှစ်ခနဲပေါ်သွား၏။
သို့ပေမည့် ဟန်လိသည် အလျင်စလို အပြုအမူများ မလုပ်ရန် ဆုံးဖြတ်သည်။ သူသည် ခုထိ အခွင့်အရေးက ရောက်မလာသေးဟု ခံစားမိ၏။
နတ်ဆိုးသားရဲသုံးကောင်သည် ၎င်းတို့၏ အားနည်းအားပျက်သွားမှုကို မဖုံးကွယ်ထားပေ။ သူတို့၏ မန္တာန်ချိပ်ဟန်များသည် လျော့ပါးသွားခြင်း မရှိသော်လည်း သူတို့၏မှော်စွမ်းအားမှာ ကျိန်းသေပေါက် မောပန်းနေသည့်အနေအထားသို့ ရောက်နေလေပြီ။
အလင်းအရံအတားအတွင်းရှိ လျှပ်စီးနှင့်လေ ရောယှက်ထားသည့် မုန်တိုင်းသည် ပြင်းထန်နေသော်ငြား ထူးခြားသည့်သဟဇတတစ်ခု စတင် ဖွဲ့စည်းသည်။ လေပြင်းများသည် အစက်အပြောက်များနှင့် တောက်ပသွားပြီး လျှပ်စီးမှာလည်း လေပြင်းသံများကို စတင်သယ်ဆောင်သည်။ နတ်ဆိုးသားရဲသုံးကောင်သည် ထိုသည်ကို မြင်သည့်အခါ သူတို့၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားလေပေ။
နောင်နေ့တွင် နတ်ဆိုးသားရဲလိပ်သည် ၎င်း၏ မှော်စွမ်းအား ကုန်ခမ်းသွားခဲ့ပြီဖြစ်၍ စိတ်ဝိညာဉ်နို့ရည်တစ်စက်ကို သောက်သည်။ နောက်နေ့ရက်များတွင် ရေနဂါးနှင့် ဖန်ရှီတို့လည်း အလားတူ စိတ်ဝိညာဉ်နို့ရည်ကို သောက်ကြရသည်။
ဟန်လိသည် ထိုမြင်ကွင်းကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေပြီး သူ့လက်နှစ်ဖက်ဖြင့် သူ့သိုလှောင်အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်သည်။ သူ၏မျက်လုံးထဲရှိ မရိုးဖြောင့်မှု အရိပ်အယောင်ကို ဖုံးကွယ်ရန် ခက်ခဲနေသည်။
နတ်ဆိုးသားရဲသုံးကောင်၏ မှော်စွမ်းအားသည် ကုန်ခမ်းသွားပြီး မှော်ရတနာကလည်း အပြည့်အဝ မသန့်စင်ရသေးတာ မြင်သည့်အခါ ဤသည်မှာ သူ့အဖို့ လှုပ်ရှားရမည့် အခိုက်အတန့် ဖြစ်လာချေတော့မည်လား။ ဟန်လိသည် မူလတုန်းကမူ ထိုအစီအစဉ်အပေါ် မှီခို၍ မရလောက်ဟု ထင်ထားခဲ့သေးသည်။ သို့သော် ခုလက်ရှိ အခြေအနေများအောက်တွင်မူ ၎င်းအကြံအစည်သည် ဖြစ်နိုင်ခြေ ရှိလာခဲ့လေပြီ။