← Chapters

လျှို့ဝှက်ကြံစည်ခြင်း

Vol. 40 Ch. 549

လျှို့ဝှက်ကြံစည်ခြင်း

Vol. 40 Ch. 549

နောက်ထပ်ရက်နှစ်ဆယ်လောက် ကုန်လွန်ပြီးသည့်နောက်မှာ အရံအတားအတား၏ အတွင်းပိုင်းသည် ငြိမ်သက်လာခဲ့ပြီ ဖြစ်သည်။ ပြင်းထန်သော မုန်တိုင်းက ပျောက်ကွယ်သွားပြီး ငွေဖြူရောင်တောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့သည်။ လျှပ်စီးဂဠုန်ပတ်ပတ်လည်ရှိ ပျောက်ကွယ်သွားသော အသွေးအသားကို အဖိုးတန်သတ္တုအမယ်များက အစားထိုးသွားခဲ့ပြီ ဖြစ်၏။ အမွှေးတောင်များ၏ နေရာကိုမူ လျှပ်စီးနှင့်လေတို့က အစားဝင်ရောက်သည်။ ဤသို့ဖြင့် လျှပ်စီးနှင့်လေတောင်ပံတစ်စုံသည် အသွင်သဏ္ဍာန် ပေါ်လာခဲ့ချေပြီ။

ခုလက်ရှိ၌ ထိုတောင်ပံတစ်စုံသည် ပြီးပြည့်စုံသည့်ဟန် ပေါ်နေသော်ငြား အမှန်တကယ်တွင်မူ အမွှေးတောင်၏ လေနှင့်လျှပ်စီးစွမ်းအားသည် ခုမှ အသွင်ပုံစံ ဖွဲ့ပြီးရုံသာ ရှိသေးကာ ခိုင်မာမှု မရှိသေးပေ။ သို့ဖြစ်၍ မောပန်းကာ အားအင်ကုန်ခမ်းနေတာ သိသာနေသော ဖန်ရှီသည် သူ့ကိုယ်သူ အားတင်းကာ အရံအတားထဲသို့ နောက်ထပ်မှော်စွမ်းအားများကို ထပ်ထည့်သွင်းသည်။ သူသည် ပြီးခဲ့သော သူတို့၏ အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်သွားမှာကို စိုးရိမ်နေ၏။

ထိုသို့ ပြုလုပ်နေရင်း ဖန်ရှီသည် အတော်လေး သုန်မှုန်စွာ ခံစားမိနေသည်။ အစတုန်းက သူသည် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်သုံးစက်က သူတို့အတွက် လုံလောက်ပြီဟု ယုံကြည်ထားခဲ့သည်။ သို့သော် သူတို့၏ မှော်စွမ်းအားများသည် တောင်ပံကို အပြည့်အဝ ဖွဲ့စည်းပြီးရုံနှင့်တင် ကုန်ခမ်းသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ကံကောင်းသည်မှာ ခုလက်ရှိ အခြေအနေများအောက်၌ သူက သူ၏မူလချီကို ထိခိုက်ခံပြီး ၎င်းကို အဆုံးသပ်ထိ အတင်းအကြပ် ထောက်ပံ့ရန် ရွေးချယ်နိုင်သေးတာပင်။ ထိုသို့သာ မဟုတ်ပါက ထိုမှော်ရတနာတောင်ပံကို ထာဝရ ဆုံးရှုံးပြီး သူ့အဖို့ ကြီးစွာ မချိတင်ကဲ ဖြစ်ရချေလိမ့်မည်။

သို့သော် ထိုအချိန်အတွင်း အဆင့်ကိုးသားရဲဖြစ်သူ ဖန်ရှီသည် သည်အခန်းအတွင်း၌ ထူးခြားသော ချီတုန်ခါမှုတစ်ခုကို ခံစားမိသည်။ ၎င်းသည် အလွန်တရာ အားနည်းဟန် ပေါ်ပြီး ခဏလောက်သာ ပေါ်ထွက်သွားတာ ဖြစ်သော်ငြား အလွန်တရာ သန့်စင်လှသည်။

သူက မျက်လုံးမှေးကျဉ်း၍ အခန်းထဲသို့ ဝေ့ခတ်ကြည့်ရှုသည်။ တဖြည်းဖြည်း သူ၏အကြည့်က ဟန်လိပေါ်သို့ ကျရောက်သွားသည်။ ဖန်ရှီက မျက်နှာပျက်သွားသည်။ ဟန်လိသည် တုန်လှုပ်သွား၏။ သို့သော် ချက်ခြင်းပင် သူက အားတင်းပြုံးသည်။ သို့ပေမည့် ဖန်ရှီသည် စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် သူ့ကိုသာ အေးတိအေးစက် ဆက်၍ စိုက်ကြည့်နေသည်။

“အဲ့တာကို ထုတ်လိုက်…” နတ်ဆိုးသားရဲကျင့်ကြံသူဖန်ရှီက ထိုသို့ အမိန့်ပေးသည်။

“စီနီယာက ဘာကို လိုချင်တာများလဲ…”

ဟန်လိ၏ အမူအရာသည် ဘာမျှ မသိလေဟန်ပေါ်နေပြီး သူက သူ့အင်္ကျီလက်အိုးထံမှ သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်သည်။ ဖန်ရှီ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက စကားမဆိုလေဘဲ ဟန်လိထံသို့ လက်ညွှန်သည်။ ထိုအခါ ဟန်လိထံသို့ အဖြူရောင်တောက်တောက်အလင်းလုံးတစ်လုံးသည် တိုးဝင်လာ၏။

စစချင်းမှာ ဟန်လိသည် မင်သက်သွားသေးသည်။ ပြီးမှ သူက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွား၏။ သူ၏အသားအရေမှာ ခရမ်းရောင်သို့ ပြောင်းသွားသည်။

“ဟား….မင်းက ကျုပ်စကားကို နားမထောင်ရင်လည်း အတင်းအကြပ် နားထောင်အောင် လုပ်ရမှာပေါ့…”

ဖန်ရှီ၏မျက်နှာထက်၌ ရန်လိုကြမ်းကြုတ်ဟန် ဖြတ်ပြေးသွားပြီး သူက ဟန်လိ၏ အင်္ကျီလက်အိုးကြားရှိ ပုလင်းငယ်ထံ အကြည့်ရောက်နေလေပြီ။ သူက ထိုပုလင်းငယ်ထံ လက်လှမ်းယူဟန် ပြု၏။ ၎င်းသည် သူ့လက်ထဲသို့ ပျံသန်းရောက်သွားခဲ့သည်။ ဖန်ရှီက ဟန်လိကို စိုက်ကြည့်ကာ ပြောင်ပြောလိုက်သည်။

“လေစွမ်းအင်ကို ခံစားရတာ သက်သောင့်သက်သာမှ ဖြစ်ရဲ့လား။ မင်းက မကြာသေးခင်ကမှ စိတ်ဝိညာဉ်စွမ်းအင် အတော်လေး ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ အခု အတော်လေး ပြန်ကောင်းမွန်နေပြီ။ ကြည့်ရတာ ဒီပုလင်းထဲမှာ စိတ်ဝိညာဉ်ဆေးအချို့ ရှိပုံ ရတယ်။ ရောင်းရင်းလီက စိတ်ဝိညာဉ်စွမ်းအင် ပြည့်ဝသွားတဲ့နောက် ကျုပ်တို့ အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့များ ကျန်နေတာလား…”

နတ်ဆိုးသားရဲကျင့်ကြံသူဖန်ရှီသည် သူ၏ပညာရပ်ကို ပြန်ဖယ်ရှားပေးပြီးခါကျမျှ ဟန်လိသည် ထရပ်နိုင်ရုံ ပြန်ဖြစ်လာ၏။ သူ့မျက်နှာကမူ ဖြူရော်နေလျက်ပင်။ သူ့အကြံ ဖော်ထုတ်ခံလိုက်ရသည့်အလား။ ဖန်ရှီသည် ပုလင်းငယ်ကို တစ်ချက်ကြည့်ပြီး ပြော၏။

“ဘာကြောင့်လဲ…မင်းက အဲ့လောက် တော်မနေဘူးမလား။ ဒီပုလင်းထဲမှာ ဘာရှိနေလဲ ကြည့်ရတာပေါ့။ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည့်အပြင် စိတ်ဝိညာဉ်စွမ်းအားကို ချက်ခြင်း ပြန်ကောင်းမွန်စေနိုင်တဲ့ အခြားတစ်စုံတစ်ခုခုကို ကျုပ် လုံးဝ မကြားဖူးဘူး…”

ရေနဂါးကလည်း သိချင်စိတ်ဖြင့် ဝင်ပြောလာ၏။

“ကျုပ်လည်း အဲ့လိုအရာမျိုး တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့လို့ ဒါက အချိန်ကိုက် အသုံးပြုရမဲ့အချိန်မှာ ရောက်လာခဲ့တာပဲ…”

အခုချိန်တွင် နတ်ဆိုးသားရဲလိပ်နှင့် ရေနဂါးတို့သည် မန္တာန်ချိပ်ဟန်များဖြင့် အရံအတားကို ထိုးနှက်လျက် လေနှင့်လျှပ်စီး ပေါင်းစည်းခြင်းကို အရှိန်မြှင့်နေကြသည်။ နတ်ဆိုးသားရဲလိပ်သည် ရေနဂါးထက် အခြေအနေ မသိမသာ ပိုသာဟန် ရသော်ငြား သူ၏မှော်စွမ်းအားမှာလည်း များစွာ ကုန်ခမ်းနေလေပြီ။ သူက တောင့်ခံထားနိုင်ရုံလောက်သာ ရှိတော့သည်။ ဖန်ရှီက ထိုပုလင်းကို စိတ်လှုပ်တရှားဖြင့် ဖွင့်ကြည့်၏။ ထိုအခါတွင် သန့်စင်လှသောစိတ်ဝိညာဉ်ချီကို အာရုံရလေ၏။

သူက ပုလင်းကို သူ့နှာခေါင်းနားသို့ တေ့ကြည့်ပြီး တစ်ချက် နမ်းရှုံ့ကြည့်သည်။

နတ်ဆိုးသားရဲလိပ်ကား သူ၏တည်ငြိမ်မှုကို ဆက်ပြီး မထိန်းထားနိုင်တော့ပေ။ သူက ဝင်မေးလိုက်သည်။

“အဲ့ဒါက ဘာလဲ…”

ဖန်ရှီက ဟန်လိကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ပြောစမ်း…”

ဟန်လိသည် သူ့ခေါင်းကို ငုံ့ကာ အင်တင်တင်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ပုလင်းပါ…”

နတ်ဆိုးသားရဲလိပ်သည် ထိုစကားကို ကြားသည့်အခါ စိတ်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူက ကျေနပ်အံ့အားသင့်စွာ ပြောလိုက်သည်။

“ဘာ…မင်းမှာလည်း နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ရှိနေတာလား…”

သားရဲနတ်ဆိုးသုံးယောက်သည် သူတို့၏မှော်စွမ်းအားသည် အဆုံးထိ တောင့်ခံနိုင်လိမ့်မည်ဟု မထင်ကြဘဲ ရှိနေသဖြင့် သူတို့က ကြီးစွာ ပျော်ရွှင်သွားကြသည်။

“ဟား…ဒါက အစိမ်းရောင် ဖြစ်နေတယ်။ ကြည့်ရတာ ဒီထဲကို မင်းက တစ်ခုခု ရောထားတဲ့ပုံပဲ။ ပြီးတော့ ဒီထဲမှာ သစ်သားဓာတ်စိတ်ဝိညာဉ်ချီ လေးလေးလံလံ ပါဝင်နေသေးတယ်…”

ဖန်ရှီသည် သံသယဖြင့် ထိုပုလင်းငယ်ကို စူးစမ်းကြည့်သည်။

ဟန်လိသည် ခါးသီးစွာ ပြုံး၍ ရိုးရိုးသားသား ပြန်ဖြေသည်။

“ကျုပ် ဒီထဲကို သက်တမ်းရင့် စိတ်ဝိညာဉ်ဆေးအချို့ ရောနှောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်က သစ်သားဓာတ်ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံတဲ့သူလေ။ ဒါကြောင့် သစ်သားဓာတ်စိတ်ဝိညာဉ်ချီဟာ ကျုပ်အတွက် အများကြီး အကျိုးရှိစေတာ သဘာဝပဲ…”

ဖန်ရှီက မျက်မှောင်ကြုတ်ကာ ထပ်မေးရန် စဉ်းစားနေစဉ် နတ်ဆိုးသားရဲလိပ်က ကျယ်လောင်စွာ လှမ်းအော်သည်။

“အစ်ကိုဖန်…ဒီစိတ်ဝိညာဉ်နို့ရည် ကျုပ်ဆီ မြန်မြန်လှမ်းပေးပါ။ ကျုပ် ဒါကို သောက်လိုက်မယ်။ ကျုပ်တို့အတွက် တောင်ခံနိုင်ဖို့ ခက်ခဲလွန်းနေပြီး ကျုပ်တို့ရဲ့ မူလချီဟာ လိုတာထက် ပိုအသုံးပြုနေရတဲ့အတွက် ကျုပ်တို့ ကျင့်ကြံခြင်းကို ထိခိုက်စေတယ်။ ဒါ့ကြောင့် ကျုပ်ရဲ့ စိတ်ဝိညာဉ်ချီ ပြန်အားပြည့်ဖို့ လိုအပ်နေတယ်…”

နတ်ဆိုးသားရဲလိပ်သည် ဖန်ရှီက ထိုနို့ရည်ကို အသုံးပြုဖို့ လက်မခံဘဲ ငြင်းဆန်မှာကို စိုးရိမ်နေပေသည်။ ဖန်ရှီကလည်း ခပ်မြန်မြန် တုန့်ပြန်သည်။

“ဒါပေါ့…ကျုပ်လည်း အဲ့တာကို သိပါတယ်။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်နို့ရည်ဟာ…”

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ရေနဂါးက ပြောလာသည်။

“အစ်ကိုဖန်…ကျုပ်လည်း ဒီလောက်သန့်စင်လှတဲ့ စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်တယ်။ ဒါဟာ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ဖြစ်မှန်း သံသယ ဖြစ်စရာ မရှိဘူး။ ဒီစိတ်ဝိညာဉ်နို့ရည်ထဲ တစ်ခုခု လုပ်ထားရင်လည်း ဒါက ကျုပ်တို့ကို ဘယ်လိုလုပ် အန္တရာယ် ပြုနိုင်ပါ့မလဲ။ ဒါ့အပြင် ကျုပ်ဟာ အဆိပ်ရေနဂါး၊ အဆိပ်အားလုံးကို ဝါးမြိုထားတဲ့သူ ဖြစ်တယ်။ ဒီပုလင်းထဲမှာ အဆိပ်ခတ်ထားရင်တောင် ကျုပ်အတွက် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး…”

သူတို့သည် သူတို့၏မူလချီကို ထိခိုက်ချင်စိတ် မရှိကြပုံပင်။

“ဟားဟား…အစ်ကိုဝူရဲ့ မွေးရာပါအဆိပ်စွမ်းရည်နဲ့ ပတ်သက်ပြီး ကျုပ် မေ့လုနီးနီး ဖြစ်သွားခဲ့တာပဲ။ ဒီလိုဆိုမှတော့ ကျုပ်တို့သုံးယောက် ဒီစိတ်ဝိညာဉ်နို့ရည်ကို သုံးပိုင်းခွဲယူကြတာပေါ့။ ဒီနည်းနဲ့ဆို သန့်စင်ခြင်းပြီးတဲ့နောက်မှာ ကျုပ်တို့ရဲ့ အစစ်အမှန်အနှစ်သာရအပေါ် ထိခိုက်မှု အများကြီး ရှိတော့မှာ မဟုတ်ဘူး…”

ဖန်ရှီသည် တိတ်တဆိတ် ပြုံးပြီး သူ့လည်ပင်းကို မော့ကာ စိတ်ဝိညာဉ်နို့ရည် သုံးပုံတစ်ပုံကို လည်ချောင်းထဲ သွန်းလောင်းချသည်။ ထို့နောက်တွင် သူက ၎င်းပုလင်းကို ရေနဂါးထံ ရယ်မောကာ လှမ်းပစ်ပေးလိုက်သည်။

အဆင့်ကိုးနတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် သူသည် မည်သည့်အဆိပ်ကိုမျှ မစိုးရိမ်နေပေ။ စိတ်ဝိညာဉ်ချီက သန့်စင်စစ်မှန်လှသည်ဖြစ်၍ သူ့အဖို့ ၎င်းကို လက်လွှတ်ရန် စိတ်ကူး လုံးဝ မရှိတော့ချေ။

ရေနဂါးကလည်း ပုလင်းကို လှမ်းယူပြီး ပုလင်းလက်ကျန်တစ်ဝက်ကို မော့၏။ ယင်းနောက်မှာ သူက ၎င်းပုလင်းကို နတ်ဆိုးသားရဲလိပ်ထံ လှမ်းပစ်ပေးလိုက်သည်။

ခဏအကြာတွင် သူတို့၏မှော်စွမ်းအားထဲမှ အချို့သည် ပြန်ပြည့်လာပြီဟု ခံစားကြရလေပြီ။ သူတို့က စိတ်သက်သာရာ ရသွားကြသည်။ ဖန်ရှီ၏ စိတ်ထဲ၌လည်း မည်သည့်သံသယမျှ မရှိနေတော့ပေ။

ထိုစဉ် ရေနဂါး၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ပေါ်ကာ သူက ဖန်ရှီထံ အသံပို့လွှတ်သည်။

“ ဒီရတနာကို သန့်စင်နေတဲ့အချိန်မှာ လူသားကျင့်ကြံသူကို ထပ်မံ အသုံးပြုဖို့ မလိုတော့ဘူး။ ကျုပ် သူ့ကို ရှင်းပစ်ခွင့်ပေးပါ။ ဒီလူသားကျင့်ကြံသူ ရှိနေတာဟာ ကျုပ်ကို စိတ်ကသိကအောက် ဖြစ်စေတယ်…”

ရေနဂါးက ထိုသို့ ပြောပြီးနောက်မှာ သူ့အကြည့်က ဟန်လိထံ ဝေ့ခတ်ကျရောက်သွားသည်။ သူ့အကြည့်၌ သတ်ဖြတ်ချင်စိတ် ပါဝင်နေသည်။

ဖန်ရှီသည်လည်း ဟန်လိထံသို့ လှမ်းကြည့်လာပြီး သူက မထူးခြားနားဟန်ဖြင့် ပြောသည်။

“သူ့ကို ရှင်းထုတ်ဖို့ အချိန်မကျသေးပါဘူး။ ကျုပ်တို့ဟာ လာမဲ့နေ့တွေမှာ သူ့ရဲ့ သစ်သားဓာတ်ကို မလိုတော့ဘူးဆိုပေမဲ့ ဂရုစိုက်တာကတော့ ပိုကောင်းတယ်။ သန့်စင်ခြင်းဖြစ်စဉ် အပြီးသပ်သွားပြီးတဲ့အခါကျရင်တော့ ခင်ဗျား သူ့ကို သတ်ပစ်နိုင်ပါတယ်…”

“ကောင်းပြီ….ဒါဆိုလည်း အဲ့ကောင်ကို နောက်ထပ်ရက်အနည်းငယ်လောက် ရှင်သန်ခွင့် ပေးလိုက်တာပေါ့လေ…”

ရေနဂါး၏လေသံသည် မကျေမနပ်ဟန် ပေါ်နေသည်။ သို့ပေမည့် သူသည် အဆုံးသပ်ထိ စောင့်ပေးရန် သဘောတူဖို့ ဆုံးဖြတ်လိုက်၏။

ဟန်လိသည် သူတို့နှုတ်ခမ်းလှုပ်နေတာကို မြင်သည်။ သူတို့ ပြောနေတာကိုတော့ နားမလည်ပေ။ သို့ရာတွင် သူတို့၏အကြည့်က သူ့အပေါ် ကျရောက်လာချိန်တွင်မူ သူ့ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားမိ၏။ သူသည် ထိုနတ်ဆိုးသားရဲနှစ်ကောင် မည်သည့်အကြောင်း ပြောနေသလဲကို ခပ်ရေးရေးတော့ ခန့်မှန်းမိသည်။

သူက မျက်နှာ ပိုပျက်သွား၏။ သူက စကားမဆိုလေဘဲ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေချိတ်ကာ ထိုင်ချသည်။ ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်တော့၏။ သူသည် သေရမည်ကို စောင့်နေသည့်အလား။

နတ်ဆိုးသားရဲသုံးကောင်သည် ထိုသည်ကို မြင်သည့်အခါ ခဏတော့ တုန့်ဆိုင်းသွားသေးသည်။ သို့သော် သူတို့က ဟန်လိအပေါ် ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။ သူတို့၏အာရုံကို တောင်ပံများပေါ်သို့သာ အာရုံအပြည့်စိုက်လိုက်ကြသည်။ အမှန်တကယ်တွင်မူ သည်အခိုက်တွင် ဟန်လိသည် စိတ်နှလုံး အပြင်းအထန် ခုန်ပေါက်နေတာပင်။ သူကား သူ၏ သူ့ဝါးတိမ်အုပ်ဓားများထံမှ ရွှေရောင်လျှပ်စီး အမျှင်တန်းများကို သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ကူးပြောင်းနေသည်။

ယင်းနောက်မှာ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် ဖန်ရှီ သူ့ခန္ဓာကိုယ်အတွင်း၌ ချထားခဲ့သော လေစိတ်ဝိညာဉ်စွမ်းအင်လုံး ပတ်ပတ်လည်တွင် သိပ်သိပ်သည်းသည်း ရစ်ခွေလေ၏။‌ေ

လေစိတ်ဝိညာဉ်စွမ်းအင်သည် ဟန်လိ၏ ခုလက်ရှိ ကျင့်ကြံမှုဖြင့် သန့်စင်ပစ်နိုင်သည့် အရာ မဟုတ်လေပေ။ ၎င်းမှာ နတ်မိစ္ဆာလျှပ်စီးဖြင့် ရှင်းလင်းစွာ ဖယ်ရှားပစ်နိုင်သည့် အရာလည်း မဟုတ်ချေ။ သို့ရာတွင် သူက ၎င်းကို အချိန်တစ်ခုထိ ထိန်းထားပြီး မပေါက်ကွဲအောင် တားဆီးထားနိုင်သည်။ အကြောင်းကား သူ့၌ ကောင်းကင်ရေခဲပုလဲကို ထိုနတ်မိစ္ဆာလျှပ်စီးဖြင့် ချည်နှောင်ရစ်ထွေးဖူးသော အတွေ့အကြုံ ရှိခဲ့ဖူးသည် မဟုတ်လား။

ထိုစဉ် နတ်ဆိုးသားရဲလိပ်သည် သူ၏စိတ်ဝိညာဉ် တစိတ်တပိုင်း ပြန်ကောင်းမွန်လာခဲ့ပြီး ဖြစ်၏။ သူသည် အလင်းအရံအတားထံ သူ့စိတ်ဝိညာဉ်စွမ်းအားကို ပေါ့ပေါ့ပါးပါး ဆက်၍ သွန်းလောင်ခြင်း ပြုလိုက်ရင်း ရေနဂါးထံ တစ်ချက်လှမ်းကြည့်ကာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူက တစ်ခုခု လှမ်းပြောရန် ဟန်ပြင်၏။ သို့ပေမည့် သူ့ပါးစပ်သည် ရုတ်တရက် တုန်ခါသွားပြီး သူ့အမူအရာမှာ ရှုံ့တွသွားလေ၏။ သူ၏မျက်လုံးထဲ၌ တမျိုးတမည် ဖြစ်သော အကြည့်တစ်ခုနှင့်အတူ နတ်ဆိုးသားရဲလိပ်ကား အလင်းအရံအတားထဲသို့ စိတ်ဝိညာဉ်စွမ်းအား စေလွှတ်နေတာ ရပ်တန့်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။ သူ့ပါးစပ်ကလည်း ပွင့်ဟလျက်ပင်။ သို့သော် အသံတစ်စက်မျှ ထွက်မလာခဲ့ပေ။

အံ့ဩတုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဆက်ဖြစ်လာခဲ့ပြီ။ နတ်ဆိုးသားရဲလိပ်၏ ဝမ်းဗိုက်သည် ရုတ်တရက် ကားထွက်လာခြင်းပင်။ ယင်းနောက်မှာမူ သူ့ဦးခေါင်းနှင့် ခြေလက်များလည်း ဖောင်းကားထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင်းမှ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ ရုတ်တရက် မြင့်တက်လျက် ချိုးဖျက်ထွက်လာချင်သည့်အလား။

ရေနဂါးနှင့် ဖန်ရှီတို့က ဤသည်ကို မြင်သည့်အခါ သူတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားပြီး ဟန်လိ၏ ပုလင်းငယ်ထံမှ စိတ်ဝိညာဉ်နို့ရည်အကြောင်းကို အလိုလို ပြန်တွေးမိသွားကြသည်။

All Chapters