ဘေးကြပ်နံကြပ် အခြေအနေ၌ အကူအညီမဲ့ရခြင်း
Vol. 40 Ch. 550
ရေနဂါးသည် စူးစူးရှရှ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ကြက်သွေးရောင်အလင်းနှင့် ထွေးခြုံလာကာ သူက ဟန်လိကို ချက်ခြင်းတိုက်ခိုက်ရန် တွေးသည်။ သို့သော် တစ်ချိန်တည်းနီးပါးမှာ သူ၏သားရဲမျက်နှာသည် ရှုံ့တွသွား၏။ ဘန်းခနဲ မြည်သံနှင့်အတူ သူသည် ဒူးထောက်ကျသွားသည်။ သူသည် ဖောင်းကားလာသော သူ့ခန္ဓာကိုယ်ကို အကူအညီမဲ့စွာ စိုက်ကြည့်လျက် စွမ်းအားမဲ့သည့် အနေအထားသို့ ဆိုက်ရောက်သွားရလေပြီ။
“မင်းက သေချင်နေတာပဲ…” ဖန်ရှီသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်နှာထက်တွင် အဖြူရောင်အလင်း ဖြတ်ခနဲပေါ်၏။ သည့်နောက်မှာ သူ၏ခန္ဓာကိုယ်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် သူက ဟန်လိ၏နောက်တွင် ပေါ်လာကာ အနက်ရောင်လက်သည်းနှင့်အတူ ကြမ်းတမ်းစွာ ဝေ့ရမ်းတိုက်ခိုက်လာခဲ့ပြီ။
သူ၏လှုပ်ရှားမှုများကား ဆက်တိုက်ဆိုသလိုပင်။ ဟန်လိသည် ကြိုပြင်ဆင်ထားခဲ့သော်ငြား သူ၏လှုပ်ရှားမှုကို အမှီလိုက်နိုင်စွမ်းမရှိ ဖြစ်နေတုန်းပင်။ သူသည် သူ့ခန္ဓာကိုယ်ကို အစွမ်းကုန် ဘေးသို့ ပစ်သွင်းလိုက်ရုံသာ တတ်နိုင်သည်။
ဖောင်း။ ဟန်လိသည် ပြင်းထန်သောအားတစ်ခုကြောင့် အဝေးသို့ လွင့်ထွက်သွားပြီး မီတာသုံးဆယ်အကွာထိ လွင့်ထွက်သွားတော့သည်။ ထို့နောက်တွင်မူ သူသည် ခက်ခက်ခဲခဲ ကုန်း၍ ထလာရသည်။
အဆင့်ကိုးနတ်ဆိုးသားရဲ၏ လက်သည်းချက်တစ်ချက်သည် ဟန်လိကို ချက်ခြင်း သတ်နိုင်စွမ်း မရှိခဲ့ပေ။ နတ်ဆိုးသားရဲကျင့်ကြံသူဖန်ရှီကား မတုန့်ဆိုင်းမိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူသည် ဟန်လိကို တိုက်ခိုက်ခဲ့သော နေရာထံ စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲ၌ စူးရှသောအလင်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ဟန်လိ၏ ဝတ်ရုံမှာ စုတ်ပြဲသွားပြီး ငွေဖြူရောင်ကြေးခွံများ လှစ်ဟပေါ်သည်။ ၎င်းတို့ထဲမှ အများစုကမူ လက်သည်းချက်ကြောင့် တစစီ ဖြစ်သွားခဲ့ပြီး အောက်ဘက်မှ တဖိတ်ဖိတ်တောက်ပနေသော အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်လာခဲ့သည်။
“အတွင်းပိုင်းချပ်ဝတ်လား…” ဖန်ရှီသည် ကြီးစွာ အံ့အားသင့်သွားရသည်။ သို့သော် သူသည် လေအသွင်သို့ တစ်ဖန် ပြောင်းလဲသွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ထိုချပ်ဝတ်သည် သူ၏ရိုက်ချက်တစ်ချက်ကို ခုခံနိုင်စွမ်း ရှိသည်ဖြစ်၍ အလွန်ကောင်းမွန်သော ရတနာတစ်ခု ဖြစ်မှာ သိသာလှသည်။ သို့ပေမည့် ချပ်ဝတ်သည် ဟန်လိကို ဒုတိယအကြိမ်တော့ ကယ်တင်ပေးနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဟန်လိသည်လည်း အစောလေးတုန်းက သူ အသက်ရှင်သွားရခြင်းမှာ ကံကောင်းမှုကြောင့်သာဟု မှတ်ယူထားသည်။ ထိုလက်သည်းချက်သည် သူ့ကို သေစေခဲ့လောက်ပြီဟု သေချာသွားခဲ့သည်။ မန်ဟုဇီ၏ တော်ဝင်ချပ်ဝတ်ပြားကား အဆင့်ကိုးနတ်ဆိုးသားရဲထံမှ ရိုက်ချက်ကို ခုခံနိုင်ခဲ့သည် ဖြစ်ရာ အမှန်တကယ် ထူးကဲလှသည့် ရတနာတစ်ခုဟု ဆိုထိုက်သည်။
ထိုချပ်ဝတ်ကြောင့် ဟန်လိသည် ခြေခိုင်ခိုင် ရပ်နိုင်သွား၏။ လုံးလုံးလျာလျာ စဉ်းစားခြင်း မပြုလေဘဲ သူ့ခန္ဓာကိုယ်ထံမှ ရွှေရောင်လျှပ်စီးများကို မြင့်တက်စေ၏။ အလားတူပင် မိုးပြာအလင်းတန်းများဖြင့် ကြီးမားလှသော မိုးပြာအနှစ်သာရဓားဒိုင်းတစ်ခုကို ဖွဲ့စည်းသည်။ သူ့လက်နှစ်ဖက်ကိုလည်း ပင့်မြှောက်ပြီး သူ၏ခန္ဓာကိုယ်တွင်းမှ မိုးပြာဓားနှစ်ဆယ့်လေးလက်ကို ဆင့်ခေါ်ကာ သူ့ပတ်ပတ်လည်၌ ချက်ခြင်းလက်ငင်း အရံအတားတစ်ခုကို ဖြစ်စေသည်။
ဟန်လိ ထိုအရာများကို ပြုလုပ်ပြီးသည်နှင့် ဖန်ရှီ၏ မြင့်မားလှသော အရိပ်သဏ္ဍာန်က ဟန်လိရှေ့မှာ ထပ်မံ ပေါ်လာ၏။ ဆိုးယုတ်စွာ ကြည့်လျက် ဖန်ရှီက ပါးစပ်ဟပြီး စူးရှသော အဖြူရောင်အလင်းတစ်ခုကို လှစ်ဟပေါ်စေသည်။
ဟန်လိသည် စိတ်ထဲကနေ အကူအညီမဲ့စွာ ကျိန်ဆဲနေမိရင်း သူ့အမူအရာမှာ အမျိုးမျိုးပြောင်းလဲသွားသည်။ သူသည် ထိုနတ်ဆိုးသားရဲအိုကြီးက ၎င်း၏ နတ်ဆိုးသားရဲအမြုတေကို အသုံးပြုကာ တိုက်ရိုက်လာခဲ့လျှင် သူ့အဖို့ ရှင်သန်နိုင်စွမ်း ရှိတော့မည် မဟုတ်မှာ သေချာလှသည်။
ဟန်လိသည် သူ့စိတ်နှလုံး အေးခဲတောင့်တင်းသွားသည့်နှယ် ခံစားမိနေစဉ် ဖန်ရှီက ရုတ်တရက် ပါးစပ်ပိတ်သွား၏။ သူ၏ခန္ဓာကိုယ်လည်း ဝေ့ရမ်းခါထွက်၏။ သူ့မျက်နှာမှာ ပျက်ယွင်းသွားပြီး ခြေခိုင်ခိုင်ရပ်နိုင်ခြင်းလည်း မရှိတော့ပေ။
ဟန်လိသည် တုန်လှုပ်နေရာမှ ချက်ခြင်း ပြန်အားတက်သွား၏။ ထိုနတ်ဆိုးသားရဲဖန်ရှီသည် တုန်တုန်ယင်ယင် စဖြစ်လာပြီကို သူ သတိပြုမိပေ၏။ ထို့အပြင် ၎င်း၏ဝမ်းဗိုက်မှာလည်း ဖောင်းကားထွက်သည့် အရိပ်အယောင် ပြသလာခဲ့ပြီ။ ဖန်ရှီသည် အခြားနတ်ဆိုးသားရဲနှစ်ကောင်ထက် ကျင့်ကြံမှုအဆင့် များစွာပိုနက်ရှိုင်းသော်ငြား အစိမ်းရောင်အရည်၏ အကျိုးသက်ရောက်ကမူ သူ့ကို တဖြည်းဖြည်း လွှမ်းမိုးသွားခဲ့လေပြီ။ ဟန်လိက အလွန်ပျော်ရွှင်သွား၏။ သူက တုံ့နှေးမနေလေဘဲ ဖန်ရှီထံ လက်ညွှန်လိုက်သည်။
ဝါးတိမ်အုပ်နှစ်ဆယ့်လေးလက်သည် ဖန်ရှီထံ တိုးဝင်သွားကာ ထောင့်ပေါင်းစုံမှ အပြင်းအထန် ထိုးနှက်ကြသည်။
ခဏကြာပြီးနောက်မှာ ဟန်လိ၏အပြုံးက တောင့်တင်းသွားသည်။
လေချိုးဖျက်ခြင်းသားရဲသည် နာကျင်စွာ ဒူးထောက်ကျသွားပြီး သူ့လက်နှစ်ဖက်ဖြင့် ဝမ်းဗိုက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ရှိနေသော်ငြား သူသည် သူ့ခန္ဓာကိုယ်ကို အဖြူရောင်အလင်း ခပ်ဖျော့ဖျော့ဖြင့် ထွေးခြုံပစ်နိုင်စွမ်း ရှိနေသေးသည်။ မည်သည့်ဓားမျှ ထိုအလင်းအရံအတားကို နည်းနည်းလေးတောင် ချိုးဖျက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ၎င်းနတ်ဆိုးသားရဲသည် ခေါင်းမော့လျက် ဟန်လိကို ရန်လိုကြမ်းကြုတ်စွာ စိုက်ကြည့်နေနိုင်တုန်း ဖြစ်၏။ သူက စကားမဆိုနိုင်တော့သော်ငြား သူ၏မျက်လုံးထဲတွင်မူ ရန်လိုမှု၊ သတ်ဖြတ်လိုမှုအပြည့် ရှိနေ၏။
ထိုအကြည့်တစ်ချက်ဖြင့်ပင် ဟန်လိ၏ စိတ်ထဲ ခြောက်ချားသွားရလေ၏။ ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် ဖန်ရှီကို ကာကွယ်ပေးထားသော ရတနာတစ်ခု ရှိမည်ဟု ကောက်ချက်ချမိသည်။
ထိုအတွေးဖြင့် ဟန်လိ၏စိတ်နှလုံးသည် တည်ငြိမ်သွားပြီး သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖြစ်စေလိုက်သည်။ ဓားများသည် အတူတကွ ပေါင်းစည်းသွားကာ တောက်ပသောမိုးပြာအလင်းလုံးနှစ်လုံးအသွင် ဖွဲ့စည်းသည်။ ထိုအလင်းလုံးတို့ လွင့်ပြယ်သွားချိန်၌ ဆယ်မီတာလောက် အရှည်ရှိ မိုးပြာဓားနှစ်လက် ပေါ်လာသည်။ ၎င်းဓားတို့ကား အေးစက်လင်းလက်လှချေ၏။
ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားခြင်းနှင့်အတူ သူသည် ပါးစပ်ဟပြီး မိုးပြာချီထုကို ဓားတစ်လက်ချင်းစီပေါ်သို့ ထွေးထုတ်လျက် ၎င်းတို့ကို ထည်ဝါသွားစေသည်။ အလင်းမြည်သံများ ဆက်တိုက်ဖြစ်ပေါ်လျက် ၎င်းဓားတို့သည် လေချိုးဖျက်ခြင်းသားရဲထံ ခုတ်ပိုင်း၏။
ဓားများသည် ဘန်းခနဲ ပေါက်ကွဲမြည်သံနှင့်အတူ ကြမ်းတမ်းစွာ ထိုးနှက်လာခဲ့ပြီ။ မိုးပြာနှင့် အဖြူရောင်အလင်းတို့သည် ရောယှက်လိမ်လျက် ဖြစ်ကုန်၏။ သို့ပေမည့် အဆုံးသပ်တွင်မူ ဓားနှစ်လက်သည် ဖန်ရှီ၏ အဖြူရောင်အလင်းအရံအတားကို လက်မအနည်းငယ်လောက်သာ ချိုးဖျက်နိုင်ပြီး အတင်းအကြပ် ပြန်ကန်ထွက်လာတော့သည်။
ဟန်လိသည် ထိုမြင်ကွင်းကို အကြောင်သား စိုက်ကြည့်မိနေသည်။ ဖန်ရှီကမူ လှောင်ပြောင်သည့် အရိပ်အယောင် ပေါ်နေသည်။ ဟန်လိသည် ဖန်ရှီ၏ ထိုအမူအရာကို မြင်သည့်အခါ၌ မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွားသည်။ ဖန်ရှီသည် မသန်မစွမ်း ဖြစ်နေသော်ငြား ဟန်လိသည် သူ့ကို ထိခိုက်အောင်လုပ်နိုင်သည့် နည်းလမ်း ရှိမနေပေ။ ဖန်ရှီ၏ ဝမ်းဗိုက်သည် ဖောင်းကားထွက်နေတာကလွဲ၍ သူ့ခြေလက်များနှင့် ဦးခေါင်းတို့ကမူ ပြောင်းလဲမှု များများစားစား မဖြစ်သွားပေ။
နတ်ဆိုးသားရဲကျင့်ကြံသူသည် အစိမ်းရောင်အရည်၏ သက်ရောက်မှုကို အတင်းအကြပ် ဖိနှိပ်ထားပုံ ပေါ်သည်။ ဟန်လိသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အခြားနတ်ဆိုးသားရဲများထံ အလျင်အမြန် အကြည့်ရောက်သွား၏။ သူ့စိတ်ထဲ တုန်ရင်သွားမိသည်။
ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့၏ခန္ဓာကိုယ်များသည် ဖောင်းကားနေဆဲ ဖြစ်၏။ သို့ရာတွင် သူတို့၏ ဦးခေါင်းများနှင့် ခြေလက်များကမူ စတင်ကြုံ့လာခဲ့လေပြီ။ ၎င်းတို့သည် အစိမ်းရောင်အရည်ကို ဖိနှိပ်ထားတာ သိသာသည်။ သို့သော် ထိုသားရဲနှစ်ကောင်၏ ကျင့်ကြံမှုက လေချိုးဖျက်ခြင်းသားရဲထက် နိမ့်ကျသောကြောင့် အလွန်နှေးကွေးစွာသာ ဖိနှိပ်ထားနိုင်စွမ်း ရှိနေသည်။ ဟန်လိသည် ဓားကြီးနှစ်လက်ထံ ချက်ခြင်း လက်ညွှန်ပြီး ၎င်းတို့ကို မိုးပြာအလင်းတန်းများအဖြစ်သို့ ပြောင်းစေ၍ ထိုနတ်ဆိုးသားရဲနှစ်ကောင်အား တိုက်ခိုက်စေသည်။ ဓားများသည် လေချိုးဖျက်ခြင်းသားရဲကို အန္တရာယ်မပေးနိုင်မှတော့ အခြားနတ်ဆိုးသားရဲနှစ်ကောင်ကို တိုက်ခိုက်စေခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ယင်းနောက်တွင် ဟန်လိသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီး သူ့ခါးရှိ စိတ်ဝိညာဉ်သားရဲအိတ်ကို ထိပုတ်လိုက်၏။ မရေမတွက်နိုင်သော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အခန်းထဲ၌ ပြည့်နှက်သွားသည်။ တဝီဝီအသံများ မြည်ဟိန်းထွက်သည်။ ဟန်လိသည် ဖန်ရှီထံ ထိုပိုးတောင်မာများအား တိုက်ရိုက်စေလွှတ်လိုက်သည်။
ထိုပိုးတောင်မာများ ပေါ်လာချိန်တွင် ဖန်ရှီ၏မျက်လုံးထဲ၌ အံ့အားသင့်တုန်လှုပ်ဟန် ပေါ်လာသည်။ လာမည့်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ပိုးတောင်မာများသည် အဖြူရောင်အလင်းလွှာကို ထွေးခြုံသွားလျက် ၎င်းကို စတင်ကိုက်ဖြတ်သည်။
ထိုစဉ် ဓားကြီးနှစ်လက်သည် နတ်ဆိုးသားရဲလိပ်နှင့် ရေနဂါးတို့ပေါ်သို့ ခုတ်ပိုင်းကျရောက်လာခဲ့သည်။ ၎င်းတို့သည် မျက်လုံးများ ပြူးသွားသော်လည်း သူတို့သည် နည်းနည်းလေးမျှ မလှုပ်ရှားနိုင်ကြပေ။ သူတို့သည် မိုးပြာဓားများက သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ထိမှန်တာကို သည်အတိုင်းသာ စောင့်ကြည့်နေရသည်။ ထိုဓားချက်မှ ပြင်းထန်သော ခုတ်သံထစ်သံများ ထုတ်လွှတ်လာ၏။ သို့သော် ထိုနတ်ဆိုးသားရဲနှစ်ကောင်က နည်းနည်းလေးမျှ ထိခိုက်သွားခြင်း မရှိပေ။
ဟန်လိသည် ထိုရလဒ်ကြောင့် မင်သက်သွားမိသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လေချိုးဖျက်ခြင်းသားရဲဟာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ရတနာတစ်ခု ရှိလို့ ဓားတွေကို တားဆီးနိုင်တာလေ။ ဒါပေမဲ့ ဒီသားရဲနှစ်ကောင်ကတော့ ဘာထိခိုက်မှုမှ မရှိဘဲ သူတို့ရဲ့ခန္ဓာကိုယ်နဲ့တင် ဓားတွေကို ပြန်ကန်ထွက်အောင် လုပ်နိုင်စွမ်း ရှိနေတယ်။ ဒီအဆင့်ရှစ်နတ်ဆိုးသားရဲတွေရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လောက်တောင် မာကြောနေတာလဲ…”
ထိုမျှနှင့်တော့ ဟန်လိသည် လက်လျှော့လိမ့်မည် မဟုတ်ပေ။
သူက ဓားနှစ်လက်ထံ ထပ်မံ လက်ညွှန်ပြီး လက်မောင်းလုံးခန့် ထူထဲသည့် လျှပ်စီးတန်းနှစ်ခု ဖြစ်စေကာ နတ်ဆိုးသားရဲနှစ်ကောင်ပေါ်သို့ ထပ်မံ ကျရောက်စေသည်။
နတ်ဆိုးသားရဲနှစ်ကောင်သည် လျှပ်စီးတိုက်ချက်ကြောင့် အတော်လေး နာကျင်သွားပုံ ပေါ်သည်။ သို့သော် သူတို့သည် ဒဏ်ရာရမသွားသေးဘဲ ရှိနေတုန်းသာ။ သို့ရာတွင် ထိုရလဒ်ကြောင့် သူတို့၏အမူအရာများသည် ရန်အလိုဆုံးဖြစ်ကုန်သည်။ သူတို့၏ခန္ဓာကိုယ်များကိုသာ ထိန်းချုပ်မှု ပြန်ရောက်သွားခဲ့လျှင် သူတို့၏ ပထမဆုံးအတွေးမှာ ဟန်လိကို စုတ်ဖြဲပစ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဟန်လိသည် ထိုအတွေးဖြင့် ထိတ်လန့်သွားရသည်။ ထို့နောက်တွင် သူက သူ၏ရွှေဝါးမြိုခြင်းပိုးတောင်မာများထံ ခေါင်းလှည့်ကြည့်သည်။ နည်းနည်းထပ်စဉ်းစားပြီးနောက်မှာ သူက ပိုးတောင်မာများကို လေထဲသို့ မြောက်တက်စေပြီး အောက်ဘက်မှ နတ်ဆိုးသားရဲကျင့်ကြံသူကို လှစ်ဟပေါ်လာစေသည်။
နတ်ဆိုးသားရဲဖန်ရှီ၏ အဖြူရောင်အလင်းအရံအတားသည် သိသိသာသာ မှိန်ဖျော့သွားသော်လည်း ၎င်းကမူ ဘေးကင်းလျက် ရှိနေတုန်းပင်။ ၎င်းကို ရင်ဆိုင်ဖို့ ဟန်လိအတွက် ခက်ခဲလွန်းလှချေ၏။ ရွှေပိုးတောင်မာထောင်သောင်းချီဖြင့် ၎င်းအလင်းအရံအတားကို ကိုက်ဖြတ်စေပြီးသည့်နောက်တွင်ပင် ၎င်းတို့သည် ထိုအရံအတားကို နည်းနည်းသာ အားနည်းသွားအောင် လုပ်နိုင်သည်။ ဖန်ရှီ၏ အကာအကွယ် ရတနာ၏ စွမ်းအားသည် အမှန်တကယ် မယုံနိုင်စရာ ကောင်းလှချေ၏။
ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ဖန်ရှီအား ထပ်မံ တိုက်ခိုက်၊ မတိုက်ခိုက် တွေဝေသွားစဉ်မှာပင် ဖန်ရှီသည် စကားပြောနိုင်စွမ်း ပြန်ရလာ၏။
ထိုနတ်ဆိုးသားရဲဖန်ရှီကား ကြမ်းကြုတ်ရက်စက်သည့်ဟန်ဖြင့် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“လူသားကောင်၊ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ဟာ ဆင့်ကဲတိုးတက်ခြင်းအဆင့် နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ခဏနေကျရင် ကျုပ်တို့က မင်းကို သေချင်စိတ်ပေါက်သွားတဲ့အထိ ခံစားရအောင် လုပ်ပေးမယ်…”
သူ၏လေသံကား တည်ငြိမ်သည်။ သို့ပေမည့် သူ့စကားလုံးများကမူ ချိန်းခြောက်မှုအပြည့်ပါသည်။ ဟန်လိသည် ၎င်းစကားများကို ကြားသည့်အခါ စိတ်ပြန်ရှင်းသွား၏။
“ဟား…အဲ့လိုလား…”
ထပ်မံ တွေဝေမနေတော့ဘဲ ဟန်လိသည် လေထဲရှိ ရွှေဝါးမြိုခြင်းပိုးတောင်မာများထံ လက်ညွှန်ပြီး ၎င်းတို့ကို အခြားနတ်ဆိုးသားရဲနှစ်ကောင် ရှိနေသော နေရာထံ ဦးတည်ရာ ပြောင်း၍ တိုးဝင်သွားစေသည်။ ထို့နောက်တွင် ဓားကြီးနှစ်လက်သည် သက်တံအလင်းအရံအတားထံ တိုးဝင်သွားကြလေသည်။
ဖန်ရှီသည် ဟန်လိ၏ အပြုအမူများကို မြင်သည့်အခါ စတင်၍ ထိတ်လန့်သွားခဲ့ပေပြီ။ သူက အလန့်တကြားဖြင့် အလျင်စလို လှမ်းအော်သည်။
“ရပ်လိုက်စမ်း။ မင်း ဘာတွေ ရူးကြောင်ကြောင် လုပ်နေတာလဲ။ မင်းက ဒီဧရိယာမှာ ရှိတဲ့ ရေနဂါးတွေအားလုံး အမဲလိုက်တာကို ခံချင်လို့လား။ ပြီးတော့ မိုးကြိုးမုန်တိုင်းတောင်ပံဟာ ခုထိ အပြီးမသပ်သေးဘူး။ မင်းအနေနဲ့ ခုချိန် ဒီတောင်ပံတွေကို ထုတ်ယူလိုက်မယ်ဆို အားလုံး အလကားဟသ ဖြစ်ကုန်လိမ့်မယ်။ ဒါ့အပြင် ဒီစိတ်ဝိညာဉ်တောင်ပံတွေဟာ လေနဲ့ လျှပ်စီးစွမ်းအား စိတ်ဝိညာဉ်နှစ်ခုလုံး အသုံးပြုပြီးမှ ထိန်းချုပ်လို့ ရနိုင်မှာ။ ဒါတွေကို ယူသွားတော့လဲ မင်းအတွက် ဘာာအသုံးတည့်မလဲကွ…”
ဟန်လိသည် နှာခေါင်းရှုံ့သည်။ သူက ရပ်တန့်မည့် အရိပ်အယောင် မပြပေ။ ပိုးတောင်မာများသည် ချက်ခြင်းပင် သားရဲနတ်ဆိုးနှစ်ကောင်ပေါ်သို့ ကျရောက်သွားသည်။ တစ်ချိန်တည်းလိုလိုတွင် ဓားကြီးနှစ်လက်သည်လည်း သက်တံအရံအတားကို ပျက်စီးသွားစေသည်။ တကယ်တော့ အရံအတား၏ ရည်ရွယ်ချက်မှာ မှော်ရတနာများကို သန့်စင်ရန်အတွက်သာ။ ၎င်း၌ ခုခံနိုင်သည့် စွမ်းရည် ရှိမနေခဲ့ပေ။ ဖန်ရှီ၏ အစိမ်းရောင်မျက်လုံးများသည် ထိုသည်ကို မြင်သည့်အခါ ကြက်သွေးရောင်သို့ ပြောင်းသွားသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်နေသော ထူးခြားသည့်အဆိပ်အစွမ်းက သူ့ကို မည်သည့်လှုပ်ရှားမှုမျှ မလုပ်နိုင်အောင် ဆက်၍ တားဆီးထားပေသည်။
သည့်နောက်မှာမူ အဆိပ်ရေနဂါးသည် မိုးထိယံတိုင်စေလောက်မည့် အာခေါင်ခြစ်သံမျိုးဖြင့် အော်ဟစ်လေ၏။ ပိုးတောင်မာများအတါင်းမှ ကြက်သွေးနီရောင်သွေးအလင်းများ ပေါက်ကွဲထွက်သည်။ ထိုသွေးအလင်းနှင့် ထိမိသည့်အခါ ပိုးတောင်မာများသည် အနက်ရောင်အရည်စက်များအဖြစ်သို့ ချက်ခြင်း ပြောင်းလဲလျက် အဝါရောင်အခိုးငွေ့များကို ထုတ်လွှတ်သည်။ ထိုကြက်သွေးရောင်သွေးမြူများသည် အံ့ချီးဖွယ်အဆိပ်တစ်မျိုး ဖြစ်ချေ၏။